ဆယ်စုနှစ်..တစ်ခုကျော်သို့…ကျနော့်အလွမ်း…

kotun winlattDecember 16, 20111min1398

ကျနော် အိပ်မရနိုင်ဖြစ်နေသော ညမှာ အခန်းငယ်လေးထဲမှနေ၍ အတိတ်ကို

တိတ်တဆိတ်သတိရနေမိ၏။ ကျနော့် အခန်းငယ်လေးဟု သုံးနှုန်းရခြင်းမှာ

ကျနော်နေသောအခန်းငယ်လေးသည် ၁ဝပေပတ်လည်မျှရှိသော အခန်းလေးဖြစ်

ခြင်းကြောင့်ပင်…။ ဒီအခန်းငယ်လေးကို ကျနော်အိပ်ချိန်နှင့် စိတ်ဖိစီးမှုများချိန်မှသာ

နေလေ့ရှိသည်။ ဒီအခန်းငယ်လေးထဲမှာ ခုတင်တစ်လုံး၊ စာအုပ်စင်လေးတစ်ခု၊ စာကြည့်စားပွဲ

တစ်လုံး၊ စာအုပ်သေတ္တာနှစ်လုံးမှအပ ကျန်ပစ္စည်းများဘာဆိုဘာမျှမရှိချေ။

ဒီည ကျနော် ၁၁နာရီထိုးမှအခန်းသို့ပြန်ရောက်ခဲ့သည်။ တစ်နေ့လုံး အလုပ်များနေသည့်အတွက်

အားပါးတရ အိပ်စက်ပစ်မည်ဟုကြံရွယ်သော်လည်း လဲလျောင်းလိုက်ခါမှ အိပ်ချင်စိတ်တို့က

လွင့်ပါးပျောက်ကွယ်သွားကြလေ၏။ တောင်စဉ်ရေမရ အတွေးများကြားမှ ဆယ်စုနှစ်တစ်ခုကျော်

က နေထိုင်ခဲ့ရသော မြို့လေးဆီသို့ အတွေးများရောက်ရှိသွားပေတော့သည်။

အတိတ်မှ နေ့ရက်များသည် ကျနော့်အား ကလူကျီစယ်နေကြ၏။ မြို့လေးမှာ နေထိုင်ခဲ့ရသော

သုံးနှစ်တာကာလအပိုင်းအခြားလေးသည် အပူပင်မဲ့သော နေ့ရက်များဟု အမည်တပ်မရသော်လည်း

မွန်းကြပ်မှုများနည်းပါးသောနေ့ရက်များဟုဆိုလျှင်မှားအံ့မထင်။ မြို့လေးဆိုပေမယ့် မြန်မာပြည်

မြောက်ပိုင်းမှာတော့ မြို့ကြီးပင်။ ကချင်ပြည်နယ်၏ မြို့တော်မို့ လူမျိုးစုံ အရောင်အသွေးစုံပင်။

ကျနော် အဲ့ဒီဧရာဝတီကမ်းနဘေးက မြို့လေးဆီကို ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ

တပြုံတမနှင့် ရောက်ခဲ့ခြင်းပါ။ ဒါပေမယ့် ဘဝဆိုသည်မှာ ကိုယ်ဖြစ်ချင်တာမဖြစ် သူဖြစ်ချင်တာ

တွေဖြစ်နေတတ်တာမျိုး မဟုတ်လား။ ဒါပေမယ့် ဒီမြို့လေးမှာ ကျနော်ပညာရင်နို့သောက်စို့ခဲ့

ရသော ဗာဒံပင်ပုလေးတွေ၊ အင်ဂျင်ပျက်တွေ၊ တွင်ခုံပျက်တွေ၊ ဝပ်ရှော့ရုံတွေ၊ တံစဉ်းတွေ၊

ပြုတ်တူတွေနှင့် ကျောင်းတော်ကြီးကို ဒီညမှာ ကျနော်တမ်းတလွမ်းဆွတ်နေမိပါသည်။

အဘယ်ကြောင့်လွမ်းနေမိပါသနည်းဟုမေးခဲ့ကြသော် ဒီမြို့လေးမှာ ကျနော်အလွဲတွေ

အမြောက်အများရှိနေခဲ့သောကြောင့်ဟုသာ ဖြေပါရစေတော့။ ခြွင်းချက်အနေဖြင့် ကျနော်

လွမ်းနေမိသည်မှာ အကြောင်းဆက်၍ မပေါင်းဖက်ရသော ချစ်သူလေးသို့မဟုတ်သည်ကို

သိစေလိုပါသည်။ ( ပေါရဲလိုက်တာဟု ဆိုကြလျှင်လည်း ဆိုကြစေတော့..။ ) ကျနော့်အလွမ်းများ

ကိုဖတ်ပြီးလျှင် ကျနော်ဒီမြို့လေးမှာ ဘယ်လိုရှင်သန်နေထိုင်ခဲ့သည်ကို အရိပ်အမြွက်လောက်တော့

ရိပ်မိကြလိမ့်မည်ဟုထင်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒီညတော့ကျနော်လွမ်းပါသည်။

အမှန်တော့ ဒီမြို့လေးက ဒီကျောင်းတော်လေးမှာ လွမ်းစရာကောင်းသည့်အကွက် မရှိတာတော့

သေချာပါသည်။ သို့သော် ဘာကြောင့်မှန်းမသိ ကျနော်ဒီညမှာ လွမ်းမိတာတော့ အသေအချာပင်။

ကျနော့်မှတ်ဉာဏ်ထဲမှာ ပထမဆုံး သတိရမိသည်က ကျောင်းပေါက်ဝမှ ၂၅ကျပ်သာပေးရသော်လည်း

မနက်တိုင်းမှန်မှန် ဝယ်မစားနိုင်ခဲ့သော မုန်းဟင်းခါးဆိုင်လေးပင်။ ထို ၂၅ကျပ်တန်မုန့်ဟင်းခါးဆိုင်လေး

ကိုကျနော်လွမ်းပါသည်။ ဆေးလိပ်၊ ကွမ်းယာ၊ ချိုချဉ်၊ ပီကေများရောင်းသည့် မုန်းဟင်းခါးဆိုင်လေးဘေး

မှ နာနီး ( ကျနော်တို့က ဆိုင်ရှင်ကုလားမကြီးကိုခေါ်သော အမည် ) ဆိုင်က ကျားခုံလေးကို

လွမ်းမိပါသည်။ ဝပ်ရှော့( လက်တွေ့)ချိန်တိုင်း သံလုံးကို လေးထောင့်ဖြစ်အောင် တိုက်စားရသော

တံစဉ်းပြားကြီးကိုလည်း လွမ်းမိပါသည်။ ကျနော်ပျင်းလျှင် အတန်းလစ်ကာ သွားသွားပြီးထိုင်ငေးတတ်

သော မြစ်ကမ်းနဘေးက ဘိလိယက်ခုံကြီးကိုလည်း ကျနော်လွမ်းပါသည်။ ( ယနေ့အထိ ကျနော်

ဘိလိယက်မထိုးတတ်သော်လည်း သူများတွေ ဘိလိယက်ထိုးတာကိုတော့ စိတ်ဝင်တစား ထိုင်ငေး

တတ်ပါသည်။ ) ကြက်မောက်သီးများပေါသော အချိန် ညပိုင်းများတွင် အဆောင်ရှေ့မှာ ဂစ်တာတီး

ချင်ယောင်ဆောင်ပြီး ကြက်မောက်သီးခိုးစားခဲ့ရသည့် ဗန်းမော်သူများနေသည့် အဆောင်ရှေ့က

ကြက်မောက်ပင်ကြီးကိုလည်း လွမ်းမိပါသည်။ ( တစ်ညမှာတော့ အဆောင်ရှင်လိုက်၍ ပြေးခဲ့ရသေး

၏။ ) ဟတ်တီးခေါ် ဖန်ခွက်သေးသေးလေးနှင့် အလင်းတန်းလ္ဘက်ရည်ဆိုင်မှ ပေါ့ဆိမ့်တစ်ခွက်ကို

လည်း လွမ်းမိပါသည်။ အချို့သော ညနေများတွင် ဆုတောင်းပြည့် ဘုရားမှာ စိတ်မမှန်သောလူကြီး

နှင့် ပေါက်တတ်ကရစကားတွေပြောရတာကိုလည်း လွမ်းမိပါသည်။ ( ထိုလူကြီးထံမှ ထူးထူးဆန်းဆန်း

စကားများကို ကြားရတတ်ပါသည်။ )

ဆောင်းတွင်းမနက်စောစောမှာ ဘုရားရှိခိုးကျောင်းသို့ လိုက်ကူပေးခဲ့ရသော ကချင်သူငယ်ချင်း

လေးကိုလည်း လွမ်းမိပါသည်။ ( စာမေးပွဲဖြေခါနီးသော စာမရသောသူငယ်ချင်းက ဘုရားရှိခိုး

ကျောင်းသို့ ဆုတောင်းသွားခြင်းပါ။ )မနက်တိုင်း အဆောင်ပိုင်ရှင်မိန်းမကြီးကသားဖြစ်သူကို

နိုးသော “အာစလမ်း…အာစလမ်း..”ဟူသော အသံနှင့်အတူ “ ဂျေ…အာယား..အာယားး”ဟု

ထူးတတ်သော ကျနော့်ကိုခင်သော အစ္စလာမ်ဘာသာဝင် သူငယ်ချင်းကိုလည်းလွမ်းမိပါသည်။

( သူနဲ့ခင်ပြီးနောက် ကျနော်အမဲသားမစားတော့သည်မှာ ယနေ့အထိပါ။ )

ကျနော်နှင့်အတူ လက်တွေ့လုပ်ရန်ကျသော်လည်း ကျနော်တစ်ဦးတည်းကိုသာ ပုံအပ်ပြီး ပြန်ပြန်

သွားတတ်ကြသော သူငယ်ချင်းမလေးများကိုလည်း ကျနော်လွမ်းပါသည်။ကျနော့်ကို ကျောင်းအားရက်

များတွင် သူနှင့်အတူ အလုပ်ကူလုပ်ပေးရန်ခေါ်ကာ သူ့အပ်ထည်များ အဆင်ပြေလျှင် လ္ဘက်ရည်

ဝယ်တိုက်တတ်သော ကျနော့်၏လက်တွေ့ဆရာကိုလည်းလွမ်းမိပါသည်။

ပဲဖတ်ချဉ်ကောင်းသည်ဟု အကြောင်းပြကာ အိမ်မှငွေပို့သော လဆန်းရက်များတွင် အာမီရမ်သွား

သွားသောက်ရသော ထောက်(၈)နား အရက်ဆိုင်လေးကိုလည်းလွမ်းမိပါသည်။ ပိုက်ဆံပြတ်တိုင်း

မုန့်ဝယ်ကျွေးသလို ပိုက်ဆံလည်းချေးပေးသော ကျနော်တို့မေဂျာက ကွင်း (queen) လေးကိုလည်း

ကျနော်လွမ်းပါသည်။ ကျောင်းတွင်းဘော့လုံးပြိုင်ပွဲတွင် ကျနော့်အား အဝါကတ်ပြသော ဘော့လုံး

ဒိုင်လူကြီးနှင့် ဗိုလ်လုပွဲမှာ ကျနော့်အားပန်းစည်းဆက်ခဲ့သော စီနီယာ မမကိုလည်း လွမ်းမိပါသည်။

မုတ်ဆိ်တ်မွှေး နှုတ်ခမ်းမွှေး ဗရပျစ်နှင့် ကွမ်းတဖွတ်ဖွတ်ဝါးသော အဆောင်ပိုင်ရှင် မာမူကြီးကိုလည်း

လွမ်းမိပါသည်။ ( သူကကျနော့်ကို အသားဖြူစပ်စပ်နှင့် တစ်ဆောင်လုံးမှာ ပြောရခက်ဆုံးကောင်ဟု

မှတ်ချက်ပေးပါသည်။ ) ဗလမင်းထင်တံတားဖွင့်ပွဲမှာ မနက်အစောကြီး ကျနော့်ကိုလာနှိုးကာ

ကျနော်မလိုက်ချင်ဟုဆိုသဖြင့် စိတ်ဆိုးပြန်သွားကြသော သူငယ်ချင်းများကိုလွမ်းမိပါသည်။

ကျနော်အစသန်သဖြင့် ငိုယိုသွားရသော အတန်းထဲမှ ရိုးဝမ်း ( အဆင့်တစ်) သူငယ်ချင်းမလေး

ကိုလည်းလွမ်းမိပါသည်။ တန်ဆောင်တိုင်ညမှာ မအိပ်ကြကြေးဟုဆိုကာ တစ်ညလုံးစက်ဘီး

လျှောက်စီးကာ မနက်၂နာရီထိုး အဆောင်ရှင်က တံခါးမဖွင့်ပေးသဖြင့် ရေတမာပင်အောက် အုတ်ခုံ

ဝိုင်းလေးမှာ တစ်ညလုံးမိုးလင်းခဲ့ရသည် ဆေးပေါင်းခသောညကိုလည်း လွမ်းမိပါသည်။

၁ဝရက်ကျော်ကျော် အိပ်ရေးပျက်ခံပြီး အဆောင်မှ အဝတ်အစားများကို ခိုးသော သူခိုးလေး

ကိုဖမ်းမိသော ညကိုလည်း သတိတရလွမ်းနေမိ၏။ ( သူခိုးလေးမှာ အသက် ၁၂နှစ်ခန့်သာ

ရှိပါလိမ့်ဦးမည်။ )

ကျနော်ရေးပေးသောရည်းစားစာနှင့် အဆင်ပြေသွား၍ ရွှေတောင်တန်းခေါက်ဆွဲဆိုင်တွင်

အဝစားစေသော ဟိုပင်မြို့သားသူငယ်ချင်းအားလည်း လွမ်းမိပါသည်။ (ဒီအချိန်လောက်ဆို

ဒီကောင် ကလေး သုံးယောက်လောက်တော့ရနေလောက်ပေပြီ။ ) သူတို့မေဂျာဘော့လုံးအသင်း

ကျနော်တို့မေဂျာဘော့လုံးအသင်းကို ရှုံးသဖြင့် ကျနော့်အားလာရန်တွေ့သော ကချင်တိုင်းရင်သူ

သူငယ်ချင်းမလေးအားလည်း လွမ်းးမိပါသည်။ ညအချိန်ပျင်းလျှင် စက်ဘီးတစ်စင်းဖြင့် တာရိုးလမ်း

ပေါ်မှာ သီချင်းအော်ဆိုခဲ့ရသော ညများကိုလည်း မေ့မရပဲ လွမ်းမိပါသည်။ ထမင်းလခမှန်မှန်မပေး

သော်လည်း ကျနော့်အား ထမင်းမှန်မှန်ကျွေးပေးသော ထမင်းဆိုင်ပိုင်ရှင် အန်တီကြီးကိုလည်း

ကျနော်လွမ်းပါသည်။ သုံးနှစ်သုံးမိုး ပညာဆည်းပူးပြီး ကျောင်းတော်ကြီးက ထွက်ခွာလာချိန်မှာ

မြို့လေးနှင့်အတူ လက်ပြကျန်ရစ်ခဲ့သော မုံရွာမြို့သားကျနော့်ဆရားအားလည်းလွမ်းမိပါသည်။

ဒါတွေကတော့ ဒီညကျနော့်အတွေးထဲဝင်ရောက်လာသော တောင်စဉ်ရေမရအလွမ်းများပင်..။

ဘာပဲဖြစ်ဖြစ် ကျနော်လွမ်းနေမိပါသည်…။
ခင်မင်လေးစားစွာဖြင့်….

8 comments

  • inz@ghi

    December 16, 2011 at 10:21 am

    ကျနော်လည်း အငှား ဝင် ပြီး …လွမ်းသွားပါသည်..ခင်ဗျား..

    ကျနော့် တက္ကသီလာ ကျောင်းသားဘွ ကိုပြန်တွေးလျင်.. ကျနော် သည် ..
    ဟံသာဝတီက မြ ကို လွမ်းပါသည်…
    လှည်းတန်းက ပန်းအိ ကို လွမ်းပါသည် ….
    တံခါးခေါက် ပြီး ဒုက္ခပေးခဲ့ဖူးသော ပွင့်မြတ်မိုး ကို လွမ်းပါသည်…

    အော် ..နာလွမ်းတာ အရက်ဆိုင် နာမည်တွေချည်းပါလား ဟရို့ …..

    ခင်တဲ့
    ဂီဂီ

  • ပေါက်ဖော်

    December 16, 2011 at 11:27 am

    လွမ်းတတ်လို့..ကျားပေါက်တော့…သီချင်းတစ်ပုဒ် ရသွားသဗျာ..
    ဆြာထွန်းကလဲ ပို ့စ်တစ်ပုဒ် ရတာပေါ့.

    အလွမ်းမင်းသားလေ….ကဖော်ကြီး..ဝင်ခံစားသွားပါတယ်…..
    ဒီမှာ..လွမ်းတယ်..လွမ်းဒယ်…

  • manawphyulay

    December 16, 2011 at 2:36 pm

    အလွမ်းပေါ် အလွမ်းဆင့်
    အလွမ်းပင်များ ပျိုးလျက်
    အလွမ်းမိုးများ ရွာပြီး
    အလွမ်း ဆောင်းရောက်လာတဲ့အခါမှာလည်း
    ကျနော် လွမ်းမိပါသည်….
    အဲ မှားလို့ ကျွန်မ လွမ်းမိတာကိုပြောတာပါ…. 😛

  • Shwe Ei

    December 16, 2011 at 2:39 pm

    ကျောင်းတုန်းက သူငယ်ချင်းတွေအကြောင်းတွေးမိရင် လွမ်းတယ် လွမ်းလို့မဆုံးခင် သတိရတယ် ပြီးတော့ ထပ်ခါထပ်ခါလွမ်းတယ်။ တူညီသော ခံစားချက်ဖြင့် ဖတ်စား (စာဖတ်/ခံစား)သွားပါကြောင်း။

  • koyewin80

    December 16, 2011 at 2:42 pm

    ကျနော့်ရဲ့ မအူပင် ဂျီတီအိုင် ကျောင်းသားဘဝကို ပြန်လွမ်းမိသွားပါတယ် ခင်ဗျား …
    ကျောင်းဝန်းထဲက မေခ မေလိခ အဆောင်ကြီးရော .. ရွှေချိန်ခွင်လမ်း … ညနေခင်း မအူပင်တံတား …..
    အားလုံး …. အားလုံးကို လွမ်းသွားပါသည် ………။

  • inz@ghi

    December 16, 2011 at 2:42 pm

    ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာ …
    ~~~~~~~~~~~~~~~~~~~~~~~
    တခါက ငါ့ချစ်သူ … မဆိုင်သလိုသာ တို့လောကလမ်းများထဲမှာ.
    ~~~~~~~~~~~~~~~~~~~~~~~
    အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
    ~~~~~~~~~~~~~~~~~~~~~~~
    အလွမ်းရယ်မပြေဘူး ကျောင်းသားဘွ ….

    .
    .
    သေချာ တခေါက်ပြန်ဖတ်ကြည့်တော့မှ … တူတွေ တံစင်းတွေနဲ့
    အင်း …သည်လူကြီး ကွန်မြူနစ် တော့ မဟုတ်ပါဘူးနော …
    (ခင်လို့ စသွားပါတယ် အစ်ကိုရေ့ …..)

  • windtalker

    December 16, 2011 at 2:51 pm

    ယောင်ချာချာ နဲ ့ ဂျေလို ကြီး ကို လွမ်းဒယ်
    ညှောင်နာနာ နဲ ့ ချယ်တွီ လေး လဲ လွမ်းဒယ်

  • Swal Taw Ywet

    January 11, 2012 at 11:49 pm

    Yes, Me too.
    I do miss our periods of GTI ( 3 years ).
    I was from Monywa GTI.
    Thanks for remembering our school days.
    Let’s try our best for our school ( Institute ), our villages, our town and
    finally our mother land.
    With respect,
    Swal Taw Ywet.

Leave a Reply