ကြာပန်းလေးများခေါ်ရာနောက်သို့….(၁)

who whoDecember 9, 20111min813

“…ပန်းလေးတွေ လှတယ်နော် အားပေးပါဦး….”
ဘုရားပန်းအိုးများကို တိုက်ချွတ်ရင်း အသံလာရာဆီသို့ ကျနော် လှမ်းကြည့် လိုက်သည်။ အယ် လှလိုက်တဲ့ ကြာပန်းစည်းတွေပါလား။ အတော်ပဲဟေ့။ ဘုရားပန်းတွေ လဲဖို့လုပ်တုန်းဆိုတော့ …။ “အေး ယူဦးမယ်ဟေ့…”။ ဆိုပြီး ဆပ်ပြာမြှုပ်တွေ ပွနေသော လက်ကို အမြန်ဆုံးဆေးလို့ ကပျာကယာ ထ လိုက်ရသည်။
“အို …ပန်းတွေက လှလှချည်လား။ ဘယ်လောက်တဲ့လဲပြောပါဦး…”။ ကြာပန်းစည်းများထဲမှ လှပေ့ဆိုတာတွေကို ရွေးရင်း ဈေးသည်လေး အား မေးလိုက်ပါတယ်။ ဈေးသည်လေးကို ကြည့်လို့ ဈေးဆစ်ဖို့တောင် မဆစ်ရက် တော့တာမို့ အလှဆုံး ပန်းစည်းတွေကို ရွေးဝယ်လိုက်တယ်လေ။ ကြာပန်း တွေက အရောင်ကို စုံလို့ပေါ့။ ကြာပန်းစည်းတွေပိုက်ရင်း ဘုရားပန်းအိုးကို လှအောင်လေးထိုးလို့ ပိုတာကို ဧည့်ခန်းထဲက အလှအိုးပါ ထိုးလိုက်ပါတယ်။ အားပါး…လှလိုက်တဲ့ပန်းတွေရယ်။ ဘုရားရှေ့မှာ ကြာပန်းတွေက မြိုင်လို့ပေါ့။ စိတ်တွေလည်း ဘာရယ် မသိ ပိုတောင် ရွှင်နေပါလား။ ပျော်လိုက်တာနော်။ ဘုရားကို ခုလို ကြာပန်းတွေ တဝကြီး ကပ်လိုက်ရတာဆိုတော့…။
ကျွန်တော်တစ်ယောက် ဘုရားစင်ရှေ့မှာ အလုပ်တွေရှုပ်နေပါတယ်။ ကြာဖူးလေးတွေနဲ့အပြိုင် လက်အုပ်လေးကို ချီမိုးကြည့်နေတာလေ။ ဘုရားရှင် အား ကြာဖူးသဖွယ် ဦးထိပ်မှာ လက်အုပ်ချီမိုးလို ့ထိခြင်းငါးပါးနဲ့ ကန်တော့ ရတာကိုက ပျော်စရာကောင်းနေပါတယ်။ အော် ကဗျာလေးတစ်ပုဒ်ကိုတောင် သတိရမိပါသေးရဲ့။ ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားထားသော ကဗျာ လေးက တရေးရေးပေါ်လာရပါတယ်။


အထွတ်အမြတ်ကြာ

“ ရွှံ့မှာပေါက်ဖွား
ရွှံ့၌ထားလည်း
ရွှံ့အားမခင်
ရွှံ့သန့်စင်သည်
ကြာလျှင်မြတ်လှ ပန်းစံပြ။
ကာမဂုဏ်ကြား
ကိလေကြား၌
ပေါက်ဖွားပါလျက်
မငြိယှက်ဘဲ
လွတ်ထွက်သန့်စင်
အေးကြည်လင်သည်
လန်းရွှင်မြတ်လှ လူ့စံပြ။”

အဲဒီ ကဗျာလေးကတော့ ဆရာတော့်စာအုပ်ထဲမှာ ဖတ်လိုက်ရ ကတည်းက ကြိုက်လွန်းလို့ သေချာလေး မှတ်ထားရတဲ့ ကဗျာလေးပါပဲ။ မြတ်ဘုရားကို ဆွမ်း၊ ပန်း၊ ရေချမ်းစသည်တို့ ဆက်ကပ်ပြီးသည့်တိုင် ကျနော့၏ စိတ်အစဉ်ဟာ ကြာပန်းလေးများ၏ ညှို့အားမှ ရုန်းမထွက်နိုင် ဖြစ် နေပါတော့တယ်။ ဒါကြောင့်ပဲ ကျနော့ခြေလှမ်းများသည် ဘုရားစင်ရှေ့မှသည် ကွန်ပျူတာ ဆီသို့ အမြန်ဆုံး ရွေ့ပေးနေရပါပြီ။ ကီးဘုတ်ပေါ်မှာ လက်ချောင်း လေးတို့က ဝမ်းသာအားရ ခုန်ပေါက် ပြေးလွှားနေပါပြီ။ ထွက်အန်ကျလာသော စကားလုံးတိုင်းတို့က ဒီကြာပန်းလေးနှင့် ပတ်သက်သမျှတွေပဲပေါ့…..။ အတွေးစတို့က တစ်မျှင်ပြီး တစ်မျှင် မကုန်နိုင်အောင် ရှည်ထွက်နေလေတော့ လက်ချောင်းကလေးများခမျာမယ် မမောနိုင်မပန်းနိုင်ကို စကားလုံးတွေကို မွေးထုတ် ပေးနေရပါပြီ။
ကြာပန်းလေးများ၏ အဓိပ္ပါယ်များစွာက ခေါင်းထဲမှာ တစ်တန်းပြီး တစ်တန်း တန်းစီလို့……………။
ဘုရားလောင်းဘဝနှင့် ကြာအလှူဖြစ်စဉ်လေးကိုလည်း သတိရမိသွားပြန်……။
ကြာပန်းကို အကြောင်းပြုလို့ သံသရာမှ လွတ်မြောက်သွားရပုံလေးတွေ ကလည်း ပေါ်လာပြန်ရော………………..။
ကြာလိုလူဆိုတာကရော…………………။
……………………စသည်ဖြင့်ကြာပန်းလေးများ ခေါ်ဆောင်ရာနောက် လိုက် နေမိသော ကျနော့ စိတ်အစဉ်မှ ပေါက်ဖွားလာသော အစပျိုး အတွေးလေး များကို ဖော်ပြ မိတ်ဆက်ပေးလိုက်ရပါတော့တယ်။
လူတိုင်းလည်း ကဗျာလေးထဲကအတိုင်း ကိလေသာရွှံ့ညွှန်မှ ရုန်းထွက်နိုင် သော “လန်းရွှင်မြတ်လှ လူ့စံပြ” များဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ဒီစာလေးနဲ့ ဆန္ဒပြုလိုက်ပါတယ်။

3 comments

  • blackchaw

    December 9, 2011 at 9:50 am

    whowho ဆန္ဒပြုသလို ဖြစ်အောင်
    ကြိုးစားပါမည်။ ကျေးဇူးလည်းတင်ပါသည် ခင်ဗျာ။

    • whowho

      December 9, 2011 at 10:12 am

      ဟုတ်။ ကိုဘလက်ရဲ့ ရန်ကုန်လက်ဆောင်အတွက် ကျေးဇူးတင်ပါကြောင်း။

Leave a Reply