အမေ သို့ ကန်တော့ပန်း

ကြောင်လတ်December 14, 20111min1116

အမေ (နှင့် အဖေ) သို့ ကန်တော့ပန်း

ပင်ပင် ပန်းပန်းနဲ့ ဈေးဗန်းခေါင်းပေါ်ရွက်၊အဖေနဲ့အတူ တဖက်တလမ်းကဝင်ငွေရှာ၊          သားသမီးတွေပညာရေးအတွက် ရုံးကန်ခဲ့တဲ့အမေ။                                                      အမေ့ရဲ့ကျေးဇူးကြောင့် ကျနော် မပင်ပန်းပဲ ဝင်ငွေရှာနိုင်ခဲ့ပြီ။

မနက်စောစောအိပ်ရေးအပျက်ခံ ဈေးထွက်ရောင်းဖို့ ပြင်ဆင်ရင်း                        သားသမီးတွေ စာထကျက်ဖို့  ချော့တခါ ဆူတလှည့် သွန်သင်ခဲ့တဲ့အမေ။                            အမေ့ရဲ့ကျေးဇူးကြောင့် ကျနော် အိပ်ရေးမပျက်ပဲ ဘဝရပ်တည်နိုင်ခဲ့ပြီ။

အိမ်ရဲ့ဝင်ငွေကိုချင့်ချိန်ရင်း အဝတ်နွမ်းလေးတွေ ထည်လဲဝတ်လို့                   သားသမီးတွေကောင်းစားရေးအတွက် အနစ်နာခံခဲ့တဲ့အမေ။                                           အမေ့ရဲ့ကျေးဇူးကြောင့် ကျနော် ဝတ်ကောင်းစားလှနဲ့ တင့်တင့် တယ်တယ်နေနိုင်ခဲ့ပြီ။

ရသမျှ ဝင်ငွေ ကိုခြစ်ခြစ်ကုပ်ကုပ် ချိုးခြံချွေတာရင်း ဝန်ထမ်းလိုင်းခန်းကနေ                           ကိုယ်ပိုင်အိမ်လေးနဲ့မိသားစုနေနိုင်အောင်ဦးဆောင်လမ်းပြကြိုးပမ်းခဲ့တဲ့အမေ။                                    အမေ့ရဲ့ ကျေးဇူးကြောင့် ကျနော် ဝန်ထမ်းလိုင်းခန်းမှာ မနေပဲ              ကိုယ်ပိုင်အိမ်နဲ့ နေနိုင်အောင် ကြိုးစားနိုင်ခဲ့ပြီ။

သားသမီးခုနစ်ယောက် ဝမ်းဝပြီး ခါးလှဖို့၊  ရောင်းခြင်းဝယ်ခြင်း အတတ်ပညာရှာနဲ့၊ ရှာဖွေကာကျွေးခဲ့တဲ့အမေ။                                                                             အမေ့ရဲ့ကျေးဇူးကြောင့် ကျနော် အရောင်းအဝယ်တစ်ခု ၊အခြေပြုနိုင်ခဲ့ပြီ။

သားသမီးတွေကို ကြက်သားအုပ်မကြီးလို၊ ရင်အုပ်မကွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့အမေ။ အမေ့ရဲ့ကျေးဇူးကြောင့် ကျနော် သားသမီးနှစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်တတ်ခဲ့ပြီ။

နေ့လည် နေပူထဲ လမ်းလျှောက်ပြီးဈေးသွားဝယ်တုန်း၊ သားသမီးတွေ ဆော့ကစားကြရင်း နောက်ဖေးက ရေကန်ထဲ ဆင်းဆော့ပြီးရေနစ်မှာကိုပူပန်စိတ်နဲ့၊ အိမ်နဲ့တမိုင်နည်းပါးရောက်မှ ခြေလျင် ပြန်လျှောက်လာပြီး သတိပေးခဲ့တဲ့အမေ။                ပူပင်သောကတွေများလို့ နှလုံးရောဂါခံစားနေရတဲ့အမေ အခုဘယ်လိုနေလဲ၊    ရောဂါတွေများ တိုးနေမလားလို့ ကျနော်မပူပန်မိပါလား။

အလုပ်ရလို့ တနယ်တကျေးရောက်တဲ့သား၊ လူပေါင်းမမှားရအောင် လင်နဲ့ သားသမီးတွေပစ်  တနှစ်လောက်သားကိုလိုက်သွန်သင်ပြ၊ချက်ပြုတ်ကျွေးမွေးရတဲ့အမေ။                                      အမေ့အတွက် ကျနော်ကျေးဇူး ပြန်ဆပ်နိုင်တာက  တစ်လ မှ ကျပ်သောင်းဂဏန်းလောက်ရယ်။

တမြို့တရွာမှာ သားလေး စားဝတ်နေရေးအဆင်ပြေဖို့ အတွက် ဈေးတဖက်ထွက်ရောင်းလို့    ချက်ပြုတ်ကျွေးမွေး၊လျှော်ဖွတ်ပေးရင်း၊ ကလေးတစ်ယောက်လို ငါးရိုးထွင်ပေးခဲ့တဲ့အမေ။      အခု အမေ့နားမှာ သား ခြေဆုပ်လက်နယ် ပြုစုမပေးနိုင်ပါလား။

အလုပ်ကိစ္စ သားဒုက္ခရောက်မှာစိုးလို့ စေတနာနဲ့ ဝင်ပြောခဲ့တုန်းက  အမေ့ကိစ္စမဟုတ်ပါဘူး၊ အမေ အေးအေးနေပါလို့ ပြောမိလိုက်လို့ အနားကအသိအိမ်သွား၊ ရင်ဖွင့်ရင်းမျက်ရေကျခဲ့တဲ့အမေ။                                                                                        “အမေ အရာရာအတွက် တွေးပူရင်းစိတ်သသောက ရောက်နေရင် ရောဂါရလိမ့်မယ်၊ ဒါကြောင့် တချို့ကိစ္စတွေမှာ နေသာသလိုနေပြီးတရားစိတ်နဲ့ အေးအေးချမ်းချမ်းနေစေချင်လို့ သားကပြောတာပါ” လို့ ဖြေသိမ့်စကား ကျနော် မပြောဖြစ်ခဲ့ပါလား။

မိဝေးဖဝေးမှာ မှ ကောင်းစားမဲ့ ဇာတာပါလာတဲ့သား၊ ကျန်းကျန်းမာမာရှိရဲ့လားလို့ တနှစ်ကိုနှစ်ခေါက်သုံးခေါက်မရောက် ရောက်အောင်လာခဲ့တဲ့အမေ။                                                                                                      အမေနဲ့ အဖေကိုကန်တော့ဖို့ အမေတို့ရှိတဲ့မြို့ ကို ကျနော်  တနှစ် တခေါက်တောင်ပြန်မရောက်နိုင်ခဲ့ပါလား။

ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက စလို့၊ သားရဲ့ စားဝတ်နေရေးအတွက် လိုက်နေပေးတဲ့အချိန်အထိသားရဲ့အဝတ်အစားတွေကိုမငြီးမငြူလျှော်ဖွတ်ပေးခဲ့တဲ့အမေ။                                                 အဖေသတိပေးလို့ အမေ့အင်္ကျ ီ နဲ့ ထမိန်ကို အမေလာလည်စဉ်တုန်းက ကျနော်ပြန်လျှော်ပေးခဲ့ရတာ မှတ်မှတ်ရရ သုံးခါပဲ ရှိခဲ့ပါလား။

ကျနော့မယား သားဦး(သမီးလေး)မွေးတုန်းက တာဝန်တွေ မအားလို့ လိုက်မလာနိုင်တဲ့အတွက် (လိုက်သွားရင်လဲ ဘာမှ နားလည်တာမဟုတ်တဲ့အတွက်) အဖက်ဖက်က အားကိုးရာအဖြစ်ရပ်တည်ခဲ့တဲ့အမေ။   အမေ ကျောက်ကပ်ရောင်လို့ ဆေးရုံသွားပြတော့ မကျွမ်းကျင်တဲ့ ရန်ကုန်မြေမှာ သားကို အားကိုးရာအဖြစ် ကျနော်လိုက်မသွားနိုင်ခဲ့ပါလား။(အမ လိုက်သွားပြီးသရက်တောကျောင်းထဲမှာပဲတည်းခိုပြီး ဆေးပြခဲ့ရပါတယ်။)

အမေရောက်လာတဲ့အခါတွေတုန်းက  စကားလေး ပြောချင်လွန်းလို့ သားအားမဲ့အချိန်လေး စောင့်၊ သားမျက်နှာအရိပ်အကဲကို ကြည့်ပြီးမှ  မိသားစုအရေးလေးတွေ ပြောပြတတ်တဲ့အမေ။          အလုပ်မအားတာထက် အပေါင်းအသင်းနဲ့ လဘက်ရည်ဆိုင်၊အရက်ဆိုင်ထိုင် ရင်းအချိန်တွေကုန်ပေမဲ့             အမေနဲ့ မိသားစုအရေး အေးအေးဆေးဆေး  ဆွေးနွေးဖို့ အမေ့ကို ကျနော် အချိန်မပေးခဲ့မိပါလား။

အသက်တွေကြီးလို့ တနှစ် နှစ်ခေါက် သုံးခေါက် မရောက်နိုင်တော့တဲ့အခါ စကားပြောဆက်သွယ်လို့ရအောင်  အမေ့အိမ်မှာကြိုးဖုန်း တစ်လုံးတပ်ပေးခဲ့ပေမဲ့           သားရဲ့ ဖုန်းကိုမဆက် ချွေးမဖုန်းကိုပဲ ဆက်ပြီးတော့ သားနဲ့ မြေးနှစ်ယောက်        နေကောင်းရဲ့လားခဏခဏ မေးတတ်တဲ့အမေ။                                                                        အဖေ နဲ့ အမေ ကို  သာကြောင်းမာကြောင်းလေး တလတခါ ဖုန်းဆက်ပြီး တော့တောင် ကျနော်မမေးဖြစ်ခဲ့ပါလား။

အဖေ နဲ့ အမေ ရဲ့ ဓါတ်ပုံကို ပုံကြီးချဲ့ ခေါင်းရင်းမှာ ချိပ်ထားတာတွေ့တော့  သားရယ် အမေတို့ ပုံက ဘုရားစင်ထက်မြင့်နေတယ် အဲဒီမှာမချိပ်ပါနဲ့ တခြားမှာချိပ်ပါလို့ပြောခဲ့တဲ့အမေ။                                                                                      အခု အဖေ နဲ့ အမေ ရဲ့  ဓါတ်ပုံကို အိပ်ခန်းမှာချိပ်ပြီး  ကျနော် မအိပ်ခင် ကန်တော့နေပါတယ်အမေ။( အပေါင်းအသင်းနဲ့ အရက်သောက်ဖြစ်တဲ့နေ့တွေမှာ အိပ်ယာထဲရောက်မှ စိတ်နဲ့မှန်းပြီးလက်အုပ်ချီကန်တော့ရပါတယ်။)

အဖေနဲ့ အမေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ(အသက်ကြီးတော့ ကိုယ်ကျန်းမာရေးကတော့မလွယ်ပါ) ရှိကြပါစေ။

 

ကြောင်လတ်။    ။

 

 

 

 

 

6 comments

  • whowho

    December 14, 2011 at 10:42 am

    ဗြဟ္မာကြီးနှင့်တူသောသူများလို့ မိဘတွေကိုတင်စားကြတာလေးသတိရမိပါတယ်။
    သားသမီးအပေါ် မေတ္တာ၊ ဂရုဏာထားရာမှာလည်းသူမတူအောင်ပေးနိုင်ကြပါတယ်။
    အဲ မုဒိတာမှာပိုပေါ်သွားတယ်။ ကိုယ့်ထက် ကိုယ့်သားသမီး ကြီးပွားတာကိုမြင်ရကြားရရင် ကျေနပ်ပီတိဖြစ်တဲ့ မုဒိတာတရားမှာတော့ တကယ်ကို စံထားထိုက်ပါတယ်။ ကိုယ်ပညာတတ်မဖြစ်ခဲ့ပေမယ့် ကိုယ့်သားသမီးကျ ပညာတတ်ကြီးတွေဖြစ်စေချင်တယ်။ ကိုယ့်မှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရပေမယ့် ကိုယ့်သားသမီးကျ ကြီးပွားတာပဲမြင်ချင်တယ်။ ကိုယ့်ထက် အစစ သာလွန်ပြည့်စုံတာမြင်ရတိုင်း ဝမ်းမြောက်မိတဲ့ မုဒိတာတရားကတော့ အတုယူဖွယ်ပါပဲ။ အဲ ဥပေက္ခာမှာလည်း ကြည့်ဦးမလား။ ကိုယ့်သားသမီးတွေက ကြီးပွားသွားကြပြီး ကိုယ့်အပေါ် ပြန်မသိတတ်တဲ့ အခါမျိုးမှာလည်း ဒါကို ဗွေမယူပဲ သူတို့ မသိတတ်တာတွေအပေါ် နားလည်ခွင့်လွှတ် ဥပေက္ခာပြုတတ်တဲ့သူ များမို့ ဗြဟ္မာနှင့်တူလှပေစွလို့ ဒီစာလေးဖတ်မိရင်း မိဘဂုဏ်တွေ ပေါ်လာရလို့ လက်အုပ်ချီမိပါရဲ့။

  • super

    December 14, 2011 at 11:10 am

    မိဘအများစုဟာ သားသမီးဆီက မမျှော်လင့်ကြပါဘူး၊ ဒါပေမယ့် ကျနော်တို့က မိဘကျေးဇူးကို ဆပ်နိုင်တဲ့သူတွေဖြစ်အောင် ကြိုးစားကြရမှာပေါ့ဗျာ…………..

  • ကြောင်လတ်

    December 15, 2011 at 1:05 pm

    ကမ ္ဘာ့ ကျန်းမာရေးနှစ်ခါဖွဲ့ ရေ..ဗြမ္မစိုရ် တရားလေးပါးကိုလက်ကိုင်ထားနိုင်တာ မိဘပါ။
    သာလွန် ရေ…..အမှန်ကိုကြိုးစားသင့်ပါတယ်။ နဲနဲလေးပဲဆပ်နိုင်တောင် မိဘက ကြည်နူးတဲ့စိတ်လေးဖြစ်သွားတာပါ။
    ဇေမန်း ရေ……သတိရ ရင် မိဘစကားနားထောင်လေ၊မရှိကြတော့ရင်လည်း၊
    ရှိခဲ့တုန်းက ဆုံးမစကား လေးတွေ တွေးပြီး လိုက်နာနိုင်အောင် ကြိုးစားပေါ့။

  • TTNU

    December 15, 2011 at 4:01 pm

    ကြောင်လတ်ရေ
    အမေဆိုတာ “အတုမရှိ သမားတော်ကြီး” လို့ ကဗျာတစ်ပုဒ်မှာ
    ဖတ်ဖူးတယ်။ နေမကောင်းရင် အမေ ကိုယ်ပူလာစမ်းပေးတာနဲ့ စိတ်သက်သာသွားလို့လေ။

    ရှင် အခုရေးတာတွေ တကယ်ဆိုရင် အခု အမေတို့ဆီခဏပြန်လိုက်ပါလား။
    ပြီးတော့ ဒီ ကဗျာလေးဖတ်ပြလိုက်ပါ။
    ရှင့်အမေ ပြုံးနေမှာသေချာတယ်။

  • ကြောင်လတ်

    December 17, 2011 at 6:38 am

    ပြန်ချင်တာပေါ့ဆရာမကြီးရယ် ၊သွားချင်တိုင်းသွားလို့မရပဲ၊ချီတိုင် မှာအချီခံထားရတာပါ၊
    ကြိုးရှည်သလောက်အတွင်းမှာပဲ ပတ်ချာလည်သွားနေလို့ရပါတယ်။ ဝေးဝေးကိုထွက်သွားလို့မရပါ။

Leave a Reply