ရန်ကုန်ကို စင်္ကာပူနှင့် တူချင်တယ်ဆိုရင် …ညီညီ (သံလွင်)

ခုတလော မီဒီယာတွေမှာ ဖတ်လိုက်ရသည်။ ရန်ကုန်ကို စင်္ကာပူနှင့်
တူအောင် လုပ်ရန် သမ္မတကြီးက လမ်းညွှန်မှု ပေးထားသည်ဟူ၍ ဖြစ်သည်။ ထို့အတွက်
စင်္ကာပူတွင် ၁၂နှစ်တာမျှ နေထိုင်ခဲ့သည့် ကျွန်တော့် အတွက် တွေးစရာတွေ ရလာသည်။
တခေတ်တခါက အာရှတွင် ထိပ်တန်းဖြစ်ခဲ့သော မြန်မာနိုင်ငံနှင့် ရန်ကုန်မြို့တို့ကို စင်္ကာပူ၏
အမျိုးသားေခေါင်းဆောင်ကြီး ဖြစ်သည့် လီကွမ်ယူက အားကျခဲ့ရသည်ဟု ၎င်းရေးသားသည့်
စာအုပ်ထဲတွင် ဝန်ခံထားပြီး စင်္ကာပူရှိ အချို့သော နေရာများတွင် ရန်ကုန်လမ်း၊ ပဲခူးလမ်း၊ မော်လမြိုင်
လမ်း စသဖြင့် မှည့်ခေါ်ခဲ့သည့် လမ်းနာမည်များ ခုထိ ရှိဆဲ ဖြစ်သည်။ ခုတော့ သံသရာ
ချားတပတ်ပြန်လည်ပြီ ထင်ပါသည်။ ကျွန်တော်တို့၏ ရန်ကုန်ကို အထင်ကြီး အားကျစိတ်ဖြင့်
အတုယူခဲ့ရသည့် စင်္ကာပူကို ကျွန်တော်တို့ ပြန်၍ နမူနာ ယူရချေဦးမည်။ ဤအတွက် ကျွန်တော်
စိတ်ဓာတ်မကျပါ။ ရည်မှန်းချက်ကင်းမဲ့စွာ ဖြတ်သန်းခဲ့ကြရသည့် အနေအထားမှ ဦးတည်
ချက်များ ရှိလာ၍ စိတ်အား တက်ရပါသည်။ ရည်မှန်းသည့် အတိုင်း လုပ်ဆောင်ကြဖို့တော့
လိုပါမည်။

သွားလာရေးလွယ်ကူ

ဤတွင် စင်္ကာပူနှင့် တူအောင် ဘာတွေ လုပ်ကြမည်လဲဟု မေးခွန်းထုတ်ချင်စရာ ဖြစ်
လာပါသည်။  စင်္ကာပူတွင် လူဦးရေ ၅ သန်းခန့် နေထိုင်သည်။ ကျွန်တော် နေထိုင် ဖြတ်
သန်းခဲ့သည့် အတွေ့အကြုံအရ စင်္ကာပူသည် တစ်နှစ်ထက် တစ်နှစ် လျင်မြန်စွာ တိုးတက်
ပြောင်းလဲလာခဲ့သည်ကို တွေ့ရသည်။ ရှေးဦးစွာ စင်္ကာပူရှိ အခြေခံအဆောက်အအုံ
(infrastructure) နှင့် ပတ်သက်၍  ပြောပြချင်သည်။ စင်္ကာပူတွင် အဝေးပြေးလမ်း
မကျယ်ကြီးများ ရှိသည်။ ရုံးဆင်းရုံးတက်ချိန်တွင် မြို့ပတ်ရထားများ (MRT) ၂ – ၃ မိနစ်ကို
တစ်စီးခန့် ရှိသည်။ ရထားနောက်ကျသည်ဟူ၍ မရှိ။ ၃ မိနစ်အကြာတွင် ရထားဆိုက်မည်ဟု
ကြေညာထားလျှင် ၃ မိနစ် အတိအကျတွင် ရထားရောက်လာသည်။ ဘတ်စ်ကားများ
စီးရသည်မှာ လွယ်ကူအဆင်ပြေသည်။ ဘတ်စ်ကားများ စုပေါင်းရပ်နားသည့် စနစ်
(Bus Interchange System) ကို အသုံးပြုထားသဖြင့် တစ်နေရာမှ တစ်နေရာသို့
သွားရာတွင် အဆင်ပြေသည်။ ဥပမာ – ဆူးလေတွင် ကား အတော်များများ ဂိတ်ဆုံး
သကဲ့သို့ ဖြစ်ရာ ဆူးလေ Bus Interchange ၊ တာမွေတွင် ဂိတ်စ-ဂိတ်ဆုံးသည့်ကားများက
တာမွေ Bus Interchange စသဖြင့် သတ်မှတ်ထားပြီး အဆိုပါ ဘတ်စ်ကားများ စုပေါင်း
ရပ်နားရာသည် အများအားဖြင့် ဘူတာရုံများနှင့် အနီးအနားတွင် ရှိသည်။ ထို့ကြောင့်
အနီးဆုံးသွားလိုရာ ဘူတာရုံသို့ ရထားစီးပြီး ထိုမှတဆင့် ရပ်ကွက်ကြို ရပ်ကွက်ကြား
သွားလိုက်ပြန်လိုက်လုပ်နေသည့် Feeder Bus ဟုခေါ်သည့် ဘတ်စ်ကားများ စီးကာ
မိမိအလိုရှိရာသို့ အရောက်သွားနိုင်သည်။ အိုင်ဖုန်းကဲ့သို့ စမတ်ဖုန်းတစ်လုံး ရှိလျှင်
ဘတ်စ်ကား နံပါတ်နှင့် လမ်းကြောင်းများကို ကြည့်ရှုနိုင်သည်။ မြို့ပတ်ရထားနှင့်
ဘတ်စ်ကားများစီးရန် ကြိုတင်ပို်က်ဆံဖြည့်ထားသော စမတ်ကဒ်များကို
အသုံးပြုနိုင်သည်။ ဖြည့်ထားသည့် ပိုက်ဆံကုန်သွားလျှင် ရထားဘူတာရုံများနှင့်
ဘတ်စ်ကားများ စုပေါင်းရပ်နားသည့်နေရာ (Bus Interchange) တွင် အေတီအမ်
ကဒ်ဖြင့် လည်းကောင်း၊ ပိုက်ဆံဖြင့်လည်းကောင်း ထပ်မံ ဖြည့်သွင်းနိုင်သည်။

လူအရင်းအမြစ်အဓိက

စင်္ကာပူတွင် မည်သည့် သယံဇာတမှ မရှိသည့်အပြင် သောက်သုံးရန်ရေကိုပင်
မလေးရှားနိုင်ငံမှ နေ့စဉ် ဂါလန်သန်းပေါင်းများစွာ ဝယ်ယူနေရသည်။ ထို့ကြောင့်
အခြား သယံဇာတကြွယ်ဝသည့် နိုင်ငံများကဲ့သို့ သယံဇာတကျိန်စာသင့်နေခြင်း မရှိပါ။
စင်္ကာပူ၏ အဓိက အရင်းအမြစ်သည် လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည့်အတွက်
ပညာရေးကို အထူးအားပေးသည်။ ကျောင်းများတွင်လည်း စာကြည့်တိုက်များကို
လူကြီးလာစစ်လျှင် ပြသရန်အတွက် မဟုတ်ဘဲ ကောင်းမွန်သပ်ရပ်စွာ ထားရှိပြီး
စာအုပ်စာတမ်းများ အတော်ပင်စုံလင်ပါသည်။ ကျောင်းပညာရေးအပြင် ပြင်ပဗဟုသုတ
ကြွယ်ဝရေးအတွက် စာကြည့်တိုက်များ မြို့နယ်တိုင်းတွင် ထားရှိသည်။

စာကြည့်တိုက်များမှာ ခနော်နီခနော်နဲ့ စာကြည့်တိုက်ကလေးများ မဟုတ်ပါချေ။
အချို့စာကြည့်တိုက်ကြီးများမှာ ၂ ထပ်- ၃ ထပ် အပြည့် ကဏ္ဍများ စုံလင်စွာ ခွဲထားပြီး
စာအုပ်များ သိန်းသောင်းချီ၍ ရှိမည် ထင်သည်။ စင်္ကာပူနိုင်ငံတွင် အမျိုးသား စာကြည့်
တိုက် ၁ ခု (၁၆ ထပ် အမြင့်ရှိ) ၊ ဒေသဆိုင်ရာ စာကြည့်တိုက် ၃ ခုနှင့် အခြား ပြည်သူ့
စာကြည့်တိုက်ပေါင်း ၂၄ ခု ရှိပါသည်။ ၂၀၀ရ ဘဏ္ဍာရေးနှစ်အထိ စာကြည့်တိုက်
အဖွဲ့ဝင်ထားသူ စုစုပေါင်း ၂ သန်းနီးရှိပြီး စာအုပ်ဌားရမ်းမှု ၂၈ သန်း ရှိခဲ့သည်ဟု
သိရသည်။ အဆိုပါ စာကြည့်တိုက်များတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့်
စာအုပ်များ ၅ သန်းကျော်၊ မလေးဘာသာဖြင့် စာအုပ် ၆သိန်း ၂ သောင်းကျော်၊
တရုတ်ဘာသာဖြင့် စာအုပ် ၁ သန်း ၉ သိန်းကျော်၊ တမီးလ်ဘာသာဖြင့် ၃သိန်း ၁
သောင်းကျော် ရှိပြီး စုစုပေါင်း ဌားရမ်းနိုင်သည့် စာအုပ်၊ ဒီဗီဒီ၊ စီဒီ စသဖြင့် အမျိုးအစား
စုံလင်စွာ ရှိကာ အရေအတွက်အားဖြင့် ၉ သန်းမျှ ရှိသည်ဟု သိရသည်။ ကောင်းသည်က
စင်္ကာပူအရှေ့ပိုင်းရှိ စာကြည့်တိုက်တွင် ဌားလာသော စာအုပ်ကို ကြုံသည့် စာကြည့်တိုက်
တွင် အပ်၍ ရသည်။ ထို့ပြင် ဌားလာပြီး ဖတ်၍ မပြီးသေးလျှင်လည်း အင်တာနက်မှ
တဆင့် သက်တမ်းတိုး၍ ရသည်။ ထပ်မံ၍ ဖတ်လိုသေးလျှင်လည်း ရက်လွန်ကြေးပေး၍
ဖတ်နိုင်သည်။ မိမိဌားလိုသည့် စာအုပ်ကို သူများဌားသွားလျှင်လည်း ကြိုတင် reserve
လုပ်ထားမည်ဆိုပါက အဆိုပါ စာအုပ် စာကြည့်တိုက်ပြန်ရောက်လျှင် အကြောင်းကြား
ပါလိမ့်မည်။ စာအုပ်အပ်ရန် မေ့လျော့နေပါကလည်း သက်တမ်းမပြည့်မီ ၃ ရက်အလိုတွင်
အီးမေးလ်သို့ လည်းကောင်း၊ လက်ကိုင်ဖုန်းသို့လည်းကောင်း အသိပေးသည့်စာ
ရောက်လာပါသည်။ မိမိရှာလိုသည့် စာအုပ်ကိုလည်း စာကြည့်တိုက်၏ အင်တာနက်
စာမျက်နှာမှ တဆင့် ရှာဖွေနိုင်ပြီး မည်သည့် စာကြည့်တိုက်တွင် ဌားရမ်းနိုင်သည်ကို
သိရှိနိုင်သည်။

ပညာတော်သင်များ

စင်္ကာပူကို တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ရောက်အောင် ဦးဆောင်ဦးရွက်ပြုခဲ့ကြသူများသည်
ပညာတတ်များ ဖြစ်ကြသဖြင့် နောင်မျိုးဆက်သစ် မပြတ်စေရန် ပညာထူးချွန်သူများကို
အထူးပင် အားပေးအားမြှောက်ပြုသည်။ ထူးချွန်ထက်မြက်သည့်သူများကို ပညာတော်သင်
များအဖြစ် အနောက်နိုင်ငံများသို့ ဝန်ကြီးဌာနအသီးသီးမှ နှစ်စဉ် အများအပြား စေလွှတ်သည်။
ထို့သို့ သွားရောက် ပညာသင်ကြားပြီး မိမိနိုင်ငံသို့ ပြန်လာလျှင်လည်း ဝန်ကြီးဌာနအသီးသီး
တွင် သင့်တော်သည့် နေရာများကို ပေးကာ စဉ်ဆက်မပြတ် အကဲခတ်၍ ခေါင်းဆောင်ကောင်း
များ ဖြစ်လာစေရန် အားထုတ်ကြသည်။ စင်္ကာပူတွင် နှစ်စဉ် ဘဏ္ဍာရေးလျာထားငွေ၏
၂ဝ ရာခိုင်နှုန်းခန့်ကို ပညာရေးဘက်တွင် အသုံးပြုသည်ဟု လေ့လာသိရှိရသည်။
လန်ဒန်အခြေစိုက် International Institute for Strategic Studies မှ ထုတ်ပြန်သည့်
မှတ်တမ်းအရ မြန်မာနိုင်ငံတွင်မူ ဝ.၅ ရာခိုင်နှုန်းခန့်သာ အသုံးပြုသည်ဟု
ဝမ်းနည်းဖွယ်ရာ သိရသည်။

အဂတိကင်းမဲ့

ဒါ့အပြင် စင်္ကာပူတွင် ရုံးလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်သလို
မည်သည့် အပိုကြေး၊ လက်ဘက်ရည်ကြေးမှ မပေးရသည့်အပြင် ပြက္ခဒိန်ဝယ်ရခြင်း၊ ရန်
ပုံငွေထည့်ရခြင်း ဒုက္ခတို့မှ ကင်းဝေးပါသည်။ လိုအပ်သည့် အချက်အလက်များကိုလည်း
သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများမှ တဆင့် ကြိုတင်ဖတ်ရှုနိုင်သလို
ကြေညာချက်များကိုလည်း ရှင်းလင်းတိကျစွာ ဖော်ပြထားသည်။ မလိုအပ်သည့် ကြိုးနီစနစ်
များကို အစွမ်းကုန် လျှော့ချထားပြီး လုပ်ကိုင်စရာ ကိစ္စများကို လျင်မြန်စွာ ပြီးစီးနိုင်စေရန်
အဓိက ထား၍ ဆောင်ရွက်ကြသည်။ Transparency International မှ  ၂၀၁၁ နှစ်တွင်
ပြုလုပ်သည့် စစ်တမ်းအရ ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု အကင်းဆုံး နိုင်ငံများထဲ၌
ပဉ္စမနေရာကို ရရှိထားပြီး အာရှတိုက်ရှိ နိုင်ငံများထဲတွင် အဂတိလိုက်စားမှု အကင်းဆုံး
ဖြစ်သည်။ မြန်မာနိုင်ငံမှာမူ နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် အောက်ဆုံးမှ စရေလျှင် မြောက်
ကိုရီးယားနှင့် ဆိုမားလီယားတို့၏ အထက်တွင် ရပ်တည်နေကာ အာဖဂန်နစ္စတန်နိုင်ငံနှင့်
အတူ အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံများထဲတွင် တတိယနေရာ ရောက်နေသည်။

ကျန်းမာရေးစောင့်ရှောက်မှု

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင်လည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ရလျှင် မြန်မာနိုင်ငံရှိ
ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများသည် စင်္ကာပူရှိ အစိုးရဆေးရုံ ဆေးခန်းများကိုပင် မမီပါချေ။
ယေဘုယျအားဖြင့် ဆိုရလျှင် သန့်ရှင်းသပ်ရပ်မှု ရှိသလို ပေးရသည့် ဝန်ဆောင်ခနှင့် ထိုက်
တန်သည့် ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများ၏ ဝန်ဆောင်မှုကို ပြန်ရသည်။ ပြီးစလွယ်
မလုပ်သလို စရိတ်မျှပေး ဆေးခန်းများတွင်လည်း ဆရာဝန်ရေးပေးလိုက်သည့် ဆေးစာရွက်လေး
သွားပြနေစရာ မလိုချေ။ ထို့ပြင် အမြဲတမ်းနေထိုင်ခွင့်ရထားသူ (ပီအာ)နှင့် စင်္ကာပူနိုင်ငံသားများ
မှာလည်း Central Provident Fund (CPF) ဟု ခေါ်သည့် လစဉ် မစုမနေရ ထည့်ဝင်ရသည့်
စုငွေထဲမှ ပေးနိုင်သည့်အပြင် ကျန်းမာရေးအာမခံများ ဝယ်ယူထားပါက ဆေးရုံစရိတ်စကများ
အတွက် အထူးတလည် သောကရောက်ကြရခြင်း မရှိပေ။ စင်္ကာပူတွင် ကျန်းမာရေးစောင့်
ရှောက်မှုအတွက် ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း အကြား အသုံးပြုပြီး မြန်မာနိုင်ငံတွင်မူ
လန်ဒန်အခြေစိုက် International Institute for Strategic Studies မှ ထုတ်ပြန်သည့်
မှတ်တမ်းအရ ဝ.၄ ရာခိုင်နှုန်း အသုံးပြုသည်ဟု စိတ်မကောင်းဖွယ်ရာ သိရသည်။

 

အင်တာနက် မြန်ဆန်

ထို့အပြင် စင်္ကာပူနှင့် ပတ်သက်၍ ပြောချင်သည်က စာတတ်မြောက်မှုနှုန်းနှင့် ကွန်ပျူတာ
တတ်ကျွမ်းမှုနှုန်း (Computer Literacy) မြင့်မားခြင်း ဖြစ်သည်။ အင်တာနက်သုံးစွဲမှုနှုန်း
မှာလည်း ၂၀၀၃ ခုနှစ်တွင် ၆၅% ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၇၆% အထိ တိုးတက်လာခဲ့သည်။
အင်တာနက်အမြန်နှုန်းတွင်လည်း 2Mbps မှ 10 Mbps သုံးစွဲသူ စုစုပေါင်းမှာ ၂၀၀၅ ခုနှစ်
တွင် ၅ သိန်းခဲ့သာ ရှိခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် ၁.၅ သန်း နီးပါး ရှိလာခဲ့သည်။ နိုင်ငံတ
ကာတွင် အင်တာနက် အမြန်နှုန်း သူထက်ငါ မြန်ဆန်အောင် ကြိုးစားနေချိန်တွင် ကျွန်တော်တို့
နိုင်ငံမှာတော့ အီးမေးလ်လေး တစ်ခု ပို့ဖို့ အတော် အချိန်ယူနေရသည်။ စင်္ကာပူတွင် အင်တာ
နက်ပေါ်မှ ရုပ်ရှင်တစ်ကား ကြည့်ရန် အတွက် မိနစ် ၂ဝ ခန့်သာ Download လုပ်သည်ကို
စောင့်ရပါသည်။ နောက်ပြီး Video Conferencing လုပ်လို့ ရနေသည်။ ရန်ကုန်မှာတော့
အင်တာနက်ကဖေးမှ တဆင့် Voice Chat လောက် လုပ်သည်ကိုပင် အင်တာနက်လိုင်းက
ပြတ်လိုက်တောက်လိုက်နှင့် ခန္တီစ တရားကို အာရုံပြုနေရသည်။ အဓိကကျသည့် အချက်က
စင်္ကာပူတွင် အင်တာနက်သုံးစွဲရန် အဖိုးအခမှာ များစွာ သက်သာနေသော်လည်း မြန်မာနိုင်ငံ
တွင်မူ နိုင်ငံတကာနှင့် ယှဉ်ပါက အဆများစွာ ပေးနေရပြီး အင်တာနက်လိုင်းများမှာလည်း
အလွန်တရာ နှေးကွေးဆဲဖြစ်သည်။ အင်တာနက် အမြန်လမ်းမကြီးပေါ်တွင် စင်္ကာပူက
ပြိုင်ကားနှင့် မောင်းနှင်နေချိန်ဝယ် မြန်မာနိုင်ငံက ဆိုက်ကားနှင့် ယှဉ်မောင်းနေ၍
မသင့်တော့ပါ။

ဘဏ်စနစ်ကောင်းမွန်

စင်္ကာပူ၏ ဘဏ်စနစ်မှာလည်း သုံးစွဲသူများ အဆင်ပြေစေရန် ဖန်တီးပေးထားသည်။
အေတီအမ်စက်များက နေရာတိုင်းလိုလိုမှာ ရှိနေသည်။ NETS ဟု ခေါ်သည့် စနစ်ဖြင့်
အေတီအမ်ကဒ်များကို အသုံးပြုပြီးလည်း ဈေးဝယ်စင်တာများ၊ စူပါမားကတ်များ၊
စားသောက်ဆိုင်များတွင် ပေးနိုင်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အသုံးပြုနိုင်ရန်
Myanmar Payment Union (MPU) ကို ကြိုးစားလုပ်ကိုင်နေသည်ဟု သတင်းတစ်ပုဒ်
ထဲတွင် ဖတ်လိုက်ရသည်။ လက်ကျန် ရှင်းတမ်းကြည့်ခြင်း၊ ငွေထုတ်ငွေသွင်း စာရင်းကြည့်ခြင်း
၊ ငွေလွှဲခြင်း၊ ဘီလ်များဆောင်ခြင်းတို့ကိုလည်း အင်တာနက်မှ တဆင့် အချိန်မရွေး
လုပ်ဆောင်နိုင်သည်။ ထို့ပြင် ငွေသွင်းစက် (Cash Deposit Machine) များမှ တဆင့်
မိမိဘဏ်အကောင့်ထဲသို့ ငွေသွင်းခြင်း ပြုလုပ်နိုင်ပါသည်။ ထို့အပြင် အိမ်ဝယ်ခြင်း၊
ကားဝယ်ခြင်း၊ စီးပွားရေး လုပ်ငန်း စတင်ခြင်း စသည့် ကိစ္စ အဝဝတွင် ဘဏ်များထံမှ
ချေးငွေရယူ၍ သင့်တင့်သည့် အတိုးနှုန်းဖြင့် အရစ်ကျပြန်လည် ပေးဆပ်နိုင်ပါသည်။
အိမ်ဝယ်ရာတွင် နှစ် ၂ဝ မှ နှစ် ၃ဝ အထိ အရစ်ကျ ပေးဆပ်နိုင်သလို ကားဝယ်ရာတွင်
လည်း ၁ဝ နှစ် အထိ အရစ်ကျ ပေးဆပ်နိုင်သည်ဟု သိရသည်။

အလုပ်အကိုင်ဖန်တီးမှု 

စင်္ကာပူတွင် အလုပ်အကိုင်ဖန်တီးမှု မြင့်မားပြီး အလုပ်လက်မဲ့နှုန်းမှာ စက်တင်ဘာ ၂၀၁၁
တွင် ထုတ်ပြန်သော စာရင်းဇယားအရ ၂ ရာခိုင်နှုန်းသာ ရှိသည်။ လက်ရှိ အလုပ်လုပ်ကိုင်နေ
သူ လုပ်သား စုစုပေါင်း ၃.၁၉ သန်း ရှိသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ကိုင်နေသူ
စုစုပေါင်း ၅ သိန်း ၄ သောင်းကျော် ရှိပြီး ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်နေသူ
စုစုပေါင်း ၄ သိန်းကျော်ရှိသည်။ စင်္ကာပူရှိ လုပ်ငန်းခွင် အသီးသီးတွင် လုပ်ကိုင်နေကြသည့်
မြန်မာများမှာလည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာခဲ့သလို သင်္ဘောကျင်းနှင့်
ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူများ၊ အင်ဂျင်နီယာများ၊ ဆေးရုံဆေးခန်းများ
တွင် လုပ်ကိုင်နေသော ဆရာဝန်များ၊ သူနာပြုများ၊ ကွန်ပျူတာပညာရှင်များ၊ စာရင်းကိုင်များ
စသဖြင့် များစွာ ရှိသည်။ ၂၀၀၈ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ထုတ်ဝေသည့် စင်္ကာပူနိုင်ငံထုတ်
The Straits Times သတင်းစာက ရေးသားရာ၌ တရားဝင်ထုတ်ပြန်သည့် စာရင်းမှာ ၅
သောင်းမှ ၆သောင်းကြား ဖြစ်သော်လည်း မြန်မာနိုင်ငံသား သိန်းနှင့်ချီ၍ လာရောက်
အလုပ် လုပ်ကိုင်နေကြသည်ဟု ခန့်မှန်းရသည်ဟူ၍ ရေးသားထားသည်ကို တွေ့ရသည်။

ပွင့်-လင်း-မြင်-သာ

စင်္ကာပူနှင့် ရန်ကုန်တို့၏ ကွာခြားချက်များစွာ ကျန်ပါလိမ့်ဦးမည်။ သို့သော် အထက်ဖော်ပြပါ
အချက်များတွင် စင်္ကာပူနှင့် ရင်ဘောင်တန်းနိုင်ပြီ ဆိုလျှင် ကျေနပ်ပါသည်။ ထို့ကြောင့်
တာဝန်ရှိသူ အားလုံး မိမိကျရာ အခန်းကဏ္ဍမှ ကြိုးစားပေးစေလိုပါသည်။ စင်္ကာပူနှင့် နိုင်ငံ
အသီးသီးတွင် ရောက်ရှိကာ ပညာသင်နေသော၊ လုပ်ငန်းခွင်တွင် ရောက်နေသော လူငယ်
လူရွယ်များစွာ ရှိပါသည်။ ထို လူငယ်လူရွယ်များ ပြည်တော်ပြန်ရန် ခေါ်နေရုံဖြင့် မဖြစ်ဘဲ
လုံလောက် ကောင်းမွန်သည့် အခြေအနေများကို ဖန်တီးပေးစေလိုပါသည်။ သို့မဟုတ်လျှင်
မြန်မာနိုင်ငံတွင် မွေးသော လူတော်များကို စင်္ကာပူက အဆင်သင့် မွေးစားသွားသည့် အဖြစ်မျိုး
ပိုမို ကြုံတွေ့ရပါလိမ့်မည်။ ဧရာဝတီမြစ် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ စင်္ကာပူတွင်
လာရောက်ဟောပြောသွားသော ဆရာအော်ပီကျယ်၏ စကားနှင့် ဆိုရလျှင် ပွင့်လင်းမြင်သာမှု
(Transparency) ရှိဖို့ အရေးကြီးပါသည်။ ပိတ်ထားလျှင် မှောင်နေပါလိမ့်မည်။ ပွင့်မှ လင်းမည်။
လင်းမှ မြင်ပါမည်။ မြင်မှ သာ(ယာ) ဝပြောပါလိမ့်မည်။ မည်မျှပင် နောက်ကျနေပါစေ။
ကျွန်တော်တို့ အတူတကွ တွန်းတင်ကြရပါမည်။ သူများ ခြေတလှမ်းလှမ်းလျှင်
အလှမ်းပေါင်းများစွာ လှမ်းကြဖို့ လိုပါမည်။ ကျွန်တော်တို့ မြန်မာပြည်သားများ ညီညီညွတ်ညွတ်
စည်းစည်းလုံးလုံးဖြင့် ကြိုးစားကြမည်ဆိုလျှင် စင်္ကာပူကို ဆယ်စုနှစ်အနည်းငယ်အတွင်း
ကျော်ဖြတ်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ လူကြီးမင်းတို့၏ ဖုန်းများ ဆက်သွယ်မှု
ဧရိယာပြင်ပသို့ ရောက်နေခြင်း မရှိမှသာ လျင်မြန်စွာ ရွေ့လျောနေသည့် ကမ္ဘာကြီးနှင့်
ကျွန်တော်တို့ မြန်မာနိုင်ငံသားများ ပြန်လည် ချိတ်ဆက်မိမည် ဖြစ်ပါကြောင်း။

ညီညီ (သံလွင်) ၏ Facebook စာမျက် နှာ မှ ဤ ဆောင်းပါး ကို ရယူပါသည်။

3 comments

  • lulinmg

    December 10, 2011 at 3:38 pm

    ကိုယ့်ဟာကိုကြိုးစားရမှာပဲလေ

  • Thanlwinoo

    December 10, 2011 at 9:50 pm

    ရန်ကုန်မြို ့ပတ်ရထားလမ်းတွေနဲ ့ ဘတ်စ်ကားဂိတ်တွေ ချိတ်ဆက်မှုကောင်းမှ မြို ့ပတ်ရထားစနစ်အောင်မြင်မယ်လို ့ ထင်ပါတယ်..။
    လက်ရှိရန်ကုန်မှာ အများပြည်သူပို ့ဆောင်ရေးစနစ်အတွက် ဘတ်စ်ကားများများ လိုအပ်နေပြီး
    ကိုယ်ပိုင်ကားတင်သွင်းခြင်းထက် ဘတ်စ်ကားတင်သွင်းနိုင်ဖို ့ သက်ဆိုင်ရာမှ ဦးစားပေး ခွင့်ပြုဆောင်ရွက်ပေးစေချင်ပါတယ်..။
    (နေပြည်တော်မှာဆိုရင်တော့ Mass Rapid Transport စနစ် လုပ်ဖို ့ မလွယ်ကူပါ..)
    ရန်ကုန်မှာ နေ ့စဉ်ဘတ်စ်ကားခဟာ သာမန်ဝန်ထမ်းတွေရဲ ့ဝင်ငွေကိုထိခိုက်စေပြီး အလုပ်အသွားအပြန် ကြပ်ငြပ်တဲ့ကားများကို ပင်ပန်းဆင်းရဲစွာ နိစ္စဒူဝ စီးနင်းနေကြရပါတယ်..။

    လူ ့စွမ်းအားအရင်းအမြစ်အနေနဲ ့ နိုင်ငံတော်မှ ဘွဲ ့ရပညာမတတ်၊ အလုပ်လက်မဲ့များ စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိပါတယ်..။

    စာကြည့်တိုက်ဖွင့်လှစ်နှုန်းအနေနဲ ့ ကမ္ဘာမှာ မြန်မာအမြင့်ဆုံးဘဲလို ့အစိုးရက တရားဝင်ဆိုပါတယ်..။
    စာကြည့်တိုက် အပျက်အများဆုံးမှာလည်း ကမ္ဘာမှ မြန်မာအမြင့်ဆုံးပါဘဲ..။
    ကျေးရွာတွေမှာ စာကြည့်တိုက်များ ဟောတစ်ခု ဟောတစ်ခု ဖွင့်လှစ်နေသော်လည်း အရေးအကြီးဆုံးဖြစ်တဲ့ အမျိုးသားစာကြည့်တိုက်ကြီး ဘယ်နားရောက်နေလည်း မသိပါ…။
    (ကျိုက္ကစံကွင်းနား နောက်ဆုံးပြောင်းသွားတာ သိလိုက်တယ်…)

    လက်ရြှိမန်မာ့ဘဏ်စနစ်ကိုကြည့်ရင် ဘဏ်လုပ်ငန်းသက်သက် စနစ်တကျလုပ်ကိုင်တဲ့ဘဏ်နည်းပြီး သယံဇာတတွေ ထုတ်ယူခွင့်ရနေတဲ့ လုပ်ငန်းရှင်ကြီးများက ဗန်းပြလုပ်ကိုင်တဲ့ဘဏ်တွေက များပါတယ်..။

    ပညာရေးနဲ ့ကျန်းမာရေးဘတ်ဂျက်ကတော့ စစ်အသုံးစရိတ်တွေထက် အလွန်အင်မတန်နည်းပါတယ်..။
    ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဖေသက်ခင်က အသုံးစရိတ်လုံလောက်စွာမရဘူးလို ့ လွှတ်တော်မှာ ဝန်ခံပြောကြားသွားပါတယ်..။ စီးပွားရေးမြို ့တော်ရန်ကုန်မှာရှိတဲ့ အစိုးရစံပြသင်္ဃန်းကျွန်းဆေးရုံကြီးဟာ ရေလုံလောက်စွာ မပေးနိုင်လို ့စံပြညစ်ပတ်တဲ့ဆေးရုံကြီးပါ…။ ဆေးနဲ ့ဆေးပစ္စည်းမလုံလောက်မှ ုက ဖြစ်ရိုးဖြစ်စဉ် ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါ…။

    ပွင့်လင်းမြင်သာရှိဖို ့က သတင်းစာကောင်းတွေလိုပါတယ်..။
    မြန်မာနိုင်ငံဟာ ပုဂ္ဂလိကသတင်းစာ ထုတ်ခွင့်မရရှိသေးတဲ့ ကမ္ဘာမှာ ရှာမှရှားတဲ့ ဒီမိုကရေစီနိုင်ငံပါ..။
    ကျွန်တော်တို ့ လက်ရှိမြန်မာနိုင်ငံမှာ ဖက်ဆစ်ဂျပန်ခေတ်ကလို သတင်းအမှောင်ချဖို ့၊ သတင်းတွေကန် ့သတ်ဖို ့ကြိုးစားအားထုတ်မှ ုတွေ ရှိနေတုန်းဘဲလို ့ ထင်ပါတယ်…။

  • komingalar

    December 10, 2011 at 11:05 pm

    နောက်တခုဖြည့်စွက်ပြောချင်တာကပြစ်ဒဏ်ပေးတဲ့နေရာမှာကြိမ်ဒဏ်နဲ့သေဒဏ်ကိုထည့်သွင်းပေးစေချင်ပါတယ်။
    စဂ်ါပူနိုင်ငံရဲ့ကြိမ်ဒဏ်ကနာမည်ကြိီးပါတယ်။အတန်းအစားတွေလည်းခွဲခြားထားပါတယ်။ မြန်မာပြည်မှာထောင်ပျော်
    တွေများပါတယ်။ ဒါပေမဲ့ ကြိမ်ဒဏ်နဲ့ပါဆိုရင်တော့ပျော်တော့မယ်မထင်ပါဘူး။ လူလိမ်တွေ လူ့စည်းကမ်းဖောက်ဖျက်တဲ့မုဒိမ်းကောင်တွေ
    နေ့တခြားများလာနေပါတယ်။ တလောက ဂျပန်မကိုမုဒိမ်းကျင့်တဲ့ကောင်ကိုသေဒဏ်ပေးလိုက်ထာမှန်ကန်တဲ့အဆုံးအဖြတ်ပါ။
    လာပ်ပေးလာပ်ယူကိစ္စတွေပါပပျောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီကြိမ်ဒဏ်နဲ့သေဒဏ်တွေအများဆုံးကျခံရမဲ့သူတွေထဲမှာအာဏာရှိသူတွေပါနေလေတော့…..

Leave a Reply