ငယ်ငယ်တုံးကခေါင်းလောင်းသံ(အပိုင်းခြောက်) (တစ်ကျော့ပြန်……………..)

1 (၇)တန်းကျောင်းသားမှာနေခဲ့ရတဲ့အဆောင် ကျောင်းအဝင်ဝမှာရှိတာပါ
2 အစွန်ဆုံးအခန်း အ့ပေါ်ထပ်က (၇)တန်းပထမ အောက်ထပ်က တော့ဒုတိယ
ဒီနေရာလေးမှာအရင်က နဝရတ်ခေတ်ပေါ်တီးဝိုင်းပစ္စည်းတွေထားပါတယ်
ဒါကတော့ အရင်က ဘော်ဒါဆောင်လုပ်တဲ့အဆောင်ကြီးပါ
အရင်ကတော့ ဒီအဆောင်လေးကလဲစာသင်ခန်းလေးပါဘဲ
ကျနော်တို့ ဘောလုံးကစား ဘိနပ်တွေချွတ်ထားတဲ့ ဂိုးတိုုင် သူ့နောက်မှာ ကျနော်တို့ နေခဲ့တဲ့ကျောင်းဆောင်ကြီး

 

“ငယ်ငယ်တုန်း ခေါင်းလောင်းသံ အပိုင်းခြောက်”

(တကျော့ပြန်နဲ့ ဘင်ခရာ…………….)

 

တကယ်ထွက်လာတဲ့သတင်းအတိုင်းနေပြည်တော်ကျောင်းက နန်းရှေ့ကိုပြောင်းရပါတယ်။

အဲတော့ ကျနော် နေပြည်တော်က ထွက်ပြီး နောက်ထပ်ကျောင်းတစ်ကျောင်းပြောင်းဘို့ စီစဉ်ရပါတယ်။

ပထမဆုံးကျနော်တို့အိမ်နဲ့ကပ်ရက်မှာရှိနေတဲ့ အမှတ်တစ်အထက်တန်းကျောင်း

ကို သွားပါတယ်။

ကျောင်းတွေခဏခဏပြောင်းတဲ့သူမို့ထင်ပါတယ်။

လက်မခံလိုက်ပါ။

အဲဒီတုံးက ကျောင်းအုပ်ဆရာမကြီးကတော့ ဒေါ်ကျင်မြိုင် ပါ။

စာရေးဆရာကြီးမောင်သာရတို့နဲ့အမျုးိတော်ပါတယ်။

စည်းကမ်းအရမ်းကောင်းတယ်လို့ နာမယ်ကြီးတဲ့ဆရာမကြီးဖြစ်ပါတယ်။

ကျနော်နေခွင့်မကြုံခဲ့ပါဘူး။

အဲဒါနဲ့ နောက်ဆုံးတော့ ဦးလေးတွေကလည်း စိန်ပီတာမှာဘဲပြန်ထားချင်ကြပါတယ်။

ဒါနဲ့ဘဲ ငယ်ငယ်ကနေခဲ့တဲ့ကျောင်းကို တစ်ကျော့ပြန်ပြီးရောက်ရပြန်ပါတယ်။

 

ကြုံတုန်းလေးပွားလိုက်ရရင် အရင်က ကျောင်းသူကျောင်းသားတွေက

ကိုယ့်ကျောင်းကို  ကိုယ်သိပ်ချစ်တတ်ဂုဏ်ယူတတ်ကြပါတယ်။

ကျနော်တို့ စိန်ပီတာကျောင်းထွက်တွေဆိုရင်လဲ “ပီတာရိုက်စ်”ခြင်းသာတွေ့လို့ကတော့

ကိုယ်ညီအကိုတွေပြန်တွေ့သလိုစိတ်ထဲမှာရင်းနှီးချစ်ခင်တတ်ကြပါတယ်။

အထူးသဖြင့်သူများမြု့ိရွာရောက်တယ်ဆိုပိုလို့သိသာပါတယ်။

 

ကျနော်ခြောက်တန်းနှစ် စိန်ပီတာမှာနောက်တစ်ခေါက်ပြန်ရောက်ချိန်မှာတော့

ကျောင်းအုပ်ဆရာကြီးက ဆရာကြီးဦးလှဖြစ်ပါတယ်။

အသားညိုညို အရပ်ရည်ရည် သဘောကောင်းလှပါတယ်။

ကျနော်တို့ စိန်ပီတာကျောင်းသားတွေက ဆရာကြီးထက် သူ့လက်ထောက်

ဆရာ” ဘီအေဝီလျှံ”ကိုပိုကြောက်ရပါတယ်။

ဆရာဘီအေက ဟို သာသနာပြုကျောင်းမှာကတည်းက ပါလာခဲ့တာပါ။

ကျနော်တို့ကျောင်းစည်းကမ်းကောင်းတာ ဆရာဘီအေ ကြောင့်ဆိုတာ သိပ်ကိုသေချာပါတယ်။

ကျောင်းတက်ပြီးပြီဆိုတာနဲ့ ဆရာဘီအေက တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ပြီးစစ်ပါတယ်။

ဆရာကြီးရောင်းလှည့်တဲ့အချိန်မှာ အတန်းထဲက အပြစ်ရှိသူတွေက အတန်းအပြင်ဘက်

ကော်ရစ်ဒါမှာလက်ကလေးပိုက်ပြီးဆရာကြီးအလာကို အသင့်စောင့်နေကြရပါတယ်။

ကျောင်းတက်နောက်ကျသူ၊အိမ်စာမလုပ်ခဲ့တဲ့လူ၊ကျောင်းခေါ်ချိန်မမှန်တဲ့လူ၊

ပြောမရ ဆိုမနိုင်ဆော့လွန်းတဲ့သူတွေကို အခန်းအပြင်ထုတ်ထားပါတယ်။

ဆရာကြီးရောက်လာရင်တော့ ဘာကြောင့်အခန်းအပြင်ဘက်ထွက်နေရသလဲ

ဆိုတာကို မေးပြီး အပြစ်ပေးတဲ့အနေနဲ့ကြိမ်လုံးနဲ့လက်ဒါမှမဟုတ် ခြေသလုံးကိုရိုက်ပါတယ်။

နောက်အဲလိုအခန်းအပြင်အထုတ်ခံရရှက်စရာကောင်းပါတယ်။

အားလုံးကဝိုင်းကြည့်ကြတာကိုး။

သူများတွေအစခံရတာက အရိုက်ခံရတာထက်နာပါတယ်။

 

ကျနော်တို့ကျောင်းဝင်းကြီးကအတော်လေးကိုကျယ်ပါတယ်။

မြင်အောင်ပြောပြရမယ်ဆိုရင်တော့…………………………….

အရှေ့ဘက်ပေါက်ကနေ ကျောင်းထဲကိုဝင်မယ်ဆိုရင်ဘော့လုံးကွင်းကြီးကိုစမြင်ရမှာပါဘဲ။

ဝင်ဝင်ခြင်းတွေ့ ရတာကတော့ မုန့်ဆိုင်တန်းတွေပါ။

အဝင်ဝမှာရှိတာကတော့ နေကြာစေ့လှော်တွေကို ဖန်ပုံးထဲမှာထည့်ပြီးမှကန့်တော့ချွန်လေးတွေနဲ့ ထည့်ပေးတဲ့” ကြည်သာရွှင်”နေကြာစေ့လှော်ဆိုင်။

အာလူးပူရီသယ်ကတောင်ဘက်အစွန်ဆုံး။

အလယ်ခေါင်မှာတော့ အကြော်နဲ့ကောက်ညှင်းပေါင်းသည်။

အနောက်ဘက်အစွန်ဆုံးမှာတော့ ရွှေရင်အေးသည်။

သူ့တောင်ဘက်မှာ မုန့်အစုံရောင်းတဲ့အသည်၊

ဟိုအရင်ကတော့ ထန်းရွက်ကလေးနဲ့ကော်စားရတဲ့ ကုလားပဲသုတ်သည်။

စမူစာသုတ်အသည်။

တောင်ဘက်က ကုက္ကိုလ်ပင်အောက်မှာတော့ မုန့်ဟင်းခါးသည်။

သူ့တောင်ဘက် အဆောင်အောက်မှာတော့ ပွတ်စပါးတို့အမေ မကုလားမရယ် မုန့်စုံဆိုင်။

ဟိုအနောက်ဘက်ထဲမှာ တော့ တစ်ဆိုင်ထည်းထွက်တဲ့ မုန့်တီသည်။

အဲဒီမုန့်ဆိုင်လေးတွေရဲ့အဆုံးအနောက်ဘက် မှာ ငါးတန်းနဲ့ 7တန်းကျောင်းသားတွေရဲ့စာသင်ဆောင်။

အဲဒီစာသင်ဆောင်ရဲ့အနောက်ဘက်အဆုံးမှာတော့ အလျားခုန်တဲ့ ဖွဲကျင်းလေးရှိပါတယ်။

 

ဈေးတန်းလေးရဲ့မြောက်ဘက်အထွက်မှာ အမိုးပါတဲ့ လျောက်လမ်းကလေး ။

လျှောက်လမ်းလေးရဲ့အနောက်ဘက်ဘေးမှာ နှစ်ထပ်အုတ်တိုက်နီနီ။

 

အဲဒီလမ်းအတို်င်းမြောက်ဘက်ကိုသွားမယ်ဆိုရင် အရှေ့ဘက်မှာ ဘော်ဒါနေတဲ့ကျောင်းသားတွေအတွက် အခန်းလေးတွေ။

သူ့နောက်မှာတော့ နှစ်ထပ်စာသင်ဆောင် ။

အရင်က အဲဒီအဆောင်အောက်ထပ်မှာ မုန့်ဆိုင်လေးရှိပါတယ်။

အဲဒီအဆောင်ရဲ့ အနောက်မြောက်ဘက်မှာတော့ မန်းကျီးပင်ကြီးတွေရှိပါတယ်။

သူ့နောက်မှာတော့  မားမားရပ်နေတဲ့သုံးထပ်ဆောင်။

အဲဒီသုံးထပ်ဆောင်ရဲ့ကွက်လပ်ကတော့ ကျနော်တို့ အဆန်ဘလီစီတဲ့နေရာပေါ့။

အဲဒီသုံးထပ်ဆောင်မှာတော့ ဆရာဆရာမများနားနေခန်းနဲ့ ကျောင်းအုပ်ဆရာမကြိးရုံးခန်း။

သူ့အရှေ့ဘက်မှာတော့ တင်းနစ်ကွင်း။

တင်းနစ်ကွင်းမြောက်ဘက်မှာ နှစ်ထပ်ဆောင်။

အောက်ထပ်ကတော့ အခန်းအနားတွေကျင်းပတဲ့ ခန်းမကြီးပါ။

စင်မြင့်ကလဲ အဆင့်သင့်ရှိတယ်။

အဲဒီအခန်းထဲမှာ စန္ဒယားလဲရှိတယ်။

အပေါ်ထပ်မှာတော့ ကျောင်းအုပ်ကြီးနေပါတယ်။

အဲဒီခန်းမရဲ့ အရှေ့ဘက်မှာ မယ်တော်မာရီရုပ်ထုရှိပါတယ်။

မယ်တော်မာရီကျောင်းဆောင်ရဲ့ မြောက်ဘက်မှာတော့ ကျောင်းဝင်းတံခါး။

ကျောင်းဝင်းတံခါးကတော့ အရှေ့ဘက်တစ်ပေါက် အနောက်ဘက်ကတစ်ပေါက်ပါ။

သုံးထပ်ဆောင်စင်္ကြန်ကနေအနောက်ဘက်ကိုသွားရင် 6တန်း8တန်း9တန်း

10တန်းစာသင်ဆောင်တွေရှိပါတယ်။

အဲဒီအဆောင်နှစ်ခုအကူးမှာတော့ အပေါ်မှာ ကော်ရစ်ဒါနဲ့ဆက်ထားတော့ အမိုးမိုးထားသလိုဖြစ်နေပါတယ်။

ဆရာမကြီးရုံးခန်းကနေအနောက်ဖက်ထွက်ရင်တော့ ခေါင်းလောင်းစင်ရှိပါတယ်။

ကျနော်တို့ စိန်ပီတာအကြောင်းရေးမယ်ဆိုရင် မုဆိုးကျော်မဟုတ်တဲ့

ခေါင်းလောင်းတီးတဲ့ ဖိုးထော်ကိုမပါရင်မပြည့်စုံပါဘူး။

ကျောင်းဆင်းကျောင်းတက် ခေါင်းလောင်းတော်ဆက်ခဲ့ရသူပါဘဲ။

အရပ်ပုပု အသားဖြူဖြူ ကရင်လူမျိုး အင်မတန်သဘောကောင်းပြိးကျနော်တို့

ချောက်ချသမျှခံခဲ့ရသူတစ်ဦးဆိုလဲ မမှားပါဘူး။

(ကျောင်းမတက်ခင်ခေါင်းလောင်းကြိုးကို သံကွင်းမှာအသေချည်ထားခဲ့တာမျိုးတို့

ခေါင်းလောင်းအိမ်ထဲကို အဝတ်စတွေ စက္ကူတွေအပြည့်အသိပ်ထည့်ထားခဲ့တာမျိုးတွေပါ)

အဲဒီသုံးထပ်ဆောင် နဲ့ အနောက်ဘက်စာသင်ဆောင်ကြားမှာ ကြောင်လိန်လှေကားလေးရှိပါတယ်။

ကျနော်တို့ ငယ်ငယ် သူငယ်တန်းတုံးက ဒီလှေကားလေးအသုံးပြုပါသေးတယ်။

ပါးစပ်ရာဇဝင်ကတော့ တစ္ဆေခြောက်တယ်ပြောပါတယ်။

ဒီအဆောက်အဦကြီးဆောက်တဲ့အချိန်တုံးက ဒီလှေကားမှာပန်းရံကောင်လေးတစ်ယောက်

လိမ့်ကျပြီးသေဘူးတယ်ပြောပါတယ်။

ကျနော်တို့ကတော့ အဲဒီတစ္ဆေကို မတွေ့ဘူးပါဘူး သူက ကျနော်တို့ကိုလန့်ပြေးပြီထင်ပါတယ်။

အဲဒီခန်းမဆောင်ကြီးရဲ့အဆုံးမှာတော့ အုတ်တံတိုင်း။

အုတ်တံတိုင်းနောက်မှာတော့ သံဝင်းခရစ်ယာန်ချပ်ကျောင်း။

အဲဒီစာသင်ခန်းမကြီးက အနောက်ဘက်ခြမ်းရောက်တော့ အယ်လ်ပုံစံနဲ့ မြောက်ဘက်ကို တဆစ်ချိုးသွားပါတယ်။

အဲဒီတဆစ်ချုးိအောက်ထပ်မှာ ရေကန်တွေရှိပါတယ်။

အရင်ဘော်ဒါကျောင်းသားတွေရေချိုးတဲ့နေရာပေါ့။

ရေကန်တွေရဲ့အပေါ်မှာစာသင်ခန်း။

အဲဒီရေချိုးခန်းနဲ့အပေါ်တည့်တည့်အခန်းကတော့ ပိတ်ထားပါတယ်။

ဆရာတစ်ယောက်စာသင်ခန်းထဲမှာတင်ကွယ်လွန်ဘူးတယ်လို့တော့ ကြားဘူးပါတယ်။

အဲဒီနှစ်ထပ်ဆောင်အနောက်ဘက်အခန်းက (6)တန်းစာသင်ခန်း၊

သူအရှေ့ဘက်တော့ (8)တန်း။အရှေ့ဘက်ဆုံးခန်းမကတော့ ဓါတုဗေဒဓါတ်ခွဲခန်း။

ကျနော်တို့စိန်ပီတာကျောင်းကလဲ စစ်အတွင်း အင်္ဂလိပ်လက်ထက်မှာဆေးရုံဖြစ်ဘူးတယ်ပြောပါတယ်။

အဲ့တော့ တစ္ဆေပုံပြင်တွေလဲ အများကြီး ရှိခဲ့တာပေါ့။

မန်းလေးမြို့က ကျောင်းတော်တော်များများ က ဒုတိယကမ္ဘာစစ်အတွင်းမှာ

ဆေးရုံအဖြစ်အသုံးခံခဲ့ရပါတယ်။

အဲဒီစာသင်ဆောင်ကြီးရှေ့မှာတော့ ဘောလုံးကွင်း။

မြက်ခင်းစိမ်းစိမ်းလေးနဲ့ အတော်လေးကို ကောင်းတဲ့ကွင်းပါဘဲ။

ဘော့လုံးကွင်းရဲ့ တောင်ဘက်မှာဘတ်စကက်ဘောကွင်းနဲ့သူငယ်တန်းကျောင်းဆောင်။

သူနောက်မှာ ရေကူးကန်သေးသေးလေး.။

ကျောင်းထဲမှာကုက္ကိုပင်တွေ မန်းကျီးပင်တွေရှိပါတယ်။

ကျနော်7တန်းကျောင်းသားမှာထင်ပါတယ် ကျောင်းအနောက်ဘက် ကုက္ကိုပင်ကြီး

ကိုမိုးကြိုးပစ်ပါတယ်။

အဲဒီတုံးက မနက်လေးနာရီလောက်အသံအကျယ်ကြီးနဲ့ မိုးကြိုးပစ်တာလန့်တောင်နိုးပါတယ်။

မနက်လင်းလို့ကျောင်းရောက်တော့ ပထမဆုံးဒါးတန်းရေခဲစက်ကို မိုးကြိုးထိပါသတဲ့၊

သူကမိုးကြိုးလွှဲရှိတော့ ကျောင်းထဲက သစ်ပင်ကြီးကို လာမှန်ပါသတဲ့။

ဆရာမကြီးရုံးခန်းရှေ့က မန်းကျည်းပင်အောက်မှာ မီးကျွမ်းနေတဲ့အရာကြီးတွေ့တော့

မိုးကြုူိးသွားရှာမယ်ဆိုပြီးတောင် တူးဘို့ကြံကြပါသေးတယ်။

 

အခုခေတ်နေရာတကာမှာ ဘာပွဲလေးလုပ်လုပ်

“ ဒိန်းတဒိန်း ဒိန်း………ဒိန်း………..ဒိန်း…………ဒိန်း”လို့အသံထွက်တဲ့

ဘင်ခရာတပ်ဖွဲ့ပါ ပါတယ် ပန်းပွားအကနဲ့ ဝမ်းဆက်ပေါ့။

ဒီဘင်ခရာအကြောင်းပြောရင် မန်းလေးမြို့ရဲ့ ဘင်ခရာသမိုင်းမှာ စိန်ပီတာက ဆရာကြီးပါဘဲ။

ကျနော်တို့ကျောင်းရဲ့ ဘင်ခရာတပ်ဖွဲ့ဖခင်ကြီးကတော့ သက်တော်ရှည်” ဆရာဒေးဗစ်”ပါဘဲ။

ဆရာဒေးဗစ်ရဲ ့ဝါယမ စေတနာ ကျွမ်းကျင်မူ့တွေကြောင့် ကျောင်းပေါင်းစုံထဲမှာ

စိန်ပီတာ သို့မဟုတ် အမှတ်ကိုး ဘင်ခရာအဖွဲ့က နာမယ်ကြီးခဲ့တာပါ။

ကျနော်တို့ကျောင်းဘင်ခရာအဖွဲ့ ရဲ့” မေဂျာ” ကျနော်တို့ အခေါ်”ဘုလုံးကိုင်”ထဲမှာ

စမတ်ကျတယ် ဆိုပြီး အမှတ်ရနေသူနှစ်ဦးကတော့ ကိုဆန်းထွန်းနဲ့ ကိုတင်ထွဋ်ပါဘဲ။

ကိုဆန်းထွန်းက အရပ်မြင့်မြင့် ကိုတင်ထွဋ်က အလေးမသမားမို့ဘော်ဒီလှလှ

ဟနုမာန်ကိုင်တဲ့ ဘုလုံးကြီးကို လမ်းလျှောက်ရင်းလေထဲမှာလွှင့်ပစ်လိုက်ဖမ်းလိုက်

လှည့်လိုက်လုပ်နေရင် ကြည့်ရသူမှာအသဲတယားယားနဲ့ပေါ့။

 

နောက်ကျနော်တို့စိန်ပီတာကျောင်းမှာ ခေတ်ပေါ်တီးဝိုင်းလဲရှိပါသေးတယ်။

“နဝရတ်တီးဝိုင်း”ပါ်။

ဦးစီးသူကတော့ တူရိယာကျွမ်းကျင်သူဆရာဒေးဗစ်ပါဘဲ။

ကျောင်းပွဲတိုင်းတီးမူတ်ဖျော်ဖြေရသလို အပြင်က ငှားရင်လဲလိုက်ပါတယ်။

ဆရာဒေးဗစ်လက်ထောက်အဖြစ်နေပြီး အဲဒီတီးဝိုင်းကို ထွန်းတောက်အောင်

ဆောင်ရွက်ခဲ့သူတစ်ဦးကတော့ ကွယ်လွန်သူကိုကျော်စိုးဝင်း(မြို့မအဖွဲ့)ပါဘဲ။

ကျနော်တို့ အခေါ်ကတော့ သူကို သူကြီးလို့နာမယ်ပေးထားပါတယ်။

ဆရာဒေးဗစ်နဲ့သူ့သားဆန်နီဒေးဗစ်တို့က မန်းလေးမြို့ကကျောင်းတော်တော်များများရဲ့

ဘင်ခရာတီးဝိုင်းဖွဲ့စည်းတဲ့နေရာမှာကူညီပေးခဲ့ပါတယ်။

လမ်းမှာ ဖွင့်ပွဲမှာ ဘင်ခရာတီးဝိုင်းတွေ့ရင်ကျနော်တို့ ကျောင်းသားဘဝက

ကျောင်းတွင်းအားကစားပြိုင်ပွဲတွေတခမ်းတနားကျင်းပခဲ့တာကို သွားသတိရမိပါတယ်။

အဲဒီအားကစားပြိုင်ပွဲနီးရင် တစ်လလုံးနီးပါး စာကောင်းကောင်းမသင်ရဘဲ အားကစားပွဲအတွက်

လုံးပန်းကြပါတယ်။

အဲဒီတုန်းက ဆရာကြီးဦးလှလက်ထက်မှာပါ။

အင်မတန်မှ အားကစားကို အားပေးခဲ့သောဆရာကြီးဖြစ်ပါတယ်။

ပြောနေရင်းတောင် နားထဲမှာ

“ ဒိန်းတဒိန်း ဒိန်း………ဒိန်း……….” ဆိုတဲ့အသံတွေဆူညံလာသလိုပါဘဲ။

ဘာလို့များ ဒီလောက်တောင်သတိရနေရသလဲဆိုရင်

……………………………….

 

 

 

(ဆက်လက်ဖော်ပြပါမည်။)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။

(21-12-2011)

 

 

 

 

 

 

 

 

 

 

 

 

6 comments

  • blackchaw

    December 21, 2011 at 12:48 pm

    ကိုပေါက်ရေ။
    အခန်းဆက် ဆိုတော့ အားလုံးပေါင်းပြီးမှ
    ကွန်းမန့်သေသေချာချာပြန်ရေးမယ်နော။
    အခုတော့ ဗုံးပေါက်သံတွေကြားမှာ ပြေးရင်းလွှားရင်း
    ဖတ်သွားပါတယ်။
    စစ်မြေပြင်မှာ နေရသလိုပဲဗျို့။

  • windtalker

    December 21, 2011 at 1:07 pm

    ကိုဆန်းထွန်းနဲ့ ကိုတင်ထွဋ် တို ့ရဲ ့အနောက်ကနေ
    နှပ်ချေးပေလေးနဲ ့ပြွေလေးကိုင်လိုက်တာ
    ကိုပေါက် များလား ဟင်

    • windtalker

      December 21, 2011 at 2:12 pm

      အဟမ်းအဟွတ်
      ဘ ရင်တွေကြပ်ပြီး ချောင်းတွေ ဆိုးချင်မိသကွဲ ့
      ဂျော့ဘု အီရတ်ကို ထုခဲ့တာတွေ ပြန်တွေးပြီး
      ဟီဟိ

  • thit min

    December 22, 2011 at 9:20 pm

    မဟုတ်မှလွဲရော ကိုပေါက်က လမ်းစဉ်လူငယ်ခေါင်းဆောင်တက်ဘူးမယ်ထင်ပါရဲ့။
    ကျနော်မှတ်မိနေတာ “ဒီမိုကရေစီ” ဆိုတာ သူတို့ စသင် ပေးခဲ့တာ။ “ဟာသ”

Leave a Reply