ကြာပန်းလေးများခေါ်ရာနောက်သို့ -၂

who whoDecember 13, 20111min831

ဒီနေ့လည်း ကြာပန်းလေးများခေါ်ရာ အလောင်းတော် မင်းသိဒ္ဓတ် ဘဝဆီသို့ အတွေးခြေလှမ်းများ ဆန့်ရင်းလိုက်ပါလာရပါတယ်။
အလောင်းတော် မင်းသိဒ္ဓတ်ဖွားမြင်တော့ ခြေဖဝါးတော်မှာ ကြာပွင့် တွေ ခံလာခဲ့ကြတယ် ဆိုတာလေးကို မြင်ယောင်မိပြန်ပါတယ်။ အင်း ဒါလည်း ထူးခြားတာပဲလေ။အော်..ကြာပန်းလေးများရဲ့ အတိတ်ပုံရိပ်လေးတွေကတော့ တစ်ခုပြီး တစ်ခုထူးလို့ နေပါပေါ့..။
အင်း…ဒီလိုနဲ့ ဘုရားဖြစ်ပြီးကာလဆီသို့ အတွေးလှိုင်းတွေစီးရင်း ဆက်လာမိပြန်သော်……………….
မြတ်စွာဘုရား ဘုရားအဖြစ် ရောက်ရှိပြီးလို့ ရက်ငါးဆယ်မြောက် သောနေ့ နံက်ခင်း အချိန်ကာလတစ်ခုမှာပေါ့……………။
ဆိတ်ငြိမ်ရာ ချဉ်းကပ်ပြီး တစ်ပါးတည်း ကိန်းတော်မူတဲ့အချိန် မြတ်ဘုရားရဲ့ ဉာဏ်တော်မှာ အကြံအစည်တစ်ခု ဖြစ်လာပါတယ်တဲ့။ ဘယ်လို အကြံအစည် ဖြစ်သလဲဆိုရင် “ငါဟာ ပါရမီတော်များကို ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်း ဖြည့်ကျင့်ခဲ့ခြင်းအားဖြင့် သစ္စာလေးပါး မြတ်တရားကို ထိုးထွင်း သိမြင်နိုင်ခဲ့ပြီ။ ငါထိုးထွင်းသိမြင်တဲ့ သစ္စာလေးပါးဟာ အင်မတန်မှ သိမ်မွေ့ တယ်။ အင်မတန်မှ နက်နဲတယ်။ အင်မတန်မှ သိနိုင်ခဲ့လှတယ်။ သတ္တဝါတွေ မှာကလည်း ရာဂ၊ဒေါသအစရှိတဲ့ ကိလေသာတွေ လွှမ်းမိုးပြီးတော့ ကိလေသာ ထူပြောနေကြလေတော့ မိမိက သစ္စာလေးပါးတရားကို ဟောလို့မှ မိမိဟော လိုက်တဲ့ သစ္စာလေးပါးတရားကို သူတို့မှာ မသိမမြင်နိုင်ကြဘူးဆိုရင် တရား ဟောခြင်းကြောင့် ငါဘုရားမှာ ပင်ပန်းနွမ်းနယ်ရုံပဲရှိမှာပဲ” ဆိုတဲ့ အကြံအစည် ဖြစ်တော်မူတာကြောင့် သစ္စာတရားတွေ ဟောသင့်၊ မဟောသင့် ဆင်ခြင် တော်မူနေပါတယ်။
အဲဒီအချိန် ရူပပထမဈာန်ဘုံက ဗြဟ္မာကြီး ဆင်းသက်လာပြီးတော့ မြတ်ဘုရားအား လျှောက်ထားပါတယ်။ သူလျှောက်ထားလိုက်တာကတော့ “အရှင်ဘုရား သစ္စာလေးပါးတရားတို့ကို ဟောကြားပေးတော်မူပါဘုရား။ ဉာဏ်မျက်စိမှာ ကိလေသာ မြူမှုန်နည်းပါးကြတဲ့ သတ္တဝါတွေ မြောက်မြားစွာ ရှိကြပါတယ်ဘုရား။ အရှင်ဘုရားဟောတဲ့ တရားမှ မနာကြားကြရဘူးဆိုရင် သူတို့ ရသင့်ရထိုက်တဲ့ မဂ်ဖိုလ်တရားထူးတွေ ဆုံးရှုံးကြကုန်ပါလိမ့်မယ်။ မြတ်စွာဘုရား ဟောကြားမယ့် တရားတော်တွေကို သိမြင်နိုင်မယ့် ပုဂ္ဂိုလ်တွေ လည်း လောကမှာ ပေါ်ပေါက်လာကြမှာပါဘုရား” လို့ လျှောက်ထားပါတယ်။
မြတ်စွာဘုရားရှင်ဟာ တရားဟောဖို့ အကြောင်းတရားတွေ ညီညွတ် ပြည့်စုံ သွားတဲ့အတွက် သတ္တဝါဝေနေယျတွေကို သစ္စာလေးပါးတရား ဟောဖို့ ဆုံးဖြတ်တော်မူခဲ့တယ်။ အဲလိုလည်း ဆုံးဖြတ်ပြီးရော သစ္စာလေးပါးတရားကို သိမြင်ကြမယ့် ပုဂ္ဂိုလ်လေးမျိုးကို ဉာဏ်တော်မှာ သွားတွေ့ပါတယ်တဲ့။အဲဒီ ပုဂ္ဂိုလ်လေးမျိုးကိုလည်း ကြာလေးမျိုးဥပမာနဲ့ ဉာဏ်တော်မှာ ထင်လာတာပါ တယ်တဲ့နော်။
(၁)ပထမကြာက ရေမျက်နှာပြင်ရဲ့ အထက်မှာ စွင့်စွင့်တက်ပြီးတော့ ဒီနေ့ပဲ ပွင့်တော့မယ့်ကြာ။

(၂)ဒုတိယကြာကတော့ ရေမျက်နှာပြင်နဲ့အညီ တည်နေပြီးတော့ မနက်ဖြန်မှာ ပွင့်မယ့်ကြာ။

(၃)တတိယကြာက ရေမျက်နှာပြင်အောက်မှာ ဖွံ့ဖြိုးကြီးပွားပြီးတော့ သန်ဘက်ခါမှာ ပွင့်မယ့်ကြာ။
(၄)စတုတ္ထကြာက ရေမျက်နှာပြင်ပေါ်ကို တက်လည်း တက်မလာ တော့ဘူး၊ပွင့်လည်းမပွင့်လာတော့ဘူး၊ ရေမျက်နှာပြင်အောက်မှာပဲ ငါး၊ လိပ် တွေရဲ့ အစာဖြစ်ပြီးတော့ ပျက်စီးသွားရမယ့် အပြစ်အနာအဆာမကင်းတဲ့ကြာ။
ဆိုပြီးတော့ ကြာလေးမျိုး ဥပမာနဲ့ ဉာဏ်တော်မှာ ထင်လာခဲ့ပါတယ်။
ဒါကို ပြန်ပြီး အဓိပ္ပါယ်ဖွင့်ကြည့်တဲ့အခါမှာ ပထမကြာနဲ့ တူသော ပုဂ္ဂိုလ်က အကျဉ်းဟောရုံနဲ့ သစ္စာလေးပါးကို သိမြင် ကျွတ်တမ်းဝင်ကြမယ့် ပုဂ္ဂိုလ်မျိုးကို ဆိုလိုပါတယ်။
ဒုတိယကြာနဲ့ တူသော ပုဂ္ဂိုလ်ကတော့ အကျယ်ဟောလို့ရှိရင် သစ္စာ လေးပါးကို သိမြင်လို့ ကျွတ်တမ်းဝင်ကြမယ့် ပုဂ္ဂိုလ်မျိုးကို ဆိုလိုပါတယ်။
တတိယကြာနဲ့တူသော ပုဂ္ဂိုလ်ကကျတော့ အကျဉ်းအကျယ် ဟောရုံ နဲ့ မဂ်၊ဖိုလ် တရားထူး မရသေးဘဲ သူတော်ကောင်းပုဂ္ဂိုလ်တွေဆီ ချဉ်းကပ်လိုက်၊ သူတော်ကောင်းတရားတွေ နာကြားလိုက်၊ ဝိပဿနာတရား တွေ အားထုတ်လိုက်၊ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ် ပွားများကျင့်ကြံပြီးတော့မှ မဂ်ဖိုလ်တရားထူးကို ရမယ့် ပုဂ္ဂိုလ်မျိုးပါတဲ့။
စတုတ္ထအမျိုးအစားကြာနဲ့တူတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ တရားတွေ ဘယ် လောက်ပဲနာနာ၊ တရားတွေဘယ်လောက်ပဲ အားထုတ်အားထုတ် ဒီဘဝမှာ မဂ်ဖိုလ်တရားထူးမရနိုင်သေးပဲ ပါရမီအနေနဲ့သာ ဖြည့်သွားရပြီး နောင်တစ်ချိန် ကျမှ သစ္စာလေးပါးတရားကို သိမြင်ကြမယ့်ပုဂ္ဂိုလ်တွေလို့ ဆိုလိုပါတယ်။
ကဲ ကြာပန်းလေးတွေရယ် ….ပွင့်ပြပုံကိုက အဓိပ္ပါယ်တွေ အပြည့်ရှိ နေပါပေါ့လားနော်။
ဒီနေ့တော့ မြတ်ဘုရား ဉာဏ်တော်မှာ ထင်လာတဲ့ ကြာပန်းလေးတွေကို ကြည့်လို့ပဲ ပုဂ္ဂိုလ်လေးမျိူးအကြောင်းကို သိခွင့်ရသွားခဲ့ပြီမို့ ကိုယ်လည်း ဘယ် အမျိုးအစားထဲမှာများ ဖြစ်နေမလဲဆိုတာ တွေးရင်းနဲ့ပဲ ……………..။

One comment

  • super

    December 13, 2011 at 11:57 am

    ကြာလေးမျိုး ဥပမာကို ဖတ်ပြီး ကျနော်လည်း ဘယ်အမျိုးအစားထဲမှာ ပါမလဲလို့ တွေးတောရင်းဖြင့်……..

Leave a Reply