အခြေအနေမဲ့ သန်းကြွယ်သူဌေး အပိုင်း (၅၆)

“အဲဒါနဲ့ နောက် ဘာဆက်ဖြစ်လဲ ပြောပါဦးဗျ..” မစ္စတာ ဝါဂဲလ် က စကားကို ပြန်ဆက်ခိုင်းတယ်။

“ထူးထူးခြားခြား သိပ်မရှိတော့ပါဘူး…ငါလည်း ရန်သူ့ဘန်ကာဆီသွားတယ်..အဲဒီမှာ ပါကစ္စတန် စစ်သားသုံးယောက် အလောင်း

နဲ့ ခါနေးလ် အလောင်း ရှိတာ..ခါနေးလ် အလောင်းကို ပခုံးပေါ်ထမ်းလို့ ငါ့တပ်ဆီပြန်သယ်လာခဲ့တာပေါ့..နောက်နေ့မနက်ကျတော့

ခါနေးလ် အလောင်းကို မီး သဂြုႋဟ် တယ်..ငါ့တပ်မှူးကို ခါနေးလ် ရဲ့ ရဲဝံ့ပြောင်မြောက်တဲ့ တာဝန်ထမ်းရွက်မှုကို သေသေချာချာပြော

ပြတော့ တပ်မှူးက ခါနေးလ်ကို အမ်ဗွီစီ ဘွဲ့တံဆိပ် ပေးဖို့ ထောက်ခံချက်ပေးလိုက်တော့တာပဲ..အင်း..ခုထိ သူ့မျက်နှာကို မြင်ယောင်

တုန်းပါပဲ…”

စစ်သားအိုကြီးက သူ့ရဲဘော်ရဲဘက် ခါနေးလ်ကို သတိရမိလို့ပဲလားတော့ မသိဘူး..မျက်လုံးတွေမှာ မျက်ရည်စလေးတွေ သီလို့။

“အမ်ဗွီစီ ဆိုတာ ဘာတုန်း အဘရဲ့..” ဒယာနက်ရှ် က ဝင်မေးတော့ အဘိုးကြီးက –

“မဟာ ဝီရ ချက္ကရ တဲ့ကွ..တို့တိုင်းပြည်မယ် စစ်တပ်ထဲမှာပေးတဲ့ အမြင့်ဆုံး ဘွဲ့တံဆိပ်တွေထဲက တစ်ခုပေါ့ကွာ..”

“ဘယ်ဟာက အမြင့်ဆုံးလဲ အဘ ရဲ့..”

“ပီဗွီစီ ဆိုတာပဲကွဲ့..ပရမ် ဝီရ ချက္ကရ တဲ့ ..အဲဒါကတော့ သေပြီးမှ ရကြတာချည်းပါပဲကွာ..”

“ဒါနဲ့..အဘရော ဘာ ဆုတံဆိပ် ရခဲ့သေးလဲ..” ဒယာနက်ရှ် က ထပ်မေးတော့ အဘိုးကြီး ဆွေးသွားရှာတယ်။

သူ့မျက်နှာမှာ နာကျင်ကြေကွဲတဲ့ ခံစားချက်က အထင်အရှားကို ပေါ်လာတာပဲ..။

“အဘလား..အဲဒီတိုက်ပွဲမှာ ဘာဆုတံဆိပ်မှ မရခဲ့ပါဘူးကွယ်..အင်း..ငါ့ဇာတ်လမ်းက ဒီနားမှာ မဆုံးသေးပါဘူး..အင်မတန်

လူသိများတဲ့ မန္ဒိယာလ တံတား တိုက်ပွဲအကြောင်း ပြောပြဖို့ ရှိပါသေးတယ်..”

မစ္စတာ ဝါဂဲလ် သူ့နာရီကိုကြည့်ပြီး –

“အိုး..သန်းခေါင်ကျော်ပါရောလား..ဒီနေ့အတွက် ဒီလောက်ဆို တော်လောက်ပြီ ထင်ပါ့နော..ကာဖြူး အချိန်လည်း လွန်ပြီဆိုတော့

ကိုယ့်အိမ်ကိုယ် ပြန်ဖို့ကောင်းပြီ..”

မထချင် ထချင်နဲ့ ကျွန်တော်တို့လည်း လူစုခွဲလိုက်ကြတော့တယ်။

 

***************************

            နောက်တစ်နေ့မှာလည်း ထုံးစံအတိုင်း ဗုံးခိုကျင်းထဲမှာ ကျွန်တော်တို့စုမိကြပြန်တယ်။ ကနေ့မှာတော့ မစ္စတာ ဘာပတ် ရဲ့ သား အဂျေးလည်း

ရောက်နေတယ်။ အဂျေး ဆိုတဲ့ ငနဲလေးက ဖိုးကြွားလေးလို့ ရှေ့တုန်းက ကျွန်တော် တစ်ခါ ပြောခဲ့ဖူးပါရော။ အလကားနေရင်း ကြွားနေတဲ့ ငနဲလေး။

သူ့ အရုပ်တွေ..သူ့ကွန်ပျူတာ..သူ့ စကိတ်..သူ့ကောင်မလေးတွေ..အိုစုံလို့ပဲ။ ကျွန်တော်တို့ကတော့ သူ့ကို သောက်မြင်ကပ်ကြတယ်။ ခုလည်း သူ့အဘွား

ဆီက ပြန်လာတာလား မသိဘူး။ သူ့ကို အမြင်ကပ်ပေမဲ့လို့ သူ့လိုဆယ့်ငါးနှစ်သား တစ်ယောက်နဲ့တော့ ရန်ဖက် မဖြစ်ချင်ဘူး။ အသက်ကသာ ဆယ့်ငါး

နှစ်..ရုပ်ကဖြင့် ဒွန့် နေပြီ။ဒီနေ့လည်း သူ့မှာ ကြွားစရာ တစ်ခုခုပါလာတာ အသေအချာပေါ့ဗျာ။သူယူလာတာ ဒိုင်ယာရီ စာအုပ်ကလေး တစ်အုပ်ဗျ။အဲဒါ

အော်တို စာအုပ်လို့ခေါ်သတဲ့။ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ လက်မှတ်တွေ အဲဒီစာအုပ်လေးမယ် ထိုးခိုင်းထားတာတဲ့ဗျ။အဲဒီစာအုပ်ထဲက ကြောင်ခြစ်သလို

ခြစ်ထားတဲ့ ဟာတွေကို ကလေးတွေ လိုက်ပြပြီး ကြွားလုံးထုတ်နေတာပေါ့။

“ဒီဟာက အမီတာ ဘာဂျမ်းရဲ့ လက်မှတ်ပေါ့ကွ..ကြည့်ပါ..သေချာကြည့်..အဲ..အဲ..ဒီဟာက အာမန်း အလီ..ဒါကတော့ ရာဗီနာရဲ့

လက်မှတ်..ဪ..ဒါလား..အဲဒါက နာမည်ကြီး ခရစ်ကတ်ကစားသမား ဆေချင်း မယ်လ်ဝင်္ကာ ရဲ့ လက်မှတ်ပေါ့ဟ..”

အမေးအမြန်းထူတဲ့ ဒယာနက်ရှ်က ကြောင်ခြစ် တစ်ခုကို လက်ညှိုးနဲ့ထောက်ပြီး –

“ဒါကကောဗျ..”

အဂျေးလည်း ဗလပွေရှုပ်အောင်ခြစ်ထားတဲ့ဟာကို မျက်မှောင်ကျုတ်ကြည့်ပြီး ခေါင်းစားသွားတယ်။နောက်မှ ရှက်ကိုးရှက်ကန်းနဲ့ –

“အဟီး..ဒါ ငါ့အမေရယ်..ဘောပင် မင်စမ်းထားတာတာ..”

 

ပူတူးကလည်း စာအုပ်လေးတစ်အုပ်ယူလာတယ်။အော်တိုစာအုပ်တော့ မဟုတ်ပါဘူး။ စာရေးတဲ့ဗလာစာအုပ်လေးပါ။ သူ့အဖေက ကျောင်းပိတ်တာနဲ့

စာမလုပ်မှာစိုးလို့ နေ့တိုင်းသူ့ကို စာစီစာကုံးတစ်ပုဒ်ရေးခိုင်းတာလေ။တစ်နေ့တစ်နေ့ ဘန်ကာထဲမှာ သူ့အဖေပေးလိုက်တဲ့ ခေါင်းစဉ်နဲ့ ရေးရရှာတယ်။

ဒီနေ့ပေးလိုက်တဲ့ခေါင်းစဉ်က ကျွန်တော့် နွားကလေး ဆိုတဲ့ ခေါင်းစဉ်တဲ့ဗျ။တကယ်တော့ ပူတူးမှာ ဘာနွားမှ မရှိပါဘူး။

တီဗီမှာတော့ စစ်သတင်းအကျဉ်းကို ကြေညာနေတယ်။

“အမ်ဘာလာ..ဂေါရပူရ် နဲ့ ဂွာလီယာ ဘက်က ပါကစ္စတန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုများကို ကောင်းစွာ ထိန်းချုပ်နိုင်ပါပြီ..

အိန္ဒိယတပ်မတော်ဟာ ဘဂ်ဟ်လာ နဲ့ ရာဟင်ယာ ခန်း ကိုလည်း သိမ်းပိုက်လိုက်ပါပြီ..ဘာဝယ်ပူရ်..သုခါရ် နဲ့ နော်ဝါဘ်ရှား

ဘက်တွင်ရှိသော ပါကစ္စတန် ရှေ့တန်းထိုးစစ်ကိုလည်း အပြီးသတ်ချေးမှုန်းပြီး ရှာကာဂါး ဘလ်ဂျ် ကိုလည်း အုပ်စီးမိသွားပါပြီ..

ချမ်းဘ် နယ်ဘက်မှာတော့ မန္ဒိယာလ တံတားကို သိမ်းပိုက်ဖို့ ပါကစ္စတန်တို့ရဲ့ အလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို

ကျွန်တော်တို့ တပ်မတော်သားများဟာ ကြံကြံခံပြီး တွန်းလှန် တိုက်ထုတ်နိုင်ခဲ့ပါတယ်..”

သတင်းကိုနားထောင်ပြီး ကျွန်တော်တို့လည်း ခုန်ပေါက်ပြီး အော်ဟစ်မိကြတယ်။ လက်ခုပ်လက်ဝါးတွေတီးကြ၊ အချင်းချင်း လက်ဆွဲပြီးနှုတ်ဆက်ကြနဲ့။

ကျွန်တော့်တို့ စစ်သားအိုကြီး ဘယ်လ်ဝမ့် ဆင်းဂ်ကတော့ ထုံးစံအတိုင်း တီဗီရှေ့တည့်တည့်မှာထိုင်လို့ ခေါင်းလေး တညိတ်ညိတ်နဲ့ မှတ်ချက်ပေးနေ

တယ်။

“အင်း..ဒင်းတို့ မန္ဒိယာလ ကို တိုက်ကြပြန်ပြီပေါ့..ဒီ ပါကစ္စတန်ကောင်တွေ အမှတ်ကို မရှိတာပဲကိုး..”

သူ့ကြည့်ရတာ တစ်ယောက်ယောက်က မန္ဒိယာလ တံတားတိုက်ပွဲအကြောင်း မေးစေချင်တဲ့ပုံမျိုး။ဘယ်သူမှ သူဆင်တဲ့ ဂွင်ထဲ မဝင်လို့ အဘိုးကြီး စိတ်

ညစ်သွားပုံပဲ။

နောက်တော့ တီဗီ အစီအစဉ်က စစ်ပွဲအကြောင်း အချေအတင် ဆွေးနွေးကြတာ ပြပါတယ်။ ဆွေးနွေးကြတဲ့သူတွေကတော့ ဆရာကြီးတွေ

ဖြစ်မှာပေါ့။ မုတ်ဆိတ်ဖားဖား၊ မျက်မှန်ကြီးတကားကားနဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်က –

“ကျွန်တော်တို့ သိကြတဲ့အတိုင်းပဲ ပါကစ္စတန်မှာ နျူကလီယား ဒုံးကျည် အစင်းလေးဆယ်လောက် ရှိတယ်ဆိုတာ..အဲ..

လူဦးရေ သိပ်သည်းဆ တစ်စတုရန်းကီလိုမီတာ မှာ ၂၅၀၀ဝ ရှိတဲ့ မြို့ပြနေရာတစ်ခုမှာ ဆယ့်ငါးကီလိုတန် တစ်လုံးလောက်ပဲ

ပေါက်ကွဲကြည့်..အနည်းဆုံး လူ နှစ်သိန်းခွဲလောက်တော့ သေချာပေါက် ပျောက်သွားမှာပဲ..အဲဒီ အချက်အလက်နဲ့ မွမ်ဘိုင်းလို

နေရာမျိုးမှာ ခန့်မှန်းတွက်ချက်ကြည့်မယ်ဆိုရင်…”

မစ္စတာ ဝါဂဲလ် က ဝင်ပြောတယ်။ “ရေတွေက လေထဲ အငွေ့ပျံသွားမယ်..လေတွေက မီးလိုပူပြင်းလာမယ်..ဧရာမ မှိုပွင့်တိမ်တိုက်ကြီးက ကောင်း

ကင်ထဲ ထိုးတက်လာမယ်…တို့အကုန်လုံးလည်း သေသွားမယ်..ဒါပဲ..”

မစ္စတာ ကူလ်ကာနီ ကတော့ တီဗီကို ပိတ်ပစ်လိုက်တော့တာပဲ။

“သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ…တီဗီ မကြည့်ဘဲနဲ့ တို့ စစ်ပွဲပြန် ဟီးရိုးကြီး ဘယ်လ်ဝမ် ဆင်းဂ် ဇာတ်လမ်း နားထောင်တာ ကောင်းလိမ့်

မယ်နော…ကိုင်း..ဦးလေးရေ..မနေ့က မန္ဒိယာလ တံတားတိုက်ပွဲအကြောင်းလေး အစပျိုးခဲ့တယ်မို့လား..အဲဒါလေး ကျွန်တော်တို့ကို

ပြောပြပါဦးဗျာ..”

ဂွင်တော့ ဝင်သွားပြီ။ အဘိုးကြီးလည်း အဲဒီအခါကျမှ မျက်နှာရွှင်သွားပြီး အကျင်္ ီလက်ခေါက်တင်၊ ပြတ်နေတဲ့ သူ့ခြေထောက် ငုတ်တိုလေးကို ဟိုကုတ်

ဒီကုတ်လုပ်၊ ကျွန်တော်တို့ ဘက်ကို ထိုင်ခုံလေးဆွဲလှည့်လို့ သူ့ဇာတ်လမ်းကို ဆက်ပါတော့တယ်။

“မွမ်နဝါ တဝီ မြစ်ဟိုဘက်ဖြတ်လိုက်ရင် မန္ဒိယာလ မြောက်ဘက်ခေါ်တာပေါ့..အဲဒီမယ် တော်တော်မတ်စောက်တဲ့ ကမ်းပါးတစ်ခု

လည်းရှိတာကွ..ရန်သူတွေစပြီး ထိုးစစ်ဆင်တာ အဲဒီနေရာကနေပေါ့ကွာ..ဒီဇင်ဘာလ ၃ရက်နဲ့ ၄ရက်နေ့ညတွေမှာလေ..အဲဒီနေရာ

ကလည်း ဖြစ်ချင်တော့..တို့ဘက်ကလည်း သိပ်ဂရုမထားတာနဲ့ တပ်စိတ်ကလေးဘာလေးတောင် မရှိသလောက်ပဲ..နည်းနည်းပါးပါး

ကင်းလေး ဘာလေး လှည့်တာလောက်ပဲ ရှိတာ..တို့တပ်တွေကလည်း တခြားနေရာတွေမှာ အနှံ့ပြားစီး တာဝန်ချထားတာကိုး..အဲဒီ

တော့..ပါကစ္စတန်ကောင်တွေက တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ မန္ဒိယာလကို ဖြတ်ပြီး ထိုးဝင်လာတော့တာပေါ့..ကံများပြော

ပါတယ်..ဒင်းတို့ဖြတ်လာမဲ့ရှေ့မယ်..ငါ့ကိုတာဝန်ချထားတဲ့ အမှတ်၃၅ ဆစ်ခ် တပ်ရင်းကရှိတာကိုး..တို့နဲ့မနီးမဝေးမှာတော့ အမှတ်

၁၉ လေထီးကွန်မန်ဒို တပ် ရှိသေးတယ်..”

“အဲဒီကျကာမှ ပါကစ္စတန် အမှတ် ၂၃ တပ်မကြီးရဲ့ ရည်မှန်းချက်က မန္ဒိယာလ တံတားကို သိမ်းဖို့ဆိုတာ တို့လည်း သဘောပေါက်

တော့တာ..အဲဒီတော့ တို့ဘက်ကလည်း ချမ်းဘ် နယ်မြေနဲ့ တဝီမြစ်အနောက်ဘက် ဧရိယာတစ်ကြောကို မဖြစ်မနေ လွှတ်ထားဖို့

ဖန်လာတော့တာပေါ့..ဒီဇင်ဘာလေးရက်နေ့မှာ ခံစစ်ကို အခိုင်အမာပြင်ဆင်ထားရတော့တာပဲ..အမှတ် ၂ရ သံချပ်ကာတပ်ရင်းကြီး

က အမှတ်၃၁ ယန္တယားတပ်ကို အားဖြည့်ဖို့ တပ်ရင်းတစ်ခု လွှတ်ပေးတယ်..အမှတ်၃ရ ကူမာအွန် တပ်ရင်းကိုလည်း အက်ခ်နူးက

နေ အမြန်ဆုံးလွှတ်ပြီး မန္ဒိယာလ မြောက်ပိုင်းကို ပြန်လည်သိမ်းပိုက်ဖို့ ပြင်ဆင်ခိုင်းတယ်..ကံဆိုးတာက အမှတ်၃ရ ကူမာအွန်တပ်

ရင်းက ကွန်မန်ဒါ ဒုဗိုလ်မှူးကြီးဟာ တို့နဲ့လာပြီး မပေါင်းမီမှာပဲ ပါကစ္စတန်ဘက်က အမြောက်ကျည်သင့်လို့ ကျဆုံးသွားရှာတယ်..”

“အဲဒီတပ်က ခေါင်းဆောင်မရှိဘဲနဲ့ တို့ဆီလာရတော့ တောရောက်တောင်ရောက်နဲ့ မန္ဒိယာလ တံတားမရောက်ဘဲ တဝီမြစ် အရှေ့

ဘက်ကမ်းကို လမ်းလွဲသွားပါရောလား..အဲဒါနဲ့ တို့ အမှတ် ၃၅ ဆစ်ခ် တပ်ရင်းရယ် အမှတ် ၁၉ လေထီးကွန်မန်ဒိုတပ်ရယ်က တံ

တားကို စောင့်၊ ပြီးတော့ အမှတ် ၃၁ ယန္တယားတပ်က မန္ဒိယာလ တောင်ဘက်ကို စောင့်ကြ ရတာပေါ့..”

 

“ဒီဇင်ဘာလ ငါးရက်နေ့ည..အဲ..မနက်ပေါ့ ၃နာရီလောက်မှာ ပါကစ္စတန်ဘက်က အမှတ် ၆ နဲ့ အမှတ် ၁၃ တပ်ရင်းကြီးတွေက တဝီ

မြစ်ကို ဖြတ်ပြီး တို့ကို အကြီးအကျယ်ဆော်တော့တာဟေ့..သူတို့က အမေရိကန်လုပ် ပက်တွန် တင့်ကားတွေ၊ တရုတ်ပြည်လုပ် တီ-

၅၉ သံချပ်ကာယာဉ်တွေနဲ့…ဟား..အမြောက်တွေ၊ စက်သေနတ်ကြီးတွေ ပစ်လိုက်တာမှ စောက်ကျိုးနည်းဟေ့..သူတို့လေတပ်က

တိုက်လေယာဉ်တွေ ဆိုတာလည်း ရွှီးခနဲ..ဝေါခနဲ ဖြတ် ဖြတ်ပျံပြီး စက်သေနတ်နဲ့ မွှေ့၊ ပေါင်ချိန်တစ်ထောင် ဗုံးတွေနဲ့ တို့အပေါ်ကို

လှိမ့်ကြဲ..အမလေး..ငရဲပွက်တယ်ဆိုတာ စာထဲသာကြားဖူးတာ..လက်တွေ့မယ် အခုလိုမျိုး နေမှာလို့ စိတ်ထဲယောင်ယောင်ကန်း

ကန်း တွေးမိသေးတာ..နေရာ အနှံ့မှာ ပေါက်လိုက် ကွဲလိုက် နဲ့ လောင်မြိုက်နေလိုက်တာ..မီးပင်လယ်ကြီးထဲရောက်နေသလား

မှတ်ရတယ်..တို့လူတွေလည်း အော်ဟစ်ပြေးလွှားနေလိုက်တာ ကမာ္ဘပျက်နေတဲ့အတိုင်းပဲ..တို့ဘက်က ဖရိုဖရဲနဲ့ စုတ်ပြတ်သတ်

နေပြီဆိုတော့ သူတို့ဘက်က တင့်ကားတွေ တဖြည်းဖြည်း တက်လာလိုက်တာ ဧရာမ အင်းဆက်ပိုးကောင်ကြီးတွေ မီးလျှံကြား

က ချီတက်လာတဲ့အတိုင်းပဲကွာ….သူတို့ဘက်က အမြောက်တွေနဲ့ ထု၊ စက်ကြီးတွေနဲ့ ဆွဲတဲ့ မိနစ်ငါးဆယ်လောက်အတွင်းမှာ

တို့ဘက်လည်း ဖွတ်ဖွတ်ကိုကြေရော ဆိုပါတော့..”

 

“သူတို့ဘက်က အမှတ် ၁၃ တပ်ရင်းကြီးက တို့ဘက် အမှတ် ၂၉ ဂျတ် တပ်ဖွဲ့ဆီလည်းရော..တို့ဘက်ကကောင်တွေ သွေးရူးသွေး

တန်း နဲ့ အနှံ့ပြားစီးထွက်ပြေးတော့တာပဲဟေ့..ပန်ဂျပ် တို့ ဥတ္တား ပရာဒတ်ရှ် တို့ဘက်ကကောင်တွေလေ…နောက်..ရန်သူက ပွိုင့်

၃၀၃ ကို စီးမိတယ်..အဲဒီဘက်က တပ်မှူးလည်း ကျသွားပြီပေါ့..အဲဒီတော့ဟေ့..ဒီငနာတွေကို ခုခံဖို့ဟာက တို့ အမှတ် ၃၅ ဆစ်ခ်

တပ်ရင်း အပေါ်ပုံကျလာတော့တာပေါ့ကွာ…အဆုံးအဖြတ် ကံကြမ္မာက တို့လက်ထဲမှာပဲရှိတော့တာ ဆိုတဲ့ အခြေအနေမျိုး..နို့ပေ

မဲ့..ငါ့တပ်က တစ်ချို့အကောင်တွေက ပေးအပ်လာတဲ့တာဝန်ကို ရှောင်လွှဲဖို့ လုပ်ကြတော့တာပဲ..စစ်မြေပြင်က ထွက်ပြေးကြ

တယ် ဆိုပါတော့..ပါကစ္စတန်ဘက်ကလည်း သူတို့သိမ်းမိထားတဲ့ ပွိုင့် ၃၀၃ကို ပိုပြီး စိတ်ချရအောင် တံတားထိပ်ကိုပါ သိမ်းဖို့ သူ

တို့ အရန်တပ်တွေကို လွှတ်လိုက်တယ်လေ..ရောင်နီလေးပျို့လာတဲ့ အချိန်လေးမှာပဲ ပါကစ္စတန်ကောင်တွေက မန္ဒိယာလ တံတား

ကို တရကြမ်း ဝင်စီးတော့တာပဲဟေ့…ကြည့်ရတာ တို့ကို ဘုရားကိုယ်တော်ရဲ့ တန်ခိုးပြာဋိဟာနဲ့မှပဲ ကယ်နိုင်တော့မယ်လို့ ငါ့စိတ်ထဲ

တုန်တုန်လှုပ်လှုပ်နဲ့တွေးမိလာတော့တာပဲ..အဲ..အဲ..အာခြောက်လိုက်တာကွာ..ရေလေးတစ်ခွက်လောက်ပေးပါလား..”

ပုံပြောကောင်းတဲ့ အဘိုးကြီး။ ကောင်းခန်းရောက်ခါမှ ရေတစ်ခွက်လောက် ဆိုတော့ မနည်းသည်းခံပြီး သိချင်စိတ်ကို အောင့်ထားရတာ။

သူ့ဇာတ်လမ်းမှာ ကျွန်တော်တို့ မျောနေပြီဆိုတာ သိလို့ ကလိလိုက်တာ ဖြစ်မှာ။အဲဒါနဲ့ တစ်ယောက်က ထပြီး ကော်ဖီထည့်တဲ့ ဖော့ခွက်လေးတစ်

ခွက်နဲ့ ရေခပ်ပြီး ဘယ်လ်ဝမ့် ဆင်းဂ်ကြီး ကို အမြန်သွားပေးတယ်။ကျွန်တော်တို့ လည်ပင်းလေးတွေဟိုလှည့်သည်လှည့်နဲ့ ရေသွားခပ်တဲ့လူကိုလိုက်

ကြည့်လိုက်..ဘယ်လ်ဝမ့် ဆင်းဂ်ကြီးလက်ထဲ ရေခွက်ရောက်သွားလို့ သူရေသောက်နေတာကို ကြည့်လိုက်နဲ့ စိတ်ကို မနည်းရှည်အောင်ထားနေရ

တယ်။ ဘိုးတော်က ရေများ အရသာခံသောက်နေလား မသိပါဘူး။ ရေသောက်ပြီးကာမှ သူ့ဇာတ်လမ်းကို ပြန်ဆက်ပါတော့တယ်။

3 comments

  • kyawtheinmyint 23

    December 9, 2011 at 2:53 pm

    ဝင်ဖတ်သွားပါတယ် ဘရားသားရေ ဆက်လက်စောင့်မျှော်နေလျှက်ပါ ကျေးဇူးပါခဗျာ။

  • windtalker

    December 9, 2011 at 8:02 pm

    သူရဲကောင်း ဆုတံဆိပ် ကို သေမှ ပေးတာတော့ ၊ ဆိုးတယ်နော
    ဘာလုပ်စားရမှာတဲ့တုန်း ။ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ ကတော့ ဂုဏ်ရှိမှာပေါ့ ။
    အင်္ဂလန်က ဘုရင်မကြီး က ဆာဘွဲ ့တွေ ပေးသလို
    ကျုပ်တို ့ဂေဇက်က သဂျီးကလဲ ၊ ဂေဇက်မှာ စာအများဆုံးရေးတဲ့ လူတွေ ကို လိုဘီအီး တို ့ချိုဘီအီး တို ့ဘွဲ ့တွေ ပေးဖို ့အစီအစဉ်ရှိတယ် တဲ့

  • MaMa

    December 10, 2011 at 3:45 pm

    မောင်ဘလှိုင်ရေ-
    ဒီတခါ ကြာသွားလို့ ရှေ့က စာတွေမေ့ကုန်ပြီ။ 😀
    စာပြန်နွေးပြီးမှ ထပ်လာဖတ်မယ်။ 🙂

Leave a Reply