ငါနဲ့ ချောင်းကြည့်ပေါက်ကလေး . . . အခု . . .

သူရႆဝါMay 26, 20104min610

အရင်လိုမကြည့်တော့ဘူး . . . ငါ

အချစ်က ဘာမှန်းမသိတဲ့ အခိုက်အတန့်မှာ

ချောင်းကြည့်ပေါက်ကလေးတစ်ခုစာနဲ့

ငါလေ . . . သိမ်သိမ်ငယ်ငယ်ဖြစ်ရပေါ့။

ကန်းသလိုဖြစ်နေတဲ့မျက်လုံးနဲ့ ကြည့်ရပါတယ် . . . ဆိုတဲ့နောက်

နင်ကဘာကိုကြောက်နေခဲ့တာလဲ

ချစ်လို့ကြည့်တာပါ

ငါက ချစ်လို့ကြည့်တာပါ . . .

အခု . . . အရင်လိုမကြည့်တော့ဘူး . . . ငါ

ငါကိုယ်တိုင် ချောင်းကြည့်ပေါက်ကလေးထဲမှာ . . .

ငါဘာဖြစ်ချင်လဲဆိုတာထက် နင်ဘာဖြစ်ချင်လဲဆိုတာ၊

ငါဘာလိုအပ်လဲဆိုတာထက် နင်ဘာလိုအပ်နေလဲဆိုတာ၊

ငါဘယ်ရောက်နေလဲဆိုတာထက် နင်ဘယ်မှာလဲဆိုတာ၊

အရာရာကိုပေါ့ . . .ချောင်းကြည့်ပေါက်လေးကနေတစ်ဆင့် . . .

နင် မသိဘူးဆိုတာလည်းသေချာတယ်

ချောင်းကြည့်ပေါက်ကလေးဟာ တစ်လမ်းသွားစနစ်ဆိုးနဲ့

နားမလည်နိုင်စရာတွေများတဲ့လောကမှာ

ငါ့အတွက်နားမလည်စရာတွေထပ်တိုးလာပြန်တယ်

ချောင်းကြည့်ပေါက်ကလေး . . . ဧရိယာကလည်းသေးတော့

တစ်ဝက်ပဲမြင်ရပြီး တစ်ဝက်ကိုဆက်တွေးလို့မရ . . . ပျက် ပြယ်

နင် . . . အိပ်မက်တစ်ခုခုထဲရောက်နေတာလား၊

နင်အခု သရဲရထားစီးသလို ခံစားမှုမျိုးနဲ့လား၊

ငါက မိုးပျံပူဖောင်းတစ်ကောင်လား၊

သေချာတယ် . . . ငါဆက်တွေးလို့မရတဲ့တစ်ဝက်ဟာ

ငါ့အသက်ဖြစ်နေတာ . . .

ချောင်းကြည့်ပေါက်ကလေးရယ်၊ ဟောဒီမျက်လုံးတွေရယ်ဟာ

သိပ်မိုက်မဲတာပဲ

အေးအေးဆေးဆေးမနေတတ်ဘူး

ဆေးပြားတချို့နဲ့ အကျွမ်းတဝင်မရှိဘူး

လိုအပ်ရင်အမှောင်ချပစ်နိုင်တဲ့မိုးတိမ်မျိုးမရှိဘူး

ဘာမှမကြည့်လို့ ဘာမှမြင်တာ . . . ဆိုတဲ့

နင့်လိုပါးရည်နပ်ရည်မျိုးလည်းမရှိဘူး

အရင်လို . . နင့်ကို စူးစိုက်မကြည့်တော့ဘူး . . ငါ

အချစ်ဟာ ဘာမှန်းမသိနိုင်တဲ့အခိုက်အတန့်အလယ်မှာ

လုံးချေထားတဲ့စက္ကူစလို ကျိုးကြေတွန့်ခေါက်

အခု . . .  ငါနဲ့ ငါ့ချောင်းကြည့်ပေါက်ကလေး . . . .။

သူရဿဝါ

မေလ ၂၆ ရက် ၊ ၂၀၁ဝ ခုနှစ်