ဇာတ်တူသား စားခြင်းနဲ့ပတ်သတ်၍ အမေးအဖြေ

ဆန်နီနေမင်းDecember 12, 20111min1183

မေး။ ။ အရှင်ဘုရား။ တပည့်တော်နာမည်က စိုုင်းနေဝင်သိန်းပါဘုရား။ အခုမလေးရှားမှာ အလုပ်လုပ်နေပါတယ်။ တပည့်တော်စိတ်ထဲမှာ တစ်နုန့်နုန့်ခံစားနေရလို့ သိချင်တာလေးကို မေးခွင့်ပြုပါဘုရား။ တပည့်တော်ဖူးစာရှင်လေးဆိုဒ်မှ သတင်းတစ်ပုဒ်ကို ဖတ်မိတော့ တော်တော်လေးတုန်လှုပ်သွားပါတယ်ဘုရား။ တရုတ်ပြည်မှာ ကလေးငယ်တွေကို လူသားစွပ်ပြုပ် လုပ်ပြီးသောက်နေကြတာကို ဖတ်မိလို့ပါဘုရား။ တော်တော်လေးလည်း သံဝေဂရပါတယ်ဘုရား။ အဲဒီအကြောင်းနဲ့ပက်သက်လို့ ဘုရားရှင်ဟောကြားခဲ့တဲ့ ဇာတ်တူသားမစားရဘူးဆိုတာကိုတော့ သိရပါတယ်ဘုရား။ ဘုရားရှင်ဟောကြားခဲ့တဲ့ ဇာတ်တူသားစားရင် ခံရမဲ့အပြစ်တွေကို တပည့်တော်တွင်သာမက စာဖတ်ပရိတ်သတ်များသိရှိအောင် ဖြေကြားပေးပါလို့ တောင်းပန်လျှောက်ထားအပ်ပါတယ်ဘုရား။ အရှုင်ဘုရားကျန်းကျန်းမာမာနဲ့ သာသနာ့အကျိုးကို ထမ်းရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဘုရား။

စိုင်းနေဝင်းသိန်း
ခေတ္တ မလေးရှား

ဖြေ။ ။ အင်း ဒကာက သိချင်လို့မေးတော့လည်း ဖြေပေးရမှာပေါ့လေ။ မြတ်စွာဘုရားခင်ဗျလည်း (၄၅)နှစ်လေး အသက်ရှင်ရတဲ့ အချိန်ကာလလေးရှိတာမို့ စကြာဝဠာအနန္တမှာရှိတဲ့ စရိုက်စုံသတ္တဝါတွေအတွက် ဒါတွေတော့ မလုပ်နဲ့၊ ဒါတွေမစားနဲ့ဆိုပြီး အကုန်ဟောဖို့က အချိန်မရခဲ့ဘူးလေ။ ပါရမီကံရှိပြီး သူတော်ကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေကို အဓိကရွေးချယ်ပြီး နိဗ္ဗာန်ရောက်အောင် အဓိကထားဟောပေးနေရတာဆိုတော့ ရတဲ့အချိန်လေးကို အကျိုးများမဲ့ဘက်ကမှာ အသုံးချသွားရတယ်။ စရိုက်စုံရှိကြတဲ့သတ္တဝါတွေအားလုံးအတွက် ဒါတွေမလုပ်နဲ့၊ ဒါတွေမကြံနဲ့၊ ဒါတွေမစားနဲ့ဆိုပြီး ဖြစ်လာသမျှ သတ္တဝါတွေရဲ့စိတ်ဓာတ်တွေကို အကုန်ပြောပြဖို့ဆိုတာက အချိန်နဲ့အလုပ်လုပ်ရတာမို့ ပြည့်စုံအောင်တော့ ဘယ်ပြောပြနိုင်ပါမလဲ။ ဒါကြောင့် မြတ်စွာဘုရားက အဓိကအကျိုးမရှိတဲ့ သံသရာဘယ်ကစသလဲစတဲ့ အတွေးများကို မတွေးကြဘဲနဲ့ တရားဘယ်လိုရအောင် အားထုတ်ရမလဲဆိုတာ စဉ်းစားပြီး တရားအားထုတ်ဖို့ကိုပဲ အဓိကထား ပြောခဲ့တယ်လေ။

အင်း ဟုတ်တော့လည်း ဟုတ်ပါတယ်။ တချို့က သံသရာဘယ်ကစသလဲကို သိချင်နေကြသေးတယ်။ နိဗ္ဗာန်ရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အဓိကအချက်တော့ မစဉ်းစား၊ မမေးကြဘူး။ ဘာမဟုတ်တဲ့အလုပ်နဲ့ အချိန်ကိုအလဟဿဖြစ်အောင် သုံးပစ်နေချင်ကြတယ်လေ။ အဲဒီလိုမဟုတ်တာနဲ့ အချိန်ကုန်ချင်တဲ့လူတွေကို ဦးဇင်းကလည်း ဘာမှပြောမရတဲ့အခါ ဒီလောက်တောင် အကျိုးရှိမဲ့အရာနဲ့အချိန်မကုန်ချင်တဲ့လူ မင့်တကယ်သိချင်တဲ့ သံသရာဘယ်ကစဆိုတာကို နောက်မှစဉ်းစား၊ ဝါးလေးတစ်လုံးကို ဖြတ်လိုက်တဲ့အခါ ဝါးလုံးဝိုင်းလေးပေါ်လာတာကို မင့်မြင်ရလိမ့်မယ်။ အဲဒီဝါးလုံးဝိုင်းလေးဟာ ဘယ်ကနေစဝိုင်းသလဲဆိုတာကို မင့်အရင်စဉ်းစား၊ ဒါကို မင့်စဉ်းစားနေတာနဲ့ အဖြေမရဘဲ အချိန်တွေ အလဟဿဖြစ်မှာတော့ သေချာတယ်။ လူသာသေသွားမယ်။ ဒါကို စဉ်းစားရမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ သူက မဟုတ်တာနဲ့ အချိန်ကုန်ချင်မှတော့ သူစိတ်ချမ်းသာအောင် ကိုယ်ကလည်း ဖြေပေးလိုက်တယ်လေ။ တကယ်လည်း ဟုတ်ပါတယ်။ မြတ်စွာဘုရားက အဲဒီလို မဟုတ်တဲ့အရာတွေ စဉ်းစားပြီး ရရှိတဲ့အချိန်လေးကို မကုန်သွားအောင် မစဉ်းစားသင့်တာ မစဉ်းစားဘဲ အဓိကအရေးကြီးတာကိုပဲ စဉ်းစားလုပ်ဆောင်ကြပါလို့ ပြောခဲ့ခြင်းဖြစ်ပါတယ်။

မိမိတို့ လူ့လောကမှာလည်း နေ့စဉ်နဲ့အမျှ အလုပ်တွေတန်းစီးရှိနေကြပါတယ်။ အဲဒီလို တန်းစီရှိနေတာထဲက အဓိကအရေးကြီးတာကိုပဲ ဘယ်သူမဆို ဦးစားပေးလုပ်ကြလေ့ရှိပါတယ်။ အဲဒီလိုပဲ မြတ်စွာဘုရားရှင်ကလည်း (၄၅)နှစ်သက်တမ်းလေးရတဲ့အချိန်ကို သတ္တဝါပေါင်းစုံအတွက် ပြောစရာ၊ ဟောစရာ၊ မိန့်စရာတွေ အများကြီးရှိပြီး အများကြီးပြောပြချင်ပေမဲ့ အချိန်မရတဲ့အတွက် အဓိကကျတဲ့အရာတွေကိုပဲ ဦးစားပေးလုပ်ခဲ့ပါတယ်။ ဒါဟာလည်း မိမိတို့ သာမာန်လူတောင် ဘာမှမဟုတ်ဘဲနဲ့ တစ်ယောက်တည်းအလုပ်များနေတတ်တယ်ဆိုတာ လူတိုင်းသိပါလိမ့်မယ်။ အဲဒီလို ဘာမှမဟုတ်သေးတဲ့ မိမိတို့သာမာန်လူတောင် အလုပ်များနေတဲ့အတွက် အဓိကအလုပ်ကိုဦးစားပေးပြီး အဓိကအရေးမကြီးလှတဲ့အလုပ်ကို လျစ်လျူရှု့ထားခဲ့ရတာတွေ အများကြီးရှိကြပါလိမ့်မယ်။ ဒါကြောင့် တချို့အရာတွေကို မြတ်စွာဘုရားက ဘာဖြစ်လို့ မဟောခဲ့တာလဲလို့မေးရင် အဲဒီမေးတဲ့လူကိုပဲ ဦးဇင်းက မင့်ကရော အလုပ်များတဲ့အခါ ဘာဖြစ်လို့ အရေးမကြီးတဲ့အလုပ်ကို မလုပ်ခဲ့တာလဲလို့ ပြန်မေးရပါလိမ့်မယ်။

ခုလည်း ဒကာက ဇာတ်တူသားစားရင် ဘယ်လိုအပြစ်တွေဖြစ်သလဲလို့ သိချင်တဲ့အခါကျတော့ ဦးဇင်းကလည်း မြတ်စွာဘုရားရှင် အချိန်ရလို့ ပြောပြခဲ့တာလေးကို ပြန်ပြောပြပေးပါမယ်။ အသားငါးစားခြင်းနဲ့ပတ်သတ်ပြီး မြတ်စွာဘုရားရှင်က ရဟန်းတော်များကိုတော့ အောက်ပါအသားများ မစားကြနဲ့။ စားရင် အပြစ်ရှိတယ်လို့ မိန့်ပေးခဲ့ပါတယ်။ ဒါဟာလည်း တကယ်တော့ အပြစ်များစွာဖြစ်တဲ့အရာတော့ မဟုတ်ပါဘူး။ လူတွေကဲ့ရဲ့ခြင်းမှကင်းပြီး လူတွေကြည်ညိုဖွယ်ဖြစ်အောင်၊ ရောဂါများမဖြစ်အောင်၊ အန္တရာယ်လည်းကင်းအောင်ဆိုပြီး မစားကြနဲ့လို့ မြတ်စွာဘုရားရှင်က ကရုဏာနဲ့ပြောခဲ့ခြင်း ဖြစ်ပါတယ်။ ရဟန်းတော်များအတွက် မစားသင့်တဲ့ အသားများကတော့

၁။ လူသား-ဇာတ်တူသားဖြစ်လို့။
၂။ ဆင်သား-ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်တဲ့အတွက် မင်းပြစ်မင်းဒဏ်မသင့်အောင် ကြိုတင်ကာကွယ်နိုင်အောင်လို့။
၃။ မြင်းသား- ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်တဲ့အတွက် မင်းပြစ်မင်းဒဏ်မသင့်အောင် ကြိုတင်ကာကွယ်နိုင်အောင်လို့။
၄။ ခွေးသား-စက်ဆုပ်ရွံရှာဖွယ်ဖြစ်လို့။
၅။ မြွေသား-စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး ရောဂါဖြစ်နိုင်လို့။
၆။ ကျားသား-အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့။
၇။ သစ်သား-အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့။
၈။ ခြင်္သေ့သား-အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့။
၉။ အောင်းသား-အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့။
၁၀။ ဝံသား-အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ဆိုပြီး ဒီအသား(၁၀)မျိုးကိုတော့ ရဟန်းတော်များအနေနဲ့ အထက်ကပြောခဲ့သလို လူတွေကြည်ညိုမမဲ့အောင်၊ ရောဂါမရအောင်၊ အန္တရာယ်ကင်းအောင်ဆိုပြီး မစားကြနဲ့လို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့တာပါ။

ဒီအသားတွေမှလွတ်တဲ့ ကျန်တဲ့အသားများကိုတော့
၁။ ဒိဋ္ဌမံသ-ကိုယ့်ကိုရည်စူးပြီး ကိုယ့်မျက်စိရှေ့မှာ ချက်ထားတဲ့ဟင်းလျာ၊
၂။ သုတမံသ-ကိုယ့်ကိုရည်စူးပြီး သတ်ဖြတ်ထားတယ်လို့ တဆင့်စကားကြားသိထားတဲ့ဟင်းလျာ၊
၃။ ပရိသင်္က ိတမံသ – ကိုယ့်ကိုရည်စူးပြီး သတ်ဖြတ်ထားတယ်လို့ စိတ်က ယုံမှားသံသယရှိနေတဲ့ဟင်းလျာတွေမဟုတ်ရင် စားသုံးနိုင်ပါတယ်၊ မစားဘဲ ရှောင်ရင်လည်း ရှောင်လို့ရပါတယ်လို့ မိန့်ကြားပေးခဲ့ပါတယ်။

အင်း လူတွေသားအတွက်တော့ ကိုယ်တိုင်မသတ်တဲ့ဟင်းဆို ဝယ်ယူချက်ပြုတ်စားသောက်နိုင်ပါတယ်။ မိမိသမ္မာအာဇီဝအလုပ်နဲ့ရတဲ့ငွေကို စိတ်တိုင်းကျဝယ်ယူ စားသုံးတာဟာ အပြစ်မရှိတဲ့အတွက် စိတ်တိုင်းကျစားနိုင်ပါတယ်။ တကယ်လို့ မိမိက သတ္တဝါတွေပေါ် သနားခြင်းကရုဏာမေတ္တာတွေရှိလို့ ဘယ်အသားငါးမဆို မစားဘဲနေနိုင်ရင်တော့ ဗြဟ္မစိုရ်တရားနဲ့နေထိုင်တဲ့အတွက် ကောင်းကျိုးတော့ ရရှိပါတယ်။

အဲဒီတော့ မေးခွန်းရှင်မေးတဲ့ ဇာတ်တူသား လူသားကို ရဟန်းတော်များအနေနဲ့တော့ လုံးဝမစားရပါ။ လူသားတွေအနေနဲ့တော့ မိမိသမ္မာအာဇီဝနဲ့ရလာတဲ့ငွေကို မေတ္တာကရုဏာ၊ ရွံရှာစိတ်မရှိဘူးဆိုရင်တော့ ဇာတ်တူသားကို စားကြပေါ့လေ။ ကိုယ်တိုင်သတ်ရင်တော့ ဘယ်သတ္တဝါကိုမဆို အပြစ်ရှိတယ်ဆိုတာတော့ လူတိုင်းသိကြမယ် ထင်ပါတယ်။
ပွင့်တော်မူခဲ့ပြီးတဲ့ မြတ်စွာဘုရားရှင်အားလုံးသော်မှ ချွတ်လို့မရနိုင်တဲ့လူအစရှိတဲ့ သတ္တဝါတွေ အများကြီးရှိခဲ့သေးတာဆိုတော့ ခုလိုခေတ်မျိုးမှာ လူဆိုးလူမိုက်စိတ်ပေါက်ပြီး ထင်ရာလုပ်နေတဲ့လူတွေလည်း အများကြီးရှိပါလိမ့်မယ်။ အဲဒီတော့ အဲဒီလို လူတွေကို မိမိတက်နိုင်ရင် ပြောဆိုဆုံးမပေးမယ်။ ပြောဆိုဆုံးမပေးလို့မှမရရင်တော့ သဗ္ဗေသတ္တာကမ္မဿကာ-သတ္တဝါတခု ကံတခု၊ ပြုသူအသစ် ခံရသူအဟောင်း၊ ဝဋ်ကြွေးရှိလို့ ခံကြရတာ၊ ခုမကောင်းမှုလုပ်တဲ့လူတွေကို သူများဝဋ်ကြွေးတော့ ကိုယ့်ကပျောက်အောင်လုပ်ပေးပြီးရင် မိမိဝဋ်ကြွေးကို သူများကပြန်လည်ပြေပျောက်အောင် လုပ်ပေးတဲ့အခါကျရင်လည်း အလှည့်ကျရင် မနွဲ့ကြစတမ်းဆိုတဲ့အတိုင်း ကိုယ့်အလှည့်လည်း မကြာခင်ရောက်လာမှာမို့ ပြင်ဆင်ထားဖို့ မမေ့ကြနဲ့ပေါ့လေ။

ကိုင်း ဒီလောက်ဆိုရင်တော့ မေးခွန်းရှင်ရော၊ ဦးဇင်းစာဖတ်ပရိသတ်အားလုံးရော နားလည်သဘောပေါက်လိမ့်မယ် ထင်ပါတယ်။ အဲဒီတော့ ရခဲလှတဲ့လူ့ဘဝလေး၊ သိခဲလှတဲ့ ဗုဒ္ဓအသိဉာဏ်လေးရှိနေချိန်၊ ကြုံခဲလှတဲ့ သာသနာနဲ့တွေ့ကြုံနေချိန်၊ ရှိခဲလှတဲ့ သူတော်ကောင်းတရားများ ထွန်းကားနေချိန် မသေခင်လေးဝယ် မိမိတို့ဘဝကို ဘယ်လိုကျင့်သုံးနေထိုင်ဖြတ်သွားရမယ်ဆိုတာ သဘောပေါက်လိမ့်မည် ထင်ပါရဲ့။

စာဖတ်သူအားလုံး ဘဝကိုကောင်းမွန်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

3 comments

  • lulinmg

    December 13, 2011 at 12:13 pm

    ဘာပဲဖြစ်ဖြစ်နဲနဲတော့ဖတ်ကြည့်မိပါတယ်

  • moethidasoe

    December 13, 2011 at 2:28 pm

    အသားတွေထဲမှာ လူသားက ပို ကောင်းတယ်လို့ ဆိုကြတယ် ..
    လူသားကို စားမိပြီ ဆိုရင် အခြား ဘယ်အသားကိုမှ မစားချင်ပဲ လူသားပဲ စားချင်လာတဲ့အထိ စွဲစွဲလမ်းလမ်း စားကြတယ် လို့ ဆိုတယ် .. ကျားတွေ လူသားစားမိပြီ ဆိုရင် လူအနားမှာပဲ ဝဲတယ် လို့ ဆိုတယ်
    လူတွေ အချင်းချင်း စားခဲ့တာ ဇာတ်တော်ထဲမှာ ပါသေးတယ်လို့ ထင်ပါတယ် .. လူသားပဲ စားနေတဲ့ ဘုရင်ကြီး တစ်နေ့မှာ စားစရာ လူသား မရတော့ ရင်ခွင်ထဲက သားလား မြေးလား မသိ ပေးလိုက်ပြီး ချက်ခိုင်းတယ် တဲ့
    တစ်ချိန်က ဦးလာဘ ဆိုတဲ့ ကိုယ်တော်လဲ ထူးခြားမလားလို့ လုပ်ကြည့်ချင်တဲ့ ဒကာကြောင့် လူသားကို စွဲလမ်းခဲ့တဲ့ ဇာတ်လမ်းကို အသက်ငါးဆယ်တန်း လူတွေ မှတ်မိကြမှာပါ

  • ဆန်နီနေမင်း

    December 13, 2011 at 2:51 pm

    အင်း လူသားစားလို့ ဒုက္ခရောက်ခဲ့တဲ့ ဇာတ်တော်ကတော့ ပေါရိသာရဘုရင်ပါ။ သူ့ရဲ့စားဖိုးမှူးက ဥပုသ်နေ့မရောက်ခင်မှာ အသားငါးဝယ်ထားသော်လည်း ခွေဝင်စားလို့ အသားငါးဟာ ကုန်သွားပါတယ်။ ဒါနဲ့ စားဖိုးမှူးဟာ ဥပုသ်နေ့မှာ အသားငါးမရနိုင်တာနဲ့ သေဒဏ်ကျတဲ့လူရဲ့အသားကို ချက်ကျွေးမိရာက ဘုရင်ဟာ လူသားဆွဲသွားပါတယ်။ နောက်ဆုံး ပြစ်ဒဏ်ကျတဲ့လူတွေကုန်တော့ သူ့သားဖြစ်သူကိုပဲ သတ်စားခဲ့တဲ့အထိ ဒုက္ခရောက်ခဲ့ပါတယ်။ အဲဒီတော့ လူသားစားခြင်းဟာ အများဟာ ကဲ့ရဲ့ရှုပ်ချခံရခြင်း၊ မေတ္တာကရုဏာခေါင်းပါးခြင်းစတဲ့ မကောင်းကျိုးတွေအပြင် လူသားမျိုးနွယ်ပါ ပျောက်နိုင်လောက်အောင်ထိ ဆိုးကျိုးများစေပါတယ်။ တကယ်လို့သာ လူသားတွေအကုန်စားနေကြရင် တွေ့ရာလူကအရင်သတ်စားကြမှာမို့ ကမ္ဘာကြီးမှာ လူသားတွေ အကုန်ပျောက်ကုန်သွားနိုင်ပါတယ်။ ဒါကြောင့် မိမိတို့နီးစပ်ရာများကို မိမိတက်နိုင်သလောက် ပြောဆိုဆုံးမ လူလိမ်မာလေးများဖြစ်အောင် လုပ်ပေးကြပါလေ။

Leave a Reply