မင်္ဂလာဈေးမီးလောင်မှု အိမ်သုံးဆေးဝါးဈေးကွက်ကို များစွာမထိခိုက်နိုင

klnMay 26, 20101min661

မင်္ဂလာဈေးမီးလောင်မှု အိမ်သုံးဆေးဝါးဈေးကွက်ကို များစွာမထိခိုက်နိုင်ဟု ဈေးကွက်ကျွမ်းကျင်သူများဆို
အိမ်သုံးဆေးဝါးမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများအား မြန်မာနိုင်ငံအနှံ့အပြားသို့ လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးနေသော ဆေးဆိုင်များတည်ရှိရာ ရန်ကုန်မြို့ မင်္ဂလာဈေးမီးလောင်မှုဖြစ်ပွားခဲ့ရာတွင် ဆေးဆိုင်အများစုဆုံးရှုံးခဲ့ရသော်လည်း ဆေးဈေးကွက်အား ထိခိုက်မှုများစွာမရှိကြောင်း ဆေးရောင်းချသူများကပြောသည်။ `ဈေးကွက်ကိုတော့ သက်ရောက်မှုသိပ်မရှိနိုင်ဘူး။ အရင်ကလို မင်္ဂလာဈေးတစ်ခုတည်းရှိတာမဟုတ်ဘူး။ ကုမ္ပဏီတွေမှာလည်း ပစ္စည်းတွေရှိတယ်´ဟု မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကျန်းမာရေးအတွက် ဆေးများအား မြန်မာနိုင်ငံအနှံ့အပြားသို့ မင်္ဂလာဈေးမှတစ်ဆင့် ဖြန့်ဖြူးသော်လည်း ကုမ္ပဏီများမှ အဓိကတင်သွင်းရောင်းချနေပြီး ယင်းကုမ္ပဏီ၏ ဆိုင်ခွဲများမှာလည်း မြန်မာနိုင်ငံအနှံ့အပြားတွင် တည်ရှိနေခြင်းနှင့် ဗိုလ်ချုပ်ဈေးတွင် ဆေးလက်ကားဖြန့်ဖြူးနေသည့်ဆိုင်များရှိခြင်းတို့ကြောင့် ဆေးဈေးကွက်အပေါ် များစွာသက်ရောက်မှုမရှိနိုင်ကြောင်း သုံးသပ်ကြသည်။ သို့သော် ထိုင်းနှင့်တရုတ်နယ်စပ်မှ ဝင်လာသောဆေးဈေးကွက်အား အနည်းငယ်ထိခိုက်ပြီး ရှားပါးဆေးများအား အရေးပေါ်လိုအပ်သူများအတွက်မူ အခက်အခဲတွေ့နိုင်ကြောင်း သုံးသပ်ကြသည်။ `ကျွန်တော်ကတော့ ဝန်ထမ်းတွေ ဘယ်လိုလုပ်ပေးရမလဲ။ ဖောက်သည်တွေ ဘယ်လိုပေးရမလဲပဲတွေးနေတယ်´ဟု အဆိုပါဈေးမီးလောင်ရာ၌ ဆိုင်ခန်းပါသွားသော ဆိုင်ရှင်တစ်ဦးက ပြောသည်။ ဘာသာတရားအရကြည့်လျှင် အတိတ်ကံ၏ အကျိုးဆက်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပစ္စည်းဆုံးရှုံးမှုဖြစ်ခဲ့သော်လည်း မီးလောင်သည့်အချိန်သည် ဆိုင်ပိတ်ထားသည့်အချိန်ဖြစ်သည့်အတွက် အသက်ဆုံးရှုံးမှုနည်းခဲ့သောကြောင့် အဆိုးထဲကအကောင်းဟု ဆိုနိုင်ကြောင်း၊ မီးလောင်ရာတွင် ဆိုင်ခန်းပါသွားသော ဆိုင်ရှင်များကဆိုသည်။ ယခုမင်္ဂလာဈေး မီးလောင်မှုတွင် အဆိုပါဈေးကြီးအား မှီခိုစားသောက်နေရသော လက်လုပ်လက်စားဝန်ထမ်းများအတွက်သာ စိုးရိမ်မိသည်ဟု ဆိုင်ရှင်များကပြောကြားခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ၂ရရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • khinmintatthu

    June 5, 2010 at 6:38 pm

    ဝမ်းသာစရာသတင်းပေ့ါ….ဆေးဝါးတွေကို ဆိုင်တွေက သိုလှောင်ထားကြမှာဆိုတော့….ဆေးဝါးဈေးကွက်ကြီးပါ ထိခိုက်သွားမယ်လို့ထင်ထားတာ…. အခုလိုကြားလိုက်ရတော့ ဝမ်းသာစရာပေါ့

Leave a Reply