ဒါရိုက်တာ ညိုမင်းလွင်နှင့် တွေ့ဆုံခြင်း ‘ကျွန်တော်ရိုက်တဲ့ ကားတိုင်း ပရိသတ်က ကျေကျေနပ်နပ် လက်ခံဖို့၊ အားပေးရကျိုးနပ်ဖို့ပဲ လိုပါတယ်’…

lu ta loneMay 26, 20101min540

အနုပညာသက်တမ်း ဆယ်နှစ်ပြည့်တွင် ပရိသတ်နှင့် တိုက်ရိုက်တွေ့ဆုံ၍ အသစ်အသစ်သော ဖန်တီးမှုများဖြင့် ပေးအပ်ရန် ကတိပေးခဲ့သူ
ဒါရိုက်တာညိုမင်းလွင်သည် ပထမဆုံးရုပ်ရှင်ကားကြီးအား
ပရိသတ်ရှေ့သို့ချပြရန် ပြင်ဆင်လာခဲ့သည့်အပြင် လူငယ် ဟစ်ဟော့ပ်
အဆိုရှင်များစွာ ပါဝင်ထားသည့် ‘ကိုယ့်သမိုင်းကိုယ်ရေးကြသူများ’
ဒီဗီဒီအားလည်း ဖန်တီးထားပြန်သည်။ လတ်တလော ထွက်ရှိထားသည့် Heart 4
ဇာတ်ကားမှာလည်း သူ၏ ပရိသတ်များကြားထဲ လှုပ်လှုပ်ခတ်ခတ်ရှိနေခဲ့ရာ
သူယုံကြည်ထားရာ အနုပညာဖန်တီးမှု အတတ်ပညာနှင့် ပတ်သက်၍ ပြောဖြစ်ခဲ့သမျှမှာ .
.
မေး – ဒါရိုက်တာသက်တမ်း ဆယ်နှစ်ပြည့်တဲ့ အချိန်မှာ ပထမဆုံး ရုပ်ရှင်ကားကြီး ဖန်တီးဖို့ စိတ်ကူးကိုလည်း ပြောပြပါဦး။
ဖြေ – ဒီဘက်နှစ်ပိုင်းတွေမှာ ကျွန် တော်အမေးခံရဆုံး မေးခွန်းက ရုပ်ရှင်ကားကြီး ဘယ်တော့ရိုက်မလဲ မေးခွန်းပါ။ ရုပ်ရှင်ကားကြီးရိုက်ဖို့ စဉ်းစားနေတာ
ကြာပါပြီ။ ကျွန်တော့်ကို interviewer တွေက ဒီလောကထဲကို ဘယ်ဗီဒီယိုကားနဲ့
ရောက်လာတာလဲမေးရင် ကျွန်တော့် ကိုယ်ကျွန်တော် အသုံးမကျဘူးလို့ ခံစားရတယ်။
ဒါရိုက်တာ မောင်မျိုးမင်းကို ဘယ်ကားနဲ့ ဒီလောကထဲ ရောက်လာတာလဲလို့ မေးရင်
အဲဒါမေးတဲ့သူရဲ့အပြစ်၊ မောင်မျိုးမင်းဆိုတာ နှင်းဆီဝိုင်နဲ့ ဒီလောကထဲ
ရောက်လာတယ်ဆိုတာ တစ်နိုင်ငံလုံးသိတယ်။ ကျွန်တော့်အလှည့်မှာတော့
အဲဒီလိုမေးရင်မေးတဲ့သူရဲ့ အပြစ်မဟုတ်တော့ဘူး။ ကျွန်တော်က ပထမဆုံးတစ်ခုကို
လူတွေကြားထဲ ပျံ့နှံ့အောင်မလုပ်နိုင်ခဲ့လို့ ဒီမေးခွန်း အမေးခံရတယ်လို့
ယူဆတယ်။ ဗီဒီယိုမှာ တစ်ကြိမ် အသုံးမကျဖြစ်ပြီးပြီ။ ရုပ်ရှင်မှာတော့
မဖြစ်ချင်ဘူး။ ကျွန်တော့်ရဲ့ပထမဆုံး ရုပ်ရှင်ကားကြီးက နောင်တစ်ချိန်မှာ
ဘယ်ရုပ်ရှင်ကားကြီး နဲ့ စခဲ့တာလဲလို့ ပြန်မေးစရာမလိုအောင်
သေချာတဲ့ကားမျိုး ဖြစ်စေချင်တယ်။ ဒါကြောင့် ပထမဆုံး ရုပ်ရှင်ကားကြီးအတွက်
ဆုံးဖြတ်ချက်ချပြီးပြီ။ ပြင်ဆင်သင့်သလောက် ပြင်ဆင်ပြီးပြီ။
မေး – ပထမဆုံး ရုပ်ရှင်ကားကြီးအတွက် သူရဲကောင်းတစ်ယောက်ရဲ့ အကြောင်းအရာကို ဘာကြောင့် ရွေးချယ်ဖြစ်တာလဲ။
ဖြေ- အဓိကတော့ ကျွန်တော်တို့မှာ စဉ်းစားပုံ စဉ်းစားနည်းက အရမ်း limitation ဖြစ်လွန်းတယ်။ ဘယ်လောက်ပဲ စဉ်းစားသည်ဖြစ်စေ limitation တစ်ခုနဲ့
ကြီးပြင်းလာခဲ့ရတာ။ တစ်ခါတလေမှာ အရိုးဆုံးဟာ အဆန်းဆုံးဖြစ်တယ် ဆိုတဲ့ စကား
လည်းရှိတယ်။ ဒါကြောင့်လည်း အဲဒီဇာတ်ကားလေးက အရိုးဆုံး အရာတစ်ခုကို
အဆန်းဆုံးတင်ပြနိုင်လိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ရွေးချယ်ခဲ့တာပါ။
မေး – အဲဒီလို ရွေးချယ်တဲ့အခါ ပရိသတ်အတွက်ရော ဘာတွေ ကြိုပြင်ထားသေးလဲ။
ဖြေ-ကျွန်တော် ပထမအဆင့်အနေနဲ့ ကျွန်တော့်ရဲ့ facebook မှာ ရုပ်ရှင်ဇာတ်ကားရဲ့ ပိုစတာဒီဇိုင်းနဲ့ နာမည်ကိုစပြီး တင်ပြပြီးပြီ။ မတင်ပြရသေးတဲ့
အချက်အလက်တွေ အများကြီး ရှိပါသေးတယ်။ အဲဒီအချက်အလက်တွေ
တင်ပြတဲ့အချိန်ကျရင်တော့ ပရိသတ်တွေဘက်က ဘယ်လိုတုံ့ပြန်မှု
ပြန်လာနိုင်လဲဆိုတာကို တွေးလို့ရနိုင်ပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်
ပရိသတ်ဆိုရင်ရော ဒီကားကိုသွားကြည့်မှာလား၊ ဗီဒီယိုအခွေဆိုင်မှာ ဒီ
ကားဝေါရှိတွေ့ရင် ငှားကြည့်မလားဆိုတာ စဉ်းစားပြီးမှ ဒီကားရိုက်ဖို့
ပြင်ဆင်တာပါ။
မေး – ပထမဆုံးရုပ်ရှင်အတွက် ပြင်ဆင်မှုအနေအထားက ဘယ်လောက် ရောက်နေပြီလဲ ဆိုရင်ရော။
ဖြေ- ကျွန်တော့်တစ်ယောက်တည်း အတွက်တော့ ၆ဝရာခိုင်နှုန်း ပြင်ဆင်ပြီးပါပြီ။ အခုနှစ် ဒီဇင်ဘာမှာ ကျွန်တော်စရိုက်မှာပါ။ အခု ကျွန်တော်
ဘာကားရိုက်မယ်ဆိုတာ ကျွန်တော်တင်ပြပြီးပြီ။ ဘယ်လိုရိုက်မယ်၊ ဘယ်သူတွေပါမယ်
ဆိုတာကတော့ တရားဝင် ရိုက်ခါနီးကျရင် အသိပေးမှာပါ။
မေး – ‘ကိုယ့်သမိုင်းကိုယ်ရေးကြသူများ’ ဒီဗီဒီကိုရော ဘယ်လိုရိုက်ဖြစ်သွားတာလဲ။
ဖြေ- အဲဒီကားက စီစဉ်တာထက်ဝက်လောက်ရောက်မှ ကျွန်တော်ဖြတ်ဝင်လာတာလို့ ပြောလို့ရတယ်။ ရိုက်ခါနီး နှစ်ပတ်လောက် အလိုကျမှ ကျွန်တော့် ကို ယုန်လေးက
အကူအညီလာတောင်းတယ်။ အဲဒါနဲ့ပဲ ရိုက်ဖြစ်သွားတာ။ တကယ်တမ်းရိုက်ဖြစ်တဲ့
အချိန်ကျတော့လည်း စိတ်ဝင်စားစရာတွေ အများကြီးပါပဲ။ အထူးသဖြင့်တော့
ကားပြိုင်တဲ့ scene မျိုးပေါ့။
မေး- လူငယ်ပရိသတ်တွေ စိတ်ဝင်စားတဲ့ ဟစ်ဟော့ပ်လူငယ်တွေ အများစုပါဝင်တဲ့ ဒီကားကို ပုံစံအသစ်တွေနဲ့ ဖန်တီးတတ်တဲ့ ကိုညိုမင်းလွင် ရိုက်တဲ့အခါ
စိန်ခေါ်မှုတွေရှိခဲ့လား။
ဖြေ-အဓိက စိန်ခေါ်မှုတစ်ခုကတော့ ကျွန်တော်ကိုယ်တိုင်လိုက်ပြီး catchလုပ်ထားတဲ့ ဂီတတစ်ခု။ ကျွန်တော်တို့က ရော့ခ်နဲ့ကြီးလာတာကိုး။ လက်ရှိလူငယ်တွေရဲ့ပုံစံကို
လုံးဝပြောင်းလဲသွားအောင် ယဉ်ကျေးမှုတစ်ခုကို သူတို့ ထူထောင်လိုက်နိုင်တယ်။
ဒါကို ကျွန်တော်အသိ အမှတ်ပြုကိုပြုရမယ်။ အဲဒီလို လူငယ်တွေနဲ့ ရိုက်တဲ့အခါ
မပီပြင်ဘူးကွာ၊ ငါတို့ကာလာကို လိုက်မမီဘူးကွာ ဆိုတာမျိုး အပြောခံရမှာ
ကျွန်တော်ကြောက်တယ်။ သူတို့ရဲ့ကာလာ၊ သူတို့ရဲ့ယဉ်ကျေးမှုတွေကို ကျွန်တော်
နားလည်အောင် ကြိုးစားခဲ့ရတယ်။ ကျွန်တော့် အတွက် အဲဒါစိန်ခေါ်မှုတစ်ခုပါပဲ။
မေး-ဒါရိုက်တာ ညိုမင်းလွင်က ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ ဆိုရင်ရော။
ဖြေ- ကျွန်တော် အခုဖန်တီးမယ့် အရာတွေအားလုံးက အရင်ဖန်တီးခဲ့တာ တွေနဲ့တော့ တူမှာမဟုတ်ဘူး။ ကျွန်တော်စဉ်းစားခဲ့ ဖန်တီးခဲ့တာတွေ ရဲ့ရာနှုန်းပြည့်က
ပရိသတ်ဆီ ရောက်မသွားဘူး။ ပရိသတ်ဘက်ကတော့ အဆင်သင့်ဖြစ်နေပြီ။
ကျွန်တော့်ဘက်ကလည်း သတ္တိရှိရှိနဲ့ ပြောင်းဖို့လိုမယ် ထင်တယ်။
မေး- ဇာတ်ကားတွေ နည်းနည်း ကျဲနေတဲ့အခါကျတော့ ပရိသတ်နဲ့ အဆက်ပြတ်သွားမှာ မစိုးရိမ်ဘူးလား။
ဖြေ – ကျွန်တော့်အနေနဲ့ကတော့ အဲဒီလိုခြားတာကို ပိုကြိုက်တယ်။ အဓိကက ပရိသတ်ဆီကိုရောက်ဖို့၊ ကျေကျေနပ်နပ်လက်ခံဖို့၊ အားပေးရကျိုးနပ်ဖို့ပဲ
လိုပါတယ်။