ကောင်မလေး လက်ဆွဲတာ စိတ်မဆိုးပါ ကျွန်တော့ခါးကိုတွန်းတာစိတ်ဆိုးသည်

myanmarcitizenDecember 16, 20111min480

ထိုနေ့က ကျွန်တော်စီလာသောကားပေါ်သို့ ကောင်မလေးတစ်ယောက်တက်လာသည်။ ကျွန်တော့အဖို့ ကိုယ့်အသက်အရွယ်ကိုမှအားမနာ။ မှုန်သီသော ကိုယ့်ဇရာမျက်လုံးကိုမှ အားမနာ။ ဒီကောင်မလေး ဝတ်ပုံ စားပုံဒီဇိုင်း ကိုမကြည့်ဘဲမနေနိုင်အောင်ဖြစ်မိကာ ခြေဆုံးခေါင်းဆုံးကြည့်မိသည်။ မကြည့်ပဲနေနိုင်ရိုးလား။ ကောင်မလေးရဲ့ဒီဇိုင်းက “မျောက်အဘိုးအိုမှုးလဲ” ဒီဇိုင်းဖြစ်နေသည်။
မျောက်မှုးလဲ ဆိုသောအခေါ်အဝေါ်သာရှိသည်မှန်သော်လဲ ဒီကောင်မလေးကိုစေ့စေ့ကြည့်မိသော ကိုယ့်အရွယ် နှင့်နှိုင်းဆ၍ မျောက်အဘိုးအိုမှုလဲဟု သုံးနှုန်းမိခြင်းဖြစ်ပါ၏။ ကောင်မလေးသည် ကျောပြင်မှမွေးညင်းနုစိမ်းစိမ်း ကလေးပင်မြင်ရအောင်ကျောပြင်သား ဝင်းဝင်းကလေးဖော်လှစ်ထားသည်။ ပခုံးပေါ်တွင်မှု လိပ်ပြာရုပ် တောင်ပံ ယှတ်နေသော ကြက်ခြေခတ်ခရမ်းရောင် ကြိုးပြားဖြင့်တစ်ဖက်တစ်ချက်စီသိုင်း ထားသည်။ ပန်းသွေးရင့်ဂါဝန် ထွန့်ကားကားလေးအောက်မှ အပြာနုနု အသား ကပ်ဘောင်းဘီရှည်က ပေါင်တံနှင့်ခြေသလုံးကို လုံးကြွတင်း ရင်းနေစေသည်။ စီးထားသည့်ဦးဖျားပိုင်း ဖိနပ်ပေါ်မှာ အစီအရီတင်ထားသော ခြေသည်း ကလေးများကိုလည်း ဘာရောင်တွေခြယ်ထားမှန်းမသိ။ ဖိနပ်ကိုစိခြယ်ထားသော ကျောက်မှုန်ပွင့်ကလေးများနှင့်အပြိုင် လက်လက် ထလျက်။

လွယ်ထားသော မြစိမ်းရောင်ကျောပိုးအိတ်ပေါ်မှာ ဝက်ဝံရုပ်ကလေးတစ်ကောင်၊ ငါ့းရုပ်ကလေးတစ်ရုပ်၊ ပစ်တိုင်းတောင်ရုပ် ကလေးပင်ပါချေသေးတယ်။ ဝတ်ဝံရုပ်ကလေးက ယိမ်းနွဲ့ကစား နေစဉ် ပစ်တိုင်း ထောင် ရုပ်ကလေးကလည်း ချာလည်မွှေယမ်းနေသည်။

ထူးခြားသောကောင်မလေး ၏မျက်တောင်ကဘယ်လိုပြုပြင်ထားမှန်းမမှန်းဆနိုင်အောင် စိမ်းပြာဖန့်ဖန့် မျက်ခွံ ပေါ်၌ နက်မှောင်ကကော့ရွှန်းနေသည်။

ငွေရောင်နားကွင်းဝိုင်းကြီးများကလည်း ပါးမို့မို့ကလေးပေါ်၌ တယမ်းယမ်း။ ပျားရည်ရောင် ဆံပင်အိုပေါ်၌ မလုံ့တလုံဆောင်းထားသော မရမ်းစေ့ရောင် ဦးထုပ်ဝိုင်းလေးကိုအနေအထားပြင်ရန် လက်ကိုမြောက်လိုက် သောအခါ သူ့လက်ညှိုးဝဝကစ်ကစ်ကလေး တစ်ချောင်းထည်းမှာလက်စွပ် သုံးကွင်းက စီဆင့်နေ ပြန်လေ သည်။

ဤမျှ အခြယ်အလိမ်းအလှ အပတို့ဖြင့် ဆင်ယင်ထားသောကောင်မလေး ကားပေါ်ရောက်ခါစပဲရှိသေး။ ယာဉ်မောင်းဖြစ်သူက ရှေ့မှချိုးဝင်လာသောကားတစ်စီးကို မတိုက်မိမောင် ဘရိတ်ဆောင့်နင်းလိုက်သောအခါ ကောင်မလေးခမျာ ဟန်ချက်ပျက်သွားရှာသည်။ တောင်ပါသေးရဲ့။ စပါယ်ယာက ကောင်မလေး လက်မောင်းကို ဖမ်းဆွဲထားလိုက်ပေလို့။ ထင်ခံပေါ်ထိုင်နေသော ကျွန်တော်ပင် ရှေ့မှ ကျောမှီတန်းကို မနဲဖမ်း ဆုပ်ထိန်းကိုင် လိုက်ရသည်။ စပယ်ယာ သာကောင်မလေးလက်မောင်းကို မဆွဲလိုက်လျှင် ရှုတ်ရှုတ်ထွေးထွေး ဒီဇိုင်းရှင် ကောင်မလေး စွေ့ကနေဲ လဲပြိုသွားနိုင်သည်။ သည်တော့ မောင်မင်းကြီးသား ကိုရွှေစပယ်ယာ အားကျွန်တော် က ကျေးဇူးပင်တင်မိသေးတော့။

သို့သော် ကိုရွှေစပယ်ယာကို စိတ်ထဲမှကျိတ်ခါချီးမွမ်း၍မှမဆုံးသေး။ ကျွန်တော့အမြင်ပြောင်းလဲသွားရပါလေပြီ။

ကျွန်တော်သည် ဇရာအိုကြီးအိုမအရွယ်ဖြစ်သည်။ ကိုယ်ပိုင်ကားမစီနိုင်သော ဘက်စ်ကားခရီးသည်ဖြစ်သည်။ ကျွန်တော်ဆင်းရမည့် မှတ်တိုင်ရောက် သည်နှင့်ကားပေါ်မှဆင်းမည်အပြု။

“လက်လွှတ်ဆင်း
လက်လွှတ်ဆင်း”
စပယ်ယာအသံက ကျွန်တော့နားထဲ စူးရှစွာဝင်လာသည်။ အမှန်မှာဇရာအိုအရွယ် ကျွန်တော်သည် ဒူးတွေကသိပ်မခိုင်ချင်။ ကားလက်ရန်းကိုကိုင်ဆင်းမှအဆင်ပြေသည်။ ရိုးရိုးလမ်းလျောက်ရင်းပင် ဒူးဆစ်က မကြာခဏ ညွှတ်ခနဲ ဖြစ်သွားလေံရှိသည်။ ဒါတွေကို စပယ်ယာလူငယ်ကလေး သဘာပေါက်မည်မထင်။ ခရီးသည်မှန်သမျှကို သူ့တို့လိုသန်တုန်းမြန်တုန်း အရွယ်တွေချည်းမဟုတ်။ ပြီးတော့ သူကခပ်ငေါက်ငေါက် အော်သေးသည်။

“လေးဘီလုံးရပ်ထားတာလက်လွှတ်ဆင်းပါဆိုမှ”

ချေမခိုင်သူသက်ကြီးရွှယ်အိုမှန်သမျှ ကားပေါ်တက်လျင် ဆင်းလျှင် လက်ရမ်းကိုအားပြုခြင်းအားဖြင့် ကားသမားများကို ကူညီရာပင်ရောက်သေးသည်။ အဆင်းအတက်လဲကျတတ်သည် ကိုသူတို့နားမလည်။ ထိုနေ့က ကွန်တော်ကားပေါ်မှအဆင်း ခါးကိုပင်အတွန်ခံလိုက်ရးသေးရာ ကျွန်တော်မှာ ခွေလဲမသွားအောင် မနည်းပင် ဟန်ချက်ထိန်းလိုက်ရသည်။

ခရီးသည်ယဉ်လိုင်းအသီးသီးမှ အုပ်ချုပ်သူလူကြီးမင်းများ ခင်ဗျား၊ ကားဆရာများကို ဒီလိုပြောင်းအော် ဖို့သင်ပေးကြပါ။

“သေသေချာချာကိုင်တက်ကြပါ
သေသေချာချာကိုင်ဆင်းကြပါ”

ယာဉ်လိုင်းအုပ်ချုပ်သူများကို နောက်တစ်ခု အကြံပြုချင်ပါသေးတယ်။ ဒရိုင်ဘာ၊ စပါယ်ယာများကို ဩဝါဒပေးရုံ သက်သက်ဖြင့် မလုံလောက်သေးဟူ၍ ယူဆပါလျှင် ကြည့်မြင်တိုင် အရိုးကု ဆေးရုံ၊ ရန်ကုန်ဆေးရုံကြီး အကြောအဆစ် ရူပဗေဒဌာန၊ အရေးပေါ်ထိခိုက်ဒဏ်ရာကုဌာနမှ ဆရာဝန်များကိုပင့်ဖိတ်ပါ။ ကားဆရာများ ခနဓာဗေဒ သဘောတရားနားလည်အောင် ကျွမ်းကျင်သူ ဆရာဝန်ကြီးများ ဟောပြောပိုချချက်ကိုနား ထောင်နိုင်ပါစေ။

သို့တည်းမဟုတ် အသုတ်လိုက် အသုတ်လိုက်ခွဲပြီး ထိုဆေးရုံဆေးခန်းများသို့လေ့လာရေးမကြာခနစေလွှတ် ပေးပါ။

ခုတော့နေ့စဉ်လိုလို ခရီးသည်များကို အတင်းဆွဲတင်လိုတင်၊ အမှတ်တမဲ့တွန်ချလိုချလုပ်နေကြဆဲ။

ထိုနေ့ကအတွေအကြုံကိုရ ပြောလိုက်ပါရစေဦး။ ကောင်မလေးလက်ကိုဆွဲတာ ကျွန်တော်စိတ်မဆိုးပါ၊ ကျွန်တော့ခါးကိုတွန်းတာကိုတော့ စိတ်ဆိုးသည်။ တကယ့်ကိုစိတ်ဆိုးပါသည်။

Credit to : (သာခွေယိုင်) 7DAYS NEWS ဂျာနယ်မှ ဖတ်ရသဖြင့်  ထပ်ဆင့်ဖော်ပြခြင်းဖြစ်သည်။