မလေးရှားသို့ တစ်ခေါက်တစ်ခါ (၆)

Diamond KeyDecember 15, 20111min803

မလေးရှားသို့ တစ်ခေါက်တစ်ခါ (၆)

          အလုပ်ဝင်စ ပထမလမှာပဲ မလေးငွေ ၂၀ဝ ကျော် လျော်လိုက်ရလို့ ဂိမ်းအလုပ်ကို တော်တော်တော့ လန့်သွားပါတယ်။ ဒီအတိုင်းဆို ဆက်လုပ်လို့ ဖြစ်ပါ့မလားပေါ့။ ကျွန်တော်တို့ ဂိမ်းဆိုင်တဝိုက်က စည်ကားတဲ့နေရာဖြစ်လေတော့ တစ်ခြားဂိမ်းဆိုင်တွေလည်း မလှမ်းမကမ်းတွေမှာ အများကြီးရှိနေပြီး မြန်မာအလုပ်သမားတွေ တော်တော်များများ ဒီပတ်ဝန်းကျင်မှာ ရှိပါတယ်။ ကျွန်တော့်အရင် နောင်တော်တွေနဲ့ သူတို့တွေက ရင်းနှီးနေကြတော့ ကျွန်တော်ရောက်ပြီး မကြာတဲ့ ကာလတွေမှာ မိတ်ဆွေတွေ ဖြစ်သွား ကြပါတယ်။ ကျွန်တော် ခံလိုက်ရတဲ့ သတင်းကြားကြတဲ့ အခါလာပြီး အားပေးကြရှာပါတယ်။ သူတို့တွေရဲ့ အရင့်အရင်က ဖြစ်ဖူးတဲ့ ဒီလို အလားတူ ဖြစ်ရပ်တွေ ပြောပြကြတာနဲ့ ကျွန်တော်အတွက်တော့ ဒီကိစ္စဖြစ်သွားတဲ့ အမြတ်က ဂိမ်းလောကရဲ့ နောက်ထပ် သိစရာတွေ အများကြီး အချိန်တိုတိုမှာ ကြားသိခွင့် ရလိုက်တာပါ။

ဂိမ်းလောကမှာက အလုပ်ဝင်တော့ အလုပ်ရှင်တွေက ဆိုင်ဝန်ထမ်းတွေကို အကြီးအကျယ် တားမြစ်တဲ့ အချက်က ဂိမ်းလုံးဝ မကစားရတဲ့ အချက်ပါ။ (ကစားတာတွေ့ရင်၊ သိရင် အလုပ်က ထုတ်ပါတယ်)။ ဘာလို့လဲဆိုတော့ ဂိမ်းကစားလို့ ရှုံးတဲ့အခါ လုပ်ငန်းက ပိုက်ဆံတွေကို မဟုတ်တာ လုပ်တာ၊ အရှုံးများတော့ ဆိုင်က ပိုက်ဆံတွေ ကစ်ပြီး လစ်ပြေးတာတွေက ဂိမ်းဆိုင်တွေရဲ့ ရှေ့သမိုင်းမှာ များမှများပါပဲ။ သူတို့ရဲ့နောက်ကွယ်မှာ ဆိုင်ကို ဝန်ထမ်းတွေနဲ့ အပ်ထားရတာ၊ ငွေတွေနဲ့ ထားရတာလည်း တစ်ဖက်၊ ဆိုင်ဝန်ထမ်းတွေကို ငွေကြေးနဲ့ ပတ်သက်ရင် မယုံရတဲ့ ရှေ့က ဖြစ်ရပ်တွေကလည်း သူတို့ အတွေ့အကြုံမှာ ရှိနေခဲ့ကြလေတော့ ငွေကြေးနဲ့ ပတ်သက်လာရင် သိပ်ပြီး ခွင့်မလွတ်တတ်တာ၊ အလျှော့မပေးတာကလည်း ပြောစရာတော့ မဟုတ်ပါဘူး။

ဒါတောင် ကျွန်တော်တို့ သူဌေးက မြန်မာတွေနဲ့ ပတ်သက်လာရင် တော်တော်ကောင်းတယ်လို့ သတင်းကြီးပါတယ်။ အခြားသူဌေးတွေနဲ့ ယှဉ်ရင် (အသိတွေက သူတို့သူဌေး အကြောင်း ပြောကြတာ ကြားရတာနဲ့ ယှဉ်ရင်) တစ်ကယ်လည်း ကောင်းတာ ကျွန်တော်ကိုယ်တွေ့တွေ အများကြီး ရှိခဲ့ပါတယ်။ သူဒီလုပ်ငန်း စလုပ်တော့ မြန်မာ အလုပ်သမားတွေနဲ့ စလုပ်ခဲ့ကာ အောင်မြင်လာတာက တစ်ကြောင်း၊ လွန်ခဲ့တဲ့ သူသိပ်မအောင်မြင်သေးတဲ့ အချိန်ကာလတစ်ခုမှာ ဓါးပြတိုက်ခံရတော့ မြန်မာတစ်ဦးက အသက်စွန့် ကယ်ခဲ့ဖူးတာကြောင့်လို့ ရှေ့ကနောင်တော်တွေ ကဆိုပါတယ်။ သူဌေးကောင်းရင် တရားမဝင်နေနေကြရတဲ့ မြန်မာတွေ အတွက်က အခြေအနေတစ်ခု အတော်လုံခြုံမှု ရှိပါတယ်။

ဒီလောကမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေအားလုံးက တရားမဝင် နေထိုင်လုပ်ကိုင် နေကြရတာ ဆိုတော့ အလုပ်ခွင်မှာ၊ ဒါမှမဟုတ် ဟိုနားဒီနား သွားလာတဲ့အခါ အချိန်မရွေး ရဲလာဖမ်းတာ ခံရနိုင်ပါတယ်။ ဒီတော့ သူဌေးတွေက ကောင်းရင် ရဲကအလုပ်မှာ၊ လမ်းမှာတွေ့လို့ စစ်ဆေးတဲ့ အခါ သူဌေးရဲ့ ဖုံးနံပါတ်ပါတဲ့ လိပ်စာကဒ်၊ ကိုယ်လုပ်နေတဲ့ ကုမ္ပဏီက ကိုယ့် Supervisor ရဲ့ ဖုံးနံပါတ်ပါတဲ့ လိပ်စာကဒ်ကို ပြနိုင်ဖို့ ဆောင်ထား ခိုင်းပါတယ်။ စစ်ဆေးတဲ့ သူလာရင်၊ ဒါမှမဟုတ် လမ်းမှာ ကိုယ့်ကိုရဲက တွေ့လို့ စစ်တယ် ဆိုရင် အဲဒီ လိပ်စာကဒ်လေး ပြပြီး ဖုံးဆက်ဖို့ ပြောရပါတယ်။ ရဲက ဖုံးဆက်ရင် သူတို့က ရဲကို ပြောပေးပါတယ်။ ပြီးရင် Supervisor တို့ဘာတို့က အဲဒီရဲကို ဘလန်ချာ (မလေး စကားမှာ လက်ဆောင်ပေးတာကို ခေါ်တာပါ) ပိုက်ဆံသွားပေး ပေးပါတယ်။ ဒါမှမဟုတ် ရဲက သွားယူပါတယ်။ အဲဒီမှာ ပြောစရာရှိတာက သူတို့ဆိုင်ဖွင့်ထားတဲ့ နယ်မြေ စခန်းက ရဲဆိုရင်တော့ သူတို့က လစဉ်ကြေးပေးထားတော့ ဆိုင်လာရစ်တာ၊ လမ်းမှာ ဖမ်းတာ မရှိပါဘူး။ နယ်မြေရဲဆိုရင် တစ်ခါတစ်လေ ဆိုင်ထဲလာကြည့်ပေးတာတောင် ရှိပါတယ်။ (ဆိုင်မှာ သောင်းကျန်းနေသူရှိရင်၊ ဓါးပြတိုက်မယ့် သူလို့ မသင်္ကာရင် ဖုံးဆက်ခေါ်လို့ ရပါတယ်)။ နယ်မြေရဲတွေဆို အလုပ်လုပ်လာတာ ကြာလာရင် သူတို့က ကိုယ့်ကိုသိ၊ ကိုယ်ကလည်း သူတို့ကို သိပါတယ်။ ကိုယ်ကြောက်ရတာက အခြားဒေသက ရဲတို့၊ စီမံချက်ဖမ်းတာ (မလေးအခေါ်က အော်ပရာစီ၊ သူက အဖွဲ့ပေါင်းစုံပါတော့) တို့၊ ကိုယ်က ကိုယ့်အလုပ်နယ်မြေမဟုတ်တဲ့ နေရာတွေ သွားတဲ့ အခါတွေမှာပဲ သတိနဲ့ နေထိုင် သွားလာရပါတယ်။

ဒီမှာ ကြုံလို့ မလေးရောက်တာ ဘယ်လောက်မှ မကြာသေးခင် ရဲဖမ်းတာ လွတ်ခဲ့ဖူးတဲ့ အခြေအနေလေး တစ်ခု ပြောပါအုံးမယ်။ ( အခန့်မသင့်ရင်တော့ မလေးထောင်ထဲ တန်းရောက်သွားနိုင်တဲ့ အခြေအနေပါ၊ ကံကြီးပေလို့ပေါ့)။ အရှေ့ပိုင်းတွေမှာ ပြောခဲ့ဖူးသလို မလေးကို မလာခင်မှာကိုပဲ မလေးက တရားမဝင် နေထိုင်လုပ်ကိုင် နေကြတဲ့ မြန်မာလုပ်သားတွေရဲ့ နေထိုင်သွားလာပုံတွေကို အတူလာသူပြောပြလို့ တော်တော် များများ နားရည်ဝနေပါတယ်။ တရားမဝင် နေထိုင်သူတွေ တစ်ချို့ အပြင်သွားလာရင် တရားဝင် နေထိုင်သူတွေလို အလုပ်သမားကဒ် (မလေးမှာတော့ ရဲမကြောက်ရပဲ အပြင်ထွက် သွားလာလို့ရလို့ ဂျလန်းကဒ်၊ Jalan ဂျလန်းဆိုတာက လမ်း၊ ဒါမှမဟုတ် လမ်းသွားတာကို ခေါ်တာပါ) အတုတွေ ကိုင်ကြတာ ကြားဖူးထားပါတယ်။ ကျွန်တော်ကို မြန်မာပြည်ကနေ ခေါ်လာတဲ့သူကလည်း သူအရင်မလေးမှာ နေခဲ့စဉ်က ဒီလိုကဒ်အတု ကိုင်ကာ နေခဲ့တာပါ။ ဒီတော့ သူ့မှာ ဒီကဒ်အတု ကိုင်တဲ့ အတွေ့အကြုံတွေ ရှိပြီး ကျွန်တော်ကို ဒီအကြောင်း သင်ပြထားတာတွေ ရှိပါတယ်။

အခုကျွန်တော် ဒီအလုပ်မှာ အလုပ်စဝင်တော့ ကျွန်တော်ဆီက Passport စာအုပ်ကို သိမ်းသွားတဲ့ အကြောင်း ရှေ့မှာ ပြောခဲ့ပြီးပါပြီ။ တစ်ကယ်ဆို ကျွန်တော့် Passport က မလေးနေထိုင်ခွင့် သက်တမ်းရှိသေးပြီး နောက်ထက် နှစ်လ သက်တမ်း ထပ်တိုးလို့ ရပါသေးတယ်။ ကျွန်တော်က စာအုပ်အတု လုပ်ထားတာမရှိတော့ (ဒီစာအုပ် အတုတွေ အကြောင်းနောက်ဆက်ပြောပါမယ်) စာအုပ် အစစ်ကြီး အပ်လိုက်ရကာ မလေးမှာ တရားဝင် နေထိုင်ခွင့် သက်တမ်းရှိနေသေးတဲ့ ကျွန်တော်က “O” သမား အလိုလို ဖြစ်သွားပါတယ်။ အဲဒီမှာ မလေးက ကျွန်တော့်မိတ်ဆွေတွေက ဂျလန်းကဒ် အတု လုပ်ထားဖို့ အကြံပေးလာ ပါတယ်။ ဒါမှလည်း ဟိုနားဒီနားသွားလို့ ရဲတွေ့ရင် ခတ်တီတီနဲ့ ဖြီးဖျန်းနိုင်မယ်လို့ ဆိုပါတယ်။ (ဘလန်ချာ မီနုးမ် minum ဖိုး မပေးရအောင်ပါ၊ အော်ပရာစီကလွဲရင် သုံးလို့ ရပါတယ်)။

ဒီလို ကဒ်အတု လုပ်တာမှာ ဘလိုင်းကဒ်နဲ့ ဒေတာအမှန်ကဒ် ဆိုပြီးနှစ်မျိုး ရှိပါသေးတယ်။ ဘလိုင်းကဒ်က ဒီလို ကဒ်ဖြစ်ရင်ပြီးရော ဆိုပြီး လုပ်ထားတဲ့ ကဒ်ဖြစ်ကာ data မမှန်ကဒ်က တစ်ကယ့် အမှန်တစ်ကယ် မြန်မာ အလုပ်သမား တစ်ယောက်ရဲ့ ကဒ်ကို နောက်က ဘားကုဒ်တွေပါ အမှန်ယူပြီး ကိုယ့်ဓါတ်ပုံ ပဲပြောင်းထားတဲ့ အမှန်ကဒ်နဲ့ တစ်ပုံစံတည်း (ဓါတ်ပုံလွဲ) ကဒ်ပါ။ ဒီနှစ်မျိုးက လုပ်တဲ့ ဈေးလည်း အများကြီး ကွာပါတယ်။ ကျွန်တော်လုပ်မယ်ဆိုတုန်းက ရိုးရိုးကဒ်က မလေးငွေ ၅ဝ ဖြစ်ပြီး data အမှန်နဲ့ quality ကဒ်လုပ်ရင် ၁၅ဝ ပါ။ ဒီကဒ်တွေမှာ သတ်မှတ်ကွာလတီတွေ ရှိပါသေးတယ်။ ကဒ်ကို ကွေးလို့ (ကွေးတယ်ဆိုရာမှာ ကဒ်ရဲ့ ဟိုဖက် ဒီဖက် နုတ်ခမ်းသားနှစ်ခုကို ထိအောင် ကွေးကြည့်တာပါ) ရ ရမယ်၊ ဒီလိုလုပ်ကြည့်ရင် ကျိုးမသွားရပါ။ (လမ်းမှာ တွေ့လို့ စစ်တဲ့ ရဲတိုင်းက ဒီလို လုပ်ကြည့်ကြပါတယ်။ တစ်ချို့ ကဒ်အတုတွေက ဖေါက်ခနဲ့ ကျိုးသွားတတ်ပါတယ်)။ မီးထိုးကြည့်ရင် (UV light နဲ့ကြည့်ရင်) ရေစာပေါ်ရမယ် စတဲ့ အချက်တွေ အခြေခံ ရှိရပါတယ်။

ဒီလို လုပ်နိုင်ဖို့ ကျွန်တော်မလေး ရောက်တဲ့နေ့တုန်းက တည်းခဲ့တဲ့ အိမ်က မိတ်ဆွေရဲ့ ကဒ်အစစ်ကို ခဏ ဌားရပါတယ်။ အဲဒီကဒ်နဲ့ ကျွန်တော် ဓါတ်ပုံကို ကဒ်လုပ်တဲ့ သူဆီ ပေးရပါတယ်။ မလေးမှာက ဒီလို ကဒ်တု၊ စာအုပ်တု၊ ပါမစ်စတေကာအတု အတုပေါင်းစုံ လုပ်လို့ရပါတယ်။

(ဆက်ပါအုံးမယ်)။

PS – တစ်ချိန်တစ်ခါက မလေးမြေကို ရောက်ခဲ့ဖူးလေသူ အညတရ မြန်မာတစ်ယောက်ရဲ့ မလေးရောက် အတွေ့အကြုံများ  အသေးစိတ် ပြန်ပြောပြတာလေးတွေကို မှတ်တမ်းယူ၊ ခွင့်ပြုချက်တောင်းကာ ရေးဖွဲ့ထားပါတယ်။

3 comments

  • super

    December 15, 2011 at 10:39 am

    နောက်ထပ်တင်မည့် မလေးရှားသို့ တစ်ခေါက် ဆက်ရန်အား စောင့်မျှော်ဖတ်ရှု့ပါဦးမည်………:)

  • blackchaw

    December 15, 2011 at 5:23 pm

    ကိုစိန်သော့ရေ။ ဖတ်နေပါတယ်ဗျာ။ ဆက်ရေးပါဗျို့။

Leave a Reply