စွယ်တော်မြတ်လေးဆူသမိုင်း နှင် ့ တရုပ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်

mandalarthuDecember 15, 20113min2417

စွယ်တော်မြတ်လေးဆူသမိုင်း

 

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ သက်တော်(၃၅)နှစ်အရွယ်တွင် အိန္ဒိယနိုင်ငံမဇ္ဈိမဒေသ ဂယာမြို့အနီး ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတ သခင်ဘုရားရှင်အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ မြတ်စွာဘုရားရှင်သည် (၄၅)ဝါကာလပတ်လုံး သတ္တဝါအပေါင်း၏ အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်တော်မူခဲ့ပြီးနောက် မဟာသက္ကရာဇ် (၁၄၈)ခုနှစ်၊ ကဆုန်လပြည့် (အင်္ဂါနေ့)၊ သက်တော်(၈ဝ) ဝါတော်(၄၅)ဝါတွင် ကုသိနာရုံပြည် မလ္လမင်း အင်ကြင်းဥယျာဉ်တော်၌ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်၏ ဥတုဇရုပ် ကလပ်တော်ကို တေဇောဓာတ်လောင်ကျွမ်းစေသောအခါ အရိုးတော်၊ အသားတော်၊ အသွေးတော် တို့မှ မြတ်ပန်းငုံရောင်ရှိသော မုန်ညှင်းစေ့အရွယ်ရှိ ဓာတ်တော်(၆)ပြည်၊ ပုလဲအဆင်းရှိသော ဆန်ကျိုးအရွယ်ဓာတ်တော်(၅)ပြည်နှင့် ရွှေအဆင်းရှိသော ပဲနောက်စေ့ရွယ် ဓာတ်တော်(၅)ပြည် စုစုပေါင်းဓာတ်တော်(၁၆)ပြည်တို့ ကြွင်းကျန်ရစ်တော်မူခဲ့ပါသည်။

ထို့အပြင် မီးမခဘဲ မူလအတိုင်းကျန်ရစ်တော်မူသည့် အသမ္ဘိန္နသရီရဓာတ်တော်(၇)ဆူတို့ ကိုလည်း ကြည်ညိုစွာ ဖူးတွေ့ရပါသည်။

ထိုသရီရဓာတ်တော်များမှာ-

(၁)     နဖူးသင်းကျစ်တော်

(၂)     လက်ယာညှက်ရိုးတော်

(၃)     လက်ဝဲညှက်ရိုးတော်

(၄)     အထက်လက်ယာစွယ်တော်

(၅)     အောက်လက်ယာစွယ်တော်

(၆)     အထက်လက်ဝဲစွယ်တော်

(၇)     အောက်လက်ဝဲစွယ်တော် တို့ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရားရှင်သည် အသက်တစ်ရာတမ်းတွင် ပွင့်တော်မူသော ဘုရား ရှင် ဖြစ်၍ ပရိနိဗ္ဗာန်ပြုချိန်တွင် မြတ်စွာဘုရားအား ဖူးတွေ့ခွင့်မရလိုက်သောသူ၊ ဖူးမြော်ခွင့်ရရှိစေရန် ဓာတ်တော် မွေတော်များ ကြွင်းကျန်ရစ်စေဖို့ အဓိဋ္ဌာန်ပြုခဲ့လေသည်။

ဘုရားရှင်၏ အဓိဋ္ဌာန်အတိုင်း (၁၆)ပြည်သော ဓာတ်တော်တု့ိ ကြွင်းကျန်ရစ်ခဲ့သည်။ ဘုရားရှင်က-

”ငါဘုရား ပရိနိဗ္ဗာန်စံဝင်လင့်ကစား မုန်ညှင်းစေ့ခန့်မျှရှိသော ငါ၏ဓာတ်တော်ကို ပင့်ဆောင် ကာစေတီတည်ထားပူးဇော်ကြသူများသည် နတ်ရွာသုဂတိသို့ လားရောက်ကြစေ၊ ကောင်းကျိုးချမ်း သာအပေါင်းနှင့်ပြည့်စုံကြပါစေ”ဟူသော ရည်ရွယ်ချက်ဖြင့် ဓာတ်တော်များအား အဆူဆူ ကွဲပြား ရန် အဓိဋ္ဌာန်တော်မူခဲ့ခြင်းဖြစ်သည်။

                   မြတ်စွာဘုရားရှင်၏ စွယ်တော်များမှာ အသမ္ဘိန္နဓာတ်တော်အစစ်ဖြစ်၍ ဖူးရခဲသည်။ အသမ္ဘိန္နဓာတ်တော်ဆိုသည်မှာ မြတ်စွာဘုရားရှင်၏ အလောင်းတော်ကို တေဇောဓာတ်လောင် ကျွမ်းပြီးနောက် ကြွင်းကျန်သော စွယ်တော်လေးချောင်း၊ ညှပ်ရိုးတော်နှစ်ချောင်း၊ နဖူးသင်းကျစ် တော်တစ်ဆူ၊ ထိုခုနှစ်ဆူတို့ကို ခေါ်ခြင်းဖြစ်သည်။ ထိုမှ ကြွင်းသော ဓာတ်တော်များကို သမ္ဘီန္န ဓာတ်တော်များဟုခေါ်သည်။

ဂေါတမမြတ်စွာဘုရားရှင်၏ မကွဲမပြားမူလအတိုင်းတည်ရှိသော အသမိ္ဘန္နဓာတ်တော် (၇)ဆူတို့တွင်

 

(၁)နဖူးသင်းကျစ်တော်သည်သီဟိုဠ်ကျွန်းရှိမင်္ဂလာစေတီတော်၌လည်းကောင်း၊

(၂) လက်ယာ ညှပ်ရိုးတော်သည် သီဟိုဠ် ကျွန:်( သီရိလင်္ကာ) ရှိ ထူပါရုံစေတီတော်၌လည်းကောင်း

(၃) လက်ဝဲညှပ်ရိုးတော်သည ်ဗြဟ္မာ့ပြည် ၌လည်းကောင်း

တည်ထားကိုး ကွယ် ပူဇော်ထားကြပါသည်။

 

                                        စွယ်တော်မြတ်လေးဆူအနက်

 

(၁) အထက်လက်ယာစွယ်တော်ကို  သိကြားမင်းက ပင့်ဆောင် ပြီး တာဝတိံသာနတ်ပြည်ရှိ       စူဠာမဏိစေတီ ၌လည်းကောင်း

(၂) အောက်လက်ယာစွယ်တော်ကို ဇေယျသေနနဂါးမင်းက နာဂပူရခေါ် နဂါးပြည်သို့ ပင့်ဆောင်ပြီး  ရတနာစေတီ  ၌လည်းကောင်း

(၃)အထက်လက်ဝဲစွယ်တော်မြတ်ကိုဂန္ဓာရတိုင်းမှ ရဟန်းတော်တစ်ပါးက ပင့်ဆောင်ပြီး

တရုတ်ပြည်သူ ့သမ္မတနိုင်ငံ  ပီကင်း (ပေကျင်း)မြို  ့တော်  အနောက်ဘက်တောင်ကုန်းပေါ် ၌ရှိသော  ရွှေစေတီ (စွယ်တော်စေတီ)   ၌လည်းကောင်း

(၄)  အောက်လက်ဝဲစွယ်တော်မြတ်ကို အရှင်သာရိပုတ္တရာ၏တပည့် အရှင်ခေမာရဟန္တာရှင်မြတ်ကပင် ့ ဆောင်၍ ကလိင်္ဂပြည် ဗြဟ္မဒတ်မင်းထံ အပ်နှံကာ မင်းအဆက်ဆက်ကိုးကွယ်ခဲ ့ကာ ယခုအခါ  သီရိလင်္ကာနိုင်ငံ   (သီဟိုဠ်ကျွန်း) ကနီ္ဒမြို  ့  ထူပါရုံစေတီတော်ကြီး၏  အရှေ  ့ဘက်တစ်ဖာလုံခန် ့ တွင်ရှိသော  စွယ်တော် ကျောင်း ၌လည်းကောင်း  ကိန်းဝပ်စံပယ်လျက်ရှိပါသည်။


                                                                         ဗုဒ္ဓမြတ်စွာဘုရားရှင်၏ စွယ်တော်ဓာတ်မြတ်လေးဆူကျန်ရှိခဲ့ပုံ

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သက်တော် (၈၀)၊ ဝါတော် (၄၅)ဝါ အရောက် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ကုသိနာရုံမြို့ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင်တော် မူလေသည်။

တေဇောဓာတ်လောင်ပြီးသော အခေါင်းတော်ကို ရွှေမြို့တော်သို့ အခမ်းအနားဖြင့် ပင့်ဆောင်ယူကြသည်။ အခေါင်းတော်အား ဖွင့်လိုက်သောအခါ အသွေးတော်၊ အသားတော်တို့ သည် သရီရဓာတ်တော်မွေတော်များ ဖြစ်သွားလေသည်။ ဓာတ်တော်တို့မှာ ရှစ်စိတ် ကြွင်းကျန်ရစ် လေသည်။ မြတ်စွာဘုရားရှင်၏ ကြွင်းကျန်ရစ်သော အသမ္ဘိန္နဓာတ်တော်၊ သမ္ဘိန္နဓာတ်တော် တို့ကို ပြည်ထောင်မင်းတို့အား တစ်စိတ်စီဝေငှရသူမှာ ဒေါဏပုဏ္ဏားြဖစ်သည်။

ဒေါဏပုဏ္ဏားသည် ရှစ်ပြည်ထောင်မင်းတို့အား ဓာတ်တော်တို့ကို ရှစ်ပုံ အညီအမျှ ခွဲဝေပေး ခဲ့သည်။

(၁) ဒေါဏပုဏ္ဏားသည် မြတ်စွာဘုရား၏ လက်ယာအထက်စွယ်တော်ကို ဦးရစ်ကြားတွင် မိမိအဖို့ငှာ ဝှက်ထား၏။ ဒေါဏပုဏ္ဏား၏ ဦးရစ်ကြားမှ လက်ယာအထက်စွယ်တော်ကို သိကြားမင်းသည် တန်ခိုးဖြင့်ဆောင်ယူ၍ တာဝတိံသာနတ်ပြည် စူဠာမဏိစေတီတော်၌ ဌာပနာသည်ဟု ဒီဃနိကာယ် သုတ် မဟာဝါအဋ္ဌကထာ၌လာ၏။

(၂) ဒေါဏပုဏ္ဏား ခြေဖြင့်နင်းထားသော လက်ယာအောက် စွယ်တော်ကို ဇယသေန နဂါးမင်းက ယူဆောင်ကာ နဂါးပြည်စေတီအတွင်း ဌာပနာသည်။

 ဒေါဏပုဏ္ဏားသည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ လက်ယာအောက်စွယ်တော်ကိုလည်း ရယူလို သောဆန္ဒဖြင့် မိမိခြေမကြားတွင် ဝှက်ထားပြန်သည်။ နာဂပူရနဂါးပြည်မှ ဇေယျသေဋ္ဌ အမည်ရှိ သော နဂါးမင်းသည် ဓာတ်တော်ဝေရာဌာနသို့ နောက်ကျမှ ရောက်၍ ဓာတ်တော်ဝေခြင်းမှု၌ ကိုယ်တိုင်ရယူ ခံယူနိုင်ခြင်း မရှိဘဲ ဘေးမှရပ်ကြည့်ခဲ့ရသည်။ ဒေါဏပုဏ္ဏားကြီး၏ ခြေအောက်၌ ဓာတ်တော်ဝှက်သည် မြင်ရသောအခါ နဂါးမင်းသည် ပုဏ္ဏားမသိအောင် တိတ်တဆိတ် ယူဆောင် ပြီး နဂါးပြည်သို့ ပင့်ဆောင်သွားကာ နဂါးပြည်၌ ရတနာမျိုးစုံစီခြယ်ထားသော ‘ရတနာစေတီ’ ကို တည်ထား၍ လက်ယာအောက်စွယ်တော်အား ဌာပနထားလေသည်။

 

(၃) ဒေါဏပုဏ္ဏားသည် မြတ်စွာဘုရား၏ လက်ဝဲအထက်စွယ်တော်ကို အဝတ်ကြားတွင် လည်းကောင်း မိမိအဖို့ငှာ ဝှက်ထား၏။ ဒေါဏပုဏ္ဏား အဝတ်ကြားမှ လက်ဝဲအထက်စွယ်တော်ကို ဂန္ဓာရတိုင်းသား ရဟန္တာတစ်ပါးကတန်ခိုးတော်ဖြင့်ပင့်ဆောင်ပြီးမြောက်ပိုင်းဥဇနာနိုင်ငံ၌ပထမကိန်းဝပ်စံပယ်တော်မူခဲ့ပြီး၊ ထိုမှတစ်ဆင့် အာရှအလယ်ပိုင်း ခိုတန် (Khotan) ပြည်နယ်သို့ ရောက်ရှိခဲ့ပါသည်။

တရုတ်ပြည် ‘ချီ’မင်းဆက်လက်ထက် အေဒီ(၄၇၉-၅​ဝ၂)တွင် တရုတ်ဘုန်းတော်ကြီး ‘ဖာစီယန်’ (Fa-Xian)က ခိုတန်ပြည်မှ မြတ်စွယ်တော်ကို တရုတ်ပြည်သို့ ပင့်ဆောင်ခဲ့ပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပီကင်းမြို့တွင်တည်ရှိပြီး၊ (၁၉၆၄)ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့တွင် တရုတ်ဗုဒ္ဓဘာသာ အသင်းကြီးက တည်ထောင်ဖွင့်လှစ်ပေးခဲ့သော စွယ်တော်မြတ်စေတီတွင် ပူဇော်ထားရှိပါသည်။ ထိုအချိန်မှစ၍ယခုထိတရုတ်နိုင်ငံတွင် ကိန်းဝပ်စံပယ်လျက် ရှိနေသည်။

(၄)လက်ဝဲအောက် ဲစွယ်တော်မြတ်ကို အရှင်သာရိပုတ္တရာ၏တပည့် အရှင်ခေမာရဟန္တာရှင်မြတ် ကပင် ့ ဆောင်၍ ကလိင်္ဂပြည် ဗြဟ္မဒတ်မင်းထံ အပ်နှံကာ မင်းအဆက်ဆက် ကိုးကွယ်ခဲ့သည်။ ရုဟာသီဝမင်းလက်ထက် စစ်ဘေးနှင့်ကြုံ၍ သမီးတော် ဟေမာလာနှင့် သမက်တော် ဒန္တကုမာရတို့ အား စွယ်တော်မြတ်နှင့်အတူ သီရိလင်္ကာနိုင်ငံသို့ ပင့်ဆောင်ထွက်ပြေးစေခဲ့ပါသည်။ သီရိလင်္ကာ နိုင်ငံ၊ ကတ္တိသီရိမေဃမင်းတု့ိ ပေးအပ်ကိုးကွယ်ခဲ့ရာ ယခုတိုင် သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ စွယ်တော် ကျောင်း၌ ကိန်းဝပ်စံပယ်လျက်ရှိပါသည်။

                       

   စွယ်တော်လေးဆူတို့၏ ထူးခြားမှုများ

သကျမုနိဂေါတမမြတ်စွာဘုရားရှင်၌မူ သွားတော်တို့သည် လူသာမန်တို့ထက် ရှစ်ချောင်းမျှ ပိုကာ (စွယ်တော်လေးဆူ အပါအဝင်) လေးဆယ်တိတိရှိတော်မူသည်။ ထိုသွားတော်လေးဆယ် တို့မှာ တစ်ချောင်းနှင့် တစ်ချောင်း လွန်စွာစေ့စပ်လုံလဲတော်မူ၏။ စွယ်တော်လေးဆူတို့၏ ထူးကဲ သောအင်္ဂါလေးရပ်တို့ကား

(၁)လုံးဝန်းခြင်း

(၂) စင်ကြယ်သန့်ပြန့်ခြင်း၊

(၃)ထက်မြက်ခြင်း

(၄) ထူး ကဲဖြူဖွေးခြင်း တို့ဖြစ်ပါသည်။

စွယ်တော်လေးဆူမှ ကြွင်းသော ကျန်သွားတော် (၃၆)ဆူသည် စကြာဝဠာအဆင့်ဆင့်သို့ ရောက်တော်မူသည်။ အိန္ဒိယပြည် သီဟိုဠ်ပြည်၊ တရုတ်ပြည်၊ မြန်မာနိုင်ငံများသို့ ရောက်ရှိပျံ့နှံ့ ကြသည်။

မြတ်ဗုဒ္ဓ၏လက်ဝဲ အထက်စွယ်တော်

ယခုမြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် ဒေသစာရီကြွချီလာသော စွယ်တော်မြတ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်တွင် ပူဇော်ထားသော အထက်လက်ဝဲစွယ်တော်မြတ်ဖြစ်ပါသည်။

  တရုပ်ပြည် မှ ဗုဒ္ဓမြတ်စွယ်တော်

 

 

 

 

 

 

 

 

 

 

 

ဂန္ဓာရတိုင်းသား  ရဟန်းတော် ပင့်ဆောင်သွားသော  မြတ်စွာဘုရား၏  “လက်ဝဲ အထက်စွယ်တော်မြတ်” သည်  ယခုအခါ    တရုတ်ပြည်သူ ့သမ္မတနိုင်ငံ  ပီကင်း (ပေကျင်း)မြို  ့တော်  အနောက်ဘက်တောင်ကုန်းပေါ် ၌ရှိသော  ရွှေစေတီ (စွယ်တော်စေတီ) ၌   ကိန်းဝပ်စံပယ်လျက် ရှိသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

***********တရုပ်ပြည်မှ ဗုဒ္ဓ စွယ်တော်မြတ်**************

တရုတ်ပြည်ရှိ စွယ်တော်စေတီမှာ  တရုတ်ဗုဒ္ဓဘာသာဝင်များ တည်ထားသော စေတီတော် ဖြစ်သည်။ ထိုစေတီသည် ပီကင်းမြို့ ဆင်ခြေဖုံး ရှုခင်းကောင်းလှသည့် အနောက်ဘက် တောင်ကုန်းများပေါ်ရှိ (လိကွမ်း) ဘုန်းတော်ကြီးကျောင်းအတွင်း၌ တည်ရှိပါသည်။ ဤမြတ် ဗုဒ္ဓစွယ်တော် တရုတ်ပြည်တွင် ကိန်းဝပ်စံပယ်တော်မူခဲ့သည်မှာ နှစ်ပေါင်း ၁၅ဝဝ ကျော်ခဲ့ပြီဖြစ် သည်။

 

 

 

 

 

 

 

 

 

 

 

*******စွယ်တော်မြတ်စေတီတော် အဝင်ဝ ကို မြင်ရပုံ*********

 

*********တရုတ်ပြည်ရှိ စွယ်တော်ကိန်းဝပ်တော်မူသောကျောင်းတော်ပုံ*******

စေတီတော်သည် ပီကင်း (ပေကျင်း) မြို့တော်၏ အနောက်ဘက် တောင်ကုန်းပေါ်တွင် တည်ဆောက်ထားသည်။ (၁၃)ဆင့်ရှိပြီး ပေ (၁၅၀) မြင့်သည်။ (၅၁) မီတာ (၅၆.၁ပေ) ရှိသော စွယ်တော်မြတ်စေတီတော်သည် ရှစ်မြှောင.်ပုံ ဖြစ်သည်။ ဖောင်းရစ် (၁၃)ရစ်နှင့် မွမ်းမံထားသည်။ စတုရန်း (၂၂) မီတာကျယ်သော ဖိနပ်တော်ပေါ်ဝယ် တည်ဆောက်ထားသည်။ ဖိနပ်တော်သည် မြေပြင်မှ (၂.၇၀) မီတာမြင့်သည်။ စေတီတော်ကြီးကို ခေတ်သစ်ဗိသုကာနည်းများ အသုံးပြုပြီး ပုံစံတွင် တရုတ်ရှေးရိုးရာ ဗုဒ္ဓဘုရားစေတီ၏ အစဉ်အလာ အတိုင်း တည်ဆောက်ထားသည်။

 

************တရုပ်ပြည်မှ ဗုဒ္ဓ စွယ်တော်မြတ်**************

စွယ်တော်မြတ်ကို ဝါဂျရပလ္လင်ပေါ်ရှိ ရတနာ(၇)ပါးစီခြယ်ထားသော ရွှေသားစွယ်တော် ကြုပ်အတွင်းရှိ ရွှေကြာပွင့်ပေါ်တွင် ပူဇော်ထားရှိပါသည်။

ဗုဒ္ဓမြတ်စွယ်တော်၏ ပုံသဏ္ဍာန်မှာ သာမန်လူများ၏အံသွားနှင့်ဆင်တူပြီး၊ အမြစ်မှာ သုံးခွ ဖြစ်သည်။ ထိပ်ဝမှာပြား၍ တစ်လက်မပတ်လည်ခန့်ရှိသည်။ အရှည်မှာ နှစ်လက်မခန့်ရှိ၍ လုံးပတ် မှာလည်း နှစ်လက်မခန့်ရှိပါသည်။ ယခုအခါ မြတ်ဗုဒ္ဓ၏စွယ်တော်မြတ်ကို သေနတ်ကျည်ဆံ မပေါက်သော ဖန်အုပ်ဆောင်းအတွင်း၌ ရတနာမျိုးစုံဖြင့်စီ ီံခြယ်ထားသော ရွှေသားစွယ်တော် ကြုပ်အတွင်းရှိ ပဒုမ္မာရွှေကြာပွင့်ပေါ်၌ ပူဇော်ထားရှိပါသည်။

 

 

 

 

 

 

 

 

 

 

 

******တရုပ်ပြည်မှ စွယ်တော် ကို စတင် ပင့်ဆောင်လာစဉ်******

 

 

 

 

 

 

 

 

 

 

***(၆-၁၁-၂၀၁၁)နေ ့က  တရုပ်ပြည်တွင်  စွယ်တော် ကို စတင် ပင့်ဆောင်လာစဉ်******

 

 

 

 

 

 

 

 

 

 

***(၆-၁၁-၂၀၁၁)နေ ့က  တရုပ်ပြည်တွင်  စွယ်တော် ကို် ပင် ့ဆောင် ပြီးပူဇော် ကန်တော့ကြစဉ် ***

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

  ***(၆-၁၁-၂၀၁၁)နေ ့ကဗုဒ္ဓမြတ်စွယ်တော်ကို တရုပ်ပြည်တွင် စွယ်တော်မြတ်စေတီတော်မှ ပင် ့ဆောင်ထွက်ခွာလာစဉ်**

 

စွယ်တော်မြတ်သည် ကြာပလ္လင်ပေါ် သို့မဟုတ် စေတီ၏ အောက်ဆုံးထပ်တွင် ကိန်းဝပ် စံပယ်တော်မူသည်။ စေတီတော်မှာ အထပ် (၇) ထပ်ရှိပြီး အောက်ဆုံးထပ်မှစ၍ အထပ်တိုင်း၌ ဗုဒ္ဓ ရုပ်ပွားတော်များ၊ သရီရဓာတ်တော်များ၊ ဟန်တရုတ်၊ တိဗက်၊ ပါဠိဘာသာတို့ဖြင့် ရေးသားထား သော ဗုဒ္ဓကျမ်းစာများဖြင့် ပြည့်နှက်နေသည်။

စေတီတော်၏ ဖိနပ်တော်၌ ပူဇော်ကိုးကွယ်ရာ ရုပ်တုအမျိုးမျိုးနှင့် လောကပါလနတ် မင်းကြီးများ (အစောင့်အရှောက်နတ်မင်းကြီး) ၏ ရုပ်တုများ ရှိသည်။ ခံ့ညားမြင့်မား ကြည်ညိုဖွယ် ကောင်းလှသော သရီရစေတီတော်မြတ်သည် တရုတ်ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ဝတ်ပြုကိုးကွယ် ရာ ဌာနတစ်ခုဖြစ်ခဲ့သည်။ ပြင်ပ နိုင်ငံခြားတိုင်းပြည်များမှ ဗုဒ္ဓဘာသာဝင်တို့အနေနှင့်လည်း အလေးအမြတ်ထား၍ လာရောက်ဖူးမြော်ရသည့် စေတီတော်ကြီးလည်း ဖြစ်သည်။

 

 

 

 

7 comments

  • koaung

    December 16, 2011 at 3:35 am

    မသိတာလေးတွေသိရတဲ့အတွက် ကျေးဇူးတင်သလို ဓတ်ပုံများမှလဲအခြားသောဗဟုသုတများကိုရစေပါ၏

  • aye.kk

    December 16, 2011 at 6:36 am

    ကူးယူသွားပါတယ်..။

  • windtalker

    December 16, 2011 at 2:01 pm

    သာဓု သာဓု သာဓု ပါ ဘုရားဒကာမလေး မန်တလာသူရေ
    ယခုလို ပြန်လည် ဝေမျှှပေးတဲ့အတွက် ရေလိုအေးလို ့ပန်းလိုလန်းပါစေဗျား

  • barnay

    December 16, 2011 at 4:25 pm

    သာဓု သာဓု သာဓု ပါ အမ … ။ ကျေးဇူးတင်ပါတယ် …
    ပျော်ရွှင် ချမ်းမြေ့ပါစေ …။ သဒ္ဒါတရားအတိုင်း အကျိုးများ သံသရာ ခရီးအတွက် အထောက်အပံ့ ဖြစ်နိုင်ပါစေဗျာ ..။

  • မှော်ဆရာ

    December 16, 2011 at 4:38 pm

    ကျွန်တော့ ဝက်ဆိုက်လေးမှာ ကူးယူတင်ပြခွင့်ပြုပါခင်ဗျား …
    (ပြောပြီးသွားပြီ .. အာပါတ်လွတ်ပြီ .. ကူးပြီဟေ့… 🙂 🙂 )

  • mandalarthu

    December 18, 2011 at 11:37 am

    ဟုတ်ကဲ ့ပါ ။ မြတ်ဗုဒ္ဓ ဧ။် စွယ်တော် လေးဆူနှင် ့ပတ်သက် ပြီး သိလိုသူများ သိရှိနိုင်စေဖို ့
    မိမိ ဖတ်မှတ်ထား သမျှ ကို တဆင် ့ပြန်လည် မျှဝေ ပေးခြင်းမျှ သာ ဖြစ်ပါတယ်။
    စွယ်တော် မန္တလေးကို ကြွရောက်နေစဉ် ဓမ္မပူဇာ အနေနဲ ့ပူဇော်ခြင်း ဖြစ်လို ့
    ကြိုက်တဲ ့ဝက်ဆိုက်မှာ မိမိတို ့အလို ရှိသလို ကူးယူတင် ပြျနိုင်ပါတယ် ၊၊

  • poeaung6

    December 21, 2011 at 10:33 am

    ကျေးဇူးအနနတပါ အမရေ ကျွန်တော်လည်းကော်ပီကူးသွားပါတယ်

Leave a Reply