ငွေတစ်ထောင်ကျပ်တန် အစစ် ကျပ်တစ်သိန်းနှင့် အတု ငွေကျပ် ၁၀သိန်းကို အလဲအလှယ်လုပ်လာသူများ အဖမ်းခံရကြောင်း ဒေါပုံမြို့နယ်ရဲစခန်းမှ သိရသည်။ ယခုလ ၁၁ရက်က ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံရပ်ကွက်တွင် ငွေစက္ကူအတုဟု ယူဆရသည်များကို ကိုင်ဆောင် သုံးစွဲနေကြောင်း ကြားသိရသည့်အတွက် ယင်း၏ တာဝန်ရှိသူများက သွားရောက် စစ်ဆေးကြရာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ “ဗိုလ်ထွန်းစံရပ်ကွက် ဗိုလ်တေဇလမ်း၊ အိမ်နံပါတ် ၁၇မှာနေတဲ့ မကြည်ကြည်မိုးနှင့် အဖဦးဘိုအောင်တို့က အဲဒီရပ်ကွက်က ဈေးဆိုင်တွေမှာ ငွေစက္ကူအတုနဲ့ ဈေးဝယ်ကြတာကစပြီး သဲလွန်စဖြစ်တာပါပဲ”ဟု ယင်း၏ တာဝန်ရှိသူကရှင်းပြသည်။ ၄င်းတို့ကငွေစက္ကူအတုဖြင့် ငွေကျပ် ၂၀၀ဖိုးစီ ၀ယ်ယူကာ ၈၀၀ကျပ်ကို ပြန်လည်သိမ်းကြောင်း ယင်းကစစ်ဆေးတွေ့ရှိမှုအပေါ် အခြေခံ၍ ပြောသည်။ “စုစုပေါင်း အဲဒီအနီးပတ်ဝန်းကျင်မှာ အတု ငွေ ၁၀၀၀ကျပ်တန်ငါးရွက် အသုံးပြုထားတာတွေ့ရတယ်”ဟု ယင်းကဆိုသည်။ အဆိုပါ နေအိမ်မှ ငွေစက္ကူအတုများကို ည ၇နာရီ ၁၅မိနစ်ခန့်က Kangaroo အဖြူနက်လက်ကိုင်အိတ်မှ အရွက် ၇၀ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ငွေစက္ကူအတုများကို ရွှေပေါက်ကံမြို့နယ်နေ ဒေါ်ယဉ်ယဉ်ရွှေဆိုသည့် အမျိုးသမီးကြီးက မြ၀တီဘက်သို့ ဘုရားဖူးသွားရင်း ဆိုင်ကယ်သမားတစ်ယောက်နှင့် ရင်းနှီးကာ ငွေကျပ်တစ်သိန်းနှင့် ကျပ် ၁၀သိန်းကို အလဲအလှယ်ပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒေါ်ယဉ်ယဉ်ရွှေနှင့် မကြည်ကြည်မိုး၊ မိခင်ဒေါ်စန်းမြင့်တို့နှစ်ဦးက အဆက်အသွယ်ရှိပြီး ငွေစက္ကူအတုတွေကို သုံးစွဲကြတာ၊ အခုဖြစ်စဉ်မှာ အတုမှန်းသိလျက် သုံးစွဲသူတွေအားလုံးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၈၉(ခ)(ဂ)၊ (ပ) ၁၈၉/၂၀၁၀နှင့် အရေးယူထားပါတယ်”ဟု တာဝန်ရှိသူကပြောပြခဲ့ကြောင်း ၂၀၁၀ခုနှစ် မေလ ၂၇ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..