လူ နဲ့ မှု ။

ကြက်ဥ နဲ့ ကြက် ဘယ်သူက အစလည်း ဆိုတာလို ကျွန်တော်တို့ အမြဲတန်း ငြင်းကြတယ်လေ။

လူမကောင်းလို့ မူမကောင်းတာ ဆိုသလို မူမကောင်းလို့ လူမကောင်း ဆိုပြီး။

ဘယ်သူမှန်လည်း ဘယ်သူမှားလည်း တော့ ပြောရတော့ ခက်ပါတယ်။
လူတွေ စည်းကမ်းမရှိလို့ ဥပဒေ မစိုးမိုးနိုင် ၊ ဥပဒေ မစိုးမိုးနိုင်လို့ လူတွေ စည်းကမ်းပျက် စသဖြင့် စသဖြင့် ..
ဝိုင်းကြီးပါတ်ပါတ် လည် နေကြပါတယ်။ ဖြေရှငိးရ ခက်လှပါတယ်။

အဲ အစဉ်ပြေအောင် ကြည့်ရှင်းလိုက်တာတွေလည်း အများကြီး ။

ကျွန်တော် မနက်တိုင်း ရုံးလာရင် ပြည်လမ်း က ဖြတ် ရပါတယ်။ ပြည်လမ်း ကမာရွတ် ဘက်ကနေ မြို့ထဲဘက်ကို ဦးတည်ရတာပါ။
နာနတ်တော မီးပွိုင့် ကျော်လာပြီးရင် အရင် ဆေး(၁) ရှေ့နားမှာ လူကူးမျဉ်းကြားတစ်ခု ၊ တီတီစီ အ၀င်ပေါက်နား၊ အသံလွှင့်ရုံ ဘတ်စ်ကားမှတ်တိုင် နား မရောက်ခင် လေးမှာ လူကူးမျဉ်းကြား တစ်ခု၊ စုစုပေါင်းနှစ်ခုရှိပါတယ်။

တီတီစီ အ၀င် က ဘတ်စ်ကား မှတ်တိုင်နဲ့ နီးတာရယ် ၊ တီတီစီ ထဲဝင်တဲ့ ကျောင်းသားတွေ ရယ် ၊ အင်းယားလမ်းဘက်ကို ဖြတ်ဝင်ပြီး အလုပ်ဆင်းသူတွေများတာရယ် ကြောင့် ကျေုာင်းမတက်မှီ အချိန်ဆို လမ်းပြရဲမေ နှစ်ဦးနဲ့ လမ်းပြရဲ အရာရှိ တစ်ဦးရယ်က အမြဲတန်းလိုလို စောင့်ကြပ်ပြီး ကား တွေကို ရပ် ခိုင်း လူတွေကို လူကူးမျဉ်းကြားကနေ ကားလမ်းကူးစေပါတယ်။

ဆေး(၁) ရှေ့ကတော့ ကားလမ်းကူးသူနည်းပါတယ်။ လမ်းပြ ရဲမရှိတော့ ကားတွေက မရပ်ပေးတော့ ကူးသူတွေ ခမျာ အပြေးအလွှား ကူးရပါတယ်။

လမ်းပြရဲမေ တွေ ရှိတဲ့ မျဉ်းကြား ကတော့ ကားတွေ မရပ်မနေ ရပ်ပေးရတော့ လူတွေ က အေးအေးဆေးဆေး အန္တရယ်ရှင်းရှင်း အိနြေ္ဒ ရရ ကူးကြရပါတယ် ။

သူတို့ရှိတဲ့ အချိန်ဆို ကားလမ်းလုမောင်းလေ့ ရှိတဲ့ ဘတ်စ်ကားတွေလည်း အဲ့ဒီ့နားမှာ အတွင်းလမ်းပြန်ဝင်ပြီး မောင်းကြ ၊ ကားမှတ်တိုင်မှာ ရပ်ကြပါတယ်။

တစ်နေ့တော့ အဲ့ဒီ့ရဲမေ တွေလမ်းပြလေ့ရှိတဲ့ တီတီစီ ရှေ့က လူကူးမျဉ်းကြား မရှိတော့ပါဘူး ။ အဲ့ဒီ့ အပေါ်ကနေ ကတ္တရာ တွေအုပ်ခင်းလိုက်ပြီး မျဉ်းကြားကိုတော့ ရှေ့ ခပ်လှမ်းလှမ်း ဘတ်စ်ကားမှတ်တိုင် အကျော်လေး ကို ရွှေ့ပြီး အသစ်ပြန်ဆွဲထားပါတယ် ။ အဓိက ရွှေ့ရတဲ့ အကြောင်းရင်းကတော့ ဂျန်ရှင်း နာနာတော ဆောက်တဲ့ အထဲ ၀င် ဖို့ လမ်း အသစ်ဖောက်ရာမှာ အ၀င်လမ်းနဲ့ မျဉ်းကြားနဲ့ သိပ် ကပ်သွားတဲ့ အတွက် ဖြစ်ဟန်တူပါတယ်။

ကားမောင်းတဲ့သူတွေဘက်က ကြည့်ရင်တော့ အဲ့ဒီလို ရွှေ့လိုက်တာ ပိုကောင်းသွားပါတယ် ။ မှတ်တိုင် အကျော် မှာ ဖြစ်သွားတဲ့ အတွက် ဘတ်စ်ကားစီးသူတွေ ကား အတက် အဆင်း ကို ယခင် လူတွေ ဖြတ်ကူးလို့ ကားခဏ ရပ်စဉ် မှာ အတက် အဆင်း လုပ်လို့ မရတော့ ဟိုနား ဒီနားက ဖြတ်တာတွေ သက်သာသွားလို့ ဖြစ်ပါတယ်။ ဘတ်စ်ကား တွေ ဘတ်စ်ကားမှတ်တိုင်ကျမှ ရပ်ပြီး အတက် အဆင်းပြု စေကြလို့ ဖြစ်ပါတယ်။

အဲ ဘတ်စ်ကားစီး လာပြီး ကျောင်းတက်သူ ၊ တီတီစီ ဘေးက ကားလမ်းထဲဝင်ပြီး အင်းယားလမ်းဘက် ဖြတ်သူများအတွက်တော့ ရှေ့နဲနဲသွား ပြီးမှ နောက်ပြန်လျှောက်နဲ့ လမ်းနဲနဲ ပို လျှောက်စေရပါတယ် ။

လူကူးမျဉ်းကြားကြီး ရွှေ့ ပြီးပြီဆိုတော့ လမ်းပြ ရဲမေများနှင့် ရဲ အရာကြီးတို့ လည်း လူကူးမျဉ်းကြား အသစ်နေရာဘက် ရွှေ့လို့ တာဝန်ထမ်းဆောင်ကြ တာပေါ့။ အဲ့ဒီမှာ ပြသနာ စတော့ တာပါဘဲဗျာ ။

မူ အသစ် အနေနဲ့ လူကူးမျဉ်းကြား အသစ်နေရာ ရှိနေပါပြီ။ သို့သော် လူတွေကတော့ မှု မပြောင်းဘူးခင်ဗျ ။ လူအများစု က
အရင်လိုဘဲ အရင် မျဉ်းကြားမရှိတော့တဲ့ မျဉ်းကြားဟောင်း နေရာ ကသာ ဖြတ်ကြပါတယ် ။

ထုံးစံ အတိုင်း မျုဉ်းကြားပေါ်က လူကူးရင်တောင် ကားတွေက ရပ်မပေးချင်တာ မျဉ်းကြားမရှိတဲ့ နေရာ ကလာ ဖြတ်တော့ ကားတွေက ဘယ်ရပ်ပေးပါ့မလဲ။ ခပ်လှမ်းလှမ်းက မျဉ်းကြားသစ်ပေါ်က ရဲမေတို့ကတော့ စည်းကမ်းလိုက်နာသူ ဖြတ်ကူးသူ တစ်ယောက်စ နှစ်ယောက်စ အတွက် ကားတွေကို ရပ်ခိုင်း လူတွေကူးခိုင်းပေါ့ ။ အဲ့ဒီ့ အချိန် ကားတွေ ရပ်ပြီး နှေးသွားပြီဆို ဒီဘက် အဟောင်းနေရာက လူအများစုကလည်း ကူးကြပေါ့။ ပိုလို့ ရှုပ်ယှက်ခတ်ကုန် ပါတယ် ။

ရဲမေတွေ ကလည်း တာဝန်ကျေစွာနဲံ့ လူတွေ အန္တရာယ်မရှိအောင် လူကူးမျဉ်းကြားကနေ ကူးနိုင်အောင်ကျောင်းဖွင့်တဲ့နေ့တိုင်း လက်ပြပေးနေပါတယ် ။ များသော အားဖြင့် မျဉ်းကြား ကူးသူ တစ်ဦး နှစ်ဦးပေါ့။ ရပ်နေရတာကတော့ပိုများပါတယ်။ ကူးသူမရှိလို့။ မူလ နေရာက ဘဲ လူတွေက ကူးကြပါတယ် .

ရက်အနည်းငယ်နောက်…

ဘာတွေဖြစ်လာမယ်သင်ထင်ပါသလဲ။

(၁)စည်းကမ်းမဲ့ ကူးကြတဲ့ လူတွေကို ဖမ်း(သို့) လမ်းညွှန်ပြီး စည်းကမ်းတကျ နဲ့ လူကူးမျဉ်းကြားက ကူးခိုင်းမလားးးးးးး

(၂) လူတွေ စည်းကမ်းရှိလာပြီး အန္တရယ်ကင်းကင်းနဲ့ ဖြတ်လို့ရတဲ့ ရဲမေတွေ ရှိတဲ့ လူကူးမျဉ်းကြားကို သွားဖြတ်ကြမလားးးးးးးးးးးးး

(၃) အဲ့ဒီလိုဘဲ အန္တရယ် ကြားကနေဘဲ လူတွေက မျဉ်းကြားကို မသွားဘဲ နေရာဟောင်းကဘဲ ဆက်ကူးနေကြမလားးးးးးးးးးးး

ကျွန်တော် ကတော့ ဘာတွေဖြစ်လာမလဲ ဘာတွေဆက်လုပ်ကြမလဲ စိတ်ဝင်စားနေတာပေါ့။ ဘယ်လိုဖြေရှင်း ကြမလဲပေါ့။

ဖြစ်လာတာကတော့ ……..လွယ်လွယ်လေးပါ။

ရဲမေတွေက နေရာ ပြန်ရွှေ့လာပြီး လူကူးမျဉ်းကြား မရှိတော့တဲ့ မျဉ်းကြားဟောင်း နေရာမှာ လမ်းပြန်ပြပေးနေပါတယ်။ လူတွေလည်း အရင် လိုဘဲ ဖြတ်သန်းကြပါတယ်။

မလှမ်းမကမ်းက လူကူးမျဉ်းကြား ကတော့ ဖြတ်သူ မရှိပေါ့။

သာမာန် ကြည့်ရင်တော့…………..အားလုံးအစဉ်ပြေသွား တာပါဘဲ။ လွယ်လွယ်လေးပါ။

ကျွန်တော့ စိတ်ထဲမှာတော့ …………… ကူးသူမရှိတဲ့ လူကူးမျဉ်းကြားရယ် ၊ မျဉ်းကြားမရှိတဲ့နေရာမှာ လမ်းကူးနေသူများနဲ့ လမ်းပြပေးနေတဲ့ ယာဉ်ထိန်းရဲများရယ်နဲ့…

.အင်း..ဘာဖြစ်လို့သက်ပြင်း ချမိပါလိမ့်။

About ကထူးဆန်း

has written 107 post in this Website..