ကိန်းဂဏန်းများနှင့် စကားစမြည်

weiweiDecember 11, 20111min37527

ကိန်းဂဏန်းများကို ကျွန်မအလွန်ကြောက်ပါသည်။ မကြားချင် မပြောချင်လောက်အောင် စိတ်ပျက်မိပါသည်။ ဘာလေးပဲဝယ်ဝယ် ဈေးမေးလိုက်တာနဲ့ ကိန်းဂဏန်းကြီးကြီးတွေ ကြားရတာ နားဝင်ဆိုးလှသည်ဟု ထင်မိလေ့ရှိပါသည်။ အစားအသောက် အဝတ်အထည် အသုံးအဆောင်ဘာလေးပဲဖြစ်ဖြစ် ကောင်းတာကိုမှ ကြိုက်တတ်တော့လည်း ကိန်းဂဏန်းကြီးကြီးတွေနဲ့ပဲ ထိတွေ့ဆက်ဆံဖြစ်ပါတော့သည်။

ကျွန်မသည် ဝန်ထမ်းတစ်ယောက်ဖြစ်သည့်အတွက် ဝင်ငွေကိန်းဂဏန်းက ကိန်းသေဖြစ်ပါသည်။ ထွက်ငွေက အမြဲတမ်းပုံသေမရှိ ဂဏန်းမငြိမ်သက်သည့်အခြေအနေဖြစ်ပါသည်။ လောဘစိတ်ကိုလျော့၊ ပီတိကိုစား၊ ပစ္စုပ္ပန်တည့်တည့်ကြည့်ပြီး စိတ်ချမ်းသာအောင် နေရသည့် အခြေအနေဖြစ်ပါသည်။ ပတ်ဝန်းကျင် အပေါင်းအသင်းများနှင့် အဆက်ဖြတ်ပြီး အလုပ်နဲ့အိမ်မှာသာ အချိန်ကုန်နေစဉ်မှာ ကိန်းဂဏန်းများက ဒုက္ခပေးလေ့မရှိသော်လည်း အပြင်လောကကို ထွက်လိုက်သည်နှင့် ကျွန်မ၏စိတ်ကို တိုက်ခိုက်ကြပါတော့သည်။

ဒီအပတ်ပိတ်ရက် အလုပ်ထဲကမိတ်ဆွေတစ်ယောက်က သန်လျင်ဘက်မှာ ခြံသွားဝယ်ဖို့ အဖော်လိုက်ခဲ့ပေးဖို့ခေါ်ပါသည်။ သန်လျင်နဲ့ရင်းနှီးတဲ့ကျွန်မက အကြံပေးအနေနဲ့ကူညီရန် လိုက်သွားပေးလိုက်ပါသည်။ မြေကြီးဈေးတက်နေသည်ဟု ကြားထားပြီးဖြစ်သော်လည်း ကိန်းဂဏန်းအတိအကျကို ကျွန်မမသိခဲ့ပါ။ စိတ်လဲမဝင်စားခဲ့ပါ။ မြေကွက်ဝယ်တာ ဟင်းရွက်ဝယ်တာမှမဟုတ်တာ သေချာစဉ်းစားပြီးမှ လုပ်သင့်သည်ဟု ကျွန်မစိတ်ထဲမှာ တွေးထားခဲ့ပါသည်။ သန်လျင်ဘက်က အိမ်ခြံမြေအကျိုးဆောင်အများဆုံးရှိရာ အောင်ချမ်းသာဘက်ကို အရင်ဦးတည်ပြီး သွားခဲ့ကြပါသည်။ ဟိုစုံစမ်း ဒီစုံစမ်းနဲ့ အဓိက အရောင်းအဝယ်ဖြစ်ရာ နေရာကို ရောက်သွားကြပါသည်။

ကျွန်မမိတ်ဆွေက ပိုက်ဆံသိန်းနှစ်ရာဝန်းကျင် ခြံကွက်တစ်ကွက်ဝယ်ရန် သွားကြခြင်းဖြစ်ပါသည်။ အဆင်ပြေလျင် တစ်ခါထဲဝယ်ရန် ငွေပါတစ်ပါတည်းယူသွားခဲ့ကြပါသည်။ ကျွန်မနဲ့သိတဲ့ သန်လျင်ကရှေ့နေတစ်ယောက်ကို ဖုန်းဆက်ခေါ်ပြီး အခြေအနေရှင်းပြပေးဖို့ အကူအညီတောင်းလိုက်ပါသည်။ ကျွန်မအတွက်တော့ အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်စေမည့် ကိန်းဂဏန်းများကိုသာ ကြားခဲ့လိုက်ပါသည်။ တစ်သက်မှာ တစ်ခါမှ မကြားဖူး (အိမ်မက်တောင် မမက်ဖူး) တဲ့ ကိန်းဂဏန်းတွေ … ဟုတ်ရောဟုတ်ရဲ့လားဆိုတော့ အဲဒီဆိုင်ထဲမှာတင် အရောင်းအဝယ်ဖြစ်နေကြတာက သက်သေပဲ။ ပိုက်ဆံတွေကို ပုံးတွေနဲ့ထည့်လာကြတာ။ စရန်ပေးတယ်ဆိုတာမရှိပဲ ငွေတစ်ခါထဲခြေနေကြတာ။ အိမ်တွေလိုက်ကြည့်ပြီး ပိုက်ဆံတစ်ခါထဲ ပေးဝယ်နေကြတာ။ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့လို့ ကျွန်မအကြီးအကျယ် ရှော့ခ် ရသွားပါတယ်။ သိန်းနှစ်ရာ သယ်သွားတဲ့ ကျွန်မတို့ အလွန်မျက်နှာငယ်စွာနဲ့ ဘာမြေကွက်မှ ဝယ်လို့မရခဲ့ကြပါဘူး။ ချောင်ကျတဲ့ရပ်ကွက်ထဲက အိမ်တစ်လုံးရောင်းရင်တောင် ရန်ကုန်မှာ ကွန်ဒိုနဲ့ ကားနဲ့ ပြန်ဝယ်ပြီး နေနိုင်တဲ့အထိ ကိန်းတွေမြင့်လာပါသည်။ မကြားဖူးတဲ့ ကိန်းဂဏန်းတွေကြောင့် တဟုန်ထိုးချမ်းသာသွားကြသူများတွေ အများကြီးပဲ။ လွန်ခဲ့တဲ့တစ်လလောက်ကမှ ရလှပြီထင်ပြီး ရောင်းပြီးခါမှ အခု ဈေးတွေထပ်တက်ကုန်တာနဲ့ လောဘဇောတက်လို့ စိတ်မချမ်းသာဖြစ်နေကြသူတွေလဲရှိရဲ့ ….

ကိန်းဂဏန်းတွေက ကျွန်မဦးနှောက်နဲ့မဆံ့လောက်အောင် လျှံထွက်နေပါတယ်။ ကျွန်မစိတ်ထဲ ဘဝင်မကျတဲ့စိတ်နဲ့ တစ်ညလုံး တစ်နေ့လုံးစဉ်းစားနေမိတယ်။ ပညာတတ်ဝန်ထမ်းတစ်ယောက် တစ်နှစ်ရှာနိုင်တဲ့ဝင်ငွေက သိန်း ၂ဝ ဝန်းကျင်လောက်သာရှိပါတယ်။ ၁ဝ နှစ်မှ သိန်း ၂၀၀၊ အနှစ် ၂ဝ လုပ်ရင်တောင် သိန်း ၄၀ဝ ပဲ ရမယ်။ ဒါတောင် ရသလောက်အကုန်စုထားမှဖြစ်မှာနော်။ မြေကြီးတစ်ကွက်တောင်ဝယ်မရဘူးဖြစ်နေတယ်။ ဒါပေမယ့် မြေကြီးတွေ အကွက်အများကြီး ပိုင်ဆိုင်ထားသူ (သို့မဟုတ်) အမွေရထားသူက ဘာမှမလုပ်ပဲ တစ်ကွက်ရောင်းစားလိုက်ရင်တောင် အကြာကြီးထိုင်စားလို့ရနေတယ်။ ကံတွေက မိုးနဲ့မြေလို ကွာခြားနေတယ်။

ကျွန်မရင်ထဲမှာ မိမွေဖမွေကို ထိန်းသိမ်းသင့်သလား? ရောင်းစားလိုက်သင့်သလား? ဆိုတဲ့ အတွေးမျိုးလဲ ဝင်လာခဲ့ပါတယ်။ အိမ်တစ်လုံးကို သိန်း ၂၀၀၀၊ အိမ်ကလဲ အိုဟောင်းနေပြီ။ ပြင်စရာလဲ ပိုက်ဆံကမရှိဘူး။ စားစရာတော့ရှိပေမယ့် အိုစာ၊ နာစာကလဲ မရှိတဲ့ မိသားစုတစ်ခုဆိုပါစို့။ အိမ်ကိုရောင်းပြီး တစ်ခြားနေရာမှာ ပြောင်းနေလိုက်ရင် အနဲဆုံး သိန်း ၁၀၀ဝ လောက် အပိုထွက်လာမယ်ဆိုရင် သူတို့ရောင်းချင်မှာပဲ မဟုတ်လား။ အဲဒီလိုနဲ့ မြို့ထဲက မြို့ခံတွေ မြို့ပြင်ရောက်ကုန်တယ်။ ငွေစတွေရွှင်ကုန်လို့ အလုပ်လုပ်ချင်စိတ်လဲ မရှိကြတော့ဘူး။ တစ်မြို့လုံးလဲ ပွဲစားတွေဖြစ်ကုန်တယ်။ ကိန်းဂဏန်းတွေအကြောင်း ထမင်းမေ့ဟင်းမေ့ပြောနေကြတယ်။ မိတ်ပျက် ဆွေပျက်တွေဖြစ်၊ ကတိတွေပျက်နဲ့ လောဘရဲ့သားကောင်တွေ ဖြစ်ကုန်ကြတယ်။

ကျွန်မမိတ်ဆွေလဲ တော်တော်စိတ်မချမ်းမသာဖြစ်လာခဲ့ပါတယ်။ သူအနှစ် ၂ဝ လောက် ပင်ပင်ပန်းပန်း ရှာဖွေစုဆောင်းထားတဲ့ငွေက ခြံကွက်သေးသေးလေးတစ်ကွက်တောင် မဝယ်နိုင်ဘူးဆိုတော့ တော်တော်ခံစားနေရပုံပေါ်တယ်။ လွန်ခဲ့တဲ့ ၂ လ လောက်ကသာဝယ်လိုက်မိရင် အခုဆို ၅ ဆ လောက် မြတ်နေမှာလို့ သိလာခဲ့မိလို့ နောင်တတွေလဲ ရနေပုံပဲ။ ကျွန်မက အိမ်ဝယ်ဖို့ စိတ်ကူးမရှိခဲ့သူဆိုတော့ သူလိုတော့မခံစားခဲ့ရဘူး။ ကံကြမာကိုသာ အံ့ဩနေမိတယ်။

အမှန်အတိုင်းဝန်ခံရရင် ရင်လေးမိပါသေးတယ်။
ဒီလိုပုံစံနဲ့သာဆိုရင် ကျွန်မတို့လို အလယ်အလတ်လူတန်းစားတွေ၊ ကာယအား၊ ဉာဏအားကိုသာ အားကိုးရသူတွေအတွက် လောကကြီးက မတရားဖြစ်နေပြီလား?
ချမ်းသာ ဆင်းရဲ လူတန်းစားကွာဟမှု ပိုများလာတော့မှာလား?
လူချမ်းသာတွေရဲ့ ကိန်းဂဏန်းတွေကို ကျွန်မတို့ ဘယ်လိုအမှီလိုက်ရမလဲ?
စိတ်ဓါတ်ရေးရာ မြင့်တက်လာအောင် ဘယ်လိုမျှော်လင့်ချက်တွေနဲ့ လုပ်ကြရမလဲ?
…………………………..……. လဲ?
……………………..………… လဲ?
……………………………….. လဲ?
မေးခွန်းပေါင်းများစွာကိုတွေးမိရင်း အဆိပ်ပြင်းတဲ့ ကိန်းဂဏန်းတွေကြောင့် မူး … မေ့ … မျော သွားပါကြောင်း ….

27 comments

  • parlayar46

    December 12, 2011 at 12:06 am

    ဒီပိုစ့်ကတော့ ဝင်ပြောမယ်ဆို ပြောစရာတွေအများကြီးပဲ။

    ရန်ကုန်ရဲ့မြေဈေးကလဲ ကြောက်ခမန်းလိလိဖြစ်နေပါပြီ။
    အခု အနီးဝန်းကျင်မှာ စီမံကိန်းသံ တွေ ကြားလာရတော့ နောင်မှာဈေးတက်မယ်ဆိုတဲ့ အတွေးနဲ့ ဝိုင်းဝယ်ကြရင်း အလွန်အကျွံဖြစ်ကုန်တာ။ ဒီကိစ္စမျိုးမှာက မြေဟာ အမှန်အားဖြင့် အများဆုံးဘယ်လောက်တန်နိုင်တယ် ဆိုတာ အဓိကမဟုတ်ဘူး။ ဘယ်လောက်ဈေးတက်ဦးမှာလဲ ဆိုတာသာလျှင်အဓိကဖြစ်ပါတယ်။ ဈေးဘယ်လောက်ရူးနိုင်တယ်ဆိုတာ မှန်းပြီးလုပ် – အမြင့်မှာရပ်သွားပြီး ပြန်မဆင်းခင် လွတ်အောင်ထွက်ရမှာမျိုး။ လောလောဆယ်တော့ ဆိုင်ကယ်တစီးနဲ့ပတ်ပြီး မြေတွေလျှောက်မေး၊ ရောင်းမယ့်ဟာကို စရံပေး၊ အကျေမခြေခင် ဆတိုးဈေးနဲ့ လက်လွှဲပြန်ရောင်း ခပ်သွက်သွက်လုပ်နိုင်ခဲ့တဲ့ ကောင်လေးတွေ တပြားမှမရှိတဲ့ ပွဲစားယောင်ယောင်ဘဝက သိန်းထောင်ဂဏန်း ပိုက်သွားကြပါပြီ။

    ဒီတော့ မဝေဝေပြောသလို “အလယ်အလတ်လူတန်းစားတွေ၊ ကာယအား၊ ဉာဏအားကိုသာ အားကိုးရသူတွေအတွက် လောကကြီးက မတရားဖြစ်နေပြီလား?” ဆိုတာမျိုးစဉ်းစားစရာဖြစ်လာပါတယ်။ အရင်ကလဲ ဒီရွာထဲက အဲရောစ့်ဆိုတဲ့သူငယ် ဒါမျိုးဆန်ဆန် မခံချိမခံသာ ပြောဘူးပါတယ်။

    မတရား ဖြစ်နေတာ ၊ တနည်းအားဖြင့်မတရားတာ မှန်ပါတယ်။ လောကကြီးက- ဆိုတာထက် ဒီလို-မြန်မာနိုင်ငံလို အိုးနင်းခွက်နင်း ကသောင်းကနင်းဖြစ်နေတဲ့ လူမှု့စီးပွားဝန်းကျင်မှာ ဆိုင်ရာ “တန်ဘိုး” တွေ မှန်မှန်ကန်ကန် မဖြစ်နိုင်လို့ပါပဲ။
    တန်ဘိုးတွေ မှန်မှန်ကန်ကန်မဖြစ်တော့ အခွင့်အလမ်းတွေလဲ မှန်မှန်ကန်ကန်မဖြစ်ဘူးပေါ့။
    ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် … ဆိုပြီး အကြောင်းရှာရင်လဲ နိုင်ငံရေးဘက်ရောက်တော့မယ်။
    လျှောက်ပြောမိပြန်တောလဲ့ ကိုယ့်အတတ်ကိုယ်စူးပြီး လူကြားသူကြား မသွားရဲမလာရဲဖြစ်ရပြန်ရော။

    ဒီတော့- ပေါက်ပင်ကိုင်းကိုင်းကြီး အောက်မှာပဲ ကိုယ့်လိုလူတွေ ကိုယ့်ထက်ဆိုးတဲ့သူတွေဘက်လှည့်ကြည့်ရင်း ……..

    • weiwei

      December 12, 2011 at 8:19 am

      ကျွန်မလဲ ရေးချင်တာအများကြီးပါပဲ …
      ဘယ်လိုရေးရမှန်းမသိလို့ မြင်သလောက် တွေးမိသလောက် ရေးလိုက်မိတယ် …

  • small cat

    December 12, 2011 at 8:22 am

    မဝေရေ အောက်ခြေ ဝန်ထမ်းနင်းပြားဘဝတွေက သူများတတွေးကွက်ထဲပက်လက်မျောအောင်ရှာတာတောင်
    ထမင်းနှစ်နပ်မှန်အောင် စားလို့ မရကြသေးပါ။ မြေဝယ်ဖို့ဆိုတာတော့ မပြောနဲ့တော့။
    ဦးပါလေရာ ပြောတဲ့
    ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် … ဆိုပြီး အကြောင်းရှာရင်လဲ နိုင်ငံရေးဘက်ရောက်တော့မယ်။
    လျှောက်ပြောမိပြန်တောလဲ့ ကိုယ့်အတတ်ကိုယ်စူးပြီး လူကြားသူကြား မသွားရဲမလာရဲဖြစ်ရပြန်ရော။
    ဆိုတာကတော့ တော်တော်မှန်မှန်တယ်ဗျို့

  • MaMa

    December 12, 2011 at 9:02 am

    လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က ဖြစ်မယ်ထင်တယ်။ အခုလိုမျိုး မြေဈေးတွေ အရမ်းတက်ပြီး လူတိုင်းမြေဝယ်ကြ၊ ပြန်ရောင်းကြနဲ့ နေ့ချင်းညချင်း တရှိန်ထိုးစီးပွားတက်သွားတာတွေ မြင်ဖူးတယ်။ လူတိုင်းသတိမထားမိကြတာက အဲဒီထဲက လူတချို့ မြေတွေအများကြီးပိုက်မိပြီး ဈေးတွေ ပြန်အအေးမှာ ဘဝပျက်သွားကြတာ ခုချိန်ထိတောင် နလံမထူနိုင်ဘူး။

  • ဆူး

    December 12, 2011 at 2:05 pm

    တလောက ကားဈေးတွေ မတရားတက်လို့ ဝယ်ရောင်းလုပ်ရင်းနဲ့ ကား ၁စီးကနေပြီး ၃ ၄ စီးဖြစ်သွားကြတယ်။ ကား အဟောင်းလေးကနေပြီးတော့ ကားအကောင်းစား အမြင့်စား ကားတွေ ဖြစ်ကုန်ကြတယ်။ ဈေးတွေ ပြန်လည်း ကျရော မြတ်ထားတာတွေ အကုန်ပါသွားပြီး လက်ထဲမှာ ပို်ကမိတဲ့ ကားတွေ ခေါက်ချိုးမက ကျသွားလိုက်တာ.. ၁၇၀ဝ လောက် ပေါက်ခဲ့တဲ့ကား.. နောက်ဆုံး ၄၀ဝ လောက်နဲ့ ပြန်ရောင်းထုတ်လိုက်ရတယ်။ ဒီထက် ကျမယ် ဆို ကျနိုင်သေးတယ် ဆိုပဲ.. ကားဘက်က ငြိမ်သွားတော့ အိမ်ခြံမြေ ဈေးကွက်ကို ဦးလှည့်လာကြတာ ဖြစ်လိမ့်မယ် ထင်တယ်။
    အရင်တလောက ကားတွေ ဈေးတွေ တက်တုန်းကလည်း အဖွဲ့တခုက ဖန်ငွေတခု အနေနဲ့ စုပြီးတော့ ကောလဟာလ သတင်းလွင့်ပြီး ဈေးကြီး လိုက်ပေးဝယ်ပြပြီး နောက်လူတွေ လိုက်လာတာနဲ့ ဆက်တိုက် ဈေးတက်အောင် လုပ်လို့ ကားဈေးတွေ ဆက်တိုက် တက်တာလို့ ကြားဖူးတယ် ဟုတ်မဟုတ်တော့ မသိဘူး။ အခုလည်း အဲဒီ ဘက်ကမှာ သတင်းတခုခု ထွက်အောင် လုပ်ထားလို့ အဝယ်လိုက်ပြီး ဈေးတက်တာ ဖြစ်လိမ့်မယ် ထင်တယ်။ ဘာပဲပြောပြော လူချမ်းသာ ကတော့ ဆင်းရဲတဲ့ လူထက်တော့ ခြေလှမ်းဦးတယ် သတင်းဦးတယ် ချမ်းသာတဲ့ လူကတော့ ချမ်းသာပြီးရင်း ချမ်းသာ သွားတာ ထုံစံပါပဲ။ အဝေးကပဲ လှမ်းကြည့်ပြီး သူတို့ ချမ်းသာ တာပဲလို့ တွေးပြီး မုဒိတာပဲ ပွားနိုင်ပါတော့တယ်။

  • hmee

    December 12, 2011 at 3:12 pm

    အင်း..ရှိစုမဲ့စုလေးနဲ့ ဘာလေးများရမလဲလို့ စဉ်းစားနေတာ။ မဝေရဲ့ ပို့စ်ကို ဖတ်ပြီး ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။ ကျွန်မတို့ ရပ်ကွက်လည်း လူဟောင်းတွေ မရှိသလောက်ကုန်နေပြီ။ အသစ်လာသမျှကလည်း ကိုယ့်လူမျိုး မပါသလောက်။ 🙁

  • kai

    December 12, 2011 at 3:40 pm

    အစိုးရက..အမြတ်ခွန်ဥပဒေကိုကြပ်မတ်လုပ်သင့်နေပြီထင်မိတယ်..။

    ငွေရှင်တွေ..ငွေကစားဖို့..ဈေးကွက်မရှိလို့ ဖြစ်တယ်ထင်တာပါပဲ..။
    တကယ်က.. စတော့ရှယ်ယာဈေးကွက်ရှိနေမှ..ဖွံ့ဖြိုးနေမှ.. ငွေရှင်တွေက.. ကုမ္ပဏီတွေမှာရင်းနှီးမြုတ်နှံရင်း.. ငွေကစားနိုင်ကြမှာလေ..။
    အခု..အဲဒါမျိုးမဖွံ့ဖြိုးတော့.. ကား-အိမ်-မြေတွေမှာသွားကစားတာမို့.. သာမန်လူတွေအရုူးဖြစ်တာပေါ့…။

    ဆိုတော့…
    ဒေါ်လာ ၃သိန်းဆို.. လော့စ်အိန်ဂျလိစ်မှာ အိမ်နဲ့ခြံနဲ့ရနေပြီလေ..။
    အောက်မှာ.. ကယ်လီဖိုးနီးယား.. ပင်လယ်ကမ်းခြေ.. မိုက်ကယ်ဂျက်ဆင်နေခဲ့တဲ့.. အော်ပရာဝင်ဖဲလ်နေတဲ့..မြို့နယ်ရဲ့ မြေဈေးတင်ပေးထားတယ်..။
    စိတ်ဝင်စားရင်ဝယ်ကြပေါ့..။
    ဒေါ်လှ ၅-၆သိန်းနဲ့ဝယ်မယ်ဆို.. ဗီဇာနေခွင့်ပါလုပ်ပေးမယ်ယူဆရတယ်..။ 🙂
    http://www.landwatch.com/California_land_for_sale/Santa_Barbara_County

    • ဆူး

      December 12, 2011 at 4:07 pm

      ပျင်းတောင် ပျင်းသေးတယ်.. ဟေ့.. ပျင်းတောင် ပျင်းသေးတယ်.. ဟိဟိ
      တလောကလည်း မေမြို့ဘက်တို့ ကားလမ်းနဲ့ ကပ်လျှက်တွေ ယခင် သိန်း ၂ဝ လောက်နဲ့တောင် ဝယ်သူမရှိတဲ့ ချောင်ကျတဲ့ နေရာတွေ အခု သိန်း ၂၀ဝ ၂၀၀ဝ စသဖြင့်ပေါ့.. ဒီက အိမ်တွေ သိန်းပေါင်း ကို ထောင်ချီ သာင်းချီ နဲ့ အရောင်းအဝယ် ဖြစ်နေတဲ့ နေရာတွေ ရှိတယ် ဆိုတော့ကာ.. သဂျီး ပြောတဲ့ နေရာထက်တောင် ဒီမှာ ပိုပြီး အဖိုးတန်တယ်လို့ ယူဆ လို့ ရတယ်။

    • parlayar46

      December 12, 2011 at 8:12 pm

      သူကြီးပြောတာအမှန်ပါပဲ

      ငွေပိုတွေ လှည့်ဘို့ စီးဘို့ ထပ်တိုးအောင်ရင်းနှီးမြုတ်နှံဘို့ စတော့ဈေးကွက်လိုဟာမျိုးမရှိတော့ လူသုံးတဲ့ဟာတွေ (မြေ၊ကား၊သီးနှံ)ပေါ် ဝင်ကစားကြရင်း တကယ်သုံးရမယ့်သူတွေကျ နစ်နာကုန်ရော။

      အခုရန်ကုန်မှာ စက်မှု့လုပ်ငန်း ကုန်ထုတ်လုပ်ငန်းလုပ်ချင်ရင် ကျန်တာနောက်မှကြည့်- စက်မှု့ဇုံမြေကွက် ဝယ်နိုင်မဝယ်နိုင် အရင်ကြည့်ရမယ်။
      လွန်ခဲ့တဲ့ သုံးလေးနှစ်က နေရာအသင့်အတင့်ကောင်းပြီး သုံးလို့ရအောင်ပြုပြင်ထားတဲ့ စက်မှု့ဇုန်တစ်ဧက ကို သိန်း သုံးလေးရာပဲရှိတာ။ တနေ့က တယောက်ကပြောတယ်။ အဲဒီနေရာ သိန်းလေးထောင်ခေါ်ထားသတဲ့။
      အဲဒီတော့ ကုန်ထုတ်လုပ်ဘို့ထက် တရုတ်ကဝယ်သုံးတာက ပိုတန်နေရော။

      အဲလို ဦးနင်းပဲ့ထောင်နဲ့တော့ ဒီနိုင်ငံဘယ်လိုစီးပွားရေးလုပ်မလဲ။

  • pooch

    December 12, 2011 at 5:29 pm

    မမဝေရေ အဲ့ဒီလို မိုးထိနေတဲ့ ကိန်းဂဏန်းတွေကြောင့် မန္တလေးက မြို့ခံတွေ အပြင်ရောက်ကုန်တာ
    မန္တလေးက အဲ့ဒီကိန်းဂဏန်းတွေရဲ့ ဒဏ်ကို ပထမဆုံး ခံစားခဲ့ရပြီး ခုထိလည်း အရှိန်တက်နေတုန်းပဲ ….

    အခုက ပိုဆိုးတယ် အပြင်ထိပါ လိုက်ပြီး အရှိန်တက်နေတာ နောက်ဆို ရွာတွေများ ပြောင်းနေရမလားပဲ

    အဲ …မေ့လို့ ရွာတွေလည်း မလွတ်ဘူး … အရင် က ဒီက စိုက်ပြီး တရုတ်ပြည်ပို့တယ် .. အခုတော့ တရုတ်က ကိုယ်တိုင် ဆင်းပြီး ခြံတွေ ဝယ်ပြီး သူ့ဟာသူ စိုက်ပြီး ပို့တယ် ….

    ကဲ ဘယ်နှယ့်လုပ်ကြမလဲ… ဘယ်သူမှလည်း ဘာမှ လုပ်မပေးကြဘူး…

    သူကြီး ပြောသလို အဲ့ဒီလို အရောင်းအဝယ် ဖြစ်တဲ့ အမြတ်ခွန်ဥပဒေကို နည်းမှန် လမ်းမှန်နဲ့ တင်းတင်း ကြပ်ကြပ် စည်းကြပ်ရင်တော့ မသိဘူး…

    အင်း ပြောသာပြောရပါတယ် အဲ့ဒီလို စည်းကြပ်ရင်လည်း အောက်ကလူတွေ ဂွင်ဖန်ဖို့ ဖြစ်လာမှာက များတယ် ခေတ်မပြောင်း မူမပြောင်းသေးရင် ပြောပါတယ်…

    မဖြစ်ဖူး မဖြစ်ဖူး ဦးကြောင်ပြောတဲ့ အရေးတော်ပုံ အောင်မှဖြစ်မယ် …

  • naywoonni

    December 12, 2011 at 8:29 pm

    မြေကြီး ကရွှေသီးတယ်လို့ ပြောတာပဲလေ…။ တစ်ကယ်တော့ ရွှေထက် မြေကြီးက ပိုပြီး ဈေးခိုင်တယ်ပြောတာပဲ…။ မြန်မာပြည်မှာ ရွှေက ဟိုနားကထွက်ဒီနားကထွက် ဆိုတော့ သူ့ရဲ့ ဈေးကွက် ပမာဏ ကကန့်ချက်မရှိဘူးလေ…။ မြေကြီးက အကန့်အသတ်ရှိတယ်…။ ထပ်ပြိး တိုးလို့ မရဘူး …။ ကိန်းသေပေါ့…။ အဲဒိတော့ တတ်နိုင်ရင် ရွှေဝယ်စုတာထက် မြေကြီး တစ်ကွက် နောင်တစ်ချိန်မှာ တန်းကြေးရှိနိုင်ပါတယ်……….။ (ငယ်ငယ်က ဆရာတစ်ယောက်က ပြောပြဖူးတာကို ပြန်ပြောပြတာပါ………။)

  • weiwei

    December 12, 2011 at 10:43 pm

    ဘာပဲဖြစ်လာဖြစ်လာ နောက်ဆုံးတော့ ကံကိုပဲ ပုံချရတော့တာပဲ …

    အခုအဖြစ်အပျက်က ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ဈေးကစားနေတာပါ … နောက်ဆုံး မလည်တဲ့သူ ခံရမယ့်ကိန်းပဲ …

  • kotun winlatt

    December 12, 2011 at 10:48 pm

    ကိန်ဂဏန်းတွေနဲ့ စကားစမြည်တော့မပြောဖြစ်ဘူးး
    ခဏခဏတော့…အဲ့ကိန်းဂဏန်းတွေနဲ့ ပြေးရင်းလိုက်ရင်း
    လိုက်ရင်းပြေးရင်းးး အမှားတွေလား အမှန်တွေလားမသိအောင်
    ဖြစ်နေရတာ ပါပဲဗျာ…။

  • etone

    December 13, 2011 at 9:47 am

    အိမ်ဈေးတွေကတော့ ခေါင်ခိုက်နေတာပါပဲ မဝေရေ … ။
    ကိုယ်တွေရတဲ့ လစာ ခြစ်ကုတ်စုလျှင်တောင် ပင်စင်ယူတဲ့အရွယ် အိမ်တလုံးအဖတ်တင်လျှင်တောင် ကံကောင်း … ။ အိမ်ဈေးတွေ မတရားတတ်သွားတယ်ဆိုတာကလည်း ….. ဈေးကစားတဲ့ လူတွေ ၊ ပွဲစားတွေနဲ့ … ပိုက်ဆံရှိပြီး တန်မတန်မစဉ်းစားပဲ လိုက်ဝယ်နေတဲ့ လူတွေကြောင့် အများဆုံးဖြစ်တာ … ။
    အခုနေများ အိမ်ဆိုလို့ … စာကလေး အိမ်တောင် ဝယ်ဖို့ အနိုင်နိုင်ရယ် … 😀

  • ကြောင်ကြီး

    December 13, 2011 at 12:56 pm

    အိမ်ခြံမြေ၊ငွေချေးစာချုပ်၊စတော့ရှယ်ယာလို ဈေးကွက်တွေက တိုင်းပြည်စီးပွားရေး၊ နိုင်ငံရေး အနေအထားနဲ့ အများကြီးဆိုင်တယ်။ အစိုးရပေါ်လစီက အဲဒီဈေးကွက်များအပေါ် အကျိုးသက်ရောက်မှု ရှိတယ်။ အစိုးရမဟုတ်လည်း ဗဟိုဘဏ်လို အပေါ်ကနေ ထိန်းချုပ်ကွပ်ညှပ်နေတဲ့ အဖွဲ့အစည်းတခုခုရဲ့ လှုပ်ရှားမှုပေါ့နော်။ လူတွေစီးပွားမဖြစ်နေပဲ ဈေးကွက်သိပ်အတက်အကျမြန်နေတာ ပုံမှန်ဖြစ်စဉ်မဟုတ်လို့ တိုင်းပြည်စီးပွားရေးတိုးတက်ဖို့အတွက် ကြီးကြီးမားမား အနှောက်အယှက်ဖြစ်တယ်။ သူများယောင်လို့ လိုက်ယောင်သူ သာမာန်လူတန်းစားများအတွက်လည်း အန္တရယ် ကြီးကြီးမားမားရှိတယ်။ ငွေရှင်ကြေးရှင်များမှာလည်း တာဝန်မကင်းဆိုပေမဲ့ ဈေးကွက်စီးပွားရေးမှာ သူ့အလုပ်သူလုပ်တာဖြစ်လို့ အပြစ်တင်ရခက်တယ်။ အဓိကတာဝန်ရှိတာ တိုင်းပြည်စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ ချမှတ်သူများ၊ အဖွဲ့အစည်းများ ဖြစ်ပါတယ်။ ငွေရှင်ကြေးရှင်နဲ့ မူဝါဒချမှတ်သူများ တဦးထဲဖြစ်နေတယ်၊ တပေါင်းတစည်းထဲ ဖြစ်နေတယ်ဆိုရင်တော့ ခံကြပေတော့။ အဲသလို ဖြစ်နေလို့လည်း ဒီအခြေအနေဆိုက်နေတာလေ။ ဒီတော့ ဖြစ်ုလို့ဖြစ်မှန်းလည်း မသိကြတော့ဘူး။ ကောင်းပါတယ် ဒီမိုးဒီလေနဲ့ ဒီလူတွေ…..
    ပြောမဲ့သာပြောတာ တိုင်းပြည်တပြည်မှာ နေ့ချင်းညချင်း စီးပွားဖြစ်သွားရင် အိမ်မြေဈေးကွက်နဲ့ ဖြစ်လာသူတွေများတယ်။ တရုတ်ပြည်မှာလည်း အဲဒီလိုလူမျိုးတွေ အရမ်းကြီးပွားတယ်။ law of diminishing သီအိုရီလိုပဲ အစပိုင်းကနေ အမြင့်ဆုံးအမှတ်အထိ ခေတ်ကောင်းမှီသူများ အရမ်းကြီးပွားတယ်။ အဲဒီကနေ marginal value အစွန်းထွက်အမြတ်နဲ့ အစွန်းထွက်စားရိတ် ဆုံမှတ်အထိ ကစားနိုင်သူတွေ ဆက်ပြီးကောင်းစားမယ်။ ခေတ်းကောင်းစဉ်တချိန်လုံး အိပ်ပျော်နေသူတွေ၊ သူများလို မစွန့်စားရဲသူတွေ၊ ရထားတာကို အရောင်းအဝယ် မလုပ်တတ်ပဲ လက်ထဲပိုက်ထားသူတွေ၊ ကျချိန်ရောက်မှ တုန်ချိတုန်ချိနဲ့ ငွေထုပ်ပိုက်ဝင်လာသူတွေ ကြောင်ကြီးတို့လိုပေါ့ 🙁 ခံရဖို့ရှိပါတယ်။ ပြသနာက မားကက်တင်းမှာပြောတဲ့ product life cycleလိုပဲ နောက်ပြန်ကြည့်မှ ဘယ်အပိုင်းသည် growth ဘယ်အပိုင်းသည် cash cow၊ ဘယ်အပိုင်းသည် decline လို့သိနိုင်တာမို့ ခန့်မှန်းရ အလွန်ခက်ပါတယ်။ သို့သော် မျက်စိကြီးနားကြီးမရှိဘဲ ဝင်ကစားကြမယ်ဆိုရင်တော့ မြတ်လို့ရတဲ့လောဘရယ်၊ ကြောက်လို့ဖြစ်တဲ့ဒေါသရယ်၊ မသိလို့ဖြစ်တဲ့မောဟရယ်၊ ထင်တလုံးဖြစ်နေတဲ့မာနရယ် အဲဒီမသိမှုအဝိဇ္ဇာတရားများကနေ ဝင်ချိန်ထွက်ချိန်အလှည့်အပြောင်းကို လိုက်မညှိနိုင်ဘဲ လူကို ဟိုးအောက်ကို ဆွဲချသွားတတ်ပါတယ်။။။။။။။။

  • ဆူး

    December 13, 2011 at 3:44 pm

    နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှု အနေနဲ့ စက်မှုဇုံကြီး လာဆောက်မယ်လို့ သတင်းကြားနေလို့ အလုအယက်ဝယ်နေကြတာပါတဲ့ကွယ်..
    လက်ထဲမှာ မြေ အရင် ပိုင်ဆိုင် ထားတဲ့ သူဌေးတွေ အိုကေသွားပြီ..
    နောက်ပိုင်းမှ ရောင်းထုတ်ရင် အေးဆေးပဲ ဖြစ်ပြီ ဆိုတဲ့ သဘောမျိုးပေါ့..

  • blackchaw

    December 14, 2011 at 12:10 pm

    ကွန်းမန့်ရေးတာ တော်တော် နောက်ကျသွားပါတယ်။
    လွတ်သွားတဲ့ ပို့စ်တွေ မနည်းဘူးဗျာ။
    ဆရာ တစ်ယောက်က ဟောပြောဘူးပါတယ်။
    ကိန်းဂဏန်း စိတ်မဝင်စားရင် စီမံခန့်ခွဲသူဘယ်တော့မှ မလုပ်နဲ့တဲ့။
    အဲဒါလေးကို နားထဲစွဲနေအောင်မှတ်မိနေတာပါ။
    ကျွန်တော် ပြောတာဟုတ်ဘူးနော်။ ဆရာတစ်ယောက်ပြောတာ။

  • Shwe Ei

    December 14, 2011 at 2:01 pm

    ကိန်းဂဏန်းကိစ္စတွေ သိပ်မပြောရဲဘူးဗျာ။ ရတဲ့လခလေး အဝင်အထွက်မှန်အောင်တောင် မနည်းလုပ်နေရတယ်။ မဝေပြောသလိုဘဲ ကိုယ်တွေရှေ့ရေး တွေးတွေးပြီး ရင်လေးမိတာအပြင် ဘာမှမတတ်နိုင်ပါဘူး။

  • nozomi

    December 14, 2011 at 2:26 pm

    အရင်တုန်းကတော့ စိတ်ညစ်ခဲ့ဘူးတယ် ၊ ဟို နေရာလေး ကြိုက်တယ် ဒီနေရာလေး ကြိုက်တယ်နဲ့
    စိတ်ညစ်လဲ ဘာမှ ဖြစ်မလာမဲ့ အတူတူ ၊ အခု မညစ်တော့ဘူး
    သမ္မတကြီးပဲ အားကိုးတော့မယ် 🙂

  • manawphyulay

    December 14, 2011 at 2:41 pm

    အင်း မမဝေကတော့ ကိန်းဂဏန်းကို မကြောက်လိုပ စကားစမြည်တွေဘာတွေတောင် ပြောလို့ မနောတို့များ မပြောရဲလို့ အဝေးကနေပဲ နေရတယ်။ ဘာပဲဝယ်ဝယ် ကိန်းဂဏန်းတွေက တစ်ခါမှ မကြားဖူးတာတွေ ကြားနေရလို့လေ… ဟိုတစ်လောကတောင် ဆောက်လုပ်ရေးတစ်ခုကနေ ၃ သောင်းအထက်ဝယ်တဲ့သူများ တိုက်ခန်းကံစမ်းခွင့်ရမည်တဲ့။ တိုက်ခန်းတော့ လိုချင်ပါတယ်။ ၃ သောင်းဖိုးဝယ်ဖို့ ကိန်းဂဏန်းမရှိတော့ ဘယ်လိုလုပ် ကံစမ်းခွင့်ကြုံပါ့မလဲနော်… ဪ ကိုယ့်ရဲ့ ကုသိုလ်ကံက တကယ်ကို ကောင်းနေတာပါလား…. 🙁

  • နီကီတာ

    December 14, 2011 at 5:06 pm

    ုဟုတ်တယ်
    အဲဒီ ကိန်းဂဏန်းတွေကြောင့်ပဲ
    ကျောချရာ နေရာတစ်ခုက အလိုလိုရှားပါးလာတယ်
    တစ်နေ့မှာ ကိုယ့်ဘာသာ ရပ်တည်ဖို့
    အိမ်တစ်လုံးတောင် ဝယ် နိုင် ပါ့ မ လား ပဲ……………………………

  • weiwei

    December 14, 2011 at 5:25 pm

    မြန်မာပြည်မှာနေရတာ တရားနှလုံးသွင်းမိလို့ အခြေအနေအများကြီးပေးနေတယ်နော် … ကိန်းဂဏန်းတွေက ကံ ကံ၏အကျိုးကို ပြနေကြတယ် … လူမစွမ်းနတ်မဆိုသလိုပဲ … တစ်ချီထဲနဲ့ ချမ်းသာသွားသူတွေရှိနေတော့ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေမှာ အားတက်ဖို့မရှိပဲ အားတွေလျော့ပြီး စိတ်ဓါတ်ကျကုန်တော့တာပဲ …

  • ဆူး

    December 14, 2011 at 5:43 pm

    အခုလည်း ဒလ ဘက်က မြေတွေ ခုန်ပျံ တက်တာ ဝယ်သူပဲ ရှိတယ် ရောင်းသူ မရှိဘူး ဆိုလား..

  • padonmar

    March 9, 2014 at 10:13 pm

    ဝေဝေရေ
    ကုလားထိုင်များကို လိုက်ရှာရင်း အရင်က ကြိုက်ပြီး မမန့်ခဲ့ရတဲ့ အကောင်းလေးကို စာရေးစာဖတ်ဝါသနာရှင်များဆီ မသွားပါတယ်။
    ကုလားထိုင်များ ပြန်ရှာပေးပါအုံး။

  • kyeemite

    March 10, 2014 at 2:16 pm

    ဒီတပုဒ်လည်းမဖတ်လိုက်ရဘူး မဝေရေ…….
    မြေဈေးကတော့ ကြီးပီးရင်းကြီးရင်းပါပဲ…ကြောက်ခမန်းလိလိပဲဗျာ…

Leave a Reply