စွမ်းအင် နိုင်ငံရေး နှင့် စီးပါွးရေးအခွင့်အလမ်း

လင်းဝေMay 26, 20101min712

မေလ ၁ရ ရက်က စပြီးရွာတဲ့မိုး ဟာ ဒီနေ့ ၂၆ ရက်ဆိုရင် ဆယ်ရက်ပြည့်သွားပြီ။ ရန်ကုန်မှာတော့ လူတွေ ကပူတယ်လို့ပြောတဲ့အသံပျောက်သွားပြီပေါ့။ မိုးရွာတာနဲ့အတူ မျှော်လင့်ကြတာကတော့ မီးလာမလား ဆိုတာပါပဲ။ လက်ရှိ စစ်အစိုးရ ရဲ့ အရေးအကြီးဆုံး စိန်ခေါ်မှု ဖြစ်နေတဲ့ လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ရေးဟာ သူတို့ ရည်မှန်းထားတဲ့ မေလ ကုန် ပေးနိုင်ရေး ရည်မှန်းချက် နီးလာပေမယ် အခြေအနေတွေက ဝါးတားတားသာဖြစ်နေတုန်းပါပဲ။ ကံကောင်းစွာနဲ့ မုန်းတိုင်းကြောင့်မိုးရွာပေးလိုက်တာ မို့ ရေပြဿနာနဲ့ အပူဒဏ်ပြဿနာကို အခိုက်အတန့် ပြေလည်စေပေမယ့် တကယ့်မုတ်သုန် မိုး က သေချာစွာ ဝင်လာပြီလား ဆိုတာတော့ မိုးလေဝသ ဌာနကလည်း ခိုင်ခိုင်မာမာ ပြောတာကိုတော့ မတွေ့မိသေးပါဘူး။ တကယ်လို့များ မုန်တိုင်းမိုးစဲသွားပြီး မုတ်သုန် ကကောင်းကောင်းမဝင်သေး ၊ မီးကလည်း မပေးနိုင်သေး ဆိုရင်တော့ အစိုးရအတွက်တော့ အကြီးအကျယ် စိတ်ပျက်စရာအခြေအနေတွေပါ။ အစိုးရဟာ ကောင်းကောင်းသိပါတယ် ၊ လျှပ်စစ်မီးတောင် သူတို့မှန်အောင်မပေးနိုင်ဘူး လူတွေက မကျေနပ်ကြဘူးဆိုတာကို။ လူအများစုကြီးကလည်း ၂၀၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီအစိုးရလက်ရှိလူများ ပြန်ဝင်ပြိုင်ကြမယ်၊ အာဏာကို တစ်နည်းနည်းနဲ့ ဆုပ်ကိုင်ထားမယ် လို့ မြင်လာတဲ့အခါ သာမန် လူများရဲ့တုန့်ပြန်မှုက လျှပ်စစ်မီးလေးမှန်အောင် မှန်အောင် မစီမံနိုင်ပဲ ဘာများဆက်ပြီး လုပ်ကြဦးမှာလဲ ဆိုတာပဲဖြစ်ပါတယ်။

ဒါကို ၂၀၀၉ ခုနှစ် စက်တင်ဘာလလောက်မှာ ကောင်းကောင်းကြီး ကြိုသိသွားတဲ့ ဗိုလ်ချုပ်မှူးကြီး က ဆေးမီးတိုအနေနဲ့ ရတနာ ကမ်းလွန်ရေနံတူးစင်ကနေ ရန်ကုန်ကို ဓါတ်ငွေ့ပိုက်လိုင်း  အမြန်ဆက်ပြီး ဓါတ်ငွေ့နဲ့ မီးလုံလောက်အောင်ပေးနိုင်ဖို့ကြိုးစားစီစဉ်ထားတာပါ။ စီစဉ်ညွှန်ကြားထားပုံက မေလကုန် မီးပေးနိုင်ရေးပါ။ စွမ်းအင်ဝန်ကြီး ဦးလွန်းသီကို စေခိုင်းတာမှာ မျက်နှာလိုချင်သော ပုဂ္ဂိုလ်ကြီးက ဧပြီလ ကုန် ပြီးပါစေ့မယ် လို့ ဝန်ခံကတိပြုလိုက်ပါတယ်။ အဲသလိုနဲ့ ကောင်းပြီ ဆိုပြီး စိတ်အေးခဏ ဖြစ်ကြရတာပေါ့။   စီစဉ်သော်လည်း သေချာမှု အားနည်းရင် အရာရာလွဲတတ်တဲ့လောကကြီးမှာ စကတည်းက လွဲတဲ့ စီစဉ်မှု က တိမ်းချော်မှုတွေများစွာနဲ့ပါ။ ဒီပိုက်လိုင်းဆက်သွယ်မှုကို ကမ်းလွန်ပိုင်းအတွက် Swiber Offshore Construction Pte Ltd ကုမ္ပဏီ က ဆက်သွယ်ပေးတာဖြစ်ပြီး ကုန်းတွင်းပိုင်း ဆက်ကြောင်းကိုတော့ IGE ဆိုတဲ့နာမည်နဲ့ မြန်မာကုမ္ပဏီ ကတာဝန်ယူတာပါ။ ဒီကုမ္ပဏီ က ကိုနေအောင်လို့ ခေါ်တဲ့ ဦးအောင်သောင်း သားပိုင် တာဖြစ်ပါတယ်။ သူတို့ ကုမ္ပဏီ က ပိုက်လိုင်းဆက်သွယ်ရေးမှာ အတွေ့အကြုံတော့ရှိပြီးသားပါ။ ခဏခဏ ပေါက်တတ်တဲ့ ထားဝယ်ဘက်က ဆက်ကြောင်းက သူတို့ပါပဲ။ ဓါတ်ငွေ့ပိုက်လိုင်းဆိုတာက သူ့အတိုင်းအတာနဲ့သူ ဓါတ်ငွေ့ ဖိအားကို ခံနိုင်ရည် ရှိရပါတယ်၊ ကမာ္ဘမှာ အများသုံးတဲ့ ဓါတ်ငွေ့ ပိုက်တွေ က ဈေးကြီးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကောင်းအောင်လုပ်ထား လို့ဖြစ်ပါတယ်။ ဓါတ်ငွေ့ပိုက်ပေါက်ရင် ပြင်ဆင်ကုန်ကျစားရိတ်တွေနဲ့ စာရင် ဈေးကြီးတဲ့ပိုက်ကို အစကတည်းက သုံးထားတာ တွက်ချေပိုကိုက်လို့  ဒီလို Proven Technology ပစ္စည်းများကိုသာ သုံးကြတာပါ။ ဒီမှာကတော့ IGE က နိုင်ငံတကာ ပေါက်ဈေးယူပြီး ပေါပေါပဲပဲ တရုပ်လုပ် ပိုက်တွေနဲ့ ဆင်ထားတော့ မြန်မာပြည်မှာ ဓါတ်ငွေ့ပိုက်လိုင်းပေါက်တယ် ဆိုတာ ဖြစ်လေ့ဖြစ်ထ ရှိတာလို့မှတ်ယူပြီး မီးပျက်တာအတွက်လည်း လုံလောက်တဲ့ဆင်ခြေ သာဖြစ်နေပါတော့တယ်။ တကယ်တော့ မီးပျက်တာ ကို ဌာနဆိုင်ရာ ရုံးတွေ ကော အစိုးရနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ပါ ခါးသီးနေတာ ကြာပါပြီ။

အခု ကမ်းလွန်ပိုက်ဆက်သွယ်မှုကိုလည်း မရှိတဲ့ကြားက အမေရိကန် ဒေါ်လာ သန်း ၅၀ဝကျော်ဖိုးသုံးပြီး ဆက်ကာ လျှပ်စစ်စွမ်းအား အမြန်ထုတ်ယူနိုင်ရေး ဖုတ်ပူမီးတိုက် လုပ်ကြသော်လည်း ကုန်းတွင်းပိုင်းနဲ့ ကမ်းလွန် ဆက်မိတဲ့နေရာမှာ လွဲချော်မှုတွေဖြစ်နေလို့ အခုထိ ကောင်းကောင်းမပြီးနိုင်သေးဖြစ်နေပါတော့တယ်။ ဒီ ဆက်သွယ်မှု မှာ ကမ်းလွန်ပိုင်းကိုတော့ Swiber က ပိုက်ကောင်းတွေနဲ့ သုံးထားပေမယ့် IGE က သုံးတဲ့ ပိုက်တွေ ဟာ ဘယ်လို အရည်အသွေးရှိပြီး ဘယ်လို ဖြစ်လာမယ်ဆိုတာတော့မသိပါဘူး။  အခွန်အရပ်ရပ်ကရငွေ သယံဇာတတွေ ရောင်းရငွေက နေပြီး လျှပ်စစ်မီးရရေး အတွက် လက်ရှိအစိုးရ က သူတို့စွမ်းဆောင်ရေပြချင်လို့ဖြစ်ဖြစ် ဘာဖြစ်ဖြစ် လုပ်နေတာ ကောင်းခဲ့ အကောင်အထည်ပေါ်ခဲ့ရင် တိုင်းပြည်သားတွေအတွက်တော့ အနည်းဆုံးအဆင်ပြေစေမှာပါ။ ဒါပေမယ့် ပိုပြီး အဆင်ပြေတဲ့ တိုင်းသူပြည်သားကတော့ ဦးအောင်သောင်းတို့ သားအဖ ပါပဲ။ အခု လောလောဆယ်ကို ဒေါ်လာသန်း၅၀ဝ တန် စီမံကိန်းကြီးနဲ့ အမြတ်တွေများများကျန်လို့နေပါပြီ။ သူတို့ သုံးတဲ့ ပိုက်တွေရဲ့ အရည်အသွေးနဲ့ ဖုတ်ပူမီးတိုက် ဘယ်လို ဆောင်ရွက်ထားတယ် ဆိုတာကို တော့ နောက်ဖြစ်လာမယ့် လျှပ်စစ်စွမ်းအား ထောက်ပံ့ နိုင်မှု နဲ့ ဘယ်သူ့ကို ဘယ်လို အပြစ်တွေလွှဲချကြမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

2 comments

Leave a Reply