တကယ်ပူးတာလား   အလေ့အကျင့်လား

ကျနော် နတ်ကိုးကွယ်မှုအကြောင်းတော်တော်များများရေးခဲ့တယ်။

တကယ်တော့ နတ်လို့ အများသုံးနှုန်းနေကြတဲ့ ပရလောက မရှိဘူးလို့ဆိုလိုတာမဟုတ်ပါ။

ကိုးကွယ်နေသူများကိုလည်း ရှုံ့ချလိုခြင်းမရှိပါ။

ကျနော်ဆိုလိုချင်တာက ယုံကြည်မှုတစ်ခုကို အစဉ်အလာအရ သော်လည်းကောင်း၊ ယုံကြည်စရာကောင်းလောက်တဲ့မျက်မြင်အရသော်လည်းကောင်း ဇွတ်မှိတ်မယုံလိုက်ပဲနဲ့

အရင်းအမြစ်ကိုသေချာလေ့လာသုံးသပ် ဆုံးဖြတ်ပြီးမှ ယုံစေချင်တာပါ။

ဒီနေရာမှာ ကျနော်ကိုယ်တိုင် တွေ့ကြုံပတ်သက်ခဲ့တဲ့ တကယ့်အဖြစ်မှန်ကလေးတွေကို တင်ပြချင်ပါတယ်။

ကျနော်ငါးတန်းကျောင်းသားဘ၀က အဖေတာဝန်ကျတဲ့ ၀ါးခယ်မမြို့ကိုလိုက်သွားပါတယ်။

အဖေတာဝန်ကျတာမြို့ပေါ်မှာမဟုတ်တော့ ကျနော်က မြို့ပေါ်က အဒေါ်အိမ်မှာနေပြီးကျောင်းတက်ပါရတယ်။ မြို့ပေါ်ဆိုပေမဲ့ မြို့ရဲ့တဘက်ကမ်းမှာပါ။ငှက်သမ္ဗာန်လို့ခေါ်တဲ့ အမြီးနှစ်ခွ လက်ခပ်ကူးတို့လှေနဲ့ ကူးရတာပါ။

ဝါးခယ်မမှာ တနှစ်တစ်ကြိမ် ဦးရှင်ကြီး၊ ကိုးမြို့ရှင်နဲ့ ရိုးရာနတ်တွေပူဇော်ပွဲကိုကြီးကြီးကျယ်ကျယ်ကျဉ်းပပါတယ်။

တနှစ်တစ်ကြိမ်ဆိုပေမဲ့ မြို့ဘက်ကမ်းကတစ်ကြိမ် တဖက်ကမ်း(တရုပ်တန်း)ကတစ်ကြိမ်သီးခြားစီလုပ်တာပါ။

အခုတော့ ဘယ်လိုလဲမသိပါ။ တရုပ်တန်းဘက်မှာ ပူဇော်ပွဲမလုပ်ခင်တစ်လလောက်ကတည်းက အလှူ လိုက်ခံပါတယ်။ အလှူခံတဲ့အခါ ဦးရှင်ကြီးရဲ့ စီးတော်ကျားအ၀တ်အစားဝတ်ထားသူတစ်ယောက်ပါ ပါတယ်။ အဲဒီ ကျားလုပ်မဲ့လူဟာ မလုပ်ခင်တစ်လလောက်ကတည်းက သက်သပ်လွတ်စားပြီး ဥပုသ် စောင့်ထားရတယ်လို့ပြောပါတယ်။ လူတိုင်းလုပ်လို့မရပါဘူးတဲ့။  ငွေလှူတဲ့သူအိမ်ရှေ့မှာ သူက နဲနဲပါးပါး ကျားရေးပြပါတယ်။ တရုပ်နှစ်ကူးမှာ တရုပ်နဂါး(ခြင်္သေ့)လိုက်ကသလိုမျိုးပါ။ အိမ်အ၀ကိုလည်းဝင်ပြီး အရှင်ကြီးကအကာအကွယ်အစောင့်အရှောက်ပေးတဲ့သဘောမျိုးလုပ်ပါတယ်။

ငွေများများထည့်တဲ့အိမ်ဆိုရင် စီးတော်ကျားက မောင်ရှင်တကယ်ဝင်ပြီး အုံးသီးကိုပါးစပ်နဲ့ ခွဲ(အမှန်တော့အပေါ်ခွံခွာတာပါ) ပြပါတယ်။ ကျနော်အဒေါ်က နေ့လည်ကတည်းက အုန်းသီးစိမ်းတစ်လုံးခူးထားပြီးအလှူခံ လာတော့ နှစ်ထောင်ထည့်ပါတယ်။ ဟုတုန်းက နှစ်ထောင်ဆိုတာတော်တော်များသားကလား။ စီးတော်ကျားလည်း လက်အုပ်ကလေးချီရာကနေ ပါးစပ်လေးပွစိပွစိလုပ်ရင်းယိမ်းထိုးလာပြီး ကျွမ်းတချက်ပစ်လိုက်ပါတယ်။ ၀ိုင်းကြည့်နေတဲ့လူတွေကလည်း  ဘေးကိုရှဲသွားပြီး လက်အုပ်လေးတွေချီလို့ ပေနှစ်ဆယ်ပတ်လည်လောက် ၀ိုင်းပုံသဏ္ဍာန်ဖြစ်သွားပါတယ်၊ အိမ်ပေါ်က တစ်ယောက်က အသင့်ဆောင်ထားတဲ့အုန်းသီးကိုပစ်ချပေးလိုက်ရင် ကျွမ်းပစ်ဖမ်းပြီး ကျားလိုဝတ်ထားတဲ့သူက မျောက်လို အုန်းသီးကိုမြှောက်လိုက် လှိမ့်လိုက်၊ နမ်းလိုက် မြေပြင်ကိုချလိုက်နဲ့ ဆယ်မိနစ်လောက်လုပ်ပါတော့တယ်။ အဲဒီမှာကျနော်သတိထားမိတာက ကျနော်အဒေါ်အိမ်ရှေ့က မြေပျော့ပါ။ လမ်းကတော့ ကျောက်ကြမ်းတွေခင်းထားတဲ့လမ်းကြမ်းပါ၊ အိမ်ရှေ့နဲ့ နှစ်လံလောက်ဝေးပါတယ်။ မျောက် အဲလေး ကျားက ကျွမ်းပစ်ရင်း အုန်းသီးကိုလမ်းကြမ်းဘက်ယူလိုက်ပြီး ကျောက်ခဲပေါ်မြှောက်ပစ်ချလိုက်တယ်၊ပြီးမှပြန်ကောက် ၊ နမ်းလိုက် မြေပြင်ပေါ်လှိမ့်ပြီးအလှပြလိုက်၊ ကျောက်ခဲနဲ့ ကိုင်ဆောင့်လိုက် အကြိမ်ကြိမ်လုပ်ပြီး အပေါ်ခွံမွသွားမှ ပါးစပ်(သွား)နဲ့ ကိုက်ဖဲ့ပါတော့တယ်။ လူတွေကတော့ တအံ့တသြပေါ့။ ကျနော်ကတော့ အဖေ အစကတည်းကပြောထားတော့ မယုံကြည်တော့သေချာကြည့်နေတာပေါ့။

ပြီးတော့ ကလေးဆိုတော့ ပြောသင့် မပြောသင့်မစဉ်းစားပဲ၊ “ကျားကလည်း အုန်းသီးကိုကျောက်ခဲပေါ် ကိုင်ဆောင့်နေမှတော့ ခွာလို့ရတော့မှာပေါ့” လို့ မနေနိုင်မထိုင်နိုင်ထအော်လိုက်ပါတယ်၊ ကျားလည်းကျနော့ ကိုတချက် စွေကြည့်ပြီး အုန်းသီးကိုမြှောက် ပြန်ဖမ်းကျောက်ခဲပေါ် ခွမ်းကနဲ ရိုက်ခွဲလိုက်ပြီးအုန်းရေတွေကိုမော့သောက်နေပါတယ်။ ဒါဟာ မောင်ရှင်တကယ်ဝင်ပူးတာလား၊ သူနှစ်စဉ်လုပ်နေကျ သူ့ရဲ့ကျွမ်းကျင်မှုမဖြစ်နိုင်ဘူးလား။စဉ်းစားစရာပါ။

နောက် လယ်ကွက်ထဲမှာ ဇာတ်စင် အကြီး ကြီးဆောက်ပြီး ပူဇော်ပွဲကျင်းပ ပါတယ်။ အဲဒီမှာမောင်ရှင် တင်မက၊ ကိုးမြို့၊ မြင်းဖြူရှင် ၊နဲ့ အမျိုးသမီးနတ်တွေလည်းအစုံပါ ပါတယ်။ အဒေါ်ကလည်း အဓိက အလှူရှင် ဆိုတော့ ကျနော်တို့ က ဇာတ်စင်ရဲ့အပေါ် အနော်ကဖက် ကန့်လန့်ကာတွေရဲ့နောက်က တက်ကြည့်ခွင့် အထူးအခွင့်အရေးရပါတယ်။

အဲဒီမှာ နတ်(၀င်သည်)တွေ ဟာ ဇာတ်ခုံပေါ် တစ်ယောက်တလှည့်တက်ပြီး အဖေကြီးက သားတော်သမီးတော်လေးတို့ ကို(ရပ်ကွက်ကို) ဘယ်လိုစောင့်ရှောက်မယ် ဘယ်တုန်းက ဘာဖြစ်တာကို သူဘယ်လို ကာကွယ်လိုက်လို့ ဘယ်လောက် သက်သာရာရတယ်၊ နို့မို့ဆိုမလွယ်ဘူး၊ ဘယ်သူကဘာဖြစ်လို့ ဘယ်လိုခံရတယ်(သူ့ဟာသူသံစူးလို့ အဖျားတက်တဲ့သူကို) ဘာညာ ဆိုပြီး ခေါင်းလေးတစ်ခါခါ ကိုယ်လေးတလှုပ်လှုပ်နဲ့ ပြောကြပါတယ်၊ လူတစ်ယောက်က မိုက်ကလေးကိုကိုင်ပြီး နတ်(၀င်သည်) ကပြောရင် မိုက်လေးပါးစပ်နားတေ့ပေးလိုက် ၊ ပြီးရင် မိုက်ကိုပြန်ယူပြီး မှန်လှပါ အရှင်ကြီး၊မိန့်တော်မူပါအရှင်ကြီး စသည်ဖြင့်စကားထောက် လုပ်ပေးရပါတယ်။

မြင်းဖြူရှင်အလှည့်ကိုရောက်လာပါတယ်။ မြင်းဖြူရှင်နတ်(၀င်သည်) က မြင်းကိုခွမစီးပါဘူး၊ လူ့ခန္တာကိုအချိုအစားနဲ့လိုက်မယ့် မြင်းရုပ်ကို ခေါင်းပိုင်းကိုဗိုက်မှာကပ်၊ဖင်ပိုင်းကို ကျော(တင်ပါးအထက်)မှာကပ်ပြီး ခါးပတ်ပတ်သလို ကြိုးနဲ့ချီထားတာပါ၊ ပြီးမှ ချုသံလေးတချွင်ချွင်နဲ့ မြင်းစီးသလို ခပ်ကြွကြွလေး ခုံဆွ ခုံဆွ သွားပါတယ်၊ မြင်းရဲ့ ရှေ့ခြေနှစ်ချောင်းနဲ့ နော်ခြေနှစ်ချောင်းက လေထဲမှာ တွဲလဲလေးပေါ့၊ လူခြေနှစ်ချောင်းပါထည့်ရေတွက်လိုက်ရင် ခြေခြောက်ချောင်းနဲ့ မြင်းပေါ့။

နတ်စာသားတွေရွတ်ဆိုပြီးဇာတ်စင် ဟိုဘက်ထိပ် ဒီဘက်ထိပ် ရှေ့နောက် ကြွကြွရွရွလေးပြေးပြီး မြင်းရေးပြပါတယ်။ပြီးတော့ စကားထောက်နားအသာကပ်ပါးစပ်လှုပ်ပြီးပြောပါတယ်၊ စကားထောက်ကလည်း မြင်းဖြူရှင်ဝင်နေပြီဆိုပြီး ရိုရိုသေသေနဲ့ မိန့်တော်မူပါအရှင်ကြီး ဆိုပြီးမိုက်ကို ပါးစပ်နားထိုးပေးပါတယ်။ နတ်ကလည်း ပါးစပ်ကိုစိပြီး ၀မ်းခေါင်းသံခပ်တိုးတိုး (ဟင်း)ဆိုပြီး ခါးကိုမျက်စပစ်ပြတယ်၊ ကိုယ်ကတော့ လှုပ်တုပ်လှုပ်တုပ်နဲ့ ခါးကိုထောက်ပြီး နတ်ဝင်နေတဲ့ပုံလုပ်နေတယ်မြင်ယောင်ကြည့်ပါ။ စကားထောက်ကလည်း မိန့်ပါအရှင် သားတော်လေးတို့ကိုဘာညွှန်ပြချင်ပါသလဲဆိုပြီးမိုက်ထိုးပေး၊ နတ်ကလည်းဘာမှမပြောပဲ ပါးစပ်ကြီးစေ့ပြီး တဟင်းဟင်း နဲ့ လုပ်၊ စကားထောက်လည်း နတ်ကစကားမပြောတော့ကြောက်ပြီး၊ အမိုက်အမဲလေးတွေကိုခွင့်လွှတ်ပါ၊ ဘာများအမှားလုပ်မိလို့ပါလည်း၊ သနားသောအားဖြင့် မိန့်ကြားညွှန်ပြတော်မူပါပေါ့၊ အောက်ကပရိတ်သတ်တွေထဲလည်း အသံတွေထွက်ပြီး ရွစိရွစိတွေဖြစ်လာ၊ ဇာတ်စင်ပေါ် ကားလိပ်နောက်ကလူတွေလည်းမတ်တပ်ရပ်သူရပ် ခေါင်းထောင်သူထောင်နဲ့ဖြစ်နေပါတယ်။  ကျနော်လည်း ဘာများဖြစ်သလဲ ဆိုပြီး လန့်နေပါတယ်။ စကားထောက်လည်းမျက်နှာပျက် အသံတုန်လာပြီး အရှင်ကြီးဘာများအလိုရှိပါသလဲ သားတော်လေးတို့ ဖြစ်အောင်ဆောင်ကျဉ်းပေးပါ့မယ်၊မိန့်ကြာတော်မူပါအရှင်ကြီး ဆိုပြီးထပ်ပြောလို့  မိုက်ကိုထိုးပေးလိုက်တယ်။ နတ်ကလည်း မင်းလာခဲ့ လို့ တစ်ခွန်းတည်းပြောပြီး ကျနော်တို့ ရှိတဲ့ ကန့်လန့်ကာနောက်ဖက်ကိုဝင်လာပါတယ်။ စကားထောက်လည်း ခပ်ကုပ်ကုပ် နဲ့လိုက်လာပြီး မိုက် ကို ထိုးပေးလိုက်တော့ နတ်က  မိုက်ကိုလက်နဲ့ဖယ်လိုက်ပြီးလေသံခပ်အုပ်အုပ်နဲ့ ပြောလိုက်တာက

“ဟေ့ကောင် ဒီမှာခါးကြိုး ပျီ(ပြေ)နေတယ်ကွ သေချာပြန်ချီပေးစမ်းပါအုန်း”  တဲ့ ။ ကျနော်လည်းပါးစပ်ကိုလက်နဲ့ အုပ်ပြီးတခွိခွိ ရယ်နေပါတယ်၊ အတူပါလာတဲ့ အမ ၀မ်းကွဲက ဟဲ့ကောင်လေး အသာနေစမ်း၊ ဟိုတစ်ခါလည်းအိမ်မှာပြဿနာရှာတယ် ဆိုပြီးခါးကိုလိမ်ဆွဲလိုက်မှ ကျနော်လည်းမျက်နှာပိုးသတ်နေရပါတယ်။ သူတို့လည်းလုပ်စရာရှိတာလုပ်ကာ ရှေ့ကိုပြန်ထွက်သွားပြီး လိုအပ်သည်များကို မိန့်ကြားပါတော့တယ်ခင်ဗျာ။

နောက်နေ့မနက် ကျောင်းသွားတော့ ကူးတို့ပေါ်မှာ သူငယ်ချင်းကို ညကအတွေ့အကြုံပြောပြရင်းနောက်တစ်ခုကိုပြောလိုက်ပါသေးတယ်။ အဲဒါက ပွဲမစခင် ပွဲခင်းထဲလျှောက်သွားတုန်းစင်ဘက်ကိုကြည့်လိုက်တော့ လူကိုယ်လုံးလောက်ရှိတဲ့ဦးရှင်နဲ့ ကိုးမြို့နတ်ရုပ် ကြီးတွေမှာ အခု ဘုရားရုပ်တုတွေ မှာ ရောင်ခြည်တော်လွှတ်တဲ့ပုံစံ မီးဝိုင်းတွေ တပ်ဆင်ထားတာပါ၊ နတ်က ရောင်ခြည်တော်လွှတ်တဲ့ပုံစံဖြစ်နေပါတယ်။ အဲဒါကိုသူငယ်ချင်းကိုပြောပြီးဝေဖန်တာပေါ့။ လောကမှာ ရောင်ခြည်တော်လွှတ်တာဟာ ဘုရားတစ်ပါးပဲ ရှိတယ်၊ နတ်တွေကိုအဲလို မလုပ်သင့်ဘူးပေါ့၊နောက်ပြီး အုန်းသီးခွာတဲ့ ကိစ္စ ကျနော်သုံးသပ်ချက်တွေပြောပြတာပေါ့။ ကျန်တဲ့ကျောင်းသားတွေနဲ့လူကြီးတွေက ကျနော့ကိုဝိုင်းကြည့်နေတော့ ကိုယ့်ကို ကို ဟုတ်လှပြီ ထင်ပြီး စွတ်ပြောနေတာ၊ ကျနော့နောက်ကျောကိုရေတွေ ဖြန်းကနဲလာလာစင်တာသတိမထားမိဘူး။   နောက်ဆုံးတချက်ကျနော့နောက်ကျောတစ်ခုလုံးရေတွေရွှဲသွားပြီးဘေးက ရပ်နေတဲ့သူတွေပါရေတွေစင်ကုန်ပါတယ်။  ကျနော်တို့တွေက လှေဝမ်းထဲမှာ ဟိုဘက်နဲ့ဒီဘက် မျက်နှာချင်းဆိုင်ပြီး လှေဘောင်ပေါ်နောက်ကျောပေးပြီးထိုင်ကြတာပါ။ လူများရင် တချို့ ကလှေဝမ်းထဲ မတ်တပ်ရပ်၊တချို့ ကလှေဦးပေါ်စောင့်ကြောင့်ထိုင်လိုက်ပါတယ်၊ ရန်ကုန်ကူးတို့တွေလို ထိုင်ခုံ မထားပါဘူး၊ မြစ်သာဆိုတယ်ကျဉ်းကျဉ်းလေးပါ။ ဟိုဘက်ကမ်းဒီဘက်ကမ်း “ဟေး…….ကူးတို့ ” လို့လှမ်းအော်ခေါ်လို့ရပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ အဲဒီကူးတို့ခပ်တဲ့သူဟာကျနော်ကိုပေကြည့်သွားတဲ့ ဦးရှင်စီးတော်ကျားအဖြစ် အလှူလိုက်ခံတဲ့သူဖြစ်ပြီး၊ ဇာတ်စင်ပေါ်မှာ ဦးရှင်ကြီးအဖြစ်သရုပ်ဆောင်တဲ့သူဖြစ်နေတယ်ဆိုတာ တဖက်ကမ်းရောက်မှ ကျနော့သူငယ်ချင်းပြောပြလို့သိရတာပါ။ သူ့အကြောင်းပြောလို့ ကူးတို့ခပ်ရင်း ခပ်တက်နဲ့ ခပ်ပြီးကျနော်ကိုရေနဲ့ ပက်တာပါ၊ တော်သေးတာပေါ့၊ ကျနော်တစ်ယောက်တည်းစီးရင်း ဘာမသိညာမသိ အဲဒီအကြောင်းသူ့ ကို သွားပြီး အာထုမိရင် ရေလယ်မှာ လှေကိုမှောက်များမလားမပြောနိုင်ပါ။ အဲသလိုဆိုရင်တော့ ဒီအကြောင်းတွေကို ကြောင်လေး အခုလိုဖောက်သယ်ချနိုင်တော့မှာ မဟုတ်တော့ပါကြောင်း။

နောက်အတွေ့အကြုံလေး တစ်ခုကို ဆက်လက်တင်ပြဦးမှာပါ။

လေ့လာစူးစမ်းပြီး စဉ်းစားဆင်ခြင်နိုင်ကြပါစေ။

ကြောင်လေး။

About ကြောင်လေး

has written 70 post in this Website..

ကြောင်မဟုတ်သောငကြောင်