ဖတ်မိခဲ့သော စာအုပ်တစ်အုပ်အကြောင်း

manawphyulayDecember 9, 20111min22215

ခုတစ်လော ဘာမှမရေးဖြစ်သလို အရင်က စာမဖတ်ရင် မနေတတ်တဲ့ ကျွန်မ၊ ခုတော့ ဘာမှလည်း မလုပ်ချင်၊ ဘာမှလည်း မဖတ်ချင်ဆိုတဲ့အတိုင်း ဘာမှ မလုပ်ပဲနေကြည့်မိတယ်။

စာအုပ် ၂ အုပ်ရဲ့ အဖုံးလေးတွေပါ။ အဖုံးမှာက စာအုပ်အတွင်းကို ရည်ညွှန်းရေးဆွဲတာဖြစ်ပါတယ်။

ဒါပေမယ့် စာမဖတ်ပဲ အိပ်မပျော်တဲ့အတွက် စာလေးတော့ နည်းနည်းဖတ်ဖြစ်တယ်။ စာဖတ်ရင်းလည်း တွေးနေမိသေးတယ်။ စာအုပ်ခေတ်ကုန်တော့မည်လားလို့ လူအများအငြင်းပွားဖွယ်ဖြစ်နေချိန်
ကျွန်မကတော့ စာဖတ်ရင် လက်ကကိုင်ပြီး ဖတ်တတ်တဲ့အကျင့်ကိုတော့ ခုထိမဖျောက်နိုင်သေးပါဘူး။ လူတော်တော်များများက အင်တာနက်အသုံးပြုရင်း အီးဘုတ်တို့ PDF ဖိုင်နဲ့ စာအုပ်တွေ ဖတ်တယ်လို့ဆိုလာချိန်မှာလည်း ကျွန်မကတော့ လက်ကကိုင်ပြီး ဖတ်ရမှ အားရမိတယ်။

စာအုပ်တွေလက်ကကိုင်ပြီးဖတ်တော့ ကိုယ်ရပ်ချင်တဲ့နေရာရောက်ရင် ခဏမှတ်ထား၊ လိုချင်တဲ့ အချက်ကို မျဉ်းစားတတ်တဲ့အကျင့်တွေနဲ့ အံကိုက်ဖြစ်နေမိတာကိုး။ လက်ကကိုင်ဖတ်မှ စာဖတ်အရသာခံစားမိတော့ တကယ့်စာဖတ်အနှစ်သာရကို အပြည့်အဝခံစားရတယ်လို့ထင်မြင်မိပါတယ်။

ဒီတော့ ခုထိဒီတိုင်းကိုင်ဖတ်နေတုန်းပါပဲ။ လက်က စာအုပ်ကိုင်ဖတ်တယ်ဆိုလို့ အထင်တော့မကြီးလေနဲ့။ မဝယ်နိုင်တဲ့ဘဝမို့ လက်ဆောင်ရတဲ့စာအုပ်တွေ၊ ဂျာနယ်တွေ၊ စာစောင်တွေကိုပဲ ဖတ်နေဖြစ်တာပါ။ တစ်ခါတလေ
စာအုပ်ဈေးပွဲတော်လိုမျိုး ပွဲတွေရှိရင်တော့ ပျော်မိတယ်။ အဲလိုချိန်ဆို လိုချင်တဲ့စာအုပ်တွေကို ဈေးပေါပေါနဲ့ ရနိုင်တယ်ဆိုတော့ ဝယ်ဖြစ်ပါတယ်။

အိမ်ကတောင် ကြာတော့ပြောလာတယ်။ နင် မနေနဲ့တော့ နင့်စာအုပ်တွေနဲ့ ပြည့်နေတာပဲတဲ့လေ။ ဒါပေမယ့် ကျွန်မကတော့ အရေးအသားကြိုက်ပြီဆိုရင် ခဏခဏ ကိုင်ဖတ်ဖြစ်တယ်။ အဲ ဖတ်ပြီးတဲ့စာအုပ်တွေ၊ ဂျာနယ်တွေကိုတော့ ပရဟိတသွားလုပ်တဲ့အခါ ကျွန်မ ပြန်လည်ဝေမျှဖြစ်ပါတယ်။ ကျွန်မ ပေးလိုက်တဲ့
ဘာမဟုတ်တဲ့ စာအုပ်လေးတွေကို တယုတယနဲ့ လက်ခံပြီး သေသေချာချာ ဖတ်ရှုတာမြင်ရတဲ့အခါ ကျွန်မ မျက်ရည်လည်အောင် ဝမ်းသာမိပါတယ်။

ကျွန်မရဲ့ အကျင့်တစ်ခုကတော့ နှစ်ခုရှိရင် သူများကိုတစ်ခုပေးရမှ ကျေနပ်တတ်တဲ့အကျင့်ပါပဲ။ နောက်တစ်ချက်က ကိုယ့်အတွက် အသုံးမဝင်ရင် သူများအတွက် အသုံးဝင်မှာဆိုတဲ့အတွက် အမြဲတွေးဖြစ်တယ်။ တစ်ခါတလေ သူများ
ပရဟိတလုပ်လို့ ကိုယ့်မလုပ်ရရင် ကိုယ့်ဘဝကိုယ် အားမရဘူး။ ဘာကြောင့်သူများလို မလှူတန်းနိုင်ရတာလဲလို့လည်း စိတ်ကဖြစ်မိတယ်။

ခုတစ်လော ဖတ်ဖြစ်တဲ့ စာအုပ်တွေလည်း ရှိပါတယ်။ အများအားဖြင့်က ကိုယ်ပိုင်စာအုပ်တွေ များတယ်။ စာအုပ်စင်လေးလုပ်ချင်တာလည်း ခုထိမလုပ်နိုင်သေးပါဘူး။

ငှားဖတ်ချင်တဲ့သူတွေအတွက်လည်း ပေးဖတ်ဖြစ်ပါတယ်။ အများအားဖြင့်တော့ အပြင်မှာမရှိတဲ့စာအုပ်တွေကိုတော့ မဝယ်နိုင်တဲ့အတွက် အီးဘုတ်တွေ ဒေါင်းပြီး ဖတ်ပေးမယ့် အင်တာနက်အမြဲမသုံးနိုင်သလို ကွန်ပျူတာရှေ့လည်း
အချိန်ပြည့်မထိုင်နိုင်တဲ့အတွက်ကြောင့် သိပ်ပြီး မဖတ်ဖြစ်မိဘူး။ တစ်ခါတလေ လေးလေးနီ(နေဝန်းနီ) ပို့ပေးတဲ့ အီးဘုတ်တွေလည်း ဒေါင်းပြီး ဖတ်ချင်တဲ့အခါနဲ့ ကွန်ပျူတာသုံးနိုင်တဲ့အချိန်ကို အလုအယက်ဖတ်နေရတော့
အဆင်သိပ်မပြေလှပါဘူး။

စာတွေလည်း ရေးချင်စိတ်မရှိပေမယ့် တစ်ခါတလေ ဟိုမရောက်ဒီမရောက် မတောက် တခေါက်လေး နဲ့ ကဗျာမဟုတ် ဘာမဟုတ်တာလေးတွေ စိတ်ကူးတည့်ရာ ရေးကြည့်မိတာကို ဝိုင်းဝန်အားပေးကြတာတွေ့ရပြန်တော့
ရေးချင်စိတ်မရှိတဲ့စိတ်က အလိုလိုရေးချင်စိတ်ပြန်လည်ဖြစ်လာတယ်။

စာရေးတတ်လားဆိုတော့မရေးတတ်ပါဘူး။ စာဖတ်အားပဲ သန်ခဲ့တာ။ စာအုပ်တွေဖတ်ပြီး စဉ်းစားခန်း ဝင်ရတာလည်း အမောပါပဲ။ ဒါနဲ့ဖတ်ချင်ရင် မနောမှာရှိတဲ့ စာအုပ်တွေ ငှားဖတ်နိုင်ပါတယ်။ ရှိတဲ့စာအုပ်တွေကတော့ သူများ ကြိုက်မကြိုက်တော့မသိဘူး။ ခုနောက်ပိုင်းစာရေးဆရာစာအုပ်တွေတော့ မရှိပါဘူး။
ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေထဲက စာအုပ်တစ်အုပ်အကြောင်း ကျွန်မ ပြောပြပါရစေနော်။

စာအုပ်နာမည်ကတော့ နေမင်းတစ်ထောင်ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ နေမင်းတစ်ထောင်ဆိုတဲ့ စာအုပ်ကတော့ ဆရာ ဆင်ဖြူကျွန်းအောင်သိန်းရေးသားထားပြီး အမျိုးသားစာပေဆုရထားတဲ့ မြန်မာပြည်ကြီးရဲ့ သမိုင်းကြောင်း အစဉ်အဆက်ကို ကောင်စီခေတ်ထိ ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ စာအုပ်ကတော့ ရေးသားထားတာ ၉ အုပ်ရှိပြီး ထုတ်ဝေခွင့်ရခဲ့တာကတော့ ၈ အုပ်ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်အစက မြန်မာပြည်ကို ဘယ်သူတွေ လွှမ်းမိုးခဲ့တယ်။ ဘယ်အချိန်ဘယ်ဒေသမှာ ဘယ်သူခေတ်မှ ခေတ်အဆက်ဆက်နဲ့ ဆေးမင်ကြောင်ဘယ်ခေတ်က စတင်ထိုးကွင်းမင်ကြောင်များ ဖြစ်လာတာ စတဲ့ မနောတို့လို မသိခဲ့ မမြင်ခဲ့ မကြားခဲ့ဖူးတဲ့သူတွေအတွက် မြန်မာပြည်အနေအထားကို ကွက်ကွက်ကွင်းကွင်း
မြင်တွေ့နေရ သကဲ့သို့ ဖတ်ရှုရတဲ့စာအုပ်ကောင်းတစ်အုပ်ပါပဲ။ ဖြစ်နိုင်ရင်တော့ အိမ်တိုင်းမှာ ကိုယ်ပိုင်စာအုပ်အနေနဲ့ ရှိနေသင့်တယ်လို့ မနော ပြောချင်ပါတယ်။

စာအုပ်ပါအကြောင်းအရာတွေက အလွန်ရက်စက်သော လက်နက်ကိုင်အဖွဲ့အစည်းများရဲ့
လှုပ်ရှားမှု၊ နောက် ပါတီအဖွဲ့အစည်းများ အကြောင်းအရာများအပြင် ဒီဝတ္ထုရဲ့ သက်တမ်းက နှစ်ပေါင်းရာကျော် ရေးဖွဲ့ထားတာကို တွေ့ရှိရပါတယ်။ ပဒေသရာဇ်မင်းငါးဆက်ခေတ်၊ ကျွန်ခေတ်၊ စစ်အတွင်းဖက်ဆစ်ခေတ်၊ လွတ်လပ်ရေးခေတ်၊ ပြည်တွင်းစစ်ခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တို့ကို
ဖြတ်သန်းဖော်ပြထားပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထုံးဓလေ့များကိုလည်း ဖော်ကျူးထားတဲ့အပြင် အမျိုးသားစိတ်၊ အမျိုးသားအားမာန်တို့ကိုလည်း ပေါ်လွှင်အောင် ပုံဖော်ထားနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။ အဖေမှသား၊
သားမှ မြေး၊ မြေးမှ မြစ်၊ မြစ်မှ တီ တစ်ဆင့်ပြီး တစ်ဆင့် ဇာတ်လမ်းဟာကွက်မရှိပဲ ကျွန်မလို ပိန်းတဲ့သူတောင်
ကိုယ်တိုင်ပါဝင်လှုပ်ရှားနေသကဲ့သို့ နားလည်ခံစားနိုင်အောင် ရေးဖွဲ့ထားပုံကတော့ တကယ့်ကို အံ့မခန်းလို့ ကျွန်မ ပြောချင်ပါတယ်။

ဒီစာအုပ်ဖတ်မိမှသာ မြန်မာပြည်မှာနေပြီး ဘယ်ချိန်က ဘယ်လိုဖြစ်ခဲ့တာဆိုတာကို သိမှတ်ခဲ့ရတဲ့အတွက်လည်း ကျွန်မအတွက်တော့ အလွန်အဖိုးတန်တဲ့စာအုပ်ကောင်းတစ်အုပ်လို့ ပြောလိုက်ပါရစေရှင်။

15 comments

  • manawphyulay

    December 9, 2011 at 1:15 pm

    အင်တာနက်မှာ ebook အဖြစ် free ရရင် လင့်တင်ပေးပါမည်။

  • blackchaw

    December 9, 2011 at 1:19 pm

    အင် …
    ဘယ်လိုနားလည်ရမလဲဗျာ။
    မနောဖြူလေးက ဘူ့ကိုကျေးဇူးတင်ပြီး ဘူ့ကို မေးတာလဲဗျ။

    • manawphyulay

      December 9, 2011 at 2:58 pm

      စာအုပ်တွေ လက်ဆောင်ပေးတဲ့သူကို ကျေးဇူးတင်တာပါရှင်။ စာအုပ်ကောင်းတွေ ဖတ်ရလို့ပါ။

  • blackchaw

    December 9, 2011 at 1:21 pm

    အင်း
    နည်းနည်းလေးတော့ လွဲနေပါပြီ။
    လွဲလွဲလေးပဲ ထားလိုက်ပါတယ်ဗျာ။

  • True Answer

    December 9, 2011 at 1:36 pm

    ဒီစာအုပ်လေး အွန်လိုင်းက ebook ရနိုင်ရင် မျှပေးပါလားခင်ဗျာ

    • manawphyulay

      December 9, 2011 at 2:17 pm

      အီးဘုတ်တော့ မရှိဘူးရှင်။ဖတ်ချင်ရင် စာအုပ်အတွဲလိုက် ၈ အုပ်တော့ ရှိတယ်။

  • Moe Z

    December 9, 2011 at 2:52 pm

    မိုးစက်လည်း စာဖတ်ရင် စာအုပ်ကိုင်ပြီးဖတ်ရတာသဘောကျတယ်
    ဒါမှညောင်းရင် စာအုပ်ခေါင်းအုံးပြီးအိပ်လို့ရမှာကိုး ( 😀 နောက်တာ)

    • ကိုရင်စည်သူ

      December 9, 2011 at 11:18 pm

      ဟင်… စည်နဲ့ စက်နဲ့ ဘာလို့ အဲ့လောက် စိတ်ချင်းတူနေရဒါလဲ…
      စည်လဲလေ… ကိုင်ပြီး ဖက်ရမှာ ကျေနပ်တာ….. 😳
      စကားမစပ်…. မိုးလေး ဇက်ညောင်းလို့ ခေါင်းအုံးစရာမရှိရင်
      လိုအပ်ရင် ကိုရင့် လက်မောင်းကို ခဏငှားသုံးလို့ရတယ်
      အသိပေးချင်ပါတယ်… ခစ်ခစ် (ရှက်ဖြာဝေသံ) 😉 😉 😉

  • alinsett

    December 9, 2011 at 6:31 pm

    စာအုပ်ကောင်းလေ….ကို သတင်းပေးလို ့ကျေးဇူးပါပဲ.။ရှာဖတ်လိုက်ပါဦးမယ်။

  • naywoonni

    December 9, 2011 at 8:28 pm

    http://www.myanmarebooks.net/ မှာ စာအုပ်တွေ တော်တော် စုံပါတယ်…။ မနော ပြောတဲ့ စာအုပ်တော့ မရှိဘူး…။ ဒွက္ခ ပဲ..။ ဦးကြည်အေး (ဆင်ဖြူကျွန်းအောင်သိန်း) စာအုပ်က သမီးရည်းစား ဝတ္ထု တိုများဆိုတာပဲ ရှိတယ်..။ အဲဒိဆိုဒ်လေးက ဒီအတိုင်းဒေါင်းလောဒ်ချပြီး ယူလို့ရပါတယ်..။ မင်ဘာလုပ်စရာမလိုပါဘူး…။

  • super

    December 9, 2011 at 10:13 pm

    အဲ့လိုစာအုပ်ကောင်းလေးတွေဖတ်ချင်ပါတယ်၊ ဘယ်လိုများ ရှာဖတ်ရပါ့…………

    • manawphyulay

      December 11, 2011 at 3:52 pm

      ရန်ကုန်မှာဆို ငှားဖတ်လို့ရပါတယ်။ လေးပေါက်ပြောသလို ဆက်သွယ် လိုက်ပါနော်။

      • E.T

        December 11, 2011 at 8:07 pm

        ဆက်သွယ်ရန် နေရပ်လိပ်စာလေးတော့ ပေးလေကွယ်။ တကယ်စာအုပ် ငှားချင်လို ့ပါဗျာ 🙁

  • အလွယ်လေးရယ် ဖတ်ချင်ရင်စာအုပ်တွေရှိတယ်ဆိုတဲ့သူဆီဆက်သွယ်ပြီးသွားလိုက်ပေ့ါကွယ်။

  • small cat

    December 10, 2011 at 5:28 am

    ကိုဖတ်တဲ့စာအုပ် သူများကိုလည်းဖတ်စေချင်တယ်၊ လိုချင်ရင်ငှားလိုက်တယ်၊ ပြန်မရတာကများတယ်။၊
    စာအုပ်စင်လေး လုပ်ဖို့ မဖြစ်နိုင်တော့ဘူး၊ စာအုပ်တွေ မရှိတော့လို့ပါ။
    ဦးကြောင်လေးအဖြစ်ပြောပါတယ်။

Leave a Reply