မိုးပျံပူဖောင်း မစီးဖူးခင်က စိတ်ကူးထဲမှာ သူတို့ဘယ်လိုပျံကြသလဲဆိုတာ တွေးပြီး စိတ်ကူးထဲမှာ လိုက်စီးကြည့်ဖူးတယ် ၊ ပူဖောင်းနဲ့ ပတ်သက်လို့ ဘယ်လိုတက်လဲ ဘယ်လိုကွေ့လဲ ဘယ်လိုဆင်းလဲ ကိုယ်သွားချင်တဲ့နေရာ ရောက်အောင် ဘယ်လိုများ ထိန်းကျောင်းမောင်းနှင်သလဲ ၊ လူဘယ်နှစ်ယောက် စီးလို့ရလဲ သိချင်မိတာတွေက အများသားရယ် ၊ ကျွန်တော်သိချင်သလို ရွာသားတွေလဲ သိချင်ကြလိမ့်မယ် လို့ ထင်ပါတယ် ၊ ကျွန်တော် မေးမြန်းစပ်စုခဲ့သမျှတွေ ရွာသားတွေကို ပြန်မျှဝေမယ်နော်….

မြန်မာပြည်မှာ မိုးပျံပူဖောင်း စီးလို့ရတာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီ ပတ်ဝန်းကျင် နိုင်ငံတွေထဲ မှာတော့ အရေအတွက် အများဆုံး ပျံသန်းနိုင်တဲ့ အနေအထားမှာ ရှိပါတယ် ထိုင်းမှာဆို ပူဖောင်းအသေးနှစ်လုံးလောက်ပဲ ရှိတယ် ကမ္ဘောဒီးယားက အန်းကောဝတ် မှာ မြန်မာပြည်မှာ ပျံနေတဲ့ free balloon မျိုး မရှိပဲ ၊ ပူဖောင်းထဲ ဓါတ်ငွေ့သွင်း အောက်က ကြိုးချည် စက်သီးနဲ့ ကြိုးကို အတင်အချ လုပ်တဲ့ fixed balloon မျိုးပဲ ရှိသေးတယ် ၊ မြန်မာပြည်မှာလဲ ရှိတယ်ဆိုပေမဲ့ စီးနင်းခ ၊ စီးနိုင်တဲ့ ပူဖောင်းအရေအတွက် တွေကြောင့် လူများများ စီးနိုင်ဘို့က ကန့်သက်ချက်တွေတော့ ရှိနေတုန်းပါပဲ ၊ စီးနင်းခက ၀ယ်ယူတဲ့ အချိန် နေရာ ပေါ် မူတည်ပြီး အပြောင်းအလဲ ရှိတယ် ပျမ်းမျှခြင်းကတော့ ဒေါ်လာ ၂၉၀  ( ၂၅၀ နဲ့ ၃၁၀ ကြား )လောက်ကျပါတယ် ၊ပျံသန်းချိန်က ၄၅ မိနစ်လောက် ကြာတယ် ၊ စီးလို့ ရတဲ့ အရေအတွက် က ဒီမှာ သုံးမျိုးရှိတယ် ၈ ယောက်စီး ၊ ၁၂ ယောက်စီး နဲ့ ၁၆ ယောက်စီး တွေပါ ။

ပူဖောင်းက ရာသီဥတုပေါ် လုံးဝ မှီခိုအားထားရတာ ဖြစ်တဲ့ အတွက် ပျံသန်းချိန် ကန့်သက်ချက်တွေရှိပါတယ် ကာလအရဆို အောက်တိုဘာကနေ မတ်လလောက် အထိ ပျံကြတယ် ၊ အချိန်က လေပြင်းရင် ပျံလို့မရတာနဲ့ မနက်ပိုင်း နဲ့ ညနေပိုင်းလေးပဲ ပျံကြတယ် ၊  ညနေပိုင်း ပျံရင် မနက်ပိုင်းထက် လေ ပိုပြင်းပြီး ခရီးတူကို မြန်မြန်ရောက်လို့ မနက်ပိုင်းပဲ ပျံကြတယ် ၊ ဒါတောင်မှ မနက်ပိုင်း တစ်ခါတစ်လေ ဖောက်တဲ့ ရာသီဥတုကြောင့် ပျံသန်းတာ ဖျက်ပြီး ပိုက်ဆံပြန်အမ်းရတာမျိုး ကြုံရတတ်သေးတယ် ၊ တက်တဲ့ အမြင့်ကတော့ ပေ ၁၀၀၀၀ ကျော်ရင် အောက်ဆီဂျင် အပို မပါပဲ မနေနိုင်လို့ ပေ ၁၀၀၀၀ အောက်ပဲ ပျံဘို့ သတ်မှတ်ထားတယ် ၊ ဒီက အဖွဲ့တွေ အင်းလေးဘက်မှာ ပျံကြတုန်းကပေ ၈ ၊ ၉၀၀၀ လောက်ထိ တက်ရတယ်တဲ့ ၊ ပုဂံမှာတော့ သိပ်မြင့်ရင် မြင်ရတာ မသဲကွဲတော့တာမို့ ပေ ၂၀၀၀ လောက် အထိပဲ အမြင့်ဆုံး ပျံလေ့ရှိတယ် ဆိုပေမဲ့ ကျွန်တော် စီးခဲ့ရတုန်းကတော့ ပေ ၈၉၀ လောက်ထိပဲ အမြင့်ဆုံးတက်ခဲ့တယ် အောက်ကို ကြည့်ရတာလဲ အဆင်ပြေပါတယ် ၊ ပူဖောင်း က ကွင်းပြောင် တစ်ခုကနေ တက် နောက် ကွင်းပြောင် တစ်ခုကို ဆင်းဆိုတော့ သူတို့ဘာသာ ဘယ်ကတက် ဘယ်မှာဆင်းကျမယ် ဆိုတာ သတ်မှတ်ထားတဲ့ နေရာ (၁၇) နေရာလောက် ရှိတယ် တက်တာက အတိအကျ ပြောလို့ ရပေမဲ့ ဆင်းတာ ကတော့ ခန့်မှန်းချေ ဘယ်မှာဆင်းနိုင်မယ် ဆိုတာလောက်ပဲ မတက်ခင် ခန့်မှန်း နိုင်တယ် အခုအချိန်ကတော့ အေးဆေးပါ၊  ပဲသိမ်းပြီးတဲ့ ကာလမို့ ဟိုနေရာလဲ ကွင်းပြောင် ဒီနေရာလဲ ကွင်းပြောင်ပါပဲ….

ကဲ ဘယ်လိုပျံသလဲ ဆိုတဲ့ အကြောင်း စလိုက်ကြရအောင် ၊ တက်မဲ့ကွင်းကို ပျံမဲ့သူ ၊ အထောက်အကူပြုအဖွဲ့ ၊ ပစ္စည်းတွေနဲ့ သွားရတယ် ၊ အရင်ဆုံး လေတိုက်တဲ့ အနေအထားကို မှန်းလို့ရအောင် လေပူဖောင်းလေးတွေကို မိနစ်ပိုင်းခြားပြီး ၃၊၄ လုံးလောက် လွှတ်ရတယ် စိတ်တိုင်းကျပြီဆိုမှ လူစီးမဲ့ ကြိမ်ခြင်းကို လိုအပ်တာ ပြင်ဆင်၊ ဓါတ်ငွေ့အိုးတွေတင်၊ သေချာချည်နှောင် လုပ်ပြီးတော့မှ တစောင်းဖြစ်အောင် လှဲ ၊ အောက်ကဆူးတွေနဲ့ ထိုးတာ ပေါက်တာ မဖြစ်ရအောင် မိုးကာစတွေ ခင်းထားတဲ့ အပေါ် ပူဖောင်းကို ဖြန့်ရတယ်၊ အရင်က ထင်တာ လူစီးတဲ့ ကြိမ်ခြင်းထဲ အားလုံးစုတက်ကြတယ် ထင်တာ တကယ်တွေ့တော့မှ ကြိမ်ခြင်းထဲမှာ အကန့်လေးတွေ ခွဲထားတယ် အလယ်ကန့်က ဓါတ်ငွေ့အိုးတွေထားတယ် pilot နေတယ် ဘေးအကန့်တွေကတော့ ခရီးသည်တွေ အတွက်ပေါ့     ..

လေတိုက်တဲ့ အခြေအနေ သိအောင် လေပူဖောင်းလေး စလွှတ်တယ်

မိနစ်ခြားပြီး နောက် တစ်လုံး .....

သေချာပြီ ဆိုတာနဲ့ ပစ္စည်းတွေ စဆင်တယ်

ကြိမ်ခြင်းလေးထဲ မှာ အကန့်လေးတွေ ပါတယ်

ကိုယ့်အကန့်ထဲမှာ ဆင်းခါနီး ထိုင်ဘို့ ခုံ ၊ ကိုင်ဘို့ ကြိုးကွင်းလေးတွေ ရှိတယ်အကန့်လေးထဲမှာ ဆင်းခါနီး ထိုင်ဘို့ခုံ ၊ လက်ကိုင်ဘို့ ကြိုးကွင်းလေးတွေ ရှိတယ်

ပူဖောင်းထဲကို ပရိုပိန်းကို မီးရှို့ပြီး လေပူသွင်းတဲ့ ဟာ

မီးပုံးပျံ ခင်းမဲ့နေရာ ဆူး တွေ မဆူးအောင် တာလပတ် ခင်းထားတယ်

ကြိမ်ခြင်းထဲမှာ ပစ္စည်းတွေ ချည်နှောင် ပြီးရင် လှဲလိုက်ရတယ်

မီးပုံးပျံကို ဒီလိုခင်း

ပူဖောင်းမှာသုံးတဲ့ ဓါတ်ငွေ့ က ပရိုပိန်း ၊ ပရိုပိန်းကို မီးရှို့ပြီး လေပူသွင်းတာပေါ့ ၊ ပူဖောင်းထဲကို အရင်ဆုံး cold air သွင်းတယ် ပန်ကာနှစ်လုံးနဲ့ ဘယ်၊ညာ နှစ်ဖက်က မှုတ်သွင်းတော့ ပူဖောင်းက တဖြည်းဖြည်းဖောင်းလာတယ် အလိုက်သင့်လေး ဖြစ်အောင် အထောက်အကူအဖွဲ့ (ground crew ) က တချို့က ပူဖောင်းထဲ ၀င် ၊ တချို့က ပူဖောင်း အပြင်ကနေ ဆွဲသင့်တာ ဆွဲ ၊ ဆန့်သင့်တာ ဆန့် လုပ်ပေးရတယ် ၊ cold air တွေနဲ့ ပြည့်သွားပြီး ဆိုမှ hot air အတွက် ပရိုပိန်းကို မီးရှို့ပြီး ပူဖောင်းထဲကို မှုတ်သွင်းတယ် လေပူတွေ ပြည့်ပြီး ကြွတက်လာပြီ ဆိုမှ ကြိမ်ခြင်းကို တည့်အောင် ထောင်လိုက်ရတယ် ၊ ကြိမ်ခြင်းထဲမှာ ပရိုပိန်း ဓါတ်ငွေ့အိုး (၅)လုံးတင်ထားတယ် ၊ တစ်လုံးက ပူဖောင်းထဲကို ကနဦး လေပူသွင်းဘို့ ၊ တက်ဘို့အဆင်သင့်ဖြစ်တဲ့ အဆင့်ရောက်ပြီဆို ကနဦးသုံးတဲ့ အလုံးကို အောက်မှာ ထားခဲ့တယ် ၊ လေထဲကို (၄)လုံးနဲ့ တက်တယ် ၊ အဲဒီ(၄)လုံးနဲ့ လေထဲမှာ ၂ နာရီလောက် နေလို့ရပေမဲ့ အများဆုံး ၄၅ မိနစ်လောက်ပဲ နေကြတယ် ကျန်တာက အရံပေါ့ ..

အရင်ဆုံး cold air ကို ပန်ကာနဲ့ မှုတ်သွင်းတယ်

အဆင်ပြေအောင် ဆွဲဆန့် ဆွဲပြင် လူကပူဖောင်းထဲ ၀င်လုပ်ပေးရတယ်

ထိပ်ဖက်ကလဲ ၀ိုင်းလုပ်ပေးရတယ် (လေထဲမှာ လေထီးလေးနဲ့ ချိတ်ထားတဲ့ ကြိုးကို ဆွဲရင် လေပူထွက်တယ် )

hot air ထည့်တယ်

လေပူတွေနဲ့ ပြည့်ပြီး ကြွတက်လာမှ ကြိမ်ခြင်းကိုတည့်လိုက်တယ်

တက်ဘို့ အဆင့်သင့်ဖြစ်ပြီဆို pilot က ခရီးသည်တွေ အားလုံးကိုခေါ်ပြီး safety briefing လုပ်တယ် လေထဲမှာ ဘာမလုပ်ရဘူး ဘာလုပ်ရမယ် ဆိုတာတွေပေါ့ ဥပမာ သတ်မှတ်ပေးထားတဲ့ အကန့်မှာပဲ နေရာယူပေးပါ ( အကန့်ကို တက်ရင် ခြေနင်းစရာ နေရာလေးတွေကနေ တစ်ထစ်ချင်း နင်းတက်ပါ ၊ လေထဲမှာ လေပူသွင်းချိန် အပူရှိန်ဟပ်တဲ့ အတွက် ဦးထုပ်ဆောင်းထားပါ (ဦးထုပ် တစ်လုံးဆီ လက်ဆောင်ပေးတယ် ) ၊ ဆင်းခါနီး pilot က landing position ဆိုတာနဲ့ ကိုယ့်အကန့်ထဲက ခုံလေးမှာ ထိုင် ခေါင်းကနောက်ကိုမှီ လက်က ရှေ့က ကြိုးကွင်းတွေကို ကိုင်ထားပါ ဆိုတာမျိုးတွေ ရှင်းပြတယ် ၊ briefing ပြီးတာနဲ့ ဘယ်သူ ဘယ်အကန့်ကို သွားပေးပါဆိုပြီး နေရာခွဲပေးတယ် ။

အားလုံး နေရာယူပြီးပြီ ဆိုတာနဲ့ စတက်တယ် လေပူတွေ ပိုသွင်းလိုက်တာပေါ့ ၊ ပူဖောင်း ပျံတာက မသိခင်က ဘယ်လိုများ ပျံတာပါလိမ့်လို့ ဟို စဉ်းစား ဒီ စဉ်းစား နဲ့ တကယ်က တော့ ရှင်းရှင်းလေးရယ် ၊ အပေါ်တက်ချင်ရင် ဓါတ်ငွေ့ကို မီးရှို့ပြီး လေပူသွင်းတယ် ပေါ့တော့ အပေါ်ကိုတက်တယ် ၊ ဆင်း ချင်ရင် ပူဖောင်းရဲ့ ထိပ်ဖက်မှာ ရှိတဲ့ လေထီးအရွက်လေးကို အောက်ကနေကြိုးနဲ့ ဆွဲလိုက်တယ် ၊ နဲနဲ ဟ ပြီး လေပူတွေ ထွက်သွားတဲ့ အတွက် ပူဖောင်းက အောက်ကို ဆင်းတယ် ၊ ဒါက အပေါ်တက် ၊ အောက်ဆင်း ဘို့ ၊  ဘယ်၊ ညာ သွားတာ အတွက်ကတော့ အမြင့်ကွာသွားတာနဲ့ တိုက်တဲ့လေရဲ့ ဦးတည်ရပ်က ပြောင်းသွားတယ် ၊ ပူဖောင်းက ညာဘက်ကို သွားချင်တယ် ညာဘက်ကို သွားတဲ့လေက ကိုယ့်အပေါ်ဘက်မှာဆို လေပူသွင်း အပေါ်တက် ပူဖောင်းက ညာဖက်ကို ပါသွားတယ် ၊ ဘယ်ဘက်သွားချင်တယ်ဆို  ဘယ်ဘက်သွားတဲ့ လေ ရှိမဲ့ အမြင့်ကို သွားပေါ့ ၊ လေ ဘယ်တိုက်လား ညာတိုက်လား ဆိုတာကတော့ အောက်ကနေ လေပူဖောင်းလေး လွှတ်တင်ကတဲက ကြည့်ထားတာရယ် အတွေ့အကြုံရယ်က သင်သွားတာပေါ့ ၊ တကယ်တော့ ကျွန်တော်က အမြင့်ကြောက်တယ်ဗျ ငယ်ငယ်ကဆို သစ်ပင်တွေ ဘာတွေ တက်ဖူးတာ မဟုတ်ဘူး ၊ ခရီးတွေ သွားရလို့ လေယာဉ်တွေ စီးဖူးပေမဲ့ လုံခြုံတယ် ဆိုတဲ့ အသိကြောင့် ဘာမှ ထူးထူးခြားခြား မခံစားရပေမဲ့ အခု မိုးပျံပူဖောင်းကျ ဟာလာ ဟင်းလင်းနဲ့မို့ ရင်ထဲမှာ သိမ့်ကနဲ နဲ့ အရသာတော့ တမျိုးလေးပဲ….

မီးပုံးပျံ မှာတော့ လေယာဉ် ပုံတွေမှာ မြင်ရတဲ့ ဒိုင်ခွက်တွေ ဘာမှ ပါမလာဘူး Pilot  ယူလာတဲ့ ဆက်သွယ်ရေး စက်ရယ် ၊ GPS ရယ် အမြင့် လေတိုက်နှုန်းတွေ ပြတဲ့ လက်ကိုင် စက်လေးတွေ ပဲ ပါတယ် ၊ လေထဲမှာ pilot က ပေ ၅၀၀ နဲ့ ၁၀၀၀ ကြား ထိန်းပေးထားတယ် ၊ pilot ရှေ့မှာ ကြိုးလေး ၃ ချောင်း တန်းလန်းလေး ကျနေတယ် ၊ ညာဘက်ကကြိုး (အနီ လို့ထင်တယ် ) ကို ဆွဲရင် သွားနေတဲ့ လမ်းကြောင်းအတိုင်း ညာဘက်ကို လည်သွားတယ် ၊ ဘယ်ဘက်က ကြိုး (အနက်) ကို ဆွဲရင် ဘယ်ဘက်ကို လည်တယ် ၊ ကိုယ့်ပတ်ပတ်လည်က မြင်ကွင်းကို မြင်ရတာပေါ့ ၊ အလည်က ကြိုးကို ဆွဲရင်တော့ လေပူတွေ ထွက်အောင် လုပ်သလိုဖြစ်ပြီး အောက်ဖက်ဆင်းတယ် ၊ တက်လိုက် ဆင်းလိုက် လေစီးကြောင်းပေါ် မူတည်ပြီး ဘယ်သွားလိုက် ညာသွားလိုက်နဲ့ အဲဒီအချိန် ထူးထူးခြားခြား ဘာဆန္ဒဖြစ်မိလဲ ဆိုတော့ ကြည့်ရတဲ့ မြင်ကွင်းလေးတွေကို သဘောကျပြီး ရွာသားတွေနဲ့ အတူကြည့်ချင်တယ် ဆရာဂီ တို့ ဆရာသော့  တို့ ဆရာပေါက်  တို့လို ပရိုတွေ ပါလာရင် ပိုကောင်းမယ်လို့လဲ တွေးမိတယ် ၊ ဆန္ဒသာ ထက်သန်ရင် မဖြစ်နိုင်ဘူးဆိုတဲ့ အရာမှ မရှိတာ တစ်နေ့တော့ အတူတူ စီးနိုင်တဲ့ နေ့ ရောက်လာ ဦးမှာပါ နော..

လေထဲမှာ လက်ကိုင် ကိရိယာလေးတွေပဲ ယူလာတယ်

သူက ကိုယ့်ကို ရိုက်တယ်

ကိုယ်ကလဲ သူ့ပြန်ရိုက်တာပေါ့ ( မီးပုံးပျံတိုင်းမှာ အဲဒီလို ကင်မရာလေးတွေ ပါတယ် )

အဲဒီလိုနဲ့ ဆင်းဘို့ နီးလာရင် pilot က landing position လို့ပြောတာနဲ့ ကိုယ့် အကန့်လေးထဲမှာ ရှိတဲ့ ခုံ လေးပေါ်မှာထိုင် ရှေ့ကကြိုးကို ကိုင်ထား ရတယ် ၊ မောင်းတဲ့သူက လေပူသွင်းလိုက် ထုတ်လိုက်နဲ့ ချိန်ဆင်းရင်း ကွက်လပ် မြေကြီးပေါ်ကို ဘုတ်ကနဲ ထိတယ် ၊ တကယ့် ညင်ညင်သာသာပဲ ၊ ရန်ကုန်ကလိုင်းကား ချိုင့်ခွက်ထဲ ကျသလောက်တောင် မပြင်းဘူး ၊ အောက်မှာ ကြိုရောက် နေတဲ့ ground crew အဖွဲ့တွေက ၀ိုင်းထိန်းပေးထားတယ်  ခဏနေ ငြိမ်သွားတော့မှ နံရံက အပေါက်လေးတွေအတိုင်း နင်းရင်း အပြင်ထွက်ရတယ် ၊ refreshment အတွက် ရှန်ပိန်၊ အအေး ၊မုန့် ၊သစ်သီးတွေ ကျွေးတယ် ကိုယ်မဆင်းခင်ကတဲက ရောက်နေတဲ့ ဒေသခံ အမှတ်တရ ပစ္စည်းရောင်းတဲ့ အဖွဲ့တွေက ၀ိုင်းလာပြီး ရောင်းကြတာပေါ့..

ဒီလိုလေး ပြန်ဆင်း

ဈေးရောင်းမဲ့ အဖွဲ့တွေက ကြိုရောက်နေကြပြီ

ကျွေးတာ စား ၊ ရောင်းတာ ၀ယ်

မီးပုံးပျံကြီးကို လေပူထုတ် ၊ ကြိုးနဲ့ ဆွဲ လှဲ

နုတ်ဆက်နေတဲ့ နေမင်းကြီး

ဒီလို သိမ်း

ဒီလို ပြန်သယ်

ဧည့်သည်တွေ စားနေတဲ့ အချိန်မှာ သူတို့ အဖွဲ့တွေက တာလပတ်တွေခင်းထားတဲ့ အပေါ် လေထီးကိုလေပူထုတ် ပြီး လှဲချ ပြန်ခေါက်သိမ်း ပစ္စည်းတွေ ကားပေါ်တင်နဲ့ သိမ်းကြဆည်းကြ ပေါ့ ၊ အပေါ်မှာ ကတဲ က သိချင်တာလေး တစ်ခု အောက်ကျမှ မေးဖြစ်တယ် ၊ လေထဲမှာ ခင်ဗျာ ( pilot ကို ) သတိလစ်သွားရင် ဒီမီးပုံးပျံ ကြီး ဘာဖြစ်သွားနိုင်လဲ ဆို တော့ ၊ လေပူထပ်မထည့်တဲ့ အတွက် တအိအိနဲ့ ပြန်ဆင်းလာမယ် ဘာ အန္တရာယ်မှ မရှိနိုင်ပါဘူးတဲ့ ….

ကျွန်တော်သိခဲ့လောက်သလေးတော့ ရွာထဲမှာ ပြန်မျှဝေလိုက်ပါပြီ သိချင်တာရှိရင် ထပ်မေးပါ ၊ မှားတာ ရှိလဲ ပြင်ပေးပါ လို့ပြောရင်း မီးပုံးပျံကတော့ စီးလို့လဲကောင်း အန္တရာယ်လဲ မရှိတာမို့ ရွာသားတွေ စီးရအောင်လို့ လက်တို့လိုက်ပါတယ် နော

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ