ညီသုတဂုဏ်ပြု “ဝဲရိုက်ဝဲသွင်း”

koyinDecember 9, 20113min783

ညီသုတဂုဏ်ပြု “ဝဲရိုက်ဝဲသွင်း”

ညီသုတ၊ ချကာရေး၊ နှေးမကြာ၊

သာသည့်နေ၊ ဝေသည့်လ၊ လှသည့်ပန်း၊

နန်းစံပျော်၊ အော် ဟုသာ၊ မှာ မခြွေ၊

နွေဝယ် စမ်း၊ လမ်း တခို၊ ညို တကြော၊

သောမောတင့်၊ မြင့်လှသည်။

ဤလိုဟန်၊ တန်ပြန်တု၊ ခုချရေး၊

တွေး မပါ၊ စာ မပီ၊ သီ မကုံး၊

သုံး မတည့်၊ မှည့် မဝင်း၊ လင်း နရီ၊

ညီပါစေ၊ ဝေဆာမှ၊ လှ ကာရန်၊

ပန်ဆင်ဖူး၊ ရူးမတတ်၊ မှတ်ကာ ဆင်၊

ရင်ဝယ် စု၊ မုချ ဆို၊ လိုတ ပြည့်၊ ဖြည့်လိုသည်။

ဆီ မပါ၊ စာမတင့်၊ သင့် မထင်၊

ခင် မပျက်၊ လက်ယှက်ကာ၊ မာ ပါစေ၊

ခြွေပါလို့၊ ပို့ မေတ္တာ၊ ဖြာ တဝှန်း၊

လန်းစေလို၊ ကိုရင် ပြု၊ ဆုမွန်တောင်း၊

ကြောင်းကျိုးရှာ၊ စာလွှာရေး၊ တွေးကာလှမ်း၊

စမ်းတဝါး၊ မှားပါစေ၊ ဝေဖန်သူ၊

ကူစေကြောင်း၊ တောင်းပန်သည်။ ။

(ညီသုတ၊ ခုမှရေး၊ နှေးမကြာ၊

သာသည့်နေ၊ ဝေသည့်လ၊ လှသည့်ပန်း၊

နန်းစံပျော်၊ အော် ဟုသာ၊ မှာ မခြွေ၊

နွေဝယ် စမ်း၊ လမ်း တခို၊ ညို တကြော၊

သောမောတင့်၊ မြင့်လှသည်။)

တောက ကိုရင်

(၀၉.၁၂.၂၀၁၁)

(ညီသုတ၏ ‘ဝဲရိုက်ဝဲသွင်း မေတ္တာပို့ကဗျာ’ ကို မှီ၍ လက်တန်းတုပမိပါသည်…)

ညီသုတ ကျေနပ်နိုင်ပါစေ…

လေးစားခင်မင်လျှက်

တောက ကိုရင်

3 comments

  • ကြောင်လတ်

    December 10, 2011 at 2:10 pm

    မော်ဒန်ကဗျာတွေ ခေတ်စားနေချိန်
    ကာရံကဗျာလေးဖတ်လိုက်ရတာ
    အရသာတမျိုးလေးခံစားလိုက်ရပါတယ်။

    • koyin

      December 10, 2011 at 7:34 pm

      ညီသုတ၏ ဝဲရိုက်ဝဲသွင်း ကဗျာလေး မျှဝေလိုက်ပါတယ်..
      အောက်မှ ကိုဟယ်ရီ ရှင်းပြထားတာလေးပါ ကူးပေးထားပါတယ်..

      “ဝဲရိုက် ဝဲသွင်း” မေတ္တာပို့ကဗျာ

      ဧဒင်လှ ၊ မြမြသွေး ၊ ချွေးချင်းမွှေး ၊ သွေးချင်းဆက်
      လက်လှမ်းကူ ၊ လူမှုဆောင် ၊ အောင်မြင်ရေး ၊ နှေးမကြာ ၊
      မာပါစေ ၊ ဝေနေယျ ၊ ရစေသား ၊ များမေတ္တာ ၊
      ရာထောင်ပေါင်း ၊ သောင်းဂဏန်း ၊ လန်းကြစေ ၊ ဇေယတု ၊
      ခု ချိန်ခါ ၊ သာစေကြောင်း ၊ တောင်းဆုခြွေ ၊ ဝေတဲ့နှင်း ၊
      ယင်းပမာ ၊ ကာယ ပါ ၊ ဉာဏရော ၊ ဟောတု စေ ၊
      နေတစ်စင်း ၊ လင်းအသွင် ၊ မြင်အမြဲ ၊ ထဲဘဝင် ၊
      ရွှင်မနော ၊ ရောဂါစင် ၊ ခင်မင်မှု ၊ ရှုပါသည် ၊
      (အီ) ဖေကိုယ် ၊ လိုတ ရာ ၊ ဗျာပါလွင့် ၊ တင့်စေသား ၊
      ထားမေတ္တာ ၊ ခါခါပို့ ။ ။

      အထူးဝန်ခံချက် ။ ။ကျွန်တော်ယ္ခုရေးထားသော ဝဲရိုက် ဝဲသွင်းကဗျာအမျိုး
      အစားသည် ၊ အလွန်ခက်ခဲလှသဖြင့် ပြီးပြည့်စုံသည်ဟု(ဝါ)မှန်သည်ဟုတရားသေ
      မယူဆသင့်ပါ….တက်နိုင်သလောက်တူအောင် ဖန်တီးထားခြင်းမျှသာဖြစ်ပါသည် ။
      ကျွန်တော့်အနေဖြင့်ထိုကဗျာအားရေးသာရေးလိုက်ရသည် ၊ ခဲယင်းလွန်းသဖြင့်
      အတော်အားထုပ်ခဲ့ရပါသည် ။ အကယ်တန္တု ပညာဉာဏ်ရင့်သူတို့ဖတ်မိခဲ့ပါက
      ကျွန်တော့်အားလိုအပ်သလိုထောက်ပြပေးပါက အလွန်ကျေးဇူးတင်မိမှာပါ ။
      ယ္ခုကဗျာအမျိုးအစားအား ပထဦးစွာရေးသားခြင်းဖြစ်ပါသဖြင့် ဒေါသတစ်ခုခု
      သင့်ခဲ့ပါက ကျွန်တော်၏ ပညာမပြည့်ဝမှုသာဖြစ်ပါကြောင်း….လေးစားစွာ
      မေတ္တာရပ်ခံပါသည် ခင်ဗျာ…။

      ညီသုတ(ပြည်)
      9/12/2011
      07း50 am

      ဝဲရိုက်ဝဲသွင်း ဟာ အလွန်ရေးရခက်ပါတယ် … ပါရမီရင့်သန်သူတွေသာ ရေးနိုင်တဲ့ ကဗျာမျိုးဖြစ်ပါတယ် … ဒီကဗျာမျိုးရေးနိုင်တဲ့ ညီသုတ ကို ချီးကျူးပါတယ် …
      ဝဲရိုက်ဝဲသွင်းဟာ ဦးတိုက် ကာရန် (တပိုဒ်ရဲ့ အဆုံးနဲ့ နောက်တပိုဒ်ရဲ့ အစ) ယူရပါတယ်။ စစချင်း ဧဒင်လှ၊ မြမြသွေး၊ ချင်းချင်းမွှေး ဆိုတဲ့ နေရာမှာ ကာရန်တချက်လွတ်သွားတာကလွဲလို့ ကျန်တာအားလုံး ပြောစရာ မရှိအောင်ကို ကောင်းပါတယ် …
      အဆုံးသတ်မှာ ငါးလုံးလည်း ချလေ့ရှိပါတယ် … သုံးလုံးချထားလည်း မမှားပါဘူး …
      တချို့ကတော့ အဆုံးမှာ အစနဲ့ ကာရန်ပြန်ကိုက်ပြီး ဂျာအေးသူ့အမေရိုက်သလို ပတ်ချာလည် ရေးလေ့လည်း ရှိပါတယ် …
      ဗေဒါလမ်းမှာ မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၈) ဆိုတဲ့ပို့စ်မှာ ဝဲရိုက်ဝဲသွင်းအကြောင်း ကျနော်တင်ထားပါတယ် … အသေးစိတ် ဖတ်ကြည့်နိုင်ပါတယ် …
      ကဗျာကောင်းများ ဆက်လက်သီကုံးနိုင်ပါစေ
      ကိုဟယ်ရီ

Leave a Reply