ဆောင်းမိုးစွေစွေ

နှင်းမှုန်ဝေတို့ကျဆုံးလို့

အလွမ်းဆောင်  မိုး

ငြိုးမာန်ဖွဲ့   မိုး

အေးစက်စက် တိမ်ညိုတွေက

ဆွေးစိမ့်မှုတွေကို  သယ်ယူလာလေရဲ့ ….

ဒုက္ခယန္တရားဆန်ဆန်   မိုး

နှင်းတွေအစား နေရာယူလေသော  မိုး

အချိန်အခါမဟုတ်သော   မိုး

အခါလွန်ရွာသော   မိုး

ဆောင်းမိုးရဲ့ဖြစ်စဉ်

ဆောင်းမိုးရဲ့ သဘာဝထဲမှာ

ထုံကျင်အေးစက်နေရပြီ …

ကျေးလက်ရဲ့ ဘာသာဘာဝ

အလှတရား လှုပ်ရှားမှုတွေကို

ငြိမ်သက်သွားစေသော  မိုး

ပြာလဲ့လဲ့ ကောင်းကင်ကို

ရီဝေစေသော  မိုး

အကြောင်းအကျိုးမဲ့သော   မိုး

ကိုယ့်ရာသီမဟုတ်ပဲ လာသော  မိုး

နွေ ၊ မိုး ၊ ဆောင်း

ဥတုသုံးမျိုးထဲက

ဖောက်ခွင်အဖြစ် စွေသော ချွေသော  မိုး

သူ့ရဲ့ဖျားယောင်းမှုနောက်ကွယ်က

သံစဉ်မဲ့ ဂီတမဆန်သော

ရေစက်ရေမှုန်အောက်မှာ

လွင့်မျောဖြစ်အောင်

မာယာဆန်ဆန်လှည့်စားလေပြီ …

ဖောက်လွဲဖောက်ပြန်

သဘာဝတရားတွေထဲက

ဒဏ်ခတ်မှု တစ်ခုဖြစ်ရင်ဖြစ်လိမ့်မပေါ့

ဒါပေမယ့် …

နှင်းတွေရဲ့ ဇာတ်သိမ်းတော့

မဟုတ်လောက်သေးပါဘူး …

ရွာနိုင်သလောက်ရွာပြီးရင်

နင် ပြန်သွားပါ …

ဆောင်းမိုး အလင်္ကာရှည်တွေကို

ဘယ်သူကမှ ဖွဲ့ဆိုသီကျူးကြမှာ

မဟုတ်လို့ပါ …

နင့်ရဲ့ အပြန်လမ်းကို

နှင်းရည် နှင်းစက်တို့က

မနက်ခင်းအလှတွေသယ်လာပြီး

နှုတ်ဆက်ကြမှာမို့

မြန်မြန်ပြန်ပါ

အလွမ်းဆောင်    မိုး

ငြိုးမာန်ဖွဲ့  မိုး

အခါလွန်  မိုး  ရေ ….

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။