ကချင်တွင် ထိုးစစ်ရပ်ရန် ကာချုပ်ကို သမ္မတ ညွှန်ကြားထား

chatsuDecember 12, 20111min1039

ကြားဖြတ်နှင့် သတင်းအကျဉ်း)

ဖနိဒါ | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၂ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်အတွင်း အစိုးရတပ်များမှ ထိုးစစ်ဆင်ခြင်း၊ စစ်တပ်စခန်းများ ပြောင်းရွှေ့ခြင်းများ ရပ်ဆိုင်းရန်အတွက် သမ္မတဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံ ဒီဇင်ဘာလ ၁ဝ ရက်နေ့က ညွှန်ကြားထားကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ကချင်ပြည်နယ်တွင်းရှိ စစ်ပြေးဒုက္ခသည်များကို ကျပ်ငွေ သိန်း ၇၀ဝ ကို ကချင်ပြည်နယ် အစိုးရထံ အပ်နှင်းသည့် အခမ်းအနားနှင့် သတင်းစာ ရှင်းလင်းပွဲကို တနင်္ဂလာနေ့ နံနက်က ပြုလုပ်ခဲ့ရာတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကယ်ဆယ်ရေး အလှူငွေ ပေးအပ်ပွဲ လုပ်ရင်းနဲ့ ဂျာနယ် သတင်းထောက်တွေကို ရှင်းလင်းပွဲ လုပ်ပါတယ်။ အဓိကတော့ တပ်ထိုးစစ်မဆင်ဖို့၊ ခုခံတိုက်ခိုက်ရုံမှလွဲပြီးမှ စစ်ကြောင်းမထိုးဖို့၊ သွားပြီးတော့မှ မတိုက်ဖို့ ဆိုတဲ့စာ ဖတ်ပြတာပါ”ဟု ဝန်ကြီးချုပ်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပခြင်းဖြစ်ကာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် ပြည်တွင်း သတင်းထောက်များ အပါအဝင် စုစုပေါင်း ၁၅၀ဝ ခန့် တက်ရောက်သည်။

သတင်းစာရှင်းလင်းပွဲကို နံနက် ၈ နာရီမှ ၁၂ နာရီခွဲခန့်အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတ၏ စာထဲတွင် အစိုးရတပ်များဘက်မှလည် ခုခံကာကွယ်၍ တိုက်ခိုက်ခြင်းမျိုး လုပ်ဆောင်ခြင်း မပြုလုပ်ရန်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်များအား ထိုးစစ်ဆင်ခြင်း၊ တိုက်ခိုက်သိမ်းပိုက်ခြင်း မပြုရန် သမ္မတ၏ ညွှန်ကြားချက်စာတွင် ပါရှိသည်။

“၁ဝ ရက်နေ့မှာ နိုင်ငံတော် သမ္မတကနေ ကာကွယ်ရေး ဦးစီးချုပ်ကို ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ဦးစီးဦးဆောင်တွေ အလုပ်လုပ်နေတာ ဖြစ်တယ်။ အချင်းချင်း အထင်မှားအမြင်မှား မဖြစ်ဖို့ ကေအိုင်အိုစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်တာတွေ၊ တပ်တွေ ပြောင်းရွှေ့တာတွေ ရပ်ဆိုင်းထားဖို့ဆိုတဲ့ ညွန်ကြားတဲ့ စာဖတ်ပြတယ်” ဟု အခမ်းအနား တက်ရောက်သူ မြစ်ကြီးနားမြို့ခံတဦးက ဆိုသည်။
by mizzima

9 comments

  • small cat

    December 12, 2011 at 9:35 pm

    ကြားရတာ မင်္ဂလာသတင်းပါပဲ၊ ဒီငြိမ်းချမ်းရေးရှေရှည်တည်မြဲပါစေ၊

  • kotun winlatt

    December 12, 2011 at 9:58 pm

    စစ်မှန်သောငြိမ်းချမ်းရေး ဖြစ်ပါစေဟုသာ
    ဆုတောင်းပါသည်….စစ်ဖြစ်လျှင် နစ်နာရသည်က
    ပြည်သူများသာ…..

  • မှော်ဆရာ

    December 12, 2011 at 10:15 pm

    ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်တုန်းက ကာချုပ်ကို ဒုတိယသမ္မတနဲ့ တန်းတူနေရာပေးထားလို့ သမ္မတအနေနဲ့ စစ်တပ်ကို ထိမ်းချုပ်နှိုင်စွမ်းရှိလိမ့်မယ် မဟုတ်လို့ ထင်ခဲ့တယ် ..။
    တခြားနိုင်ငံတွေအနေနဲ့တော့ ကာချုပ်ကို ဒီလောက် နေရာပေးမထားဘူး ထင်တယ်.။
    အခုသတင်းအရဆိုရင်တော့ အရပ်ဖက်က စစ်ဖက်ကို ထိမ်းချုပ်နှိုင်စွမ်းရှိတယ်ဆိုတဲ့ သဘောလို့ထင်တယ်..။
    ဦးသိန်းစိန်က အရင်က ဘာပဲဖြစ်ဖြစ် အခုတော့ အရပ်ဖက်က လူပဲလေ.။တကယ်ကို သမ္မတက စစ်ဖက်က ကာချုပ်ကို ထိမ်းချုပ်နှိုင်စွမ်းရှိတယ်ဆိုရင်တော့ ကောင်းတဲ့ လက္ခဏာပဲ..။ဦးသိန်းစိန် ထက်တယ် ပြောရမယ်..။ နောင်လာမဲ့ သမ္မတ အဆက်ဆက်အတွက်လဲ ကောင်းတယ်..။စစ်ဖက်နဲ့ အရပ်ဖက် အားပြိုင်နေရင်တော့ ကြောက်ရမယ် ..။

  • Thel Nu Aye

    December 13, 2011 at 9:36 am

    ကောင်းပါတယ်။ ပြည်ထောင်စုမပြိုကွဲရေးဟာ ငြိမ်းချမ်းရေရှိမှပါ။ ငြိမ်းချမ်းရေးကအဓိကကျပါတယ်။ အောင်မြင်ပါစေလို့ဆုတောင်းပါတယ်။

  • ကြောင်ကြီး

    December 13, 2011 at 11:57 am

    ၁၉၉ဝခုနှစ်ပိုင်းတွေမှာ ချေချင်ညာဒေသက လွတ်လပ်ရေးကြေငြာလို့ ရုရှားနိုင်ငံက စစ်တပ်လွှတ် နှိမ်နင်းတယ်။ ပြင်ဆင်မှုမရှိဘဲ ဝင်တိုက်တာဆိုတော့ ရုရှားဗဟိုစစ်တပ် သေလိုက်တာ သောက်သောက်လဲ။ ဒါနဲ့ အပစ်အခပ်ရပ်စဲရေး ကြေငြာရတယ်။ ရုရှားစစ်တပ်လည်း အရှက်ကွဲရတာပေါ့။ နောက်ပိုင်း နှစ်အတော်ကြာတဲ့အထိ စေ့စပ်ဆွေးနွေးရင်းနဲ့ ချေချင်ညာဒေသကိုသိမ်းထားတဲ့ သူပုန်ခေါင်းဆောင်များကို အချော့ဆွဲထားပြီး စစ်ဆင်ရေးစီမံကိန်း အသစ်နဲ့ သူပုန်တွေကို ချေမှုန်းပစ်လိုက်တယ်။ ဘယ်လို အကြောင်းပြချက်နဲ့ စစ်ပြန်တိုက်လဲသိလား။ ချေချင်ညာသူပုန်ဟန်ဆောင်ပြီးတော့ ရုရှားနိုင်ငံအတွင်းပိုင်းက လူနေတိုက်တန်းလျားအဆောက်အုံကြီးကို ဗုံးခွဲဖျက်ဆီးလိုက်တယ်။ လူတွေအများကြီးသေတယ်၊ အဲဒီနောက်တော့ အကြမ်းဖက်သမားတွေကို ချေမှုန်းတဲ့ တရားသောစစ်ပွဲဆိုပြီး ရုရှားစစ်တပ် အလုံးအရင်းနဲ့ ချေချင်ညာနယ်ထဲဝင်တိုက်ပစ်တော့တာပဲ။ ရုရှားထောက်လှမ်းရေး လက်ချက်ဆိုတာကို အဲဒီတုန်းကသမတ လက်ရှိဝန်ကြီးချုပ် ပူတင်နဲ့ ဆန့်ကျင်တဲ့ ရုရှားထောက်လှမ်းရေးဟောင်းတယောက်က ပြည်ပထွက်ပြေးပြီး မီဒီယာမှာ ဖွင့်ချလို့ သိရတာ။ အဲဒီလူလည်း နောက်ပိုင်းမှာ ဂျပန်ဆူရှီးစားသောက်ဆိုင်တခုမှာ စားနေတုန်း အလစ်မှာ သူ့ကိုယ်ထဲကို နြူကလီးယာဓာတ်သတ္တုများနဲ့ ဖော်စပ်ထားတဲ့ အဆိပ်ရည်အပ် အထိုးခံရပြီး သေဆုံးသွားတယ်။ သူမသေခင် ရက်ပိုင်းတွေမှာ သူ့ကိုဘယ်သူလုပ်ကြံတယ်၊ ဘယ်လိုလုပ်ကြံခံရတယ်ဆိုတာ မီဒီယာကိုပြောသွားတယ်။ လုပ်ကြံသွားသူတွေကို နိုင်ငံတကာ တရားရုံးမှာ အမှုဖွင့်ပေမဲ့ နောက်ထပ်ဘာမှ ပြောဆိုသံ မကြားတော့ဘူး။ သိလည်း ဘာမှလုပ်လို့ မရဘူးလေ….. ဒီတော့ သက်ဆိုင်ရာ အစိုးရအချင်းချင်း နားလည်မှုနဲ့ အမှုပိတ်လိုက်ပုံရတယ်။ အဲလိုမှ မလုပ်ရင် စီအိုင်အေတို့ မော့ဆက်တို့လည်း သူတို့အလှည့်ဆိုတာ ရှိလာမှာမို့ ကြည်စေအေးစေ လုပ်လိုက်ပုံရပါတယ်။။။။။ သေသူကသေပြီလေ.. ရှင်သူတွေအတွက် စဉ်းစားပေးရမှာပေါ့.. ဟုတ်ဖူးလား… 😉

    • inz@ghi

      December 13, 2011 at 12:03 pm

      ဒါနဲ့ စကားမစပ် စီအိုင်အေ အေးဂျင့် သဂျီးလည်း ဆူရှီသိပ်ကြိုက်တာဦးကြောင်ရဲ့…
      😛

  • xman

    December 13, 2011 at 2:01 pm

    သမ္မတကို အနားယူဖို့ (သူတို့အခြေခံဥပဒေနဲ့အညီ) ကာချုပ်က ပြန်ညွှန်ကြားနေမှ ဟုတ်ပေ့ဖြစ်နေမယ်။

  • Thanlwinoo

    December 14, 2011 at 11:47 am

    ကာချုပ်က ဘယ်သူ့အမိန့်နဲ့ ထိုးစစ်ဆင်တာလဲ….?
    နိုင်ငံတော်သမ္မတကြီးရဲ့အမိန့်နဲ့လား….?
    ကာကွယ်ရေးဝန်ကြီးရဲ့ အမိန့်နဲ့လား….?
    သမ္မတကြီးကို မတိုင်ပင်ဘူးလား…..?
    တိုင်ပင်စရာမလိုဘူးလား…..?
    ဒါမှမဟုတ် တိုက်ချင်တိုက်မယ်…၊ ရပ်ချင်ရပ်မယ်…စစ်ရေးကိစ္စ ကာချုပ်သဘောပဲလား…?

  • chatsu

    December 14, 2011 at 8:13 pm

    ဘယ်ဟာကို အရင်စဖြေရမလဲ့ဟင်………..ဟဲဟဲဟဲစတာ

Leave a Reply