နေရာကား ငရဲပြည် ဆီပူဒယ်အိုးတမျှ အပူရှိန် ပြင်းလှပြီး ဖုံတသောသော ထလျက်ရှိသည့် လူသူကင်းဝေး ဖုတ်ကျက်တစ္ဆေများ ပျော်မွေ့ရာ ကြက်ပြေးမြို့တော်ရှိ (FOC ဖောက်သည်များသောကြောင့်) မြေအောက်လှိုဏ်ဂူ အစည်းအဝေးခန်းမ တခု၌ဖြစ်သည်။ လုံခြုံရေးအတွက် အစီအမံများ ချမှတ်ထားသည်မှာ ထူးကဲများပြားလှသဖြင့် လှိုင်ဂူအတွင်းရှိလူများအဖို့ ပို၍မလုံခြုံသလိုပင် ခံစားရပေသည်။ ဤကား အစောင့်များ သတိဝီရိယ အစဉ်နိုးကြားစေရန် ပြုလုပ်ထားသော တပ်ချောင်ကြုပ်ကြီး၏ ရွှေညဏ်တော် စူးရောက် မှုပေတည်း။။။။ :roll:
နံနက်၉နာရီ ၉မိနစ် ၉စက္ကန့်တွင် တပ်ချောင်ကြုပ်ကြီးမှ အစည်းအဝေး တက်ရောက်လာသည့် လူ၉ယောက်အား ကို၉ကျွန်းထွက် ကောက်ရိုးများ တပျတ်ပျတ် မြည်အောင် ၉ကြိမ်၉ခါ ဝါးစားစေခြင်းဖြင့် စစ် အုပ်ချုပ်ရေးမှ ဒီမိုကလေစီ အရက်သား အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲရေး အစည်းဝေးပွဲ စတင်လိုက်သည်။ ၎င်းကိုယ်တိုင်မှာမူ အရသာရှိလှသည့် အမွှေးနံ့ထောင်းထောင်းထနေသော ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ငါးကောင်လုံးကြော်ကြီးကို စားလျက်ရှိပေသည်။ တပ်ချောင်ကြုပ်ကြီးရှေ့ ပြားပြားဝပ် အခစားနေသူ၉ဦးမှာ (၁) ဗိုလ်သိန်စိမ်း (၂) ဗိုလ်ရှုံးလစ် (၃) ဗိုလ်လေမန်း (၄) ဗိုလ်ခင်အောင်ကျွေး (၅) ဗိုလ်နင်မရှုံးလှိုင် (၆)ဗိုလ်တင်ချမ်း (၇) ဗိုလ်မြင်းအောင်း (၈) ဗိုလ်နှစ်ထွန်ဦး (၉) ဗိုလ်သိမ်းဆိုး ဖြစ်သည်။ လေမင်းသားဟု အများ ချစ်စနိုးအမည် ပေးထားသည့် ပျံကျယေးဝံဂျီး ဦးကြော်စမ်း၊ ကြံဖတ်အုတ်ကထ ဦးဌေးအူး၊ စရဖဗိုလ်ချုပ် စိုးရိမ်တို့ အပါအဝင် အခြားလူရင်းများမှာမူ ဗေဒင်ကိန်းခန်းနှင့် မညီ၍ အနောက်ဖက် အခန်းထဲတွင် တီဗွီဖန်သားပြင်ပေါ်မှတဆင့် နားထောင်နေရသည်။ 
အစည်းအဝေး စလျင်စခြင်း တပ်ချောင်ကြုပ်ကြီးမှ “အေပေးတွေ လဲဗီး” ဟု ဟိန်းဟောက် လိုက်သည်တွင် အစည်းအဝေးတက်လာသူ ကိုးယောက်စလုံးမှ “လဲဗီးကို ဆွဲတီးပါ့မယ် အဘခင်ဗျား” ဟု တညီတညာထဲ ပြန်လှန်နှုတ်ခွန်းဆက်သ ကြလေသည်။ ထို့နောက် “အဟမ်း..အဟမ်း” တပ်ချောင်ကြုပ်ကြီးမှ ချောင်းဟန့်သည်ကို အနီးဆုံးခုံရှိ ဗိုလ်သိန်စိမ်းနှင့် ဗိုလ်ရှုံးလစ်တို့က နံနက်ခင်းလေထုထဲ လွင့်ပျံလာသော စံပယ်ပန်းရနံ့ပမာ အားပါးတရ မွှေးရှိုက်လိုက်သည်မှာ ဟင်း..ဆို၍ပင် အသံထွက်သွားသည်။ ၎င်းတို့နှစ်ဦး သရုပ်ဆောင်ချက်ကို အခြားခုနှစ်ဦးမှကြည့်ရင်း ဂလု.. ဟုပင် အသံမြည်အောင် တံတွေးမျိုချ မိကြသည်။ အစည်းဝေးခန်းထဲတွင် ဟင်း… ဂလု… ဟင်း… ဂလု ဆိုသော အသံများ ဆူညံနေသည်ကို ကောင်းကင်ဂြိုလ်တု မှတဆင့် အသံဖမ်းနားထောင်လျက်ရှိသော စီအိုင်အေအရာရှိ ဂျာပွန်ဇိမ်ဘုံးဂျီးလူထွက် ဥကိုင်မှာ လွန်စွာဝေခွဲရ ခက်နေတော့သည်။ ထို့နောက် သူ၏ဘာသာပြန်ချက် မှတ်တမ်းတွင် ဤကဲ့သို့ ရေးသားလိုက်သည် “ အစည်းအဝေးကို မြန်မာ့ရိုးရာ တီးလုံးအဖွင့်ဖြင့် အစပြုသည်။ :lol:
အခြေအနေကို စက္ကန့်မလပ် စောင့်ကြည့်လျက်ရှိသော တပ်ချောင်ကြုပ်ကြီးကား သူ၏ တပည့်ကျော် ပဲလှော်နှစ်ဦး၏ တုံ့ပြန်ပုံမတူညီသည်ကို အာရုံခံမှတ်သားထားသည်၊ သိန်စိမ်းထက် ရှုံးလစ်က အနံ့ခံရှုသွင်းတာ တစက္ကန့်ရဲ့ ဆယ်ပုံတပုံ နောက်ကျတယ်၊ ကျန်ခုနှစ်ယောက်ထဲမှာတော့ နင်မရှုံးအောင်နဲ့ မြင်းအောင်းတို့က ပိုအသံပြင်းပြီး မာန်ပါတယ် ဟူ၍ဖြစ်သည်။ ကဲအားလုံးနားထောင်ဂျ… ငါ့အနေနဲ့ အသီးကြပ်ပြီမို့ အနူယားမှ ဖြစ်တော့မယ်၊ ဒါကြောင့် ဘယ်သူဖားချင်သလဲ ကြေငြာတဲ့ပွဲဖြစ်တယ်။ အစိုးရအဖွဲ့ကို ပုံစံသစ်နဲ့ အစားထိုးမှာဖြစ်လို့ အယုံကြည်ရဆုံးလူများကို ရွေးချယ်သွားမယ်။ အခွင့်မရလိုက်တဲ့ လူများကိုလည်း အသွင် သဏ္ဍန်မျိုးစုံနဲ့ နေရာချထားပေးသွားမှာဖြစ်တယ်။ မင်းတို့အနေနဲ့ ငါချပေးထားတဲ့ ဇာတ်ကောင်စရိုက်များ အတိုင်း တသွေမတိမ်း ကပြဖျော်ပြေသွားဖို့ လိုအပ်တယ်။ မပီပြင်ခဲ့ရင် သွားရာလမ်းကတော့ ဂျာပွန်ဘုံးဂျီး များကို အားကျနေသူ သာသနာဖျက် အဓမ္မဝါဒများခံစားရမဲ့ ငရဲရှစ်ထပ် အောက်ဆုံးအလွာက မဟာအဝီဇိငရဲပဲ။ ငါ့အနေနဲ့လည်း မင်းတို့မျောက်သစ်ကိုင်းလွတ် မဖြစ်ရလေအောင် ခန်းစီးနောက်ကွယ်ကနေ မျက်ခြေမပြတ် စောင့်ကြည့်အကဲခတ်နေမှာ ဖြစ်တယ်။ ဟိုကောင်မ…..။ :evil:
ပျံကျယေးဝံဂျီး ဗိုလ်ကြော်စမ်းတယောက် တပ်ချောင်ကြုပ်ကြီး မိန့်ခွန်းကို သဒင်းဆာတွင် ဖော်ပြရန် စကားလုံး လက်တမ်းရွေးချယ်လျက် စာအုပ်ထဲ ရေးမှတ်နေသည်မှာ “ခေတ်မှီဖွံ့ဖြိုး တိုးတက်သော မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေခံကောင်းများ တပ်မတော်မှ ချမှတ်ပြီးဖြစ်၍ အများပြည်သူ တခဲနက် အတည်ပြုထားသော အခြေခံဥပဒေနှင့်အညီ ရွေးကောက်တင်မြောက်ထားသော ပြည်သူ့အစိုးရ အရပ်သားအုပ်ချုပ်ရေးစနစ်ဆီသို့…..”။ သို့မှသာ တပ်ချောင်ကြုပ်ကြီး အစည်းဝေးခန်းမှ ထွက်လာလာခြင်း စာကြမ်းပြနိုင်ပေမည်။ သူ့ အနေနှင့် ယခုရွေးချယ်ထားခံရသော ကိုးယောက်သည် မကြာခင်ဖွဲ့စည်းတော့မည့် အစိုးရအဖွဲ့ အသစ်တွင် အရေးကြီး ရာထူးများ ရရှိတော့မည်ကို သိထားပေသည်။ အများသမုတ်ထား သကဲ့သို့ လေပမာ လျင်မြန်လှသူ ဖြစ်ချေသည်တကား :D
တပ်ချောင်ကြုပ်ကြီး ပြောချင်ရာပြောပြီးနောက် လက်ရွေးစင် တပည့်ကြီးကိုးဦးမှ တဦးချင်း ဆွေးနွေးရန် ဖြစ်သည်။ “ဟိတ်ကောင် မြင်းအောင်း ရှေ့ထွက် တင်ပြစမ်း” တပ်ချောင်ကြုပ်ကြီးမှ စီနီယာများကို ကျော်၍ ကောက်ခါငင်ကာ ဂျူနီယာတပည့်လေးအား နေရာပေးလိုက်သည်။ ဂျူနီယာ ဗိုလ်ချုပ်မြင်းအောင်း ခင်မျာ ကြောက်ဒူးတုန် နေရသည့်အထဲ မျှော်လင့်မထားသည်ဖြစ်၍ အလွန်ပင် စိတ်မသက်မသာ ဖြစ်သွားလေသည်။ သို့သော် သူ့ဆန်စားက ရဲရပေမည်။ စီနီယာကြီး ဗိုလ်သိန်စိမ်းနှင့် ဗိုလ်ရှုံးလစ်တို့ပင် သရုပ်ဆောင်နိုင်လျင် သူလိုဂျူနီယာအဖို့ မလုပ်ရဲစရာ မရှိချေပြီ။ :eek:
သက်ပြင်းတချက်ရှိုက်ခါ ကိုယ့်ကိုယ်ကို အာပေးရင်းရှေ့သို့ ထွက်လာခဲ့သည်။ တလှမ်းခြင်း လျောက်ရင်း မိဘနှစ်ပါး မျက်နှာကို မြင်ယောင်လာသည်။ စစ်တက္ကသိုလ်ကျောင်းတော်နှင့် တပတ်စဉ်ထဲဆင်း သူငယ်ချင်း ဗိုလ်လောင်းများ၊ နိုင်ငံတော်အုပ်ချုပ်ရေးတာဝန်နှင့် အဆင့်မြင့်စစ်ဗျူဟာများ သင်ကြားပေးခဲ့သော နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်…. ထို့နောက် တမြန်နေ့ညက ကြည့်ခဲ့ရသော အိုးလေးလှုပ်ပါအုံး သီချင်း နှင့်အတူ မော်ဒယ်လေးများရဲ့ စွဲမက်ဖွယ် နောက်ပိုင်းအလှ။ နောက်ဆုံးတွင် သူရွာပြန်ရောက်ခဲ့စဉ် ဝဋ်ဆိုတာ ဘဝ မဆိုင်းဘူး လက်ရှိဘဝမှတင် လည်တယ်ဆိုသော ရွာဦးကျောင်း ဆရာတော်၏ သတိပေးဆုံးမစကား…။ :cool:
သတ်မှတ်ထားသော နေရာအရောက်တွင် မျက်လုံးများ ဝေဝါးလာသည်။ အမိအဖသဖွယ် ယုံကြည်အားကိုး လေးစားချစ်ခင်ခဲ့ရသော တပ်ချောင်ကြုပ်ကြီးအား တုတ်ရှည်တချောင်း လက်ထဲတွင် တဖျတ်ဖျတ်နှင့် ကစားလျက် သူ့အား ရွှန်းရွှန်းစားစား ကြည့်နေသည်ကို တွေ့ရသည်။ အို.. ဝက်ဖြစ်မှတော့ မထူးတော့ပါဘူး… ဖြောင်းကနဲ အလေးပြုလိုက်ပြီးနောက် စစ်ပုံစံ သတိအနေအထားဖြင့် နောက်သို့လှည့်ကာ ခါးပတ်ချွတ် ဘောင်းဘီဇစ်ဖြုတ်ပြီး အတွင်းခံပါတခါတည်း ချွတ်ချလိုက်သည်။ ဟာ..ဟမ်… အာမေဋိတ်သံများ ခန်းလုံးပြည့် ဆူညံသွားသည်။ “ဟဲ့..သောက်ခွေး” ကမ္ဘာ့ အရက်စက် အကြမ်းတမ်းဆုံး တပ်ချောင်ကြုပ်ကြီး ပင်လျင် အထိတ်တလန့် ဖြစ်သွားပြီး လက်ထဲမှတုတ်အောက်သို့ လွတ်ကျသွားရသည်။ ပင်တဂွန်စစ်ဌာနချုပ်မှ ကြားဖြတ်အသံ ဖမ်းနေသူ ဥကိုင်ကား လုပ်ကြံမှုဖြစ်နေကြောင်း အထက်သို့ သတင်းပို့ပြီးမှ မဟုတ်မှန်းသိ၍ ခြေမကိုင်လက်မကိုင်မိဖြစ်ရင်း ပေါင်နှစ်လုံးကြားသို့ လက်နှစ်ဖက် သွင်းထားရတော့သည်။ :mrgreen:
သွားချေပြီ.. မည်သို့မှ ပြင်မရတော့။ “တင်” ဟူသော ဝေါဟာရအပေါ် နားလည်မှုလွဲမှားခြင်း ရလဒ်ကား ဘဝတခုလုံးကို ဆုံးရှုံးစေခဲ့ပေပြီ။ မည်သို့ပင် ဖြစ်စေကာမူ ဤမျှ စော်ကားမော်ကား ပြုဝံ့သူအား တပ်မတော်ထဲတွင် ဆက်လက်ထားရန် မဖြစ်နိုင်တော့ပေ။ နောက်ခန်းအတွင်း မမြင်ကွယ်ရာမှ စောင့်ကြည့် နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ဗိုလ်မြင်းအောင်းအား ဆွဲထုတ်သွားကြလေသည်။ ကျန်သူအပေါင်းကား နားရွက်ပင် မလှုပ်ဝံ့ကြတော့ချေ။ တပ်ချောင်ကြုပ်ကြီးက သူမျက်နှာသာပေး အထားဆုံးသူ ဖောက်သွားသဖြင့် မျက်နှာမဲလျက်ရှိသည်မှာ အခန်းတွင်းရှိ နီယွန်မီးရောင်ကိုပင် ဖုံးလွှမ်းသွားသကဲ့သို့ ထင်မှတ်ရပေသည်။ :P
တော်ဘီ…အားလုံး ကြီးစဉ်ငယ်လိုက် စီနီယာအတိုင်း ပြောကြစမ်း။ တယောက်ပြီးတယောက် ထွက်လာပြီး အလွတ်ကျက်မှတ်ထားသည်များကို တင်ပြကြသည်။ ပျင်းရိဖွယ်ကောင်းလေစွ..။ ကဲ…..အားလုံး ပြောစရာ မရှိတော့ရင် (ဤကား သောက်ပါးစပ်တွေ ပိတ်ကြစမ်း၊ ထပ်မပြောနဲ့တော့ဟု အဓိပ္ပါယ်ရပေသည်)။ “အစည်းအဝေးကို တဦးချင်း သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ကာရိုက်တာတွေ သတ်မှတ်ပေးပြီး အဆုံးသတ်မယ်၊ ကိုယ့်တာဝန် ကိုယ်ကျေကြ” ဟု အမိန့်ပေးရင်း အသင့်ရေးထားသော အမိန့်ပြန်တမ်းကို ဖတ်ပြလိုက်သည်။ (၁) သံမဒရာထူး – သိန်စိမ်း (၂) ဒုသံမဒရာထူး – ရှုံးလစ် (၃) လွှတ်ကထရာထူး – လေမန်း (၄) မျိုးကထရာထူး – ခင်အောင်ကျွေး (၅) ကုပ်ချာရာထူး – နင်မရှုံးလှိုင် (၆) ဒုကုပ်ချာ – ဆိုးဝင် (နောက်ခန်းထဲရှိ ဗိုလ်ဆိုးဝင်ကား တင်အပြမှားသူ ဗိုလ်မြင်းအောင်းအား လွန်စွာကျေးဇူးတင် မဆုံးဖြစ်ရသည်) (ရ) တရားနင်ဂျီးချုပ် – နှစ်ချွန်ဦး (၈) ရွေးဂေါက်ပွဲ ကော်အသေ အုတ်ဂထ တင်ချမ်း (၉) ဖွဲ့စည်းပုံတရာရှုံး အုတ်ဂထ သိမ်းဆိုး တို့ဖြစ်တယ်။ :D
ရာထူးထက် ပိုအရေးကြီးတာက လူအများရှေ့မှာ သရုပ်ဆောင်ရမဲ့ ဇာတ်ရုပ်တွေပဲ၊ တခါထဲ မှတ်သွားဂျ။ ရှုံးလစ်က သံမဒ မဖြစ်ရလို့ ကဂျီကဂျောင် လုပ်နေတဲ့ပုံစံ၊ ကုပ်ချာနဲ့ ဒုကုပ်ချာက မခုတ်တတ်တဲ့ ကြောင်ပုံစံ၊ လွှတ်ကထနဲ့ မျိုးကထနှစ်ဦး မတည့်အတူနေ လင်မယား ကတောက်ကဆ ဖြစ်ဟန်ဆောင်ရမယ်။ ကျန်သုံးယောက်ကလည်း သူတလူ ငါတမင်း လုပ်နေတဲ့ ပုံစချိုးရမယ်။ သံမဒဂျီးကတော့ အဆောင်ရ မိဘုရား ရှစ်ယောက်ကြား ဗျာများနေတဲ့ သူတော်ကောင်း ဇာတ်ရုပ်ကရမယ်။ ဧည့်သည်နဲ့ တွေ့တဲ့အခါ သံမဒသည် ဟန်ပန်အမူအယာ မရှိ၊ ပကတိ ရိုးသားဟန်ဆောင်ရမယ်၊ ဖြစ်နိုင်ရင် ရေလဲပုဆိုးနဲ့ စွပ်ကျယ်ဂျိုင်းပြတ်ဝတ်ပြီး ဧည့်သည်တွေနဲ့တွေ့။ ဒုသံမဒသည် စစ်မက်လိုလားဟန် တရုတ်လိုလားဟန်ဆောင်ရမယ်၊ ဒီတော့ ရှုံးလစ်က တရုတ်ဘုံကျောင်း ခဏခဏ ဘုရားသွားဖူး။ ကုတ်ချာနဲ့ ဒုကုတ်ချာက စစ်သားစိတ်ရှိကြောင်း ပြရမှာဖြစ်လို့ လူရှေ့သူရှေ့ရောက်ရင် ကုလားပဲဟင်းနဲ့ ထမင်းစား။ လွှတ်ကထသည် ဧည့်သည်နဲ့တွေ့တဲ့အခါ ပျော်ပျော် နေတတ်ကြောင်း ပြရမှာမိုလို့ ဟာသကား များများကြည့်။ မျိုးကထကိုတော့ စေတနာ သဒ္ဓါအားကောင်းသူ အဖြစ်သတ်မှတ်ထားလို့ ဧည့်သည်အိမ်ခေါ် ထမင်းကျွေးတဲ့ အကျင့်လုပ်ထား။ ကျန်သုံးယောက်ကလည်း မထင်ရင်မထင်သလို စိတ်ပေါက်တဲ့ စရိုက်ရှိသူအဖြစ် အခါအားလျော်စွာ ထပြောထရစ် လုပ်ရမယ်။ အားလုံး ကြားလား…. မရှင်းတာ ဘာရှိလဲ…မရှိရင် တန်းဖြုတ်…။ :cool:
ထို့နောက်တွင်ကား ပြည်တွင်းပြည်ပ မီဒီယာများ၊ အကဲခတ်များလောကတွင် သံမဒဂျီးသည် သဘောကောင်းသူ၊ ဖြူစင်ရိုးသားသူ၊ တင်းမာသူနှင့် ပျော့ပြောင်းသူများအကြား ချင့်ချိန်လုပ်ကိုင်နေရသူ အဖြစ် လည်းကောင်း၊ ဒုသံမဒဂျီးကား ပေါက်ဖော်တရုတ်တပည့် စစ်မက်လိုလားသူ အဖြစ်လည်းကောင်း၊ လွှတ်ကထ နှင့် မျိုးကထ ရန်ဖြစ်သည်ဟု လည်းကောင်း၊ အမေရိကန်ဘွားတော်နှင့် တွေ့ဆုံရာတွင် လွှတ်ကထမှ ဂျိုကာပုံစံ အဝတ်အစား ဝတ်သည်ဟု လည်းကောင်း၊ မျိုးကထမှ မြန်မာဘွားတော်အား အိမ်ခေါ်ထမင်းဖိတ် ကျွေးသည်ဟု လည်းကောင်း ကုတ်ချာနှင့် ဒုကုတ်ချာတို့အား နိုင်ငံရေး စိတ်မပါသူ စစ်သားအစစ်များအဖြစ် လည်းကောင်း၊ ကျန်သုံးဦးမှာ အစိုးရနှင့် မပတ်သက်ဘဲ သီးခြားနေသူများအဖြစ်လည်းကောင်း သတင်း၊ အကဲဖြတ်ချက်များ ပေါ်ထွက်လာပါတော့သည်။ :cry:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 647 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး