ဘလောဂ့် ဘာလဲ……… ဘယ်လဲ

manawphyulayDecember 15, 20111min1469

အခုတစ်လော blog တွေ၊ wiki တွေ အပြင် ကိုယ်ပိုင်ဒိုမိန်းတွေနဲ့ အုပ်စုတွေ၊ website တွေ တိုးတက်များပြားလာတာကို အချိန်တိုအတွင်းမှာ တွေ့ရှိလာရပါပြီ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လူငယ်လူရွယ်တွေ အချိန်ကို အလဟဿ မကုန်ဆုံးအောင် အသုံးချတတ်လာကြပြီလို့ မှန်းဆလို့ ရပါတယ်။ ဒါဟာ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ တိုးတက်နေတဲ့ ခေတ်အခြေအနေမှာ နည်းပညာတွေ တစ်နေ့ထက် တစ်နေ့ အသစ်အသစ်တွေ ပေါ်ထွက်လာနေချိန်မှာ ကျွန်မတို့တစ်တွေဟာ ခေတ်နောက် ပြတ်ကျန်လို့မရပါဘူး။ မီဒီယာစတိုင်သစ်တွေနဲ့အတူ တတ်နိုင်သရွေ့ ရှေ့ကို အရောက်လှမ်းနိုင်ဖို့ ကြိုးစားကြရမှာပါပဲ။ နောက်ပိုင်း blog တွေ များပြားလာတာနဲ့အမျှ အများရဲ့အမြင်မှာ ကွဲပြားခြားနားစွာ မြင်တတ်ဖို့လည်း လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။ blog တွေဟာ လမ်းကြောင်းတစ်ခုတည်းအတွက် ရည်ရွယ်တာ မဟုတ်ပါဘူးဆိုတာပါပဲ။ ကိုယ်ပိုင် ခံစားချက်၊ ကိုယ်ပိုင်တွေ့ရှိချက်၊ ကိုယ်ပိုင်စွမ်းဆောင်ချက်တွေနဲ့အတူ အနုပညာတွေ၊ နည်းပညာ ဗဟုသုတတွေ၊ စီးပွားရေး၊ ပညာရေး အားလုံး အားလုံး လက်လှမ်းမီသလောက် ဝါသနာအရင်းခံပြီး ဖြန့်ဝေနေကြတာဟာ အလွန်တရာ ဝမ်းသာမိပါတယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းရှိသလို၊ လူမှာလည်း လူ့စည်းကမ်းရှိသလို ဘလောဂ့်တွေမှာလည်း ဘလောဂ့်စည်းကမ်းဆိုတာ ရှိပါတယ်။ ဘလောဂ့်ဂါတစ်ယောက်ဟာ ကိုယ်ဖန်တီးတဲ့ အနုပညာအတွက် ကိုယ်ကိုယ်တိုင် တာဝန်ယူရပါတယ်။ မှန်ကန်တဲ့သတင်း၊ မှန်ကန်တဲ့လုပ်ဆောင်ချက်၊ မှန်ကန်တဲ့အကြောင်းအရာ ဒါတွေဟာ တိကျမှန်ကန်မှုရှိမှသာ ကိုယ့်ဘလောဂ့်မှာ တင်ပြကြခြင်း ဖြစ်ပါတယ်။ ငါသာစေ သူ နာစေဆိုတဲ့ စိတ်နဲ့ လုပ်ဆောင်ခြင်းမျိုးက ရေရှည်မှာ တည်မြဲမှု မရှိရုံမျှမက ဘလောဂ့်ဂါ အများကိုလည်း ယုံကြည်မှု ကင်းမဲ့စေတဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် ဘလောဂ့်ဂါတိုင်း နားလည်လက်ခံသဘောပေါက်ကြပါတယ်။ ကိုယ့်အမြင် သူ့အမြင် ဖလှယ်ခြင်းဟာလည်း ကောင်းတဲ့ လုပ်ဆောင်ချက်နဲ့ အောင်မြင်တိုးတက်မယ့် တက်လှမ်းတွေ ဖြစ်ပါတယ်။ ပြင်ပ ဘလောဂ့်ဂါများ နေရာအနှံ့အပြားမှာ များပြားနေတာကို တွေ့ရှိခြင်းအားဖြင့် ကိုယ့်နိုင်ငံသားတွေလည်း ဒီလို မီဒီယာအသစ်တွေ အများအပြား တိုးတက်စေချင်တာ အမှန်ပါ။ ဘလောဂ့်ဂါအချင်းချင်း ရိုင်းပင်းကူညီပြီး ပြည်ပ မီဒီယာသမားတွေ ကိုယ့်ဝန်းကျင်အတွင်း မဝင်လာနိုင်အောင် အားလုံးကြိုးစားကြစေချင်ပါတယ်။ ပြည်ပနိုင်ငံသား ဘလောဂ့်တွေကို လေ့လာမိသလောက် ဘလောဂ့်ဂါတွေရဲ့ ၃၅ ရာခိုင်နှုန်းကသာ ဘလောဂ့်တင်ခြင်းကို ဂျာနယ်လစ်ဇင်ရဲ့ ပုံစံသစ်တစ်မျိုးအဖြစ် ရှုမြင်ကြပြီး ကျန် ၆၅ ရာခိုင်နှုန်းနီးပါးကတော့ ယင်းသို့ မယူဆပါဘူးလို့ ဆိုပါတယ်။ အဲ နောက်ပြီး မိမိတို့ဟာ တစ်ခါတစ်ရံမှာဖြစ်စေ၊ မကြာခဏဖြစ်စေ မိမိတို့သတင်းမှာ ဖော်ပြမယ့် အချက်အလက်တွေရဲ့ မှန်ကန်မှုနဲ့ပတ်သက်ပြီး စစ်ဆေးအတည်ပြုဖို့အတွက် အချိန်ပိုပေးပြီး လုပ်ကြတယ်လို့ ဆိုသူ အရေအတွက်ကတော့ ၅၆ ရာခိုင်နှုန်းမျှသာ ရှိပါတယ်။ ဒီတော့ ဘလောဂ့်ဆိုတာနဲ့ တစ်ခုထဲသော အကြောင်းအရာကို မမြင်စေချင်ပါဘူး။ ကိုယ့်ရေးသားချက်ကို ကိုယ်တာဝန်ယူရပါမယ်။ ဘလောဂ့်ဂါ တော်တော်များများ အင်း ပြောရရင်တော့ ၇ဝ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ သတင်းတွေကို အွန်လို်င်းတင်ရာမှာ သူတို့ရဲ့ အမည်ဝှက်ကိုသာ ဖော်ပြကြပါတယ်။

ဘလောဂ့်ဂါတွေဟာ သတင်းရေးရာမှာ သူတို့ရဲ့ အမည်မှန်ကို မဖော်ပြတဲ့အတွက် တကယ်လို့ သတင်းမှားတွေ ပေးခဲ့ရင်လည်း သူတို့ကို ခြေရာခံနိုင်မှာ မဟုတ်ပါဘူး။ ထိုအဖြစ်တွေကြောင့် တချို့ ဘလောဂ့်ဂါတွေ မှားယွင်းတဲ့ ကောလဟလသတင်းတွေကို ဖြန့်ဝေလာမိတဲ့အခါ ကျန်ဘလောဂ့်ဂါများကိုပါ ထိခိုက်နစ်နာစေမှု ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး အထင်မှား အမြင်မှားမှုတွေလည်း ဖြစ်လာနိုင်စရာ ရှိလာပါမယ်။ ဘာပဲပြောပြော နည်းပညာတွေ တိုးတက်ပြန့်ပွားလာတာနဲ့အမျှ လူကြီး လူငယ် လူရွယ်တွေအားလုံး နည်းပညာ ဗဟုသုတအမြင်တွေ နေရာတိုင်းမှာ ရရှိလာနိုင်မယ်ဆိုရင်၊ နားလည်မှုတွေ မှန်ကန်လာနိုင်မယ်ဆိုရင် ဘလောဂ့်တွေ ဘယ်လောက်အရေးပါလာမလဲ။ နိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေး အစိတ်အပိုင်းတစ်ခုအဖြစ် ဖြစ်မလာနိုင်ဘူးလို့ ပြောလို့ မရတော့ပါဘူး။ ဘလောဂ့်တွေဟာ ကျွန်မတို့နိုင်ငံသားတွေရဲ့ အခြေခံ အဆောက်အအုံကို ဖျက်ဆီးပစ်နေတယ်ဆိုတဲ့ တွေးထင်ချက်ဟာ ယေဘုယျအားဖြင့် ခိုင်လုံမှု မရှိဘဲ အယူအဆသဘောသက်သက်သာ ဖြစ်ပါတယ်။ ဘလောဂ့်တွေကြောင့် ငုံ့လျှိုးနေတဲ့ အနုပညာ၊ ကိုယ်တိုင်ဖန်တီးနိုင်မှု စွမ်းရည်၊ လူတိုင်း အရည်အချင်းရှိပါတယ်ဆိုတဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ ပညာတတ်ဝန်းကျင်တွေ အရာအားလုံး တိုးတက်များပြားလာတာနဲ့အမျှ နိုင်ငံတစ်ဝှမ်းလုံး အောင်မြင်ဖြစ်ထွန်းမယ့် လူငယ်လူရွယ်တွေ မွေးထုတ်လာနိုင်ခဲ့ပြီး တိုးတက်အောင်မြင်သော လုပ်ဆောင်ချက်တွေနဲ့ ကမ္ဘာတစ်ဝှမ်းလုံးကို ရင်ဘောင်တန်းလာနို်င်မယ်လို့ ကျွန်မ မြင်မိပါတော့တယ်။

ဘလော့တစ်ခု (သို့မဟုတ်) Weblog တစ်ခုသည် လူတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရာများကို ရေးသားတင်ပြသော ပါစင်နယ်ဝက်ဘ်ဆိုက်တစ်ခုကို ဆိုလိုခြင်း ဖြစ်ပါသည်။

အဓိကအားဖြင့် သတင်းများကို အများအားဖြင့် ရေးသားတင်ပြပါဝင်သည်။

ပုံမှန်အသစ်များဖြင့် မွမ်းမံတင်ကြသည်။ နေ့စဉ်မှတ်တမ်းရေးတဲ့ တစ်ဦးတစ်ယောက်ချင်းရဲ့ သဘောတရားနဲ့ ကိုက်ညီပါတယ်။

တချို့က အမည်မဖော်ပြပဲ ရေးသားကြသလို တချို့ အမည်နာမတစ်ခုနဲ့ တင်ပြကြပါတယ်။

ဘလော့တစ်ခုရဲ့ ပိုစ့်များကတော့ ပုံမှန်အားဖြင့် စာသားတွေ ရေးကြပြီး ရံဖန်ရံခါ ရုပ်ပုံများကို ဖော်ပြလေ့ရှိသလို တစ်ခါတစ်ရံ လင့်များကို တင်ပေးကြခြင်း ဖြစ်ပါတယ်။

ဘလော့ထဲမှာ စာကြည့်တိုက်သဖွယ် မှတ်တမ်းမှတ်ရာများ သိမ်းဆည်းထားရှိကြသလို အလွယ်တကူ အချိန်ကာလ အကန့်အသတ်မရှိ ပြန်လည်ရယူသုံးစွဲနိုင်ပါသေးတယ်။

သို့အတွက်ကြောင့် ဘလော့တစ်ခုသည် ပုဂ္ဂိုလ်ရေးဝက်ဘ်ဆိုက်တစ်ခုနဲ့ပို၍ အသွင်တူပါတယ်။ သို့သော်လည်း အောက်ဖော်ပြပါ အချက်များက ဝက်ဘ်ဆိုက်တစ်ခုနှင့်မတူ ခြားနားချွင်းယွင်းချက်များ ရှိသည်။

– ဘလော့တစ်ခုကို တည်ဆောက်ထိန်းသိမ်းရန် လွယ်ကူသည်၊ ပို၍ အသက်ဝင်လှုပ်ရှား ရှင်သန်နိုင်သည်။ ပို၍ အသစ်များကို အမြဲတင်ပို့နိုင်သည်။

– လွတ်လပ်ပွင့်လင်းသော၊ ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသားတင်ပြနိုင်သော၊ ပွင့်လင်းရင်းနှီးချက်များဖြင့် တန်ဆာဆင်နိုင်သည်။

– လာရောက်လည်ပတ်သော အခြား စာဖတ်သူများ၊ အခြားဘလော့ဂါများနှင့်လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်နိုင်သည်။

– ကမ္ဘာတစ်ဝှမ်းလုံးရှိ ဘလော့များတွင် တစ်စုံတစ်ရာ တူညီသော စံသတ်မှတ်ချက်ရှိနေပြီး ပုံစံတူ နည်းပညာများကိုလည်း သုံးစွဲနေကြပါသည်။

ဘလော့တစ်ခုတွင် အသုံးပြုနိုင်သော ကိရိယာ (Tool) တစ်ခုကြောင့် သုံးစွဲသူများအတွက် အလွန်တရာ လွယ်ကူစွာ သုံးစွဲနိုင်ပြီး ပါဝင်သော အကြောင်းအရာများ၊ မာတိကာများကို လှုပ်ရှားသက်ဝင်စေအောင် စုစည်းပေးပါသည်။

ဘလော့တစ်ခုတွင် အင်တာနက် လိပ်စာ ၂ ခုပါရှိပြီး၊ ဘလော့တစ်ခု တည်ဆောက်ပြီးနောက် ပြောင်းလဲမှုမရှိတော့ပါ။ အဲဒါက ဘာတွေလဲဆိုတော့ လူများ လာရောက်ကြည့်ရှုနိုင်သောလိပ်စာနှင့် စီမံခန့်ခွဲနေသူ၏လိပ်စာ (ဝက်ဘ်ဆိုက်ကို စီမံခန့်ခွဲနေသူက လျှို့ဝှက်ကုဒ်(password) ဖြင့် ကာကွယ်ထိန်းသိမ်းထားပေးသည့်လိပ်စာတို့ပဲ ဖြစ်ပါတယ်။

သင့်အနေဖြင့် ဘလော့တစ်ခုဖန်တီးရေးသားတော့မယ်ဆိုရင် ဘလော့များ ပေးထားသည့် ရပ်ဝန်းတစ်ခုတွင် ပူးပေါင်းခြင်း ဒါမှမဟုတ် သင့်ကိုယ်ပိုင် ဆာဗာ၌ ဘလော့များ ရေးသားနိုင်သည့် ကိရိယာများကို အသုံးပြု၍လည်း ဆောင်နိုင်ပါတယ်။

ဘလော့ရေးနိုင်သည့် အသိုင်းအဝန်းတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲသွားရန် မလွယ်ကူလှပါ။ ဒါကြောင့် စတင်လုပ်ဆောင်တော့မည်ဆိုလျှင် သေချာရွေးချယ်ရန် လိုအပ်ပါသည်။ ဘလော့တစ်ခုဖန်တီးဖို့ရန် လွယ်ကူမည်ဖြစ်ပြီး အချိန်အနည်းငယ်အတွက် ရရှိနိုင်ပေမယ့် ရပ်တည်မှုတစ်ခုအတွက် ဟိုပြောင်းဒီပြောင်း ပြုလုပ်ဖို့ မလုပ်သင့်ပါ။

ဘလော့တစ်ခု ဖန်တီးတော့မည်ဆိုလျှင် အောက်ပါအချက်များ သေချာစဉ်းစားရန် လိုအပ်ပါသည်။

အချို့သော အင်တာနက်အသုံးပြုသူများက မိမိတို့စိတ်ဝင်စားသည့် အကြောင်းအရာ၊ ခံစားချက်၊ ရေးဖွဲ့ချက်များ စသည့်အပေါ် တူရာ စုဖွဲ့ထားကြသည်များ ရှိပါသည်။ သို့အတွက်ကြောင့် ဒီရပ်ဝန်းအတွင်းရှိ အကြောင်းအရာများကို သေချာလေ့လာကြည့်စေလိုပါသည်။ ဘလော့မလုပ်ခင် ဘလော့များကို လိုက်လံဖတ်ရှုစေချင်ပါသည်။ ဒါမှသာ ကိုယ်လုပ်မည့် ဘလော့တစ်ခုသည် ဘယ်လိုလုပ်ဆောင်ရမည် ဘယ်အပိုင်းကို အခြေခံ၍ တည်ဆောက်ရမည်ကို ပိုမိုနားလည်လာမည် ဖြစ်ပါသည်။ ဘလော့တွေရဲ့ နောက်ခံဘက်ဂရောင်းနဲ့ ဘလော့တွေရဲ့ကာလာအရောင် ဒီဇိုင်းများကိုလည်း သင် လေ့လာဖို့ မမေ့စေလိုပါ။

ဘလော့များတွင် ကိုယ်တိုင်ဖန်တီးချက်များ ပြုလုပ်ဖို့ ခွင့်ပေး မပေးနဲ့ ပြန်လည်း ပြုပြင်မွမ်းမံလို့ရ မရကိုလည်း လေ့လာသုံးသပ်သင့်ပါတယ်။

အချို့သော ဘလော့လက်ခံသည့် ရပ်ဝန်းသည် အစပိုင်းတွင် အခမဲ့ပေးသုံးထားပြီး ဒေတာများ များပြားလာချိန်တွင် အခကြေးငွေ ကောက်ခံခြင်းများလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့် တင်ကြိုပြီး စစ်ဆေးလေ့လာသင့်တဲ့အချက်ထဲလည်း ပါဝင်နေပါတယ်။

ကိုယ်ကြိုးစားပမ်းစား ပြုလုပ်ထားပြီး တစ်နှစ်အကြာတွင် ငွေကြေးတောင်းခံမှုတွေ ဖြစ်ပေါ်လာခဲ့ပြီးဆိုလျှင် စီးပွားရေးမလုပ်ပဲ သာမန်သုံးစွဲနေသော သူများအတွက် အလွန်တရာ အခက်အခဲကို ဖြစ်ပေါ်စေပါတယ်။

ကျွန်မသည် ဝက်ဘ်ဆိုက်စတင်ပြုလုပ်ခဲ့စဉ်ကတည်းက နေရာ ၂ နေရာတွင် ဘယ်နေရာတွင် အောင်မြင်မည်နည်း ကိုယ့်ဘာသာ ဝေဖန်သုံးသပ်ချက်နဲ့ ဆိုက်အများကို ဖန်တီးရေးသားခဲ့ပေမယ့် လက်ရှိ ဆိုက်နှစ်ခုကို နာမည်နှစ်ခုနဲ့ ရပ်တည်လျက်ရှိပါသည်။ နစ်နာမည်တစ်ခုနဲ့ နည်းပညာလောကထဲသို့ ထွင်းဖောက် ဝင်ရောက်နေသကဲ့သို့ နောက်မူရင်းနာမည်နဲ့ သုတ၊ ရသ၊ ဟာသ အတွေ့အကြုံများ ဖြန့်ဝေပေးလျက်ရှိပါသည်။ ဘယ်နာမည်နဲ့ အောင်မြင်မလဲဆိုတဲ့အချက်ထက် လူတွေ ဘာတွေစိတ်ဝင်စားသလဲဆိုတဲ့အပေါ် မူတည်ပြီး စာပေ ရေးသားလျက်ရှိပါသည်။ နည်းပညာဆိုက်တွင် ဘာတွေရေးမလဲဆိုတဲ့ အတွေးကို အရင်ဆုံး စဉ်းစားကြည့်ရအောင်။ နည်းပညာတွေ တိုးတက်လာသည်နှင့်အမျှ ကိုယ်သိတာလေး ချရေးရင်းနဲ့ သင်ထားသမျှ စာများကို ပြန်နွေးရင်း သိချင်တာကို မွှေနှောက်ရှာဖွေရင်း ရေးသားခဲ့သလို သုတ၊ ရသ အပိုင်းမှာ ဘာတွေ ပေးစွမ်းသွားမလဲ အရင်ဆုံး စပြီး ဘလော့ရေးခါစက ဘာတင်ရမှန်း ကျွန်မကိုယ်တိုင် မသိခဲ့ဘူး။ ကျွန်မဆိုက်မှာ လာဖတ်တဲ့ ပထမဆုံး စာဖတ်ပရိသတ်ရဲ့ အားပေးချက်တချို့က ကိုယ်မြင်တာ သိတာကို ချရေးပါဆိုတဲ့ ပြောချက်လေးနဲ့ စတင်ခဲ့ပါတယ်။ နောက် ခရီးသွားလာရင်း ခရီးသွား အတွေ့အကြုံတွေ ချပြခဲ့တယ်။ လူ့ပတ်ဝန်းကျင်ရဲ့အကြောင်းတရားတွေ အမြင်ကို အမြင်အတိုင်း တင်ဆက်လာတဲ့အခါ စာဖတ်သူတွေအနေနဲ့ သူတို့ရဲ့ ဒုက္ခတွေ အတွေ့အကြုံတွေကို ရေးသားပေးဖို့ ပြောလာတဲ့အခါလည်း ပိုစ့်အဖြစ်နဲ့ ဖန်တီးပေးခဲ့ပြန်ပါတယ်။ ဆိုက်တစ်ခုဖြစ်ဖို့ဆိုတာ လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။ အချိန်ကုန် ငွေကုန်ပြီး ကိုယ့်အတွက် ပြန်ရခဲ့တဲ့အရာကတော့ စာဖတ်သူတွေရဲ့ အားပေးမှုနဲ့ ကျေနပ်ခဲ့ရတာဆိုလည်း မမှားပါဘူး။ ကိုယ်ပေးလိုက်တဲ့အရာတစ်ခုဟာ သူများအတွက် နည်းနည်းလေး ရသွားခဲ့မယ်ဆိုရင် အတိုင်းထက် အလွန် ဝမ်းသာနေမိတာ စာရေးသူတိုင်းရဲ့စိတ်လို့ ခံစားနေမိပါတယ်။ ဘလော့စတင်ရေးခဲ့ထဲက စိတ်ထဲမှာ ရှိတာတွေကို ချပြရာ နေရာအဖြစ် မြင်ခဲ့မိတာ ဘာကြောင့်လဲဆိုတော့ စိတ်ထဲဖြစ်ပေါ်နေတာတွေကို ချရေးလိုက်တဲ့အခါ စိတ်ရဲ့ထွက်ပေါက်အဖြစ် ဘလော့စာသားတွေ အဖြစ် သွန်းလောင်းလိုက်တဲ့အခါ စိတ်ကို ပေါ့ပါးလန်းဆန်းသွားစေပါတယ်။ သင်လည်း ဘလော့စပြီး ရေးသားချင်ရင် ဘလော့ကို ဖွင့်ပြီး ရေးလိုက်ရုံပါပဲ။ အဓိကက ဘလော့ရေးတိုင်း ဘလော့ဂါလို့ သတ်မှတ်လို့မရဘူးဆိုတာက ဘလော့ကို ဆက်လက်ရှင်သန်အောင် လုပ်ဖို့ အလိုအပ်ဆုံးပါပဲ။ တစ်ခါတလေ ကျွန်မတို့က ရေးချင်တဲ့အခါ ရေးပြီး မရေးချင်တဲ့အခါ ပစ်ထားလိုက်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင်စာမျက်နှာမှာ လာရောက်ဖတ်တဲ့ စာဖတ်ပရိသတ်ဟာ တစ်ခါလာလည်း ဒီစာပဲဆိုတဲ့ အမြင်ကြောင့် နောက်ထပ် မလာလည်တော့တဲ့အခါ ကိုယ့်ရဲ့ဘလော့ဟာ မရှင်သန်တော့ပါဘူး။

ကျွန်မတို့က ဘလော့ဂ်ပေါ်တွင် လွတ်လပ်စွာ ရေးသားနိုင်သည်။ ဘလော့ဂ်များက ပုံနှိပ်ထုတ်ဝေရန်လည်း မလိုအပ်သကဲ့သို့ ကျန်တဲ့အရှုပ်အရှင်းအပိုင်းတွေနဲ့လည်း ကင်းလွတ်ခွင့်ရနေခြင်းက ဘလော့ဂ်ရေးသားခြင်းကို ပိုမိုအလေးပေးလာခဲ့ပါတယ်။ ဘလော့ဂ်သည် မီဒီယာခေတ်တွင် သတင်းအမြန်ဆုံးနည်းဖြင့် ပြန့်လွယ်သော အနေအထားမှာရှိနေသောကြောင့် ခုနောက်ပိုင်း ဘလော့ဂ်ဆိုတာ ခေတ်စားလာခြင်းဖြစ်မည်လို့ မြင်မိပါသည်။ ဘလောဂ့်တစ်ခုပိုင်သည်နဲ့ စာရေးသူလည်း ကိုယ်၊ အယ်ဒီတာလည်းကိုယ်ဖြစ်နေခြင်းသည် ကိုယ်ရဲ့ ကိုယ်ပိုင်လွတ်လပ်မှုတစ်ခုပင်ဖြစ်ပါသည်။

အချို့သော ဘလော့ဂ်များသည် သတင်းများကိုချည်း အလေးထား လုပ်ဆောင်မှု နည်းပါးသည်ဟု မြင်မိပါသည်။ တချို့ကတော့ မိမိရဲ့ တစ်နေ့တာ မှတ်တမ်းမှတ်ရာများအဖြစ် သုံးစွဲကြပြီး တချို့ဘလောဂ့်များကတော့ ဝါသနာပါရာ အားသန်ရာ ကဗျာများ၊ စာပေများ ဆောင်းပါးများအဖြစ် ထားရှိသလို ဓာတ်ပုံများချည်း သီးသန့်တင်သူများလည်း ရှိပါသည်။ ဘယ်လိုနည်းဖြင့် တင်ပြဖော်ပြထားပေမယ့် တစ်နည်းနည်းဖြင့်တော့ စာဖတ်ပရိသတ်ရှိနေကြမည် ဖြစ်ပါသည်။ အနည်းဆုံးတော့ သူငယ်ချင်း၊ မိတ်ဆွေ မိသားစုကတော့ ဝင်ရောက်ဖတ်ကြည့်လိမ့်မည် ဖြစ်ပါတယ်။ ကျွန်မ ယုံကြည်ထားသည်မှာ ဘလော့ဂ်တိုင်းက သူ့ကိုယ်ပိုင် စာဖတ်ပရိသတ်တော့ ရှိနေမည်အမှန်ဖြစ်ပါသည်။ ထိုသူတို့ကို အမြဲ ကိုယ့်ပရိသတ်ဖြစ်ဖို့ ဆွဲဆောင်ထားနိုင်ရန်တော့ လိုအပ်ပေမည်။

ကျွန်မကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း နည်းလမ်း ၂ သွယ်နဲ့ ဘလောဂ့်လောကတွင် ရပ်တည်ကြည့်နေမိပါသည်။ တစ်နည်းက ကျွန်မရဲ့ ကိုယ်ပိုင်အတွေ့အကြုံ၊ အမြင်တွေနဲ့ ခရီးသွားဆောင်းပါးများနဲ့ သိသမျှ သုတ၊ ရသတွေ ကိုယ်ပိုင်အမြင်နဲ့ ချပြခြင်း ဖြစ်ပါတယ်။ (ပွင့်လင်းရင်းနှီးသော ပုံစံနဲ့ရေးသည်။) နောက်တစ်နည်းကတော့ မြန်ဆန်လွန်းတဲ့ နည်းပညာခေတ်နဲ့အလိုက် သိသမျှ သတင်းများ၊ သင်တန်းများ၊ ဟောပြောပွဲများ စတဲ့ နည်းပညာများကို အက်ဆေးပုံစံမျိုးစုံနဲ့ ရေးသားခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်မအတွက် စာဖတ်သူ ၂ စုကို ရရှိခဲ့ပါတယ်။ တစ်စုက ကျွန်မ ခုတစ်လော ဘာတွေလုပ်နေလဲ၊ ဘာတွေလေ့လာနေသလဲဆိုတာကို သိရှိ စူးစမ်းလိုသော အုပ်စုဖြစ်ပြီး၊ ကျန်တစ်စုကတော့ ကျွန်မ သတင်းစာဆရာအဖြစ်၊ စာရေးဆရာအဖြစ်၊ ကဗျာဆရာအဖြစ် ရေးသားသည်ကို ဖတ်လိုသောအုပ်စုဖြစ်ပါသည်။

ဘလော့ဂ်ဆိုတာ တစ်နည်းအားဖြင့် အွန်လိုင်းသတင်းမီဒီယာပင်ဖြစ်၍ စာရေးသူ ရေးသမျှအပေါ် စာဖတ်သူများက ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်နှင့် ဝေဖန်ချက်များ ပြန်လည်ရေးသားနိုင်သည့် နေရာလေး တစ်နေရာလည်းဖြစ်ပါသည်။ စာဖတ်သူများကို စာပြန်နိုင်သလို မိမိကိုယ်တိုင်လည်း တိုးတက်အောင် ဆောင်ရွက်နိုင်ပါသည်။ စာဖတ်သူများနှင့် နီးကပ်စွာ ရင်းနှီးပွင့်လင်းစွာ ရှိနေသည့်အတွက် စာဖတ်သူများ အကြိုက် သတင်း၊ ဆောင်းပါးများ၊ အမြင်များကို ပို၍ ရေးသားဖော်ပြနိုင်ခွင့်ရှိပါတယ်။

ဒီတော့ ဘလောဂ့်မှတစ်ဆင့် လူသားအားလုံးကို ဘယ်လိုအကျိုးပြုသွားကြမလဲဆိုတဲ့အပေါ် အမြင်တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတော့တယ်။

အခုအချိန်အတွက် မေးရမယ့် မေးခွန်းကတော့ ကျွန်မတို့အနေနဲ့ အများပြည်သူဆိုင်ရာ လူသားအားလုံးအတွက် နည်းပညာတွေ၊ ပညာဗဟုသုတ ဖလှယ်မှုတွေ ကိုယ်စွမ်းရှိသလောက် ဘယ်လို ဖြန့်ဝေသွားမလဲဆိုတာပါပဲ။

9 comments

  • mandalarthu

    December 15, 2011 at 8:34 pm

    မနောေ၇
    ကျွန်မတို ့လို ကိုယ် သိတာလေးတွေ ၊ကိုယ်ရေးချင်တာလေးတွေ အများကို ဖြန် ့ဝေပေးချင်နေတဲ ့သူ အတွက် မနောရဲ ့ပို ့စ်လေး တန်ဖိုးရှိတဲ ့အတွေးအခေါ်တွေနဲ ့ဘလော ့ဆို တာဘယ်လို ၊ဘလော ့ဂါဆိုတာ ဘာလဲ ..စသည်ဖြင် ့ပေးပါတယ်။
    စာရေးချင်တဲ ့လူတွေ၊စာရေးနေတဲ ့လူတွေအတွကိပိုိုကောင်းတဲ ့ idea တွေ ထွက်လာအောင် -ဥပမာ
    အများအတွက် အကျိုးရှိတဲ ့ဘလော ့တခု ကို ဘယ်လို ဖန်တီးရမလဲ ……..
    စိတ်ဝင်စားအောင် ဘယ်လို တင် ပြမလဲ ……….
    နောက်တော ့ ကိုယ်တိုင် တည်ဆောက်ထားတဲ ့website ကို အစဉ်ရှင်သန်အောင် ဘာတွေလုပ်ရမှာလဲ ….
    စတဲ ့ idea လေးတွေ ကို မျှဝေပေးလို ့ …မနောေ၇…..ကျေးဇူး အထူးပါနော်။
    အကြိုက်ဆုံး idea ကတော ့………..အများပြည်သူဆိုင်ရာ လူသားအားလုံးအတွက် နည်းပညာတွေ၊ ပညာဗဟုသုတ ဖလှယ်မှုတွေ ကိုယ်စွမ်းရှိသလောက် ဘယ်လို ဖြန့်ဝေသွားမလဲဆိုတာပါပဲ။

  • ကိုရင်စည်သူ

    December 15, 2011 at 9:13 pm

    ကိုရင်က အရင်က ဘလော့ရေးဘူးတယ်… အဲ့တုန်းက ဘလော့ဂါစည်သူ
    အခုတော့ ကိုရင်ဝတ်ရင်းနဲ့ပဲ ဂေဇက်ထဲ ရွာသားလုပ်လိုက်တော့…………
    ဂေဇက်ဂါကိုရင်စည်သူ … ဟီး… 😆 😆 😆

  • naywoonni

    December 15, 2011 at 9:50 pm

    ခင်ညားဂျီးကသာ ပလောဂါ ဘာရယ် ဖယ်လဲ လုပ်နေတာ ရွာအနောက်ပိုင်းမှာတော့
    “စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေ လက်ကြောမတင်းသူတွေကွ”…………….. ဆိုပြီး အရူးတစ်ယောက် အော်နေပါ့လား …..။ သဂျီးကလည်း ဘာမှ မလုပ်သေးဘူး……..။

    • manawphyulay

      December 16, 2011 at 2:28 pm

      လေးနီရေ… မနောကတော့ ဘယ်သူဘာဆိုတာထက် ကိုယ်ဘာလဲဆိုတာ ဝေဖန်စမ်းစစ်နေသူတစ်ယောက်ဖြစ်တဲ့အတွက် ဘယ်သူတွေ ဘယ်လိုပဲ ပြောနေပါစေ… ဝါသနာရယ်၊ ဆန္ဒရယ် ပေါင်းစပ်ပြီး သွားနေတဲ့လမ်းအတိုင်းပဲ သွားနေမှာပါ။ ဒီလိုပြောကြေးဆိုရင် ဟိုးလွန်ခဲ့တဲ့ နှစ်တွေက ကနောင်မင်းသားတို့၊ မြဝတီမင်းကြီး ဦးစတို့ကရော…… အင်း… မပြောတော့ပါဘူးလေ။ ဒီလို လူတိုင်းမှာ ကိုယ်ပိုင်အတွေးအရေးတွေ ရှိနေကြမှာပါပဲ။ သူလည်း သူ့အတွေးပေါ့လေ….. လူရယ်လို့ဖြစ်လာရင် လောဘ ဒေါသ မောဟတွေ ဖုံးလွှမ်းနေဦးမှာပါပဲလေ….

  • unclegyi1974

    December 15, 2011 at 10:54 pm

    အဘနီရယ်သူတို့လည်းသူတို့အမြင်နဲ့သူတို့ရှိပါစေ
    မတူကွဲပြားဘာဆိုလားဗျာ
    သူတို့လည်းကွဲလွဲနိုင်ပါစေပြောပါစေ

  • ကြောင်ကြီး

    December 16, 2011 at 10:15 am

    ဗယ်ဂေါင်ဓွေလဲးဃွ…နန်မရ်ဝှပ်နယ့် imtarnat မှါဆာယေးဒါ။ 😡

    • manawphyulay

      December 16, 2011 at 2:30 pm

      ဦးကြောင်ကြီး ဘာ ဘာသာစကားလဲဟင်… နားမလည်လို့ 🙁

  • inz@ghi

    December 16, 2011 at 2:32 pm

    မ စိတ်ဖွေးပိစိရေ..

    အစ်မတော်ရဲ့ ဘလော့ဂ်မှာ
    ထရိုင်ယို ခာလာ သင်ရိုး လေ့လာနေပါတယ်နော….
    ကျုပ်လက်ခံထားတဲ့ သီအိုရီ နဲ့ နည်းနည်းလေး မူကွဲဖြစ်နေတယ်ဗျ…

    အချိန်ရရင် ဆွေးနွေးပါဦးမယ်ဗျ….

    ဒီနှစ်ထဲတော့ အစ်မတော်ရဲ့ ဘလောဂ့် ကို သိပ်လာလည်နိုင်တော့မည်
    မဟုတ်ပါခင်ဗျား…

    ပုံ/
    ဂီဂီ

    • manawphyulay

      December 16, 2011 at 2:58 pm

      ၁ လပိုင်းတော့ ထပ်လာလည်ဦးနော်… ဒီနှစ်ထဲလည်း သိပ်မရေးနိုင်တော့ဘူး။ နည်းနည်းလေးများ လက်ကြောတင်းတင်းနေကြည့်မလားလို့လေ… 😛

Leave a Reply