ဆောင်းမိုး…

kotun winlattDecember 10, 20112min863

ဆောင်းမိုးစွေစွေ

နှင်းမှုန်ဝေတို့ကျဆုံးလို့

အလွမ်းဆောင်  မိုး

ငြိုးမာန်ဖွဲ့   မိုး

အေးစက်စက် တိမ်ညိုတွေက

ဆွေးစိမ့်မှုတွေကို  သယ်ယူလာလေရဲ့ ….

ဒုက္ခယန္တရားဆန်ဆန်   မိုး

နှင်းတွေအစား နေရာယူလေသော  မိုး

အချိန်အခါမဟုတ်သော   မိုး

အခါလွန်ရွာသော   မိုး

ဆောင်းမိုးရဲ့ဖြစ်စဉ်

ဆောင်းမိုးရဲ့ သဘာဝထဲမှာ

ထုံကျင်အေးစက်နေရပြီ …

ကျေးလက်ရဲ့ ဘာသာဘာဝ

အလှတရား လှုပ်ရှားမှုတွေကို

ငြိမ်သက်သွားစေသော  မိုး

ပြာလဲ့လဲ့ ကောင်းကင်ကို

ရီဝေစေသော  မိုး

အကြောင်းအကျိုးမဲ့သော   မိုး

ကိုယ့်ရာသီမဟုတ်ပဲ လာသော  မိုး

နွေ ၊ မိုး ၊ ဆောင်း

ဥတုသုံးမျိုးထဲက

ဖောက်ခွင်အဖြစ် စွေသော ချွေသော  မိုး

သူ့ရဲ့ဖျားယောင်းမှုနောက်ကွယ်က

သံစဉ်မဲ့ ဂီတမဆန်သော

ရေစက်ရေမှုန်အောက်မှာ

လွင့်မျောဖြစ်အောင်

မာယာဆန်ဆန်လှည့်စားလေပြီ …

ဖောက်လွဲဖောက်ပြန်

သဘာဝတရားတွေထဲက

ဒဏ်ခတ်မှု တစ်ခုဖြစ်ရင်ဖြစ်လိမ့်မပေါ့

ဒါပေမယ့် …

နှင်းတွေရဲ့ ဇာတ်သိမ်းတော့

မဟုတ်လောက်သေးပါဘူး …

ရွာနိုင်သလောက်ရွာပြီးရင်

နင် ပြန်သွားပါ …

ဆောင်းမိုး အလင်္ကာရှည်တွေကို

ဘယ်သူကမှ ဖွဲ့ဆိုသီကျူးကြမှာ

မဟုတ်လို့ပါ …

နင့်ရဲ့ အပြန်လမ်းကို

နှင်းရည် နှင်းစက်တို့က

မနက်ခင်းအလှတွေသယ်လာပြီး

နှုတ်ဆက်ကြမှာမို့

မြန်မြန်ပြန်ပါ

အလွမ်းဆောင်    မိုး

ငြိုးမာန်ဖွဲ့  မိုး

အခါလွန်  မိုး  ရေ ….

3 comments

  • lulinmg

    December 10, 2011 at 3:33 pm

    မိုးမဟုတ်တော့ဘူးဆောင်းကိုရောက်နေပြီဗျ

  • စကားလုံးတွေကိုကျစ်လစ်အောင်
    အသံသာသာလေးတွေချိတ်မိအောင်သာ
    သေချာရေးလိုက်ရင် သိပ်ကောင်းတဲ့ကဗျာတစ်ပုဒ်ဖြစ်လာမှာသေချာပါတယ်။

  • naywoonni

    December 10, 2011 at 7:05 pm

    ဘယ်အချိန်ရွာရွာ ထီးဆောင်းဖို့ တော့ မမေ့နဲ့ညီလေးရေ….

Leave a Reply