သေခြင်းအပေါ်နောက်ဆက်တွဲခံစားမှု

who whoDecember 10, 20111min2519

ကျနော် ဘဝနှင့်ပတ်သက်လို့ အရေးကြီးဆုံး အလုပ်ကို သိသင့် သလောက် သိခဲ့ပြီးတဲ့နောက် ဒီအလုပ်ကိုပဲ နံပါတ်တစ်ထားလို့ ကြိုးစားခဲ့ ပါတယ်။ ကြိုးစားသလောက်လဲ ကိုယ်နဲ့ ထိုက်သလောက် အသိလေးများကို ရရှိခဲ့ပါတယ်။ အဲဒီ ရလာသော အသိတွေအရ ဖြစ်ပေါ်လာခဲ့သော သေခြင်း အပေါ် ခံစားမှုလေးတွေကို ပူးတွဲပြီး မှတ်တမ်းလုပ်ထားလိုက်သည်။
ကျနော့တို့ အပေါ် တရားဓမ္မတွေ ဟောဖော်ပြသ ညွှန်ကြားခဲ့သော မယ်တော်ကြီး ဒေါ်စိတြာရဲ့ နာရေးတွင်းကာလမှာ ကျနော့ရဲ့ စိတ်ခံစားမှုလေး ကို မှတ်မိသေးသည်။ မယ်တော်ကြီး နာမကျန်း ဖြစ်စဉ် ကတည်းက ကျနော်တို့ ဝိုင်းပြီး ပြုစုခဲ့ကြပါတယ်။ အဲဒီမှာပဲ မယ်တော်ကြီးရဲ့ အသံတိတ် တရားပြသွား ပုံလေးကို တွေ့မြင်ခဲ့ရပါတယ်။ မယ်တော်ကြီးဟာ ခန္ဓာဝန်မချခင်မှာပဲ အားလုံး ကို ဥပေက္ခာနဲ့ နေနိုင်ခဲ့ပါတယ်။ ခန္ဓာရဲ့ ဖောက်ပြန်မှုတွေကို အပြုံးမပျက် ခံစားရင်းက ကျနော်တို့ကို ခန္ဓာ့ဒုက္ခကို ထင်အောင် မြင်အောင် အသံတိတ် တရားတွေ ဟောခဲ့သလို သူမရဲ့ ဒီဒုက္ခတွေ အပေါ် ဥပေက္ခာရှုနှလုံးသွင်း သွားပုံတို့က ကျနော်တို့အတွက် အထူးပဲ အတုယူဖွယ်ဖြစ်ခဲ့ပါတယ်။

အဲလိုနဲ့ မယ်တော်ကြီးဟာ ခန္ဓာရဲ့ ဖောက်ပြန်မှုတွေကို တရားနှလုံး သွင်းနဲ့ပဲ အပြုံးမပျက် ကျော်လွှားကာ ခန္ဓာဝန်ကို ချသွားခဲ့ပါတယ်။ ကျနော်အနေနဲ့ အဲလို ခန္ဓာ့ဒုက္ခကိုရော မယ်တော်ကြီးရဲ့ ဒီအပေါ် နှလုံးသွင်း ပုံလေးကိုပါ တဆက်တည်း သိခွင့် ကြုံခွင့်ရခဲ့တာကြောင့် များစွာလည်း သံဝေဂတရားတွေ ရခဲ့ရသလို ခန္ဓာရဲ့ ကြီးမားလှတဲ့ ဒုက္ခဝန်ကြီး ကိုလည်း များစွာကို ကြောက်လန့်မိခဲ့ပါတယ်။ အော် ခန္ဓာ ရှိသူတိုင်း မလွဲမသွေ ကြုံကြ ရဦးမှာဖြစ်တဲ့ ဒီဒုက္ခတွေက လွတ်ဖို့သာ ကြိုးစားနိုင်မှ တော်ပေတော့မယ်ဆို တဲ့ အသိတွေရလာခဲ့ပါတယ်။

နောက်ပြီး မယ်တော်ကြီး ခန္ဓာဝန်ချသွားတဲ့အခါမှာလည်း ကျနော့်မှာ မယ်တော်ကြီးအစား ပေါ့ပါးသွားသလို ခံစားရပါတယ်။ အော် မယ်တော်ကြီး ခမျာ ဒီခန္ဓာ ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားရတာ ပင်ပန်းလိုက်တာနော်။ ခုတော့ဖြင့် ဒီဒုက္ခက လွတ်သွားပြီရယ်လို့ ကျနော့မှာ ပေါ့သွားသလို ခံစားမိပါရဲ့။ ငါတို့ကတော့ ငါတို့ရဲ့ ဒီခန္ဓာဝန်ထုပ်ကြီးကို မထမ်းချင်လည်း ထမ်း ထမ်းချင်လည်း ထမ်းနေရဦးမှာပါလားလို့လဲ တွေးရင်း ဝန်တွေတောင် လေးမိနေသယောင်….။
မယ်တော်ကြီးကတော့ သူတော်ကောင်းရတနာ ဖြစ်တာကြောင့် ဘယ်လောက်ပဲခန္ဓာက ဖောက်ပြန်နေပါစေ အပြုံးမပျက် ခံနိုင် ပါသော်လည်း ငါတို့ကျတော့ ဘယ်လိုနှလုံးသွင်းနဲ့များ နေရပါ့မလဲနော်။ မယ်တော်ကြီး ပျံလွန်တော်မူတဲ့အပေါ် ကျနော့မှာ သူများလို ငိုရမယ့်အစား စိတ်မှာ ပေါ့တောင်နေပါသေးတယ်။ ဘာလို့လည်းဆိုတော့ မယ်တော်ကြီးလို သူတော်ကောင်းရတနာမျိုးရဲ့ လားရာကား ဒီထက်ဒီထက် ကောင်းဖို့သာဖြစ် တော့မှာမို့…..။
ကျန်ရစ်သူများအတွက်ကတော့ သူတော်ကောင်း ရတနာ တစ်ပါး ဆုံးရှုံးရလို့ များစွာ နှမြောစရာ ဖြစ်ရပေမယ့် ကျနော့အနေနဲ့ကတော့ ခန္ဓာ့ ဒုက္ခကနေ လွတ်မြောက်နိုင်သွားပြီလို့ တွေးမိရင်းတောင် အားကျ သလိုလို….။

အင်း…တကယ်တော့လည်း လူ့ဘဝရဲ့ အရေးကြီးဆုံး အလုပ်ဖြစ်တဲ့ အပါယ်လွတ်ဖို့ လမ်းကို အရင်ဆုံးလျှောက်နိုင်သွားပြီးရင်တော့ မရောက်သေး တဲ့လူတွေကို ရောက်အောင် တွဲခေါ်ရင်းက ဒီခန္ဓာ့ဒုက္ခကြီးကိုလည်း ထမ်းရင်း နဲ့သာ တစ်ဘဝထက်တစ်ဘဝ ဘဝနည်းနိုင်သမျှ နည်းအောင် ခန္ဓာဇာတ်သိမ်း နိုင်အောင် ကြိုးစားကြဖို့သာ ရှိတော့တာမို့ ကျနော့ရဲ့ သေခြင်းအပေါ် အမြင်လေးများကို ဝေမျှလိုက်ရပါ တော့သည်။

9 comments

  • chityimhtoo

    December 10, 2011 at 1:29 pm

    ကျွန်တော်ကွန့်မန့်ပေးရမှာများလို့ပိုစ့်အသစ်ဘဲတင်လိုက်တော့မယ်နော်…

  • thit min

    December 10, 2011 at 3:50 pm

    တမလွန် မှအပြန် ဆိုတဲ့ စာအုပ်ကလေးတအုပ်ရယ်။
    ဝိညာဉ်ထွက်သွားတာကို ကဲန်မရာ နဲ့ချိန်ပြီးရိုက်ထားတာတွေ မြင်ဘူးတယ်။
    သုတေသနလည်း လုပ်ထားကြတယ်။စိတ်ဝင်စားစရာဘဲ။
    ပြန်ပြောနိုင်တဲ့သူတွေ ဆိုပြီး စာအုပ်တွေရှိတာဘဲနော။
    ဟုတ်မဟုတ်တော့မသိဘူး။ ခရစ်ယာန်ဘာသာဆိုရင် စိန့်ပီတာ၊
    မြန်မာလိုဆိုရင် ယမမင်း နဲ့ တွေ့တဲ့အကြောင်းတွေလဲ ဖတ်ဘူးတယ်။
    အင်တာဗျူးတွေ လွှင့်ပေးတာတော့မတွေ့ဘူးသေးဘူး။
    အကြောင်းတိုက်ဆိုင်ရင် ကြိုးစားကြည့်မလားလို့ (^^)
    ပိုပြီး လေးနက်သွားအောင်ပါ။

    • whowho

      December 10, 2011 at 5:26 pm

      ကိုသစ်မင်းဘာကိုပြောချင်တာလဲကျနော်နားမလည်ပါ။ ဝိညာဉ်ကောင်၊ လိပ်ပြာကောင်တွေနဲ့ ကျနော့ပို့စ်နဲ့ ဘယ်လိုများဆက်စပ်နေပါလိမ့်။

  • ဟူးဟူး တို့ရဲ့ ဆရာမကြီး ခန္ဓာဝန်ချတာကို ဖတ်ရတာအတော်လေးစားစရာကောင်းတာဘဲဗျ။
    မှတ်တမ်းတင်ထားခဲ့သင့်တယ်ထင်တာဘဲနော်။
    ဒါမှ နောက်လူတွေ တရားရမှာ။

    • whowho

      December 10, 2011 at 5:31 pm

      ဟုတ်ကဲ့ပါ။ ငယ်စဉ်ကနေ ခုထိ ကြုံတွေ့ခဲ့ရတဲ့ သေခြင်းတရားတွေ အပေါ် ပြောင်းသွားတဲ့ ခံစားမိပုံလေးတွေကို မှတ်တမ်းလုပ်ထားတာလေး ပြန်မျှလိုက်ရပါတယ်။

  • chityimhtoo

    December 10, 2011 at 7:24 pm

    ဒီလိုဘဲဘဝပေါင်းများစွာ အိုခြင်းတွေနာခြင်းတွေသေဆုံးခြင်းတွေ မရေမတွက်နိုင်အောင်ကြုံခဲ့ရပြီးပါပြီ။
    တစ်ခါတစ်လေကျတော့ကိုယ့်ရှေ့မှာရောဂါဝေဒနာခံစားနေတဲ့လူတွေ သေဆုံးသွားတဲ့လူတွေကိုတွေ့မိရင်
    အရမ်းဘဲကြောက်ရွံ့မိပြီး အိုခြင်းတွေလည်းမရှိချင်ဘူး၊ နာခြင်းတွေလည်းမရှိချင်ဘူး၊သေဆုံးခြင်းတွေလည်း
    မကြုံချင်တော့ဘူး။ကိုယ်ချစ်တဲ့မိသားစုတွေနဲ့ တွေ့ဆုံခြင်းတွေရှိပြီးရင် ကွေကွင်းခြင်းဆိုတာလည်းရှိလာမှာလို့
    တွေးမိတော့ ..တွေ့ဆုံခြင်းတွေခွဲခွါခြင်းတွေလည်းမရှိချင်ဘဲဒီသံသရာကြီးနဲ့လွတ်ရာကို ကိုယ်လွတ်ရုံးချင်မိတယ်။ဒါကြောင့်ဘုရားတရားသံဃာ ကိုဒီသံသရာကြီးလွတ်ရာလွတ်ကြောင်းအတွက်
    အသက်ထက်ဆုံးယုံကြည်စွာကိုးကွယ်ရခြင်းဖြစ်ပါတယ်။သေချာတာတစ်ခုက ကျွန်တော်တို့ကပိဋိကတ်သုံး
    ပုံကို အာဂုံဆောင်ချင်တာလား သံသရာကလွတ်ချင်တာလား…ပိဋိကတ်သုံးပုံလည်းအာဂုံဆောင်မယ်
    သံသရာကလည်းလွတ်ချင်တယ်ဆိုရင်
    ကျွန်တော်တို့အသက်တစ်ရာနဲ့မလောက်ပါဘူး သေမင်းဦးသွားနိုင်ပါတယ်။

    • whowho

      December 11, 2011 at 10:07 am

      ကျနော်တော့ အဲလိုမထင်မိဘူး။ သံသရာကလွတ်မြောက်အောင် ကြိုးစားနိုင်ပြီးသူသည် ပိဋိကတ် သုံးပုံ အာဂုံဆောင်ပြီးသား ဖြစ်သွားပြီမို့ လွတ်မြောက်ဖို့ကသာ အဓိကလိုရင်းပဓာနကျပါကြောင်း…

  • chityimhtoo

    December 11, 2011 at 12:21 pm

    အဲ့လိုဆိုလိုတာမဟုတ်ဘူးဗျ ခုလူတော်တော်များများက အဘိဓမ္မာပေါင်းမြောက်များစွာနဲ့ ချောင်ပိတ်မိပြီး
    လက်တွေ့အလုပ်မလုပ်ကျဘဲ သက်တမ်းကုန်ဆုံးသွားကျတာများပါကြောင်း……..

  • ကြောင်ကြီး

    December 11, 2011 at 2:24 pm

    မသေခင် ရွှေထင်ပေမဲ့ သေလျင် မြေ(ထဲ)ဝင်ရမှာ မလွဲဧကန်ပါ။
    မှတ်ချက်။။။ အတ္တဝါဒီ အဓမ္မသောင်းကျန်းသူ သဂျီးကိုတော့ စိတ်ကျေနပ်အောင် သူသေရင် အာကာသထဲ မျောပေးပါ့မယ်။။။ 😆

Leave a Reply