အဓိပ္ပါယ်ကိုယ်စီ ကြာပန်းများဆီသို့

who whoDecember 16, 20111min732

ကြာလေးမျိုးဥပမာဖြင့် ပုဂ္ဂိုလ်လေးမျိုးအကြောင်းကို မြတ်ဘုရား ဉာဏ်တော်မှာ ထင်လာရတယ်ဆိုတာကို သိခွင့်ရလိုက်တယ်ဆိုရင်ပဲ ကျနော့ ခေါင်းထဲမှာက ကြာပန်းလေးများနဲ့ သစ္စာလေးပါးရဲ့ အဓိပ္ပါယ်များကို နှိုင်းယှဉ် လို့ နေမိပြန်ပါတယ်။
သစ္စာလေးပါးကို ကိုယ်တိုင်သိမြင်ခွင့်ရသွားသောလူရဲ့ ကိလေသာ ကင်းစင်ပုံနဲ့ ရေပြင်ထက်မှာ ပွင့်လန်းနေသော ကြာပန်းလေးတွေရဲ့ ရွံ့နွံကင်း စင်ပုံလေးများကို မျက်လုံးထဲမှာ ပုံဖော်နေမိပါတယ်။
အယူမှားဒိဋ္ဌိတွေရဲ့ကြားမှာ မွေးဖွားကြီးပြင်းလာပေမယ့် သစ္စာ လေးပါးကို သိမြင်သွားတဲ့အခါမှာ အဲဒီ အယူမှားတွေနဲ့ လိမ်းကျံကပ်ငြိမှု ကင်းသွားပုံကို ရွံ့နွံမှ ပေါက်ဖွားလာပေမယ့် ရွံ့နွံနဲ့ လိမ်းကျံ ကပ်ငြိမှု မရှိဘဲ သန့်ရှင်းစင်ကြယ်စွာ ရေပြင်ထက်မှာ တည်နေနိုင်သော ကြာပန်းတို့၏ ဘဝကို နှိုင်းယှဉ်ရင်း စိတ်မှာ ကြည်နူးပီတိ ဖြစ်ရပါတယ်။
တဆက်တည်းလည်း ဒီရုပ်၊ ဒီနာမ် ၊ ဒီခန္ဓာကြီးကို ကြာပွင့်လေးနဲ့ တွဲ လို့ မြင်ကြည့်နေမိပြန်ပါပြီ။ အော်…..ဒီရုပ်နာမ်ခန္ဓာဆိုတဲ့ ရွံ့နွံတောထဲကနေ ရုပ်နာမ်ခန္ဓာတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သွားသောသူနှင့် ရွံ့နွံ ထဲမှ ပေါ်ထွက်လာပြီး ရွံ့နွံနဲ့ လွတ်ကင်းနေနိုင်သော ကြာပန်းလေးကို တွဲလို့ တွဲလို့ မြင်ကြည့်ရင်း မြင်ကြည့်ရင်း ……….။
တစ်ဖန် နိဗ္ဗာန်ချမ်းသာကို ရရှိသွားသောသူရဲ့ အပါယ်လေးဘုံဆိုတဲ့ ရွှံ့နွံတောထဲက ရုန်းထွက်နိုင်သွားပြီး အဆင့်အတန်းမြင့်သော ဘဝတွေမှာပဲ ကျင်လည်သွားရပုံကို ရွှံ့နွံတောထဲက လွတ်ထွက်လို့ အထက်သို့ ပျံတက် ဖူးပွင့် သွားနိုင်သော ကြာပန်းလေးများနှင့် ပမာပြုလို့ …………..။
အော် တစ်နေ့ တစ်နေ့ မရိုးအောင် တိုက်ခံရတဲ့ လောကဓံ မုန်တိုင်း တွေရဲ့ ရိုက်ချက်တွေက ပြင်းလွန်းလှတာကြောင့် ဘရိတ်မပါပဲ ရှင်သန်နေရတဲ့ ဘဝဟာ တုန်လှုပ်ခြောက်ခြားစွာနဲ့ တည်ငြိမ်မှုကင်းနေပါမယ်နော်။ အကောင်း လောကဓံနဲ့တွေ့လို့ အထိန်းအကွပ်မဲ့ ပျော်ရွှင်နေမိမယ်။ အဆိုးလောကဓံ နဲ့ တွေ့ပြန်တော့ တစ်ခါ ငိုပွဲတွေဆင်နွဲလို့ တုန်လှုပ်နေမယ်ဆိုရင် လောကဓံလေ တွေ တိုက်ခံရတိုင်း ယိုင်ထိုးလဲပြိုနေရတဲ့ အခြေမခိုင်တဲ့ ဘဝကို ရောက်နေရ ပြီမို့ လောကဓံနွံနစ်နေပြီလို့ သိထားလိုက်ပါ။ အဲဒီလောကဓံမုန်တိုင်းတွေ အပေါ် ကျောက်ဆောင်ကြီးကဲ့သို့ ကြံ့ကြံ့ခံနိုင်သော စိတ်ဓါတ်မျိုးနဲ့ တည်ငြိမ် စွာ ရင်ဆိုင်ကျော်လွှားနိုင်မယ် ဆိုရင်တော့ ဒီလူဟာ လောကဓံရွှံ့နွံတွေ ပေကျံမှုက ကင်းစင်သောသူသို့ သတ်မှတ်လို့ ရမယ်လေ။ အင်း…..ဒီလို လူမျိုးကိုလည်း လောကရွှံ့နွံက လွတ်မြောက်နိုင်သူမို့ ရွှံ့နွံကင်းစွာ ပွင့်လန်း နေတဲ့ ကြာပန်းလေးနဲ့ မခြားပါလားရယ်လို့ယှဉ်လို့ တွေးရင်း အော် ကြာပန်း လေးများ ခေါ်ရာနောက် လိုက်ခဲ့ရင်းက ရခဲ့တဲ့ အတွေးလေးများဟာဖြင့် အဖိုးတန်လိုက်တာရယ်လို့ တွေးရင်း ပြုံးမိနေပါတော့တယ်။
ဒို့အားလုံးလည်း ရေပြင်ထက် ငွါးငွါးစွင့်စွင့် ပွင့်လန်းလို့ ရွှံ့နွံမှ ရုန်းထွက်နိုင်သော ကြာလိုလူသားများ ဖြစ်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းရင်းနဲ့ပဲ ကျနော့နဲ့ ကြာပန်းလေးများရဲ့ အတွေးခရီးလေးလည်း ဒီမှာ ပဲ ဂိတ်ဆုံးသွားပါပြီ။
မှတ်ချက်။ ။ ဆရာတော် အရှင်ဆန္ဒာဓိကရေးသားသော “ကြာလိုလူ” စာအုပ်ကို ဖတ်မိရာမှ သိရသမျှကို အတွေးလေးများနှင့် တွဲယှဉ်လို့ ပြန်လည် ဝေဌလိုက်ခြင်းဖြစ်ပါတယ်။

2 comments

  • blackchaw

    December 16, 2011 at 6:12 pm

    whowho ရေ။
    ဝင်ဖတ်သွားပါတယ်နော်။

  • TTNU

    December 16, 2011 at 10:51 pm

    ဒီဘဝနွံထဲက လွတ်အောင်ရုန်းထွက်ကြရာမှာ
    စိတ်ဓာတ်ခွန်အားအရေးကြီးလှသည်။
    အရေးကြီးသလောက် ထိန်ချုပ်ရ အခက်ဆုံး
    တောရိုင်းကောင်တစ်ကောင်နှင့်လည်းအလွန်တူလှပေသည်။
    စာတတ်သည်ဖြစ်စေ ဉာဏ်ပညာရှိသည်ဖြစ်စေ အတိတ်ကံကောင်းသည်ဖြစ်စေ
    မဖြစ်မနေကျင့်ယူမှရနှိုင်သည့် စွမ်းရည်တစ်ခုဆိုတာကိုတော့ မငြင်းနှိုင်ပါ။

    ကြာပန်းလိုဘဝမျိုး ရချင်သည်ဖြစ်၍
    ကြာသော် လည်းကြာပါစေ၊ အားထုတ်ကြရမည်ဟု ယုံကြည်ထားပါသည်။

Leave a Reply