HIV ဆိုတာ

moethidasoeDecember 13, 20111min1439

HIV ဆိုတာ ရောဂါပိုး နာမည် ပါ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ် ပိုး တစ်မျိုးဖြစ်ပါတယ်

AIDS ဆိုတာက HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ဖြစ်ပေါ်လာတဲ့ ရောဂါ ဖြစ်ပါတယ် (စာသံပေသံနဲ့ ဆိုရင် ရောဂါလက္ခဏာစု လို့ ခေါ်ပါတယ်)

သမိုင်း အစကို ပြန်မရှာပါနဲ့တော့ (ပုဂံသမိုင်းလို ဖြစ်နေမှာပါ)

နာမည် အလိုအရ လူမှာပဲ ကူးစက်ပါတယ် Human Immunodeficiency Virus လို့ ခေါ်တာကိုး

လူရဲ့ ဘယ်နေရာတွေက တဆင့် ကူးသလဲ ဆိုတော့

လိင်အင်္ဂါ အရည်၊ သွေး၊ မိခင်နို့ရည်က တဆင့် ကူးပါတယ်

နည်းလမ်း ပြောရရင်

အကာအကွယ်မဲ့ လိင်ဆက်ဆံတာ

မသန့်ရှင်းတဲ့ ပိုးပါတဲ့ သွေးသွင်းတာ

မသန့်ရှင်းပြီး (ရောဂါပိုး ရှိနေတဲ့ သွေး အရည်တွေ ပေနေတဲ့) ချွန်ထက်တဲ့ အသားဖောက် ကရိယာတွေက တဆင့် ကူးတယ်၊ (မူးယစ်ဆေးကို ပြွှန်တစ်ချောင်းတည်း၊ အပ်တစ်ချောင်းတည်း မျှဝေသုံးတဲ့ လူတွေ အဖြစ်များတယ်)၊ နောက်တစ်ချက်က

ရောဂါပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင်က သူ့ သန္ဓေသားကို ကူးတယ် ပေါ့၊

တံတွေးမှာ ကူးလောက်တဲ့ ပမာဏ မပါဘူး (မကူးဘူး)၊ အနာအဆာမရှိတဲ့ အရေပြားကို ဖောက်ထွင်း မဝင်ဘူး။ ဒါကြောင့် လက်ဆွဲနှုတ်ဆက်တာ၊ အသာအယာ ဖက်တာ မကူးဘူး၊ ဗမာလို နမ်းရင် မကူးဘူး၊ ပါးကို နမ်းတာ ပြောတာ၊ အင်္ဂလိပ်လို နမ်းတယ် နှုတ်ခမ်းချင်း အသာအယာပဲ ထိတယ် ဆိုရင်တောင် အနာမရှိရင် မကူးဘူး၊ ဒါပေမယ့် စာအလိုအရ ပြင်သစ်လို နမ်းတယ် တဲ့ .. နှုတ်ခမ်းချင်း စုတ်နမ်းတာ တောင်မှ သွေးထွက်ပေါက်ပြဲအောင် နမ်းတယ် ဆိုရင် ကူးနိုင်တယ် တဲ့။ အဝတ်အစားတွေ ပေကျန် မနေရင် လဲဝတ်လို့ ရတယ်၊ အိမ်သာ အတူမျှဝေသုံးလို့ရတယ်၊ ရေကူးကန်မှာလဲ အတူ ကူးလို့ ရပါတယ်။ ခြင်ကတဆင့် မကူးဘူး။ တိရစာ္ဆန်က တဆင့် မကူးဘူး။

HIV ပိုးရှိနေတဲ့လူကို အားပေးဖို့ လိုပါတယ် .. ပစ်ပယ်ထားကြခြင်းက သူတို့တွေကို လူအသိုင်းအဝန်းရဲ့ ဘေးကို ရောက်သွားစေပြီး စိတ်ဓာတ်ကျ တာနဲ့ကို အသေစောကြပါတယ်

လိင်တူ လိင်ကွဲ အကာအကွယ်မဲ့ လိင်ဆက်ဆံရင် ကူးပါတယ် .. အကာအကွယ်နဲ့ ဆိုရင် နည်းမှန် စနစ်မှန် အသုံးပြုရင် ၉၅% လောက် စိတ်ချရတယ် (၅% ကတော့ ကွန်ဒုံးရဲ့ အရည်အသွေးပေါ် မူတည်တယ်)

လူတွေက ကူးစက်နည်းမှာ ဘလိတ်ဓားကို သိပ် ပြောချင်ကြတယ် .. မကူးဘူးတော့ မဟုတ်ပါဘူး .. ကူးနိုင်ပါတယ် .. ဒါကို သိပ် အာရုံ စိုက်သွားရင် တကယ် အများဆုံး ကူးနေတဲ့ လိင်ဆက်ဆံတာ .. မူးယစ်ဆေးအတွက် အပ် မျှဝေသုံးတာတွေကို မေ့သွားတတ်ပါတယ်။ အရေပြားကို ထိုးဖောက်နိုင်တဲ့ ပစ္စည်းတွေက ပိုးပါလာရင် ကူးမှာပါ ဒါကြောင့် တစ်ခါသုံးတွေ သုံးလာကြတယ် ..

ဆေးမင်ကြောင် ထိုးတဲ့ နေရာမှာလဲ တစ်ခါသုံး အပ် သုံးတယ်လို့ ဆိုတယ် ဒါပေမယ့် ဆေးရည်ကတော့ တစ်ခွက်တည်း ဖြစ်နေတာ ဆက်တိုက် ထိုးနေရတဲ့ နေရာမှာ ဆိုရင် ကူးနိုင်ခြေ ရှိပါတယ်။

မကူးနိုင်တဲ့နည်းတွေကို သိထားပြီးပြီမို့လို့ HIV ရှိတယ်လို့ သိထားတဲ့လူကို လက်ဆွဲ နှုတ်ဆက်နိုင်ပြီပေါ့နော် ..

တကယ်က လူတစ်ယောက်မှာ HIV ရှိတယ် မရှိဘူး ဆိုတာ အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မသိနိုင်ပါဘူး ..

ဒါကြောင့် ပိုး ရှိနေသည်ဖြစ်စေ၊ မရှိဘူး ဖြစ်စေ ကူးစက်နိုင်တဲ့ နည်းလမ်းတွေနဲ့ မဆက်ဆံပဲ မကူးစက်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဆက်ဆံနေသမျှ ကာလပတ်လုံး .. ကိုယ့်ဆီကို HIV ပိုး ရောက်လာမှာ မဟုတ်ပါဘူး။

ဒီ့အပြင် မှတ်သားဖို့က လိင်ကတဆင့် HIV ပိုး မကူးစက်စေဖို့

A Abstinent ဘာမှ မလုပ်ရင် ဘာမှ မဖြစ်ပါ .. လုံးဝ လိင်ကိစ္စ ရှောင်ကြဉ်တာပါ တဲ့ (ဒီနည်းက ဆင်ခြင်ဖို့ ခက်ကြမှာပါ)

B Be Faithful    မလုပ်ကြပဲ မနေနိုင်ကြလို့ အိမ်ထောင်ပြုကြ၊ လိင်ကိစ္စ ပတ်သက်ကြမယ် ဆိုရင်လဲ နှစ်ဦးနှစ်ဖက် အပြန်အလှန် သစ္စာ ထားကြပါ .. အဝေးကွင်း ရှောင်ကြဉ်ကြပါ တဲ့(တစ်ယောက်ထဲက သစ္စာရှိနေလို့ မရပါဘူး)

နောက်ဆုံး ဘယ်လိုမှ မဆင်ခြင်နိုင်ဘူး အိမ်ထောင် ရှိ ရှိ မရှိရှိ အပြင်စာမှ စားချင်တယ် ဆိုရင်တော့

C Condom ကွန်ဒုံးကို (စနစ်တကျ နှင့် အမြဲတမ်း) သုံးပါ လို့ သတိပေးချင်ပါတယ်။

အဲဒီ အဆင့်တွေကို မလိုက်နာလို့ လိင်ကတဆင့် HIV ပိုး ကူးစက်ခံရရင်တော့

D Disease ရောဂါ ရမှာဖြစ်ပါတယ် နောက်ပိုင်းမှတော့

E Expired သေသွားမှာပေါ့။

ဒီနှစ်ရဲ့ ဆောင်ပုဒ်က  getting to zero

Zero new infection မရစေရေး (မကူးစက်စေရေး) (ဒို့အရေး)

Zero Discrimination ကူးစက်ခံရသူတွေကို ခွဲခြားနှိမ့်ချ ဆက်ဆံမှု ကင်းဝေးရေ (ဒို့အရေး)

Zero AIDS related death AIDS နှင့် နောက်ဆက်တွဲကြောင့် သေဆုံးမှု မရှိရေး (ဒို့အရေး) ပါ

9 comments

  • thit min

    December 13, 2011 at 4:20 pm

    padonmar says: (Edit)
    ……………..
    HIV နဲ့ Pregnancy ကလည်း တစ်ခါတည်းပါလို့ ဆင်ခြေပေးခွင့် မပြုဘူး ကိုသစ်မင်းရေ။
    ဒါကို ကြီးမိုက်တွေအသာထားပြီး လူငယ်တွေ ခေါင်းထဲစွဲစေချင်ပါတယ်၊
    72 hr after pills တွေနဲ့ ကိုယ်ဝန်မရအောင် လုပ်တတ်လာကြပေမယ့် အဲဒီ တစ်ခါပြီးတစ်ခါတွေက ရှိတတ်တော့၊……
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    အဲဒီကော်မန့်လေး ကျနော့ တခါတည်းပါ ပို့စ်မှာရလိုက်လို့…………….

    အရင်တုန်းက ဒေါက်တာပဒုမမ္မ္မာရေး မယ်ထင်လို့ စောင့်နေခဲ့တာ။

    ခု ဒေါက်တာမိုးသီတာစိုး ရေးပေးလိုက်လို့ကျေးဇူးပါဘဲ။
    ဆေးပညာ ဆောင်းပါးတွေပါလာတော့ ဂေဇက်က ပိုလို့ပြည့်စုံသွားပါပြီ။
    ဝေဝေဝါးဝါး ဗဟုသုတတွေကို ပြတ်ပြတ်သားသားသိခွင့်ရကြတော့မှာမို့ အားလုံးကဝမ်းပန်းတသာဖတ်ကြမှာပါ
    ဒေါက်တာရေ။

  • koyinmaung

    December 13, 2011 at 7:41 pm

    အားလုံးသိသင့်တဲ့ပို့စ်လို့ပြောလိုက်ပါရစေ…..
    ဒေါက်တာမိုးသီတာစိုးရေကျေးဇူးတင်ပါတယ်
    တဆက်ထဲ ကူးစက်လွယ်တဲ့အသဲရောင်အသားဝါဘီပိုးစီပိုးအကြောင်းပါ
    ထပ်ရေးပါအုံးလို့တောင်းဆိုပါရစေ……….

  • windtalker

    December 13, 2011 at 8:48 pm

    ဒေါက်တာရေ
    တားဆေး တွေ ရဲ ့ကောင်းကျိုး နဲ ့ဆိုးကျိုးလေး တွေ ကို လည်း
    ရေးတင်ပေးပါဦး
    ဂေဇက်လာ နဲ ့ဂေဇက်ဝင်တွေ ထဲ က
    ကျုပ်လို မသိနားမလည်သူများ ဗဟုသုတ အလို ့ငှါ ပါ
    လေးစားစွာဖြင့်

  • kotun winlatt

    December 13, 2011 at 9:02 pm

    ကျန်းမာရေးဗဟုသုတရရှိစေတဲ့ အတွက် ကျေးဇူးပါခင်ဗျာ…။

  • ကြောင်လတ်

    December 13, 2011 at 10:40 pm

    နောက်ထပ် ကဏ္ဍ အသစ်တစ်ခုအတွက် ဆရာဝန်များကိုအကူအညီတောင်းဆိုပါရစေ။
    ရေးကြပါခင်ဗျာ။

  • Shwe Tike Soe

    December 14, 2011 at 9:56 am

    ကျေးဇူးဗျာ.. အခုလိုရှင်းပြပေးတာ.. မမိုးသီတာစိုး…
    နောက်လဲ ဆေးပညာပို.စ်လေးတွေများများရေးပါအုံး စောင့်ပြီးဖတ်နေပါမယ်..
    HIV အတွက် ဗဟုသုတ ရတော့ ပိုကောင်းတာပေါ့…

  • moethidasoe

    December 14, 2011 at 10:38 am

    အားပေးကြတာ .. အကျိုးရှိတယ်လို့ သိရတာ ဝမ်းသာပါတယ် ..
    အားလပ်ချိန်လေး ရတိုင်း ဆက် ရေးသွားပါ့မယ်

  • etone

    December 14, 2011 at 11:59 am

    ဒေါက်တာရေ … ဒီနိုင်ငံမှာက ဘယ်လို အနေထားက ကူးတယ် .. ဘယ်လိုအနေထားက မကူးဘူးလို့ မီဒီယာတွေ စာဆောင်တွေက ဘယ်လိုအော်အော် … တကယ်တမ်း HIV ကူးခံရတဲ့လူ … AIDS ရောဂါဖြစ်ပွားနေတဲ့ လူတွေ့လျှင် … ကမြင်းကြောထလို့ဆိုတဲ့အသိနဲ့ပဲ … ပစ်ပယ်ထားတတ်ကြတယ် … ။
    HIV/ AIDS ဝေဒနာရှင်တွေကို စိတ်ဓါတ်ရေးရာ ပြုစုပျိုးထောင်ပေးမယ့် … အသင်းဖွဲ့မျိုး များများ ပေါ်ပေါက်သင့်ပါတယ် …. ။ ကုရာနတိ္တဆိုတဲ့ စကားက အခုအချိန်မှာ အသုံးမဝင်တော့ပေမယ့်လည်း … လူတွေ စိတ်ထဲမှာ စွဲနေတာကတော့ … ရွံစရာ ရောဂါကြီး ဘယ်လောက် ကုကု မပျောက်တော့ပဲ အသေစောမယ်ဆိုတာပါပ ဲ … ။ ပိုးပေါက်ဖွားမှု့ကို အဟန့်တားဖြစ်စေတဲ့ ဆေးတွေနဲ့ ထိန်းလို့ရနေပြီဆိုတဲ့ အသိ … သိပ်မရှိကြသေးတာတွေ့ရတယ် … ။ လူငယ်တွေကြားမှာ ကာကွယ်နည်းတွေ ၊ ရှောင်ရန် . ကူးစက်နည်းတွေ ပျံ့ နှံ့စေချင်တာပါပဲ … 🙂

  • moethidasoe

    December 14, 2011 at 5:00 pm

    အိတုန် ပြောတာ မှန်ပါတယ်
    သိစေချင်တာက
    မကူးစက်အောင် ကာကွယ်လို့ ရတယ်
    ကူးစက်ခံနေရတဲ့သူတွေအတွက်လည်း အသက် ရှည်ရှည် ကျန်းကျန်းမာမာ နေလို့ ရတဲ့ နည်းတွေ ရှိတယ်
    ကူးစက်ခံနေရတဲ့သူတွေကိုလဲ ကြင်နာစွာ စောင့်ရှောက်ပေးလို့ ရတယ်
    HIV ပဋိသန္ဓေ တားဆေးလဲ ပေါ်နေပြီဆိုတော့ ကိုယ်ထဲမှာ ပိုးတွေ ထပ် မပွားအောင် လုပ်နိုင်လာပြီ
    ကိုယ်ဝန်ဆောင်မိခင်ကနေ သူ့ သန္ဓေသားကို ကူးစက်မှု နှုန်းကိုလည်း လျှော့ချနိုင်ပြီ

    ဒါကြောင့်
    မကူးအောင် နေဖို့ အဓိက၊ ကူးစက်ခံရသူတွေကိုလဲ စောင့်ရှောက်ပေးကြဖို့ကလဲ အရေးကြီးတယ်
    ကူးစက်ခံထားရတဲ့သူတွေ အနေနဲ့လည်း အခြားသူတွေကို မကူးစေအောင်လို့ ကာကွယ်ပေးဖို့လည်း တာဝန်ရှိတယ်

    (မျက်စိနဲ့ မြင်တဲ့ အမြင်နဲ့တင် ပိုး ရှိ မရှိကို ခွဲခြားမြင်လို့ မရနိုင်ဘူး ဆိုတာကို သိသွားရင်ပဲ ဘာပဲ လုပ်လုပ် ဆင်ခြင်ကြည့်စေချင်တာ စေတနာပါ)

Leave a Reply