Guilin ခရီးစဉ် (၄)

weiweiDecember 14, 20116min20818

Guilin ခရီးစဉ် (၄)

ဒီကနေ့ကတော့ ကွေ့လင်မှာ နောက်ဆုံးလည်ပတ်ကြရမယ့် နေ့တစ်နေ့ဖြစ်ပါတယ်။ ည ၈ နာရီရထားနဲ့ ပြန်မှာဖြစ်ပါတယ်။ ခရီးသွားလမ်းညွှန်က တစ်နေကုန်ခရီးဖြစ်ပြီး ညနေ ၆ နာရီလောက်မှ မြို့ထဲပြန်ရောက်မှာဖြစ်လို့ ဟိုတယ်ကို တစ်ခါထဲ check out လုပ်ပေးခဲ့ပြီး ခရီးဆောင်အိပ်ကိုပါ ကားနဲ့အတူ သယ်ခဲ့ကြပါတယ်။ ကားပေါ်က လူ ၂ဝ လောက်ပဲ ပါတာမို့ ချောင်ချောင်လေး ထိုင်သွားရပါတယ်။ ၂ ယောက်ထိုင်ခုံမှာ တစ်ယောက်ထဲထိုင်လို့ရတယ်။

ပထမဆုံး ရှေးကျတဲ့ မြို့ဟောင်းနေရာတစ်ခု Daxu town ကို လိုက်ပို့ပါတယ်။ ဘုရားကျောင်းတစ်ခု၊ ရှေးဟောင်းလူနေရပ်ကွက်နဲ့ မြစ်ဆိပ်ကိုသွားတဲ့ သစ်သားတံတားလေးတစ်ခုတွေ့ခဲ့ရတယ်။ မနက်စောလွန်းပြီး မိုးအုံ့နေပါတယ်။ ရှေးတုန်းက ရောင်းဝယ်ဖောက်ကားတဲ့ အချက်အချာနေရာ ဈေးကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ရှေးဟောင်းပစ္စည်း ဈေးဆိုင်တန်းတွေ ရှိပါတယ်။ လီမြစ်ကမ်းမှာတည်ရှိလို့ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ နေရာဖြစ်ပါတယ်။

ရှေးလက်ရာ တံတားမှ လှေကားထစ်များ
ရှေးဟောင်းရပ်ကွက်ဈေးတန်း
စက်တပ်သဗ္ဗာန်လေးလဲ စီးခဲ့ရသေးတယ်

အဲဒီနေရာကနေပြီးတော့ Crown cave လှိုင်ဂူကို လိုက်ပို့ပါတယ်။ တောင်က ရှေးက ဘုရင့်သရဖူနဲ့တူလို့ သရဖူလှိုင်ဂူလို့ နံမည်ပေးထားတာဖြစ်ပါတယ်။ လှိုင်ဂူက ၁၂ ကီလိုမီတာရှည်ပါတယ်။ ပထမနေ့ကလှိုင်ဂူထက် ပိုကြီးကျယ်ခမ်းနားပါတယ်။ ရေတိုက်စားပြီး လှိုင်ဂူဖြစ်နေခြင်းဖြစ်ပါတယ်။ အတွင်းမှာ ဓါတ်လှေကား၊ မီးရထားအသေး၊ လှေကလေးများ၊ ရိုလာကိုစတာကားများက ဝင်္ကပါလိုလမ်းကြောင်းတွေနဲ့ ရုပ်ရှင်ထဲကိုရောက်သွားသလို ခံစားရပါတယ်။ ရောင်စုံမီးတွေနဲ့ ခေတ်မီအောင် အလှဆင်ထားပါတယ်။ အသက်ရှူလို့ အဆင်ပြေအောင်လဲ လုပ်ထားပါတယ်။ မီးတွေထွန်းထားပေမယ့် မှောင်နေသေးတာမို့ ဓါတ်ပုံရိုက်ရတာ အဆင်မပြေလှပါဘူး။ အဲဒီနေရာမှာ အချိန် ၂ နာရီလောက်ကြာအောင် လေ့လာခဲ့ပြီးထွက်လိုက်တဲ့အခါမှာ တောင်ပေါ်မှာရောက်နေကြတယ်။ အဲဒီတောင်ပေါ်ကနေမှ လှေကားနဲ့ဆင်းလိုက်ရင် မြစ်ဆိပ်ကိုရောက်တယ်။ မြစ်ဆိပ်ကနေ လှေစီးပြီး တစ်နေရာကို သွားရပါတယ်။ အဲဒီနေရာရောက်မှ ကျွန်မတို့ကားက လာကြိုနေပါတယ်။

အထဲမှာ လှိုင်ဂူရှိတဲ့ crown cave, အပေါ်အထိ ကားနဲ့တက်ပြီးမှ ဓါတ်လှေကားနဲ့အထဲမှာ ပြန်ဆင်းရတယ်
လှိုင်ဂူထဲက ရထားလေး
တောင်အောက်ခြေမှာ အဲဒီလိုလှေကလေးတွေနဲ့လျှောက်ကြည့်ခဲ့ရတယ်
ဂူထဲမှာ ရောင်စုံမီးတွေနဲ့ အရမ်းလှတယ်
ရေကန်လဲရှိနေတော့ မှန်လို ရောင်ပြန်ဟပ်ပြီး အရမ်းလှပါတယ်
လှေစီးရင်း မြင်ခဲ့ရတဲ့ ကျောက်တွေ

မျက်စိတွေအတော်လည်ခဲ့တဲ့ လှိုင်ဂူတစ်ခုဖြစ်ခဲ့ပါတယ်။ တောင်ခြေက ထမင်းဆိုင်လေးတစ်ခုမှာ နေ့လည်စာကျွေးပါတယ်။ ဟင်းလက်ရာတွေက တောဆန်ပေမယ့် ဗိုက်ဆာဆာနဲ့ စားရတာ အဆင်ပြေပါတယ်။ ကျွန်မသဘောကျတာတစ်ခုက တရုတ်တွေ အစားအစာတွေကို ချက်ခြင်းကြော်လှော်ပြီး စားသောက်ကြတာဖြစ်ပါတယ်။ အငွေ့တထောင်းထောင်းထနေတဲ့ ထမင်း ဟင်းတွေကြောင့် တော်ရုံလက်ရာကို အဆင်ပြေပြေစားနိုင်ပါတယ်။ မြန်မာပြည်တွင်းမှာဆိုရင် အေးနေတဲ့ထမင်းတွေ၊ ဘယ်တုန်းကမှန်းမသိတဲ့ဟင်းကျန်တွေကြောင့် တစ်ခါစားဖို့အရေး တော်တော်ရွေးချယ်ရတာ ခရီးသွားတိုင်းကြုံရလေ့ရှိပါတယ်။

ထမင်းစားပြီးတော့ ကျွန်မတို့ကို ရေတံခွန် ၈ ထပ်ရှိတဲ့ Gudong forest ဥယျာဉ်ကြီးဆီ လိုက်ပို့ပါတယ်။ ကျွန်မသေသေချာချာ နားမလည်ပဲ ရွေးချယ်လိုက်မိတဲ့အမှားတစ်ခုပါပဲ။ ရေတံခွန်ဆိုကထဲက တောင်မြင့်လိမ့်မယ်လို့ မစဉ်းစားမိတာကို နောင်တရမိတယ်။ တက်လိုက်ရတာ အမောကိုဆို့နေတာပဲ။ ရပ်ပြီးနားနေခဲ့လို့လဲမရဘူး။ နွေရာသီမှာ ရေတံခွန်ဘေးက သံဆူးကြိုးတွေကို ကိုင်ပြီး ခက်ခက်ခဲခဲ တက်လို့ရပါတယ်။ လူငယ်တွေ အပျော်စွန့်စားကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ရှေ့က လမ်းညွှန်ကောင်မလေးက အတင်းမောင်းတာပဲ။ လူကြီးတွေကို တောင်အောက်မှာကထဲက လိုက်နိုင်မှာမဟုတ်ဘူးလို့ကြိုပြောပြီး ထားခဲ့ပါတယ်။ ကျွန်မတို့က အသက်မကြီးပေမယ့် လှုပ်ရှားမှုနဲသူတွေဆိုတော့ တော်တော်မောခဲ့ပါတယ်။ တောင်ထိပ်အထိရောက်ပြီးချိန်မှာတော့ ဆင်းနိုင်တဲ့ နည်းလမ်းပေါင်းစုံတွေ့ခဲ့ရတယ်။ မြောင်းလိုလမ်းကြောင်းမှာ ခုံနဲ့ထိုင်ပြီး ဘရိတ်ကိုကိုင်ထားပြီး လျောဆင်းတဲ့နည်း၊ မိုးပေါ်ကြိုးနဲ့ ပုခက်လိုစီးပြီး ဆင်းတဲ့နည်းနဲ့ လှေကားကနေ ဒီအတိုင်းဆင်းတဲ့နည်းတွေထဲက ကြိုက်တာရွေးနိုင်ပါတယ်။ ကျွန်မကတော့ ကြောက်လို့ လှေကားကနေပဲ ခြေထောက်နဲ့ဆင်းခဲ့လိုက်တယ်။ အဲဒီထက်ပိုလှတဲ့ ဥယျာဉ်တွေကို ရောက်ခဲ့ဖူးလို့ ကျွန်မအတွက် အရမ်းမထူးဆန်းပေမယ့် ကျွန်မသူငယ်ချင်းကတော့ သိပ်လှတာပဲလို့မှတ်ချက်ပြုပါတယ်။

ပထမအဆင့် ရေတံခွန်
အဲဒီသံကြိုးကို ဆွဲပြီးတက်လို့ရတယ် (စွန့်စားခန်းတစ်မျိုးပေါ့)
အေးတော့အေးတယ် .. ဒါပေမယ့် မောတယ်
ဒုတိယအဆင့် ရေတံခွန်
တတိယအဆင့် ရေတံခွန်
စတုတ္ထဆင့် ရေတံခွန်
ရေက ၂ ရောင်ဖြစ်နေတယ် ..
ရှားရှားပါးပါး တွေ့မိတဲ့ ဘုရားဆင်းတုတော်လေးတစ်ဆူ
အမြင့်ဆုံးနေရာက ရေတံခွန်
တောင်ခြေက ရှုခင်း

ညနေ ၄ နာရီလောက်မှာ အဲဒီကနေ ထွက်ခွာခဲ့ကြပြီး ကွေ့လင်ရောက်ဖို့ တစ်နာရီလောက် ကားစီးရပါတယ်။ မြို့ထဲဝင်ခါနီးမှာ ကွေ့လင်ရဲ့နံမည်ကြီးမုန့်တွေလုပ်တဲ့ စက်ရုံနဲ့အရောင်းဆိုင်ကိုလိုက်ပို့ပါတယ်။ မဝယ်ဝယ်အောင် ဆွဲဆောင်နိုင်ကြတဲ့ သူတို့တွေရဲ့ marketing က စိတ်ဝင်စားစရာကောင်းပါတယ်။ ကျွန်မက အမှတ်မရှိ ခဏခဏ ခံရသူဖြစ်ပါတယ်။ ကြော်ငြာတာကို အားနာပြီးဝယ်မိလို့ ဈေးကြီးမိတာ အကြိမ်ကြိမ်ပဲ (ဘယ်တော့မှ အမှတ်မရှိပါ)။ အဲဒီကနေပြီးတော့ ရထားဘူတာနားက ထမင်းဆိုင်မှာ ညနေစာစားဖို့စီစဉ်ပေးပြီး ည ၈ နာရီထွက်မယ့် ရထားလက်မှတ်ပေးပါတယ်။ ရထား ၁၄ နာရီစီးရတာ အသွားတုန်းကလို အဆင်မပြေမှုလေးတွေရှိခဲ့ပေမယ့် မောမောနဲ့အိပ်လို့ကောင်းခဲ့ပါတယ်။

၃ ရက်တာ အပြည့်အဝ လည်ပတ်ခဲ့ရတဲ့ ကွေ့လင်ခရီးစဉ်ကလဲ ကျွန်မဘဝမှာ အမှတ်တရခရီးစဉ်တစ်ခုပါပဲ။ အလှဆုံးရှုခင်းတွေအပြင် ယဉ်ကျေးမှုနဲ့ ဓလေ့စရိုက်တွေကိုပါ လေ့လာခွင့်ရခဲ့လို့ ဗဟုသုတတိုးစေတဲ့ ခရီးစဉ်တစ်ခုလဲဖြစ်ပါတယ်။ တရုတ်လူမျိုးများနှင့် အတူခရီးသွားဖြစ်ခဲ့လို့ သူတို့အကြောင်း (စိတ်ပျက်စရာတွေ) လဲ ပိုသိခဲ့ရတယ်။

အားလုံးပျော်ရွှင်ချမ်းမြေ့စွာနဲ့ ခရီးများများထွက်နိုင်ပါစေလို့ ဆန္ဒပြုရင်း ကွေ့လင်ခရီးစဉ်ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတော့မယ် ….

18 comments

  • weiwei

    December 14, 2011 at 10:04 pm

    တရုတ်ပြည် ခရီးသွားပို့စ်တွေ ဒီမှာပဲ ခဏနားပါအုန်းမယ် ..
    အဲဒီအချိန်တွေတုန်းက ရွာထဲကိုမဝင်ဖြစ်သေးတော့ ဓါတ်ပုံကောင်းကောင်းမရိုက်တတ်သေးဘူး .. ဘာပဲရိုက်ရိုက် လူကအရှေ့ကနေ ခံနေတာနဲ့ ပို့စ်တင်ရတာ အဆင်မပြေဖြစ်ရပါတယ် …
    နောက်တစ်ခါ သွားရင် သေချာရိုက်ပြီး သေချာလေ့လာခဲ့ပါ့မယ် …

    • Moe Z

      December 15, 2011 at 9:11 am

      လူပါလည်းဘာဖြစ်လည်း မမဝေရဲ့
      ကျော်ပြီးကြည့်ပေးမယ် တင်သာတင် 😀 😀

  • (ကျွန်မသဘောကျတာတစ်ခုက တရုတ်တွေ အစားအစာတွေကို ချက်ခြင်းကြော်လှော်ပြီး စားသောက်ကြတာဖြစ်ပါတယ်။ အငွေ့တထောင်းထောင်းထနေတဲ့ ထမင်း ဟင်းတွေကြောင့် တော်ရုံလက်ရာကို အဆင်ပြေပြေစားနိုင်ပါတယ်။ မြန်မာပြည်တွင်းမှာဆိုရင် အေးနေတဲ့ထမင်းတွေ၊ ဘယ်တုန်းကမှန်းမသိတဲ့ဟင်းကျန်တွေကြောင့် တစ်ခါစားဖို့အရေး တော်တော်ရွေးချယ်ရတာ ခရီးသွားတိုင်းကြုံရလေ့ရှိပါတယ်။ )
    ဒီစာပိုဒ်ကလေးကိုတော့လုံးဝထောက်ခံပါတယ်။
    ကျနော် တစ်ခြားတစ်မြို့တစ်ရွာရောက်ရင် တရုပ်ထမင်းဆိုင်ဘဲရှာစားပါတယ်။
    ဘာလို့လဲဆိုတော့ ပူပူနွေးနွေးလေးစားရလို့ပါ။
    သိပ်မှန်ပါတယ်မဝေရေ.။
    ဓါတ်ပုံတွေကလဲ လှမလှ။
    ကွယ်ထားတဲ့သူကို ဘူလေးလဲ လို့ပိုစိတ်ဝင်စားပါသဗျာ၊

  • thit min

    December 14, 2011 at 11:59 pm

    မဝေဝေရေ
    တရုတ်သိုင်းကားကြည့်နေရသလိုပါဘဲ။ တရုတ်ပြည်ပုံတွေကတော့ မဝေဝေ ကျေးဇူးနဲ့တော်တော်ကို
    စုံလှပါတယ်။သူငယ်ချင်းနဲ့ သွားတယ် လို့ချည်းဘဲ ရေးတယ်နော်။ ယုံပါတယ်ဗျာ။
    အဲ အဖော်မွန်နဲ့သွားတဲ့ ခရီးလေးဆိုရင်တော့ ပိုလှ ပိုကြည်နူးစရာ ကောင်းမဲ့နေရာလေးတွေဖြစ်
    သွားမှာဘဲလို့ ရိုးရိုးလေးတွေးမိရင်း ဓာတ်ပုံလေးတွေကိုအေးအေးဆေးဆေးကြည့်သွားပါကြောင်း။
    (^^)

    • weiwei

      December 15, 2011 at 9:15 am

      သူငယ်ချင်းကောင်းကို အဖော်မွန်လို့လဲ သတ်မှတ်လို့ရတာပဲပေါ့နော် … ကျွန်မမှာ သူငယ်ချင်းတွေများလွန်းလို့ တစ်ဦးတစ်ယောက်ထဲကို အဖော်မွန်လို့ သတ်မှတ်လိုက်ဖို့ ခက်နေပါသေးတယ် … (လောဘကြီးနေတာလေ … 😛 )

      • ကြောင်ကြီး

        December 15, 2011 at 11:41 am

        ဟုတ်သေးဘူးဗျ… အဖော်မွန်ကောင်း အများကြီးထားပြီး တခရီးတယောက် ထည်လဲတွဲသွားမှ ကောင်းထှာ။။ 😳

  • koyinmaung

    December 15, 2011 at 12:02 am

    အားကျလိုက်တာမဝေရေ
    ကျနော်တို့ရောက်နေတဲ့နေရာကတော့
    အပင်နည်းပြီးကျောက်တောင်တွေပေါတဲ့နေရာဆိုတော့
    တခါတလေ ကျွမ်ကျူးမြို့(quan zhou)ကပန်းခြံကိုဘဲသွားလည်
    ကြရတယ်ဗျာ….
    အရမ်းကောင်းတဲ့ရှု့ခင်းတွေပါ
    အားပေးသွားပါတယ်……

  • MaMa

    December 15, 2011 at 9:05 am

    ဝေဝေရေ-
    သံကြိုးကိုဆွဲတက်ရတာကို စိတ်ဝင်စားတယ်။
    တကယ့်တကယ်တော့ အဲဒီလိုတွေ တွေ့ရင် ဝေးဝေးကပြေးမှာ။ (ကိုယ့်ဇွဲဝီရိယ ကိုယ်သိလို့)
    အပြန်မှာ နည်းအမျိုးမျိုးနဲ့ ပြန်လို့ရတယ်ဆိုတာကလည်း ဧည့်သည်ကို ဆွဲဆောင်နည်း တမျိုးပဲ ထင်တယ်နော်။ 🙂

  • super

    December 15, 2011 at 10:12 am

    လှိုဏ်ဂူထဲက ရထားလေး စီးချင်တယ် မမဝေ၊ ပုံတွေကြည့်ရတာ လန်းတယ်ဗျာ………….

  • nozomi

    December 15, 2011 at 10:18 am

    ရေတံခွန်ပုံလေးတွေ ဆောင်ထားရင် ကံကောင်းတတ်တယ်တဲ့
    အန်တီဝေ့ ရေတံခွန် ပုံလေးတွေ ကြည့်လိုက်ရတာ ဒီနေ့ ကံကောင်းသွားပြီ
    တရုတ်နဲ့ ပတ်သက်လို့ကတော့ အန်တီဝေ့ကြောင့် တော်တော်လေးသိလိုက်ရပြီ ။
    ဒီမှာပဲ အဆုံးသတ်လိုက်ပါတော့မယ် …. ဆိုတာ ဒီပို့စ် အတွက်နော် တခြား ပို့စ် တွေအဆုံးမသတ်နဲ့ဦး

    • weiwei

      December 15, 2011 at 1:11 pm

      တရုတ်ပြည်ခရီးသွားဆောင်းပါးတွေ ထပ်မတင်တော့မှာကိုပြောတာပါ … တင်စရာလည်း ကုန်ပြီလေ … 🙂
      တခြား စိတ်ကူးပေါက်ရာတွေတော့ ရေးနေအုန်းမှာ …

  • pooch

    December 15, 2011 at 3:39 pm

    မမဝေရေ တရုတ်ပြည်အနှံ့ လည်ခဲ့သူဆိုတော့ တခုလောက်မေးပါရစေ

    လွန်ခဲ့တဲ့ တနှစ်လောက်က မြဝတီမှာ လွှင့်သွားတဲ့ ကိုရီးယားကားထဲက on air ဆိုတဲ့ ကားကိုများ သိမလားမသိဘူး အဲ့ဒီကားထဲက မင်းသားတောင် အခု ကိုယ့်ကိုယ်ကို သတ်သေသွားတာ သိပ်မကြာသေးဘူး
    အဲ့ဒီဇာတ်လမ်းထဲမှာ မင်းသမီးက ဇာတ်ညွှန်းရေးဆရာမဆိုတော့ စာရေးဖို့ တရုတ်ပြည်ကို သွားတာမှာ သူတည်းခဲ့တဲ့ ဟိုတယ်ကို စိတ်ဝင်စားလို့ မြို့ရော ပြည်နယ်ရော ဘယ်လိုမှ အစရှာမရလို့ …

    အဲ့ဒီဟိုတယ်ကို ရှေးခေတ် တရုတ်နန်းတော်လို ရွှေရောင် တိုင်လုံးကြီးတွေနဲ့ ဆောက်ထားပြီး ပုံစံကလည်း အထပ်အမြင့်တွေနဲ့ အရမ်းကို ခမ်းနားပြီး ဆွဲဆောင်နိုင်လို့ …

    အဲ့ဒီ ဟိုတယ်ကို သွားတည်းချင်တာ အိမ်မက်ထဲတောင် ခဏခဏမက်ခဲ့ဖူးတယ် … သွားနိုင်တာ မသွားနိုင်တာ အသာထား အဲ့ဒီနေရာကို သိချင်တာ မမဝေများ သိမလားလို့ မေးကြည့်တာပါ..

    သိခဲ့မယ်ဆိုရင်တော့ ကျမအိမ်မက်တခု အကောင်အထည်ပေါ်ဖို့ ခြေလှမ်းအစပါပဲ…မမဝေရေ ကျမက အအိပ်မက်သူပီပီ အိ်မ်မက်တွေလည်း အများကြီး မက်လေ့ရှိပါတယ်… ဟုတ်တာတွေရော မဟုတ်တာတွေရောပေါ့….

    • weiwei

      December 15, 2011 at 9:17 pm

      on air ဆိုတဲ့ကားကို မကြည့်ဖူးဘူး …
      သဲလွန်စကလဲ တိုင်လုံးကြီးတွေနဲ့ အထပ်အများကြီးဆိုတော့ … အဲဒီလိုဟိုတယ်တွေက မြို့တိုင်းမှာရှိနေတာ … အဲဒီကားကို ကြည့်လိုက်ရင်တော့ နေရာသိနိုင်လိမ့်မယ် … DVD အလွယ်တကူဝယ်လို့ရရင် ကြည့်ပေးမယ်နော် …

      • pooch

        December 15, 2011 at 9:32 pm

        ခုလိုလေး ပြောပြတဲ့ အတွက် ကျေးဇူးတင်ပါတယ် မဝေရယ်

  • Gipsy

    December 15, 2011 at 6:41 pm

    မရောက်နိုင်သေးတဲ့နေရာ တွေက ရှုခင်းလေးတွေ ကိုမြင်တွေ့ခွင့်ရလို့ ကျေးဇူး ..
    :mrgreen: အဝိုင်းရှုးရှုးပြားကြီးတခု ကာထားလို့ ရှုခင်းတွေနဲ့ ရောပြီးမြင်ရတာ
    ဖုထစ်ထစ်တော့ ဖြစ်မိတယ် ..။ 😆

  • blackchaw

    December 16, 2011 at 6:34 pm

    နောက်ထပ်ခရီးသွားဖြစ်ရင်
    ဒီထက်ပို လှတဲ့ ဓါတ်ပုံလေးတွေရယ်
    ဒီထက်ပို စုံတဲ့ ဒေသန္တရ အချက်အလက်တွေရယ်
    ပိုရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်ဗျာ။

  • KING

    December 16, 2011 at 7:09 pm

    ပုံတွေက ကောင်းရဲ့သားနဲ့
    အဝိုင်းကြီးတွေက လာရှုပ်နေသလိုပဲနော်
    လူပုံပါလည်း ဘာဖြစ်လဲဗျ
    အပြင်မှာတွေ့ရင် ပိုက်ဆံမချည်းပါဘူး …… 😀

  • windtalker

    December 16, 2011 at 9:05 pm

    ကျုပ် ငယ်ငယ် က ကြည့်ဖူးခဲ့တဲ့ စွန်းဝူခုံး ဇါတ်ကားထဲက နေရာတွေ ကို ပြန်ရောက်သွားသလို ဘဲ ခံစားရတယ် ဗျို ့

Leave a Reply