မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်

naungDecember 16, 20111min21817

အောက်ဖော်ပြပါ ‘မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်’ ဆောင်းပါးသည် လွန်ခဲ့သည့် ၂၃ နှစ် (၁၉၈၈)ခုနှစ် အတွင်း ‘ဆရာဝန် တစ်ဦး’ ကလောင်အမည်ခံသူတစ်ဦး ဖြန့်ဝေခဲ့သော လက်ကမ်းစာစောင်ဖြစ်ပါသည်။ ယင်းခေတ်ကာလ၏ အခြေအနေကို ဓမ္မဓိဋ္ဌာန် ကျစွာ သုံးသပ်ထားသော စာလွှာတစ်စောင် ဖြစ်ပါသည်။ ယခုအခါ ၎င်းဆောင်းပါးအား လက်ရှိနိုင်ငံတော်အစိုးရ၏ အဖွဲ့အစည်း တစ်ခုဖြစ်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့က မှတ်တမ်းအဖြစ် သိမ်းဆည်းထားရန် လိုအပ်နေပါကြောင်း၊ လက်ဝယ်ရှိသူအား ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မည့်အကြောင်း ၂-၁၂-၂၀၁၁ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အသိပေးကြေညာခဲ့ပါသည်။ ၎င်း လက်ကမ်းစာစောင်သည် ယခုလက်ရှိ နိုင်ငံရေးအနေအထားနှင့် မည်သို့မျှ မပတ်သက်ကြောင်းနှင့် မည်သည့်ရည်ရွယ်ချက်သဘောမျှ မပါရှိဘဲ တစ်ခေတ်တစ်ခါက အခြေအနေတစ်ရပ်အား ဗဟုသုတရစေလိုသောဆန္ဒနှင့် စာဖတ်ပရိသတ်အတွက် မြစ်ကြီးနား မြို့ခံ တစ်ဦး၏ အကူအညီဖြင့် ဖော်ပြပေးလိုက်ပါသည်။

အယ်ဒီတာ

ဆရာဝန်တစ်ဦး
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ – ၂၂ ၊ ၁၂ ၊ ၂၀၁၁)

ကျွန်တော်သည် ဆရာဝန်တစ်ဦးဖြစ်ပါသည်။ အစိုးရနှင့် တိုက်ရိုက်ပတ်သက်မှု မရှိပါ။ တစ်ပါတီပဲဖြစ်ဖြစ်၊ ပါတီစုံပဲဖြစ် ဖြစ် ကျွန်တော် သမ္မတလည်းမဖြစ်နိုင်၊ ဝန်ကြီးလည်းမဖြစ်နိုင်ပါ။ ကျွန်တော်၏ အလုပ်မှာ ဆေးကုသရန်သာ ဖြစ်ပါသည်။

ယခု တိုင်းပြည်မျက်နှာတစ်ခုတည်းကိုသာ ကြည့်၍ ဘယ်သူ့ဘက်မှ မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြလိုပါသည်။

ကျွန်တော်၏ စစ်မှန်သော စေတနာကို ပြည်သူများ နားလည် နိုင်ကြပါစေ။

လက်ရှိအစိုးရသည် အားနည်းချက် ပေါင်းများစွာ ရှိခဲ့ကြောင်း မည်သူမျှ မငြင်းနိုင်ပါ။

တစ်မိန့် တစ်အာဏာဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ခြင်း၊ အာဏာရှင် ဆန်လွန်းခြင်း၊ အခွင့်အရေးယူလွန်းခြင်း၊ ပြည်သူလူထုနှင့် ကင်းကွာလွန်းခြင်း၊ စည်းစိမ်ယစ်မူးပြီး မလုပ်၊ မရှုပ်နေကြခြင်း၊ ဆင့်ကဲဆင့်ကဲ လိမ်ခဲ့ကြခြင်း၊ တိုင်းပြည်စီးပွားရေး ခွက်ခွက်လန် အောင် နိမ့်ကျလာစေခြင်း၊ နောက်ဆုံးတွင် လူပေါင်းများစွာ သေဆုံးခဲ့ရသော သွေးထွက်သံယိုမှုကြီးများ အကြီး အကျယ်ဖြစ်ပွား စေခြင်း စသည့် အားနည်းချက်ပေါင်းများစွာ ရှိခဲ့သဖြင့် ယခုကဲ့သို့ တစ်တိုင်းပြည်လုံး ပျက်ခမန်းလုလု ဖြစ်နေရသည်ကိုလည်း မှန်မှန် ကန်ကန် ဝန်ခံရပေမည်။

ဤနေရာတွင် အစိုးရဆိုသော စကားလုံးမှာ ဘယ်အဆင့်အထိ သတ်မှတ်ရမည်နည်းဆိုသော ပြဿနာကို စဉ်းစားရပေမည်။

အမှန်တော့ အစိုးရဆိုသည်မှာ အုပ်ချုပ်သူ လူတန်းစားဖြစ်၍ နိုင်ငံတော် သမ္မတမှစပြီး ရပ်ကွက်ပြည်သူ့ကောင်စီများအထိ ပါဝင်ကြ သည်။

အဆင့်ဆင့်သော ပါတီတာဝန်ထမ်းဆောင်နေသူများ၊ ပြည်သူ့ရဲများနှင့် အခြားအုပ်ချုပ်ခွင့်ရှိသူ အစိုးရဝန်ထမ်းများအားလုံး သည် လည်း အစိုးရပင်ဖြစ်သည်။

အစိုးရ ညံ့ဖျင်းသည်ဟုဆိုရာတွင် ၎င်းတို့ အားလုံးသည်လည်း အစိုးရပင်ဖြစ်သည့် အတွက် ၎င်းတို့အားလုံးသည်လည်း တာဝန်ရှိ ပေသည်။

တိုင်းပြည်အကျိုး ထက် မိမိအကျိုးကိုသာကြည့်ကြခြင်း၊ တစ်မတ်ဖိုးအာဏာရှိသူက တစ်မတ်ဖိုး ညစ်ပတ်ခြင်း၊ ရဲကလည်း ရဲ အလျောက်၊ ကောင်စီကလည်း ကောင်စီအလျောက်၊ ပါတီကလည်း ပါတီအလျောက်၊ တရားသူကြီးကလည်း တရားသူကြီး အလျောက်၊ အခြားရုံးများ၊ ဌာနများ အသီးသီးကလည်း သူ့နေရာနှင့် သူ အလျောက် လာဘ်စားကြခြင်း၊ အကျင့်ပျက်ကြခြင်း၊ တတ်နိုင်သမျှ ညစ်ပတ်ခဲ့ကြောင်း ပြည်သူအားလုံးအသိပင်ဖြစ်သည်။

တစ်ဦးချင်း- ဥပမာတစ်ခုချင်းပြရလျှင် ကျမ်းဖွဲ့၍ ပြရပေမည်။

တစ်ဖန် အစိုးရမကောင်းသလို ပြည်သူတွေအနေဖြင့်ရော တိုင်းပြည်အပေါ်တွင် ဘယ်လောက်ကောင်းခဲ့ကြသလဲဆိုတာ ပြန်လည် ဆန်းစစ်ဖို့လိုပါသည်။

ယနေ့ လမ်းမများပေါ်တွင် လှည့်လည်၍ အစိုးရထွက်ပေးဟု အော်နေကြသော ကုန်သည်၊ ပွဲစားများကို မေးလိုပါသည်။

လုပ်သားပြည်သူများ စားဝတ်နေရေး ချောင်လည်အောင်၊ ကုန်ဈေးနှုန်းကျဆင်းအောင် ဘာတွေများ တတ်စွမ်းသလောက် ဆောင် ရွက်ခဲ့ ကြပါသလဲ။

မိမိတို့ ကိုယ်ကျိုးကိုသာ ရှေးရှု ၍ ဈေးနှုန်းများကစားခြင်း၊ ကုန်သိုလှောင်ခြင်း လုပ်ခဲ့ကြသူတို့မှာ ဘယ်သူတွေလဲ။

အမြတ်ခွန်တွေကိုကော မှန်မှန်ကန်ကန် ပေးခဲ့ကြသလားဟု မေးလိုပါသည်။

ဈေးနှုန်းတက်စရာရှိ လက်မနှေးဘဲ လွယ်လွယ်ကူကူ တက်ပစ်လိုက်၏။

ကျစရာရှိလျှင်တော့ ဖြည်းဖြည်းပေါ့ဟု ဆိုကြ၏။

ကားသမားကလည်း ကားသမားအလျောက်၊ စပယ်ယာကလည်း စပယ်ယာအလျောက် ပြည်သူကို နှိပ်စက်၏။

မိမိကိစ္စ အောင်မြင်ရေးအတွက် ရိုးရိုးသားသားရှိခဲ့ကြသော ဝန်ထမ်းများကို လာဘ်ထိုးခြင်းဖြင့် ဖျက်ဆီးကြ၏။

ယူသူကလည်း ယူ၏၊ ပေးသူကလည်း ပေး၏။

ထို့နောက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စွပ်စွဲ အပြစ်ဖို့ကြ၏။ (ယနေ့ စင်ပေါ်တက်၍ အာပေါင် အာရင်းသန်သန် ဟောပြော နေကြသော ရုပ်ရှင်သရုပ်ဆောင်တို့က အမြတ်ခွန် မပေးရလေအောင် နည်းမျိုးစုံ ကျင့်ကြံခဲ့ကြ၏။)

ရောင်းဝယ်မှု၊ အပေးအယူမှု အသီးသီးတို့တွင် ငွေမည်းတို့ဖြင့် ကစားခဲ့၊ လှည့်ပတ်ခဲ့ကြ၏။

အခြား မကုန်နိုင်အောင် ထောက်ပြစရာများ ရှိပါသည်။

ယေဘုယျအားဖြင့် ပြည်သူလူထုဘက်မှလည်း တိုင်းပြည်အပေါ် တာဝန်ပျက်ကွက်ခဲ့ကြကြောင်း ရိုးရိုးသားသား ဝန်ခံကြစေလို ပါသည်။

အချုပ် ဆိုရင်လျှင် တိုင်းပြည်ပျက်ရခြင်းတွင် အစိုးရတာဝန်ရှိသလို ပြည်သူတို့ဘက်မှလည်း တာဝန်မကင်းကြောင်း နားလည် ကြစေ လိုပါသည်။

လက်ရှိအရေးအခင်းများကို ဆက်လက်၍ သုံးသပ်တင်ပြပါမည်။

ယခု တစ်တိုင်းပြည်လုံး အော်ဟစ်တောင်းဆိုနေကြသော ဒီမိုကရေစီသည် အင်မတန် ကောင်းမွန်၍ လွတ်လပ်မျှတသော စနစ် တစ်ခုလည်း ဖြစ်ပါသည်။

ကျွန်တော် အလွန်ကြိုက်ပါသည်။

ထို့ ကြောင့် လုပ်သားပြည်သူတို့ ငြိမ်းချမ်းစွာ လှည့်လည်၍ ဒီမိုကရေစီပေးရေး တောင်းခံမှုကို ကျွန်တော် ထောက်ခံ ကြိုဆိုပါသည်။

သို့သော် တဖြည်းဖြည်း ကျွန်တော် ထိတ်လန့်လာပါသည်။

တိုင်းပြည်အရေးအတွက် ရင်လေးမိပြီး တုန်လှုပ်ချောက် ချားလာပါသည်။

ကျွန်တော်တို့ မြန်မာ ပြည်သားများ ဒီမိုကရေစီကို မသုံးတတ်ကြောင်း နားလည်လာရပါသည်။

ဥပမာအချို့ပြရလျှင် နိုင်ငံတော်အလံကို ဇောက်ထိုးတပ်ကြခြင်း၊ တချို့က လုံးခြေ၍ ခြေထောက်ဖြင့် တက်နင်းပြခြင်း၊ ရုပ်ရှင် မင်းသမီး တစ်ဦးက တိုင်းပြည်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာအုပ်ကို ခြေထောက်ဖြင့် နင်းပြခြင်း (ဟောပြောသူတစ်ဦးက စင်မြင့်ပေါ်မှ နေ၍ အစိုးရအဖွဲ့အစည်းအသီးသီးအား မအေနှင့် ကိုင်တုတ်ခြင်း)၊ ကားများ ချောဆွဲခြင်း၊ လူတွေ မတန်တဆ တက်စီး ကြခြင်း၊ သင်္ကြန်ကဲ့သို ဟေးလားဝါးလား အပျော်ကြူးကြခြင်း၊ လမ်းလွှဲမရှိသော အချို့ဆင်ခြေဖုံးရပ်ကွက်များကို ပိတ်၍ နာရီပေါင်း များစွာ ဟောပြောပွဲကျင်းပနေသဖြင့် ယာဉ်များ လုံးဝမသွားနိုင်ဘဲ လုပ်သားပြည်သူပေါင်းများစွာ ဒုက္ခ ရောက်ခဲ့ကြခြင်း စသည်တို့ကို ပြည်သူများ တွေ့မြင်ကြပါလိမ့်မည်။

ထို့ပြင် ရန်ကုန်ဆေးရုံကို ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အစိုးရအား ပြင်းထန်စွာ ဝေဖန်ရှုတ်ချကြသည်။

ကျွန်တော်လည်း လုံးဝ စိတ်ဆိုးခဲ့ပါသည်။

သို့ရာတွင် ရက်ပေါင်းများစွာ ဆေးရုံကြီးကို သပိတ်စခန်းဖွင့်၍ တို့အရေး၊ တို့အရေးဟု အသံကုန် အော်ဟစ်နေကြခြင်းကို ဘာကြောင့် မတားဆီးခဲ့ကြပါသနည်း။

ဆေးရုံပေါ်တွင် ရှိနေသော အသည်းအသန်လူနာ တို့ကို ကြွေးကြော်သံ၊ ဆူပူအော်ဟစ်သံ တို့ကြောင့် ဘယ်လိုထိတ်လန့်ဝေဒနာ တိုးကြမည်ကို မည်သူမျှ မစဉ်းစားမိကြတော့ဘူးလား။

ဒီမိုကရေစီကျကျ ပွင့်ပွင့်လင်းလင်း ရေးသားရလျှင် ဆရာဝန် တစ်ဦးအနေဖြင့် ဆေးရုံကို ပစ်ခတ်ခြင်း အတွက် ရှုတ်ချသလို သပိတ် စခန်းဖွင့် ခြင်းကိုလည်း ရှုတ်ချပါသည်။

ကျွန်တော့အနေဖြင့် ဩဂုတ်လ ၂၄ ရက်နေ့ည၊ နိုင်ငံတော်သမ္မတ ဒေါက်တာ မောင်မောင် တိုင်းပြည်သို့ မိန့်ခွန်းပြော ကြားပြီး ကတည်းက သပိတ်အောင်ပွဲ ရရှိပြီဟု နားလည်ပါသည်။

အလွန် အနှစ်သာရ ပြည့်ဝသော မိန့်ခွန်းတစ်ခု ဖြစ်ပြီး နိုင်ငံတော်သမ္မတကိုယ်တိုင်က ကတိအတန်တန်ပေးထားပြီဖြစ်ရာ ကိုယ့် တိုင်းပြည်ကို ချစ်ကြလျှင်၊ လူမျိုးကို ချစ်ကြလျှင် သပိတ်လှန်၍ အလုပ်ခွင်သို့ ပြန်ဝင်ကြရန်သာ ရှိပါသည်။

ဥပဒေ ဘောင်အတွင်းမှ စနစ်တကျ ပြည်သူတု့ိ ဆန္ဒ လိုက်လျောခြင်းဖြစ်၍ လက်မခံ နိုင်စရာ မရှိပါ။

စက်တင်ဘာလ ၁ ရက်နေ့တွင် နောက်တစ်ကြိမ် ထပ်မံ၍ တိုင်းပြည်သို့ မိန့်ခွန်းပြောခဲ့ပြန်သည်။

သူ့မိန့်ခွန်းများတွင် တိုင်းပြည်အပေါ် ထားရှိသော သူ့စေတနာကို အထင်အရှား သိနိုင်ပါသည်။

သမ္မတတစ်ဦးအနေဖြင့် လိုက်လျောနိုင်သမျှ အစွမ်းကုန် လိုက်လျောနိုင်၊ မလိုက်လျောနိုင်သော ကိစ္စများကိုလည်း အကျေအလည် ရှင်းလင်းတင်ပြထားပါသည်။

ကျွန်တော် လူမှန်းသိကတည်းက တိုင်းပြည်သို့ တိုက်ရိုက်မိန့်ခွန်းပြော၍ ရှင်းလင်းတင်ပြသော သမ္မတဟူ၍ ယခုတစ်ဦးတည်းသာ တွေ့ဖူးပါသည်။

ဒေါက်တာမောင်မောင် ကဲ့သို့ ခေါင်းဆောင်ကောင်းတစ်ဦး လက်လွှတ်လိုက်ရမည်ကို ကျွန်တော် အင်မတန် နှမြောမိပါသည်။

ယခုလို တိုင်းပြည်ပျက်ခါမှ သမ္မတတက်လုပ်ပြီး သူ့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကြိုးစားစွမ်းဆောင်နေသော ပုဂ္ဂိုလ် တစ်ဦး အနေဖြင့် များစွာချီးကျူးဂုဏ်ပြု ထိုက်ပေသည်။

သူ အာဏာမလိုချင်မှန်း ကျွန်တော် သိပါသည်။

ယခုသပိတ်တိုက်ပွဲသည် တဖြည်းဖြည်းနှင့် အခြေအနေပိုဆိုးလာသည်။

နိုင်ငံရေးအမြတ်ထုတ်မှုများ၊ သမဂ္ဂများ မှိုလိုပေါက်လာကြသည်။

ပါတီစုံမဖြစ်ရသေးဘဲ တွဲရေး ကွဲရေးများ ဖြစ်နေကြပြီ။

ထောင်များလည်း ကျိုးပေါက်၍ ထောင်သားများ လွတ်မြောက်လာကြသည်။

လုကြ၊ သတ်ကြ၊ ယက်ကြ၊ ဖြတ်ကြ ဖြစ်လာကြသည်။

ဒီမိုကရေစီဟု အော်ဟစ်ထွက်ပေါ်လာကြသော စာစောင်များလည်း စီးပွားရေးဆန်ဆန် အလုအယက် ထွက်ပေါ်လာကြသည်။

ဒီမို ကရေစီကျကျ ရေးဖို့ထက် အစိုးရကို များများတွယ်လေ လူကြိုက်များလေဖြစ်၍ အစိုးရကို ပို၍ ဖိအားပေး နှိပ်ကွပ်နေကြသည်။

နိုင်ငံခြားသားများလည်း ခြေရှုပ်လာကြသည်။ ဘီဘီစီ၊ ဗွီအိုအေတို့မှလည်း ကောလာဟလမျိုးစုံ၊ အတို့အထောင် မျိုးစုံတို့နှင့် တိုင်းပြည်ကို မပျက်ပျက်အောင် လုပ်လာကြသည်။

ပြည်တွင်း ကောလာဟလဖြန့်ချိရေးအဖွဲ့မှလည်း တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း ကောလာဟလပေါင်းစုံကို တစ်နေ့ တစ်မျိုး ရအောင် ထုတ်လွှင့်ပေးခဲ့သည်။

နယ်စွန်နယ်ဖျားမှ သူပုန် သောင်းကျန်း သူတို့ ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်လာကြပြီး ကင်းစောင့်ရာမှ ပြဿနာဖြစ်ပြီး ရပ်ကွက် အချင်းချင်း အပြင်းအထန် သတ်ဖြတ်ကြသည်။

အစိုးရယန္တရား တစ်ခုလုံးလည်း ပျက်ယွင်းပေပြီ။

ဓာတ်ဆီ လုံးဝမချက်တော့သဖြင့် ဓာတ်ဆီ လုံးဝမရှိ၊ ထို့ကြောင့် ကား ဈေးနှုန်း ကြီးမြင့်လာ၍ လက်လုပ်လက်စားတို့ ငတ်ကြလေပြီ။

ငတ်သဖြင့် လုကြ၏။

ပြည်သူတို့ကို နှိပ်စက်ခိုးဆိုး အကြံအဖန်လုပ်ခဲ့ကြသော ဝန်ထမ်း အသီးသီးတို့သည် ယခုအခါ အပြစ်ကင်းစင်သော သူရဲကောင်းများ ဖြစ်လာကြ၏။

အစိုးရကို ကလော်ဆဲကြ၏။

တစ်လလုံး လှည့်လည်သပိတ် မှောက်ပြီး လကုန်ရက် လခထုတ်စရာရှိတော့ အပြည့်အဝ သွားရောက်ထုတ်ယူကြ၏။

ဒီလ အလုပ် မလုပ်ပါလား၊ ဒါကြောင့် လခမယူတော့ဘူးဟု ငြင်းသူမရှိ။

လခထုတ်ပြီး နောက်တစ်နေ့ သပိတ်ဆက်မှောက်၏။

အချုပ် ဆိုရသော် တိုင်းပြည်ကြီး ရစရာမရှိအောင် ပျက်ယွင်းသွားလေပြီ။

နဂို ကတည်းက အပျော်ကြူးရမည်ဆိုလျှင် ဗိုလ်မထားသော ကျွန်တော်တို့ မြန်မာ ပြည်သူပြည်သားများသည် ဒီမိုကရေစီကို လွဲမှားစွာ အသုံးချကုန်ကြလေပြီ။

ဤအတိုင်းဆိုလျှင် မကြာမီပင် မြန်မာနိုင်ငံကြီး မီးဟုန်းဟုန်းတောက်လောင်ပေတော့မည်။

သွေးချောင်းစီးပွဲများ ဖြစ်ရမည်မှာ မလွဲပါ။

ယခုလို အရေးကြီးသည့်အချိန်တွင် အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တိုင်းပြည်ကို ကယ်တင်ရန် အရေးကြီးလှပေ သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးသည် ယခုအခါ ချောက်နှုတ်ခမ်းပေါ်တွင် တဲတဲလေးသာ ကျန်တော့သည်။

ယခင်က လုပ်ခဲ့ကိုင်ခဲ့ကြသူ ခေါင်းဆောင်များအနေဖြင့်လည်း တိုင်းပြည်ကို ကယ်တင်ဖို့ထက် မိမိတို့ အာဏာရရှိရေး အတွက် အပြင်းအထန် စည်းရုံး၍ တိုင်းပြည်ကို ချောက်ထဲသို့ အတင်းတွန်း ချနေကြသည်။

တကယ်အရေး အကြောင်း၊ တိုင်းပြည်အတွက် လိုအပ်စဉ်ကာလက ၎င်းတို့ ဘယ်မှာ ပုန်းခိုနေ ကြသည်မသိ၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး တစ်ဦးတည်းသာ အမိုက်ခံ၊ အနစ်နာခံ၍ တိုင်းပြည်၏ ပကတိအခြေ အနေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်တင်ပြခဲ့ပေသည်။

သူ့စာများတွင် အမှားအယွင်း အနည်းငယ်ပါရှိသော်လည်း မူရင်း စေတနာနှင့်ယှဉ်လျှင် မပြောပလောက်ပါ။

ယခု လောလောဆယ်လည်း သူ့အနေဖြင့် ဘာမှလက်လွတ်စပယ် ဟောပြောခြင်း၊ ပုဂ္ဂလိက တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ဘဲ ဒီမို ကရေစီကျကျ ပြောဆိုလုပ်ကိုင်နေသည်ကို တွေ့ရပေသည်။

အချို့နိုင်ငံရေးခေါင်းဆောင်ဟောင်းများစွာ အစိုးရက ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှင့်စဉ်ကပင် ကျေကျေနပ်နပ် လက်ခံ ယူခဲ့ကြပြီး ပေးအပ်သော ငွေကြေးနှင့် အခြား ခံစားခွင့်ရှိသည်တို့ကိုလည်း အပြည့်အဝ ခံစားခဲ့ကြပေပြီ။

လေး-ငါး သောင်းခန့် တန်ဖိုးဖြင့် အစိုးရပေးသော ကားများကိုယူ၍ စီးပွားရှာကြသည်။

အချို့မှာ နှစ်သိန်းပတ်ဝန်းကျင်ဖြင့် ပြန်၍ ရောင်းချကြသည်။

အစိုးရကို မကျေနပ်လျှင် အစကတည်းက ငြင်းပယ်ခဲ့ကြပါလား။

မိမိကိုယ်တိုင်က အစိုးရပေးသော အခွင့်အရေးများကို အသိအမှတ်ပြုခံစားပြီး ယခုအခါကျမှ အစိုးရ ကို ဘာကြောင့် ပုဂ္ဂလိက တိုက်ခိုက်နေ ကြသလဲဟု ပြန်လည်စဉ်းစားကြစေလိုသည်။

ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ဆိုလျှင် ၎င်းဖော်ထုတ်ဟောပြောခဲ့သော သွေးထက်သံယိုမှုပေါင်းစုံတို့၏ သုံးပုံ နှစ်ပုံခန့်တွင် မိမိသည် အစိုးရ၏ ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်အရှိ ဆုံး ပါဝင်ခဲ့သည်ကို မေ့လျော့နေသလားဟု မေးကြည့်ချင်ပါသည်။

ယနေ့ ဒီမိုကရေစီ အမြန်ပေးပါဟု အော်ဟစ် ကြွေးကြော်နေသော တပ်မှူးဟောင်းများ မိမိတို့ ဘာကြောင့် တပ်မှ အထုတ်ပယ်ခံရ သည်ကို ပြန်လည် စဉ်းစားကြစေလိုသည်။

မိမိတို့ ကျူးလွန်ခဲ့သည့် မဲဆွယ်မှု၊ မဲခိုးမှုတို့အတိုင်း ယခု ပြန်လုပ်ကြမည်စိုး၍ ဆန္ဒခံယူပွဲ မလုပ်သင့်ပါဟု အော်နေကြသလားဟုပင် ထင်မိပါသည်။

တစ်ချိန်လုံး ဘယ်နေရာတွင် အိပ်နေမှန်းမသိသော ရှေ့နေများ ကောင်စီကလည်း ဒေါက်တာမောင်မောင်၏ မိန့်ခွန်းကို အကိုး အကားများ ထုတ်၍ ကန့်ကွက်ခဲ့ကြ၏။

အခြေခံ ဥပဒေကို အစိုးရက အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း၊ ပုဒ်ထီး ပုဒ်မများဖြင့် အတိတ်ကို ပြန်လည်ဖော်ထုတ်ခဲ့ကြ၏။

၎င်းရှေ့နေများကို ကျွန်တော်တစ်ခု မေးလိုပါသည်။

အစိုးရအနေဖြင့် ၎င်း အခြေခံဥပဒေများကို ချိုးဖောက်ခဲ့စဉ်က ရှေ့နေများကောင်စီက ဘာကြောင့် တရားဝင် ကန့်ကွက်လွှာ မတင်သွင်း ခဲ့ကြပါသနည်း။

ဒါတော့ ပြောလို့ရမှာ မဟုတ်ဘဲဟု ဆင်ဝှေ့ရန်ရှောင် မပြုလုပ်ကြစေလိုပါ။

အစိုးရအနေဖြင့် အရေးယူသည်၊ မယူသည်မှာ မိမိတာဝန်မဟုတ်၊ ဥပဒေကို နားအလည်ဆုံးဖြစ်သည့် ရှေ့နေများ ကောင်စီအနေဖြင့် အစိုးရက ဥပဒေချိုး ဖောက်နေကြောင်း သိလျှင် ရဲရဲဝံ့ဝံ့ ကန့်ကွက်လွှာတင်သွင်းရန် တာဝန်ရှိပေသည်။

ဥပဒေကိုချိုးဖောက်နေကြောင်း သိလျက်နှင့် ငြိမ်နေခြင်းသည် ဥပဒေ ကျူးလွန်ရာရောက်သည်ဟု ကျွန်တော် နားလည်ပါသည်။

ယခုလို ဘေးရန်ကင်းရှင်းမှ လက်ခမောင်းခတ်သူများကို ပြည်သူတို့ ဘယ်လိုမြင်ကြမည်ကို စဉ်းစားကြည့်စေလိုပါသည်။

နောက်တစ်ခုအနေနှင့် ပြောရလျှင် “ယနေ့ ပါတီစုံစနစ်ကို တောင်းဆိုနေကြသူများ စင်ပေါ်တွင် အော်ဟစ်ပြောဟော နေကြသူများက “ရွေးကောက်ပွဲလုပ်စရာ မလိုပါ။ ပါတီစုံစနစ်ကိုသာ တန်းပြီး ပေးလိုက်ပါတော့”ဟု ဘာကြောင့် တောင်းဆိုနေကြပါသလဲ။ တစ်ဖက်က လည်း ဒီမိုကရေစီဟု တောင်းဆိုသည်။

တစ်ဖက်မှလည်း ရွေးကောက်ပွဲလုပ် မနေနှင့်တော့။

ပါတီစုံကို တစ်ခါတည်းသာ ပေးလိုက်တော့”ဟု ဆိုပြန်ရာ မီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက် ဖြစ်မနေဘူးလားဟု မေးလိုပါသည်။

ပြည်သူများ ဆန္ဒကို မသိချင်ကြတော့ဘူးလား။ တစ်ပါတီစနစ်ကိုသာ လိုလားသူ ပြည်သူ သန်းပေါင်းများစွာ ရှိနေကြပါသည်။

ယင်းကိုထည့်၍မစဉ်းစားဘဲ အဓမ္မ တောင်းဆိုနေကြခြင်းမှာ ဒီမိုကရေစီ ဟုတ်ပါရဲ့လား။

ပါတီစုံကို တစ်ခါတည်း ပြောင်းလိုက်လျှင် တစ်ပါတီလိုလားသူ ပြည်သူလူထုကို ဘယ်လောက် နစ်နာ သွားမည်ကို ဒီမိုကရေစီကျကျ စဉ်းစားမိ ကြရဲ့လား။

ပြည်သူအားလုံး၏ ဆန္ဒပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်း မလုပ်ရဲကြတော့ဘူးလား။

ပြည်သူအားလုံး၏ဆန္ဒ မပါဝင်ဘဲ ပါတီစုံစနစ်ကို အတင်းအဓမ္မ တောင်းဆိုနေကြခြင်းမှာ ဒီမိုကရေစီ ဟုတ်ပါရဲ့လား။

ပါတီစုံကို တစ်ခါတည်း ပြောင်း လိုက်လျှင် တစ်ပါတီကိုလိုလားသူ ပြည်သူလူထုကို ဘယ်လောက် နစ်နာသွားမည်ကို ဒီမိုကရေစီ ကျကျ စဉ်းစားမိရဲ့လား။

ပြည်သူအားလုံး၏ဆန္ဒ ပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်းနှင့် မလုပ်ရဲကြဘူးထား၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိကြဘူး လားဟု အထပ်ထပ်အခါခါ မေးမြန်းလိုပါသည်။

လုပ်သားပြည်သူအပေါင်းတို့ခင်ဗျား နိဂုံးချုပ်ဆိုပါမည်။

ကျွန်တော်တို့ တိုင်းပြည်ပျက်စီးပုံအရေးကို မြင်ကြပါ။

ကျွန်စော်နံလာပြီကို သတိပြုကြပါ။

အစိုးရသည် အစိုးရသာဖြစ်ပါသည်။

တိုင်းပြည်မဟုတ်ပါ။

အစိုးရကို မုန်းတီးရုံ၊ ဦးနေဝင်း၊ ဦးစန်းယုကို မုန်းတီးရုံနှင့် တိုင်းပြည်ကို မဖျက်ကြပါနှင့်။

ကျွန်တော်တို့သည် တိုင်းပြည်မျက်နှာကိုသာ ကြည့်ရမည်ဖြစ်ပါသည်။

ဦးနေဝင်း မျက်နှာကို ကြည့်စရာမလိုပါ။

ထို့အတူ ဒေါက်တာမောင်မောင်၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် စသည်ဖြင့် ဘယ်သူ့မျက်နှာကိုမျှ ကြည့်စရာမလိုပါ။

သန်းပေါင်းများစွာသော ပြည်သူတို့၏ အကျိုး၊ တိုင်းပြည်၏အကျိုးကိုသာ ရှေးရှု၍ တိုင်းပြည်ချစ်စိတ်မွေးကြပါ။

တရားမျှတသော၊ ဒီမိုကရေစီကျသော ဥပဒေဘောင်အတွင်းမှ ဆန္ဒခံယူပွဲများတွင် ကြိုက်သလိုပါဝင်ကြပါ။

မိမိတို့အလုပ်ကို ပြန်လုပ်ကြရင်း တိုင်းပြည် ချစ်ကြောင်း၊ အစိုးရ မကောင်းသော်လည်း မိမိတို့ကောင်းကြောင်းပြကြပါ။

အစိုးရများ အနေဖြင့်လည်း နုတ်ထွက်ပေးမည်ဖြစ်ကြောင်းကို အထပ်ထပ် ဖြေပြီးဖြစ်ပါသည်။

မိမိတို့လက်ထဲတွင် ဒီမိုကရေစီရောက်နေကြောင်း စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။

မှန်မှန်ကန်ကန် ဆုံးဖြတ်ကြပါ။

ကြားကြားသမျှ ကောလာဟလများကိုလည်း ဉာဏ်ရှိသူများပီပီ ချင့်ချိန်၍ ယုံကြပါ။

ထပ်၍ဆိုပါမည်။

ကျွန်တော်သည် တိုင်းပြည်ကို ချစ်မြတ်နိုးသော ဆရာဝန် တစ်ဦးသာဖြစ်၍ ဘယ်ဘက်သို့မှ မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြကြောင်း ပြည်သူကို သိစေချင်ပါသည်။

ကျွန်တော် ဆွေမျိုးရင်းချာတစ်ဦးလည်း အရေးအခင်းထဲတွင် သေနတ်မှန်၍ သေဆုံးခဲ့ရပါသည်။

သို့သော်လည်း မိမိ၏ ဆွေမျိုးတစ်ဦး၏အရေးထက် တိုင်းပြည်၏အရေးကိုသာ ကျွန်တော် ကြည့်ပါသည်။

 

မှတ်ချက်။             ။ မြန်မာတိုင်းဂျာနယ်မှ ကူးယူခဲ့ပါသည်။

လင့်။        ။ http://myanmar.mmtimes.com/2011/article/548/arti01.html

17 comments

  • naung

    December 16, 2011 at 9:43 am

    ကျွန်တော် သတင်းစာမှ ကြောငြာပြီး ရှာကတည်းက စိတ်ဝင်စားနေသော ဆောင်းပါးဖြစ်ပါသည်။
    ဒါကြောင့် မန်းဂေဇက်မှာ လည်း ရှိစေချင်သော စေတနာဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
    တစ်ခြားသူ တစ်ယောက်တင်ပြီး သားရှိနေလျင်လည်း သူကြီး အနေဖြင့် ပိုစ့်ကို ဖျက်ပေးပါလို့ တောင်းဆိုပါသည်။

    မှားတာရှိရင် တောင်းပန်ပါတယ်။(အောင်လ အသံဖြင့် ဖတ်ရန်)

  • ကြောင်ကြီး

    December 16, 2011 at 9:52 am

    ရာထူးဝန်
    ချာတူးပင်
    ငါမူးရင်
    နှာဘူးလင်၊
    ရွာဦးတွင်
    ပါဖူးချင်
    ဝါမကူးခင်
    အာဝူးရွှင်…။

  • kotun winlatt

    December 16, 2011 at 9:58 am

    ဟုတ်…မျှဝေပေးတာကျေးးဇူးးးပါဗျာ….။

  • တညင်သား

    December 16, 2011 at 10:22 am

    အသက် ၃၅ နှစ် အရွယ် အရေးအခင်းမမှီ/ မသိလိုက်ရသူမှား ဖတ်စေချင်တယ် အဲဒီလို ဖြစ်ခဲ့ လို့ အနှစ် ၂ဝ ကျော် ကြာသွားတာ…ကြားထဲ အမေပြုစုဖို့ လာတဲ့ အဖွားကြီးလဲ အိမ်မပြန်နိုင်တော့ဘူး….ဘဘကြီးကတော့ လူမိုက်ကြီးဖြစ်လို့…..

  • koyinmaung

    December 16, 2011 at 11:00 am

    ၈၈အရေးအခင်းမဖြစ်ခင်ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးရဲ့
    ဦးနေဝင်းထံပေးတဲ့အိပ်ဖွင့်ပေးစာတွေပလူပြန်အောင်ထွက်လာပါတယ်
    အံဩဘို့ကောင်းတာကဦးအောင်ကြီးကိုအာဏာပိုင်အဖွဲ့တွေကဖမ်းဆီးမှုမရှိခြင်းပါဘဲ

  • nigimi77

    December 16, 2011 at 11:29 am

    ” နဂို ကတည်းက အပျော်ကြူးရမည်ဆိုလျှင် ဗိုလ်မထားသော

    ကျွန်တော်တို့ မြန်မာ ပြည်သူပြည်သားများသည် ဒီမိုကရေစီကို လွဲမှားစွာ

    အသုံးချကုန်ကြလေပြီ။ “…………………

    တကယ်ကို မှန်ကန်တဲ့ အချက်ဖြစ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ ့မှာ

    မိန် ့ခွန်းပြောတာကို ရိုက်ထားတဲ့ အခွေကို ကြည့်ရပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ ့

    ဘာအကြောင်းအရာ တခုကိုမှ ပီပြင်စွာ မပြောနိုင်ခဲ့ပါဘူး ။ နားထောင်နေတဲ့ ပြည်သူတွေဆီက

    ” အမေစု …..အမေစု……ဝေးးး……..ဟေးးးးးး…….ရွှီ …..ရွှီ…ဖြောင်းဖြောင်းးးး ”

    ဆိုတဲ့ အသံတွေကြီးပဲ လွမ်းမိုးနေပါတယ် ။ အနှစ်သာရ နဲ ့ ရည်ရွယ်ချက်ကို စိတ်ဝင်စားတဲ့ လူ

    မရှိသလောက်ပါပဲ ။ ပျော်တယ် ပျော်တယ် ဒို ့ပျော်တယ် ဆိုတဲ့ ပြည်သူတွေပါပဲ ။

    ဒေါ်အောင်ဆန်းစုကြည် မိန် ့ခွန်းပြောတာ ပြီးတော့ နောက်တစ်ခန်းက နိုင်ငံခြားရောက် မြန်မာမ

    တယောက်က စင်ပေါ်တက်ပြီး ပြောကြားနေတာကိုကြည့်ရပါတယ် ။

    လာရောက်ကြတဲ့ အနောက်နိုင်ငံသား အားလုံးဟာ ပြောကြားတာ ပြီးတဲ့ အထိ ငြိမ်သက်စွာ

    စိတ်ဝင်တစား နားထောင်ကြပြီး အားလုံးပြီးတဲ့အခါ လက်ခုပ်တီးကြတယ် ။

    နှစ်ခုကို ယှဉ်ကြည့်လိုက်ပြီး နောက်မှာ စိတ်ထဲ တော်တော် ခံစားရတယ် ။

    ငါတို ့နိုင်ငံဟာ ဝေးလားဝါးလား……ဝေလေလေ…ပျော်တယ် ပျော်တယ်

    ဒို ့ပျော်တယ်…..ဆိုတဲ့ လူ ့ယဉ်ကျေးမှုကို နားမလည် မသိတတ်တဲ့ အရိုင်းအစိုင်းတွေ

    အလွန်ပေါများပါလား ဆိုတာကို သတိထားမိတယ် ။

    တကယ်တမ်း ပြောရရင် ပထမခေတ်ရဲ ့ မိဘများ အလွန်ကို ဆောက်သုံးမကျပါ ။

    ဒုတိယခေတ်မှာ ဝေလေလေ ကလေကချေတွေ လူဖြစ်နေပါပြီ ။

    ငါ့ ခေတ်မှာ ဒီလိုမဖြစ်အောင် ငါမှ အစပြုပြီး မွေးဖွားလာသော

    နောက် မျိုးဆက်ကို ပြည်သူ ့နီတိ သိအောင် သွန်သင် ဆုံးမရမည် ။

    • naywoonni

      December 16, 2011 at 11:41 am

      တို့လူလေးများ ဆိုသလေ…………… ဝေလေလေ ဆိုတာလေ….။ အဲဒိတုန်းက ထမင်းထုတ်ဝေလို့ လိုက်ခဲ့တဲ့သူတွေလည်းရှိတာပဲ…။ သိုလှောင်ထားတဲ့ သိုလှောင်ရုံတွေ ဂိုဒေါင်တွေ စတိုဆိုင်တွေ ဖေါက်ချင်လို့ လမ်းမပေါ်ထွက်တဲ့သူတွေလည်း ရိုက်သတ်လို့ မကုန်ဘူး…။ တစ်ကယ့်ကို မီးဟုတ်းဟုတ်တောက်ခဲ့တာပါ….။ ခေါင်းဖြတ်သတ်တဲ့ မြန်မာပြည်ဆိုပြီး ကမ္ဘာကျော်သွားသေးတာ…။ ခုထိ နိုင်ငံအတော်များများက လာမလည်ရဲ့တာ အဲဒါတွေပါတာပေါ………..။

      • htoosan

        December 16, 2011 at 11:24 pm

        “ခေါင်းဖြတ်သတ်တဲ့ မြန်မာပြည်ဆိုပြီး ကမ္ဘာကျော်သွားသေးတာ…။ ခုထိ နိုင်ငံအတော်များများက လာမလည်ရဲ့တာ အဲဒါတွေပါတာပေါ………..။”

        ဆြာနေဝန်းရေ..မြန်မာပြည် မလာကြတာက လာလည်ရင် သူတို့ပိုက်ပိုက်တွေ စစ်အစိုးရ နှင့် ၎င်းတို့ရဲ့ အပေါင်းအဖေါ်များကို ကူညီအားပေးသလို ဖြစ်သွားမှာ စိုးလို့ဆိုတာရယ်။
        Burma Campaign UK တို့ က အဆက်မပြတ် လှုံ့ဆော်မူ့ရယ် ၊ ဒေါ်အောင်ဆန်းစုကြည်တိုု့က မလာစေချင်သေးပါ ဆိုခဲ့တာရယ်ကြောင့်ပါ။
        လာဘူးသွားသူ အားလုံးက မြန်မာပြည်ဟာ အမေရိက၊ ဗြိတိန် နိုင်ငံ က လမ်းများထက် safe ပိုဖြစ်တယ် ၊ အလုအယက်ခံရနိုင်ခြေ ပိုနည်းတယ်၊ ပို စိတ်ချယုံကြည်ရတယ်ဆိုပြီး ပြောကြပါတယ်။
        ဟိုတစ်ယောက် စိတ်ဖောက်ပြီး ဂျပန်မ ကို သတ်လိုက်တာတောင် ပိုစိတ်ချရကြောင်း ပြောကြတုန်းပါ။ အခု ဟီလာရီလည်းလာသွားရော ဥရောပမှာ ဒီလောက်စီးပါွးရေး ကျနေတာတောင်မှ မြန်မာပြည် လာရန်ပြင်နေသူများလာကြောင်းပါ။

  • Khin Latt

    December 17, 2011 at 12:03 am

    Dear Naung,

    I do apology for making duplicate post.
    I didn’t realize that post has already been here even though I have read some posts.
    I was so excited as soon as I read it on the other site and wanted to share here as I made the connection in some posts by that kind of topic recently.
    That’s totally my fault.
    I admit it I was so lack of knowledge how to make copy & paste in that site.
    I am so sorry about it.
    Actually I should not do that since that post must be popular soon.
    If I know that it is already posted by you, I will definitely make comment on your post.
    I am not that kind of person who wants to make the name in here.
    I just wanted to share my thoughts sincerely with the poeple who are same idea with me when I feel so sad for my own people in Burma in current situation. That’s all.
    I am so sorry again.
    I would like to delete the post I made but there is no option to delete.
    Please do delete for me Kai.
    Or
    Please someone share me how to delete the Post.
    Thanks.
    Thanks that Post as well …. Naung.

  • Khin Latt

    December 17, 2011 at 12:05 am

    အဲဒီတုန်း က သမ္မတကြီး ဦးမောင်မောင် ရဲ့ “နဲနဲလေး တောင် မစောင့်နိုင်ကြတော့ဘူးလား” ဆို တဲ့စကားကို သတိရဆဲ။
    Back to the Future ရုပ်ရှင်လို အနာဂါတ် ကနေပြန်ကြည့်လို့ ရရင် တော့ ဘာဖြစ်ခဲ့မယ် ဆိုတာသိမှာပေါ့။
    အဲဒီတုန်းက ကျွန်မ လဲ ဆန္ဒပြ ကျောင်းသူ ပေမဲ့ စောင့်ကြည့်ချင် တဲ့ သူတွေထဲမှာပါခဲ့ ပါတယ်။

    ဒါပေမဲ့ အခုတော့ အတိတ်ကို ပြန်သွား နေလို့ အပို ပါဘဲ။
    ဖြစ်ပြီးတာကို သင်ခန်းစာယူသင့်ရင် ယူပြီး အနာဂါတ် ကောင်းဖို့ ကိုဘဲ ကြိုးစား ကြရပါမယ်။
    တိုင်းပြည်အဆင့် ဖြစ်နေတဲ့ ပြဿနာမှာ ဘာကိုမှ ချက်ချင်းဗြုန်းကနဲ ပြင်မရတာကို တော့ သတိချပ်ကြရပါမယ်။

  • kai

    December 17, 2011 at 4:25 am

    တော်လှန်ရေးကို… တော်လှန်ရေးလို့ မမြင်ပဲ.. ငြိမ်းချမ်းရေးသမားက တတိယနေရာက ကြည့်ရေးတဲ့စာလို့ မြင်မိပါတယ်..။
    တကယ်တော့..ပြောင်းလဲစေတဲ့.. တော်လှန်ရေးဆိုတာမျိုးဟာ… အေးအေးသက်သာ သွားနိုင်ကြတာမဟုတ်ပါ…။
    အစိုးရလုပ်သူက.. သူ့ရဲ့အာဏာလက်တံတွေ အစွမ်းကုန်သုံးပြီး.. အာဏာကိုကာကွယ်လေ့ရှိကြပါတယ်..။
    တော်လှန်သူများကလည်း.. တန်ပြန်ကြမ်းတမ်းတာတွေနဲ့..တုံ့ပြန်တတ်ပါတယ်..။
    ဒါတွေနဲ့အတူူတူ… တောမီးလောင်လို့.. ထတဲ့..တောကြောင်တွေလည်း မနည်းပါဘူး…။
    ဆိုတော့…
    ဒီခရီးဒီလိုဖြစ်တာ.. အဆန်းတော့ မထင်မိပါ..။ ကမ္ဘာ့နိုင်ငံတွေနဲ့တန်းတူ..လူသားဆန်စွာ ရုံးကန်ထကြွမှုပါပဲ..။

    နောက်တခုက…
    မြန်မာပြည်လို..
    သက်ဦးဆံပိုင်ပဒေသရာဇ် –> နေမဝင်အင်ပါယာရဲ့ကိုလိုနီ –> စစ်အာဏာရှင်ရဲ့တိုင်းပြည်ဟာ.. ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှုနဲ့.. ရောသမမွှေခံရတဲ့အခါ.. ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ခေါင်းဆောင်(မင်းလောင်း)မျှော်အားကိုးစိတ်ဓါတ်နဲ့.. လှုပ်ရှားရုံးကန်တတ်လေ့ရှိပါတယ်..။

    ဆိုတော့..တိုတိုပြောရရင်…
    ၈၈ အရေးတော်ပုံဟာ ဦးနေဝင်းခွင့်ပြု(အလျှော့ပေးလိုက်လျှော)ချက်ကြောင့်သာ.. ပေါက်ဖွား ဖြစ်လာတယ်လို့ ပြောလို့ရပါတယ်..။
    ကျုပ်အတွေးမမှားရင်..
    ဦးအောင်ကြီးက ဦးနေဝင်းဖြစ်ချင်တာကို.. လူထုဆီကိုစာတွေထုတ်..တင်ပြခဲ့ရင်း လှုံ့ဆော်”ဖွင့်ပေး”ခဲ့တာဖြစ်ပြီး.. ဦးနေဝင်းက.. ပါတီစုံသွားချင်သလားမေးခွန်းနဲ့.. ဥပဒေကြောင်းအရ.. ညီလာခံခေါ်..” ပိတ်ပေး(ခွင့်ပေး)”လိုက်တာပါ…။

    အခု မြန်မာပြည်က နိုင်ငံတော်သစ်လမ်း စလျှောက်ဖို့ပြင်နေပါပြီ…
    ဒီလို.. မြန်မာပြည်လက်ရှိအခြေအနေရောက်အောင်.. ဘယ်သူက.. နောက်တခါးတခုကို.. ဖွင့်ပေး(ခွင့်ပေး)ခဲ့တယ်ထင်နေကြပါသလဲ..။ 😆 ????????

    ထားပါတော့..
    ၈၈ အရေးတော်ပုံမှာ.. တကယ်ကို သမိုင်းမော်ကွန်းဝင်သင့်တဲ့.. စာတစောင်ရှိခဲ့တယ်..။
    ရန်ကုန်နေသူတွေ တော်တော်များများ သတိထားမိမှာပါ..။ အဲဒီကာလ(စက်တင်ဘာ၁၈အာဏာမသိမ်းခင်)က..လမ်းထောင့် နေရာတကာမှာ.. လိုက်ကပ်ထားတာကိုး…။
    ဦးနေဝင်းရဲ့ “အာဏာသိမ်း–> ရွေးကောက်ပွဲ–> အာဏာသိမ်း–> ရွေးကောက်ပွဲ” အဆင့်ဆင့် မဟာဗျူဟာ အစည်းအဝေးအကြောင်းဖွင့်ချ.. ရေးထားတဲ့စာပါ..။
    အဲဒါကို.. လက်ရှိနိုင်ငံတော်အစိုးရ၏ အဖွဲ့အစည်း တစ်ခုဖြစ်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့က မှတ်တမ်းအဖြစ် သိမ်းဆည်းထားသင့်ကြောင်း ..တိုက်တွန်းလိုက်ရပါကြောင်း..။

    • ကြောင်ကြီး

      December 17, 2011 at 12:02 pm

      မှန်ဒယ် သဂျီး။ အဲဒီစာကို အကျွန်ုပ်လည်း ဖတ်ဖူးလိုက်တယ်။ စစ်တပ်အပြောင်း အရွှေ့တွေလုပ်နေပြီ၊ အာဏာသိမ်းတော့မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ ပလူပျံနေချိန်မှာ ထွက်လာခဲ့တာ။ အေပေးတွေ ဒါမျိုးကြတော့ လိုက်ရှာရကောင်းမှန်း မသိဘူး။ လက်ရှိ ယာဒူးဝံက သွားလေသူ သံမဒဂျီးဒေါက်တာမောင်မောင့် သားစစ်ဗိုလ်လို့ သိရဒယ်။ ဘာတွေကြံနေပြန်လဲ မသိဘူး..။ ဟေ့…. သတ္တိရှိရင် တယောက်ချင်း ချမလားကွ … သဂျီးနဲ့….။ 😆

  • Khin Latt

    December 17, 2011 at 7:12 am

    လွန်ခဲ့တဲ့ လ တွေအတွင်း ဦးသိန်းစိန် ဆီက စကား စ ကြားလိုက်တဲ့ အချိန်မှာ ၈၈တုန်းက ဒေါက်တာမောင်မောင် ရဲ့ စကား တွေကို သတိရခဲ့ပါတယ်။
    ပြည်တွင်း မှာတော့ မသိ၊ ပြည်ပကကြားနေရတဲ့ Internet စာမျက်နှာ တွေပေါ်က အသံ တွေက “၈၈တုန်းက စိတ်ရှည်ရှည် မထားမိခဲ့ကြတာတွေ” ကို ပြန်သတိရ စေပါတယ်။
    အဲလို ပြန်ဖြစ်သွားမှာ အရမ်းစိုး ရိမ် ပါတယ်။
    တကယ်တော့ လက်ရှိအခြေအနေ မှာ မြန်မာပြည် မှာ ဘာဖြစ်ဖြစ် ကျွန်မ နဲ့ မဆိုင်သလို နေနိုင်ပေမဲ့ ကိုယ့်ပြည်သူ/သား တွေ နစ်သထက်နစ် သွားမှာ ကို ဘယ်နည်း နဲ့မှ မလိုလား ပါဘူး။ ဒါကြောင့် အဲဒီကစပြီး ကျွန်မ လဲ မနေနိုင် တော့ဘဲ ရှိခဲ့ပါတယ်။ ဒါကြောင့် ဖြစ်နိုင် သ၍ လေ နဲ့ တစ်တပ်တစ်အား စစ်ဝင်တိုက်နေတာပါ။

    Kai ရေ တကယ်တော့ ကျွန်မတို့ ပြည်သူတွေဟာ မင်းလောင်း မျှော်တာမဟုတ်ပါဘူး။ မင်းလောင်းမျှော်သူ တွေကမှ မြေပေါ်မှာ ရှိဦးမယ်။ မင်းလောင်းမရလဲ ပလ္လင် ကို အလွတ် ဟောင်း လောင်း ထားလို့ရမယ်။
    ကျွန်မတို့ မြန်မာပြည်က ရေနစ် နေသူတွေလိုပါ။ ရေနစ်သူ တွေ ဟာ အသက်ရှူခွင့် အသက်ဆက်ဖို့ ကောက်ရိုးမျှင် ကိုတောင် အားကိုးတစ်ကြီး ဆွဲ ရပါမယ်။ ၈၈ တုန်း ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ကောက်ရိုးမျှင် လောက်ဖြစ်ပေမဲ့ အခုမှာတော့ ပိုအင်အားကြီး နေခွင့်ရပါပြီ။ ဒီတစ်ခါတော့ ရေနစ်သူ တွေ ကို ကယ်နိုင် စေချင်ပါတယ်။ မဟုတ်ရင် စုန်းစုန်းမြှုပ်ဖို့ ဘဲရှိပါမယ်။
    ဥပမာ – ၈၈တုန်း က တိုင်းပြည်မွဲပြာ ကျ တယ် ဆိုပေမဲ့ ကျွန်မတို့ ပညာရေး မှာ ဒီလောက် မညံ့သေးပါဘူး။ တက္ကသိုလ် တွေမှာလည်း နိုင်ငံခြားပြန် ဆရာ/ဆရာမကြီး တွေ အတော်များများရဲ့ သင်ကြားမှုအောက် မှာ၊ အနိမ့်ဆုံး နယ်ဖက် တွေ မှာတောင် စာမတတ်သူ ပပျောက်ရေး အသုံးလုံး သင်တန်း တွေကြားဘူးသေးတာဘဲ။
    ဝန်ထမ်းတွေ လဲ ဒီလို မျိုး လာဘ်စား၊ ချစား ဆိုတာ တော်ရုံကင်းပါတယ်။ အုပ်ချုပ်ရေး စံနစ် မဟန် ပေမဲ့ အခုလို လူတန်းစား ကွာဟ မှုတွေ မများသေးပါဘူး။ ကောင်းတယ်လို့တော့ မပြောလိုပါဘူး။
    အခုမှာတော့ လူတန်းစား ကွာဟ မှုတွေ များလာတာဟာ လူငယ်တွေ အတွက် အရမ်း စိုးရိမ်ရပါတယ်။ ခက်တာက အချောင်ရပြီး ချမ်းသာလာတာ ကို မြင်နေကြတာပါဘဲ။
    ဒီအတိုင်း ဆက်သွားဦးမယ်။ ဆိုရင်တော့ အားလုံး ရေတိမ်နစ်ကြရတော့ မှာပါဘဲ။
    ဒီတော့ ကျွန်မတို့ အတွက် စံနစ် တစ်စုံတစ်ရာကို ပြောင်းကိုပြောင်းရပါမယ်။

    Kai ပြောသလို “စစ်အာဏာရှင်ရဲ့တိုင်းပြည်ဟာ.. ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှုနဲ့.. ရောသမမွှေခံရတဲ့အခါ.. ” အရမ်းမှန်ပါတယ်။ ကျွန်မတို့ အားလုံး (အများစု) တိုက်ကြ၊ ခိုက်ကြ နဲ့ သွေးချောင်းစီး ရတာ မလိုချင်ကြပါဘူး။
    မြန်မာပြည် က တော်လှန်ရေး ဆိုတာ အကြမ်းနည်းဆိုရင် အဲဒီအကြမ်းအတွက် ရှေ့က နေပေးရမှာက နယ်ရုပ်တွေပါ။ သူတို့ အသက်တွေ ကို ရင်းခိုင်းကြ ရ မှာပါ။
    ဟိုးအရင် “ဒို့အရေး” လို့ ကျောင်းစိမ်းလုံချည်ဝတ် ကလေး တွေ ကို ရှေ့တန်းထား အော်ခိုင်းတာ ဘယ်လိုမှ တရားမမျှပါဘူး။ သူတို့ ဟာ အကျိုး နဲ့ အကြောင်း ကိုမှ နားမလည်သေးတာ။ ဒီတော့ ဘယ်သူတွေလုပ်မှာလဲ။ လက်ချိုးရေ လို့ရတဲ့ အင်အား နဲ့ အကြမ်းဖက် တော်လှန်ရေး လုပ်လို့ ရမရ ကျွန်မ မသိပါဘူး။ အိပ်နေတဲ့ ကျား ကို တုတ်နဲ့ သွားသွား ထိုးသလို ဖြစ်မှာဘဲ လို့တော့ တစ်ခါတစ်ခါ တွေးမိပါတယ်။
    ဒီတော့ ကျွန်မတို့ လဲ ကိုယ့်နည်းကိုယ့်ဟန် အနုနည်း နဲ့ မစွဲဆောင်နိုင်ဘူးလား။
    ဒါလဲ အလုပ်ဖြစ်မဖြစ် ကျွန်မ မပြောနိုင်ပေမဲ့ လောလောဆယ် ဖြစ်လာတာတွေဟာ အခုချိန်မှာတော့ သိပ်မဆိုးသေးဘူး လို့ ပြောလို့ရပါတယ်။ ကျွန်မ အရမ်း ကို Positive ဖြစ်လွန်းနေမယ် ထင်ပါတယ်။

    Kai ပြောသလို ဘဲ ဒီတစ်ခါ ဖွင့် လိုက်တဲ့ တံခါး ကိုတော့ ပြန်မပိတ်သွား နိုင်အောင် ကျွန်မတို့ ပြည်သူတွေဘက်က သတိရှိနေဖို့ လိုပါမယ်။ ရည်မှန်းချက် တစ်ခု အတွက် အားလုံး ညီမယ် ဆိုရင်တော့ ဒီတစ်ခါတော့ အသက်ဝဝ ရှူနိုင်ကြကောင်းပါရဲ့။
    တံခါးကို တကယ်ဖွင့်ပေးရင်တောင်မှ အတင်း ဝရုန်းသုံးကား တိုးမထွက် ကြဖို့လိုမယ်။ မဟုတ်ရင် အချင်းချင်း ပြန်နင်းနေမိမယ်။

    နောက်အရေး ကြီးဆုံး က ၈၈တုန်း နဲ့ လုံးဝကွဲပြားတာရှိပါတယ်။ ၈၈တုန်း က ဒီလောက် ချမ်းသာသူတွေ မြန်မာပြည်မှာ မရှိသေး ပါ။ ဒါကြောင့် ဒီအချိန်မှာ စစ်အသိုင်းအဝိုင်း နဲ့ တွဲနေတဲ့ မြန်မာပြည်မှာ အောင်မြင် နေတဲ့ လုပ်ငန်းရှင် များဟာ ဆိုရင်ဖြင့် ၈၈ လို ပြန်ဖြစ် မှာကို ကျွန်မ ထက် ပိုပြီး ကြောက်သင့်ကြ ပါကြောင်း။
    သူတို့ဟာ အလယ်ကလူလို့ ဆိုရင်ဖြင့် အခုလို အရေးမှာ စကားဝဲ နေလို့မရပါ။ (မှီငြမ်း – အလယ်ကလူ စကားဝဲ၏ – နွမ်ဂျာသိုင်း)
    ပြည်သူဖက်က ရပ်လိုက်မှ သူတို့ အတွက် လဲ အကျိုးမပျက်၊ ပြည်သူတွေ လဲချမ်းသာ Win-Win Situation ကို ရမယ်လို့ ထင်ပါကြောင်း။

    စီးပွါးရေးမှာ ပုံသေနည်း တစ်ခု ကို တွက်ချက်ပြီး အဖြေရရင်တောင်မှ တစ်ခြားပြင်ပ Factors တွေ ရဲ့ လွှမ်းမိုး မှုကြောင့် အဖြေမှန် လို့ပြောမရပါဘူး။ အဲဒီ Factors တွေကိုပါ ပေါင်းစဉ်းစားပြီးမှ အဖြေထုတ်လို့ ရပါတယ်။ ကျွန်မတို့ နိုင်ငံ က အဲဒီလို မမြင်နိုင်တဲ့ Factors တွေ နေရာတိုင်း အနှံ့ … သူများနိုင်ငံ တွေ ကထက် ပိုများသလားလို့။
    ဒီတော့ ဘာကိုမှ ပုံသေတွက်မရ သလိုပါဘဲ။
    ကျွန်မ အထင်ပါ။ 🙂

  • NAJA

    December 17, 2011 at 10:14 am

    – တံခါးကို တကယ်ဖွင့်ပေးရင်တောင်မှ အတင်း ဝရုန်းသုံးကား တိုးမထွက် ကြဖို့လိုမယ်။ မဟုတ်ရင် အချင်းချင်း ပြန်နင်းနေမိမယ်။

  • htoosan

    December 17, 2011 at 12:19 pm

    သူကြီးရေ. ဒီ ပိုစ်ကတော့ ဟော့တော့မယ်ထင်တယ် ။ ငြင်းသံ ခုန်သံ ဆဲသံတွေလည်း စတော့မယ်ထင်တယ်။

    https://www.facebook.com/notes/eleven-media-group/%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%99%E1%80%BD%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%80%E1%80%94%E1%80%B9%E1%82%94%E1%80%80%E1%80%BC%E1%80%80%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8/304243792942325

  • inz@ghi

    December 17, 2011 at 12:25 pm

    Kai ရေ .. ကျနော့် သဘော ပြောရမယ်ဆိုရင်ပေါ့နော် …Kai ပြောသလိုပဲ ပေါ့နော်. …အာ….
    ဟုတ်ပါဝူး ..ယောင်ကုန်ပါဘီ….
    တခုဘဲဗျာ ..
    ရွာထဲတော့ လာမသတ်ကြ မဆဲကြပါနဲ့ ….နော …

    အေးအေးချမ်းချမ်း ..အနုပညာ အလုပ်ကလေး လုပ်ချင်လို့ဘာ ….
    အာဟိ

    (ဆဲရတာ မောတွားလို့ …ဟီး ….)

    😀

  • ssa

    December 17, 2011 at 12:28 pm

    တို့ကတော့ ဘာမ တိဘူး.

Leave a Reply