မင်္ဂလာဈေး အကြီးစားပြင်ဆင်မှု.ပြုလုပ်

kyawgyiMay 26, 20101min601

မီးလောင်ကျွမ်းခံရသော မင်္ဂလာဈေးကို ပြန်လည်ပြင်ဆင်မှု ပြုလုပ်မည်ဖြစ်ပြီး ဆိုင်ရှင်များအတွက် ယာယီဈေးနေရာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယနေ့ ပြောဆိုလိုက်သည်။

ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ မင်္ဂလာဈေးဓမ္မာရုံတွင် အင်္ဂါနေ့ မွန်းလွဲက ပြုလုပ်သော ဈေး၏ စတုတ္တထပ်မှ ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံပွဲတွင် စည်ပင်အတွင်းရေးမှူး ဦးအောင်သန်းဝင်းက အဆောက်အဦးကို အကြီးစား ပြန်လည်ပြင်ဆင်မှု ပြုလုပ်မည်ဖြစ်ပြီး ထိုကာလအတွင်း ရောင်းချရန် ယာယီဈေးနေရာ ရှာဖွေနေကြောင်း ပြောသွားသည်။

ဈေးနေရာသတ်မှတ်မှုကို ၃ ရက်အကြာတွင် ထုတ်ပြန်နိုင်မည်ဟု ဆိုသည်။

ယမန်နေ့ နံနက် ၈ နာရီခွဲခန့်မှ လောင်ကျွမ်းမှု စတင်ပြီး နာရီ ၃ဝ ကျော်တိုင် မီးခိုးများ ထွက်လျက်ရှိပြီး မီးသတ်များ ရေပတ်ဖြန်းနေရဆဲဖြစ်သည်။

အဓိက လောင်ကျွမ်းမှုဖြစ်ရာ စတုတ္တထပ်အတွင်း ပေါက်ကွဲစေနိုင်သော ပစ္စည်းများ၏ သုံးပုံနှစ်ပုံကို ယနေ့ နေ့လည်အရောက်တွင် ရှင်းလင်းနိုင်သည်ဟု မီးသတ်အရာရှိတဦးက ပြောသည်။ သို့သော် မီးကြွင်းမီးကျန်များကို ငြှိမ်းသတ်နေရဆဲဖြစ်သည်ဟု ပြောသည်။

အနီးပတ်ဝန်းကျင်တခုလုံး မီးခိုးများ ဖုံးလွှမ်းလျက်ရှိပြီး သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများ မီးခိုးလွတ်ရာသို့ ပြောင်းရွှေ့နေကြရသည်။

”ညက ကျနော်တို့ မိသားစု အိမ်ပြောင်းရတယ်။ ကမာရွတ်က အမတွေ အိမ်ကို ပြောင်းရတာ။ မီးခိုးတွေက အလုံးလိုက်ဆိုတော့ ညအိပ်ရင်း အသက်ရှူရပ်နိုင်တယ်လေ၊ အန္တရာယ် ရှိတယ်။ ဒါကြောင့် ပြောင်းလိုက်တာ” ဟု တာမွေမြို့နယ် ၁၃၄ လမ်းတွင် နေထိုင်သူ ကိုမြင့်ခိုင်က ပြောပြသည်။

မနက်ဖြန် နံနက် ၉ နာရီတွင် အထပ်တိုင်းမှ ဆိုင်ခန်းပိုင်ရှင်များ ဈေးသည်အားလုံးနှင့် မြို့တော်စည်ပင်သာယာတို့ တာမွေမြို့နယ် အထက (၁) တွင် ထပ်မံတွေ့ဆုံရန်လည်း ဖိတ်ကြားထားသည်။

ဆုံးရှုံးမှုပမာဏကို မီးသတ်ဦးစီးက မထုတ်ပြန်နိုင်သေးဘဲ ရှိသော်လည်း အနည်းဆုံး နှစ် ၂ဝ အတွင်း မီးလောင်ချိန် အကြာမြင့်ဆုံး မီးလောင်မှုတခုဟု မီးသတ်အရာရှိတဦးက ပြောသည်။

အလှကုန်ဆိုင် ပိုင်ရှင်တဦးက ”အကိုတို့ဆိုင်က အားလုံး ကုန်သွားတယ်။ အကိုတို့ဆိုင်က တန်ဖိုးအားဖြင့်တော့ ဆိုင်ခန်းအတွက် သိန်း ၂၅ဝ လောက် ရှိတယ်။ ပစ္စည်းတွေကတော့ သိန်း ၆ဝဝ ကျော်ဖိုးလောက် ရှိတယ်။ အားလုံး ကုန်သွားပြီ” ဟု ပြောသည်။

ပြီးခဲ့သည့် တပတ်က ဆေးဆိုင်တဆိုင်ကို ထပ်မံဝယ်ယူကာ ငွေအရင်းအနှီးပေါင်း သိန်း ၃ဝဝဝ ရင်းနှီးရောင်းချနေသော ဆေးဆိုင်ပိုင်ရှင် တဦးက ”ကျနော်ကတော့ ဖြေသိမ့်တယ်ဗျ။ လူမသေ ငွေမရှားပေါ့။ အခု မင်္ဂလာမွန်ဈေးမှာ မနက်ကပဲ တခန်းငှားပြီး ရောင်းမလို့ ပြန်စီစဉ်နေတယ်” ဟု ပြောပြသည်။ မင်္ဂလာမွန်ဈေးမှာ မင်္ဂလာဈေးနှင့် ကပ်လျက်တွင် တည်ရှိသည်။

မင်္ဂလာဈေး တတိယထပ်တွင် ရေများ ဒူးခေါင်းအထက် ရောက်ရှိနေပြီး အထည်အလိပ်များနှင့် အခြား မုန့်ဆိုင်များ၊ လူသုံးကုန် ဆိုင်များလည်း ပျက်စီးမှုများကြောင်း မီးသတ်ရဲဘော်တဦးက ပြောသည်။

One comment

  • myominkhine

    May 26, 2010 at 5:40 am

    သူခိုး ဓါးပြ ထက်ဆိုးတဲ့ ရန်သူလေ …..
    မီးလောင်တာကိုပြောတာပါ
    မီးသတ်ကိုပြောတာမဟုတ်ဘူးနော်

Leave a Reply