လူမိုက်-လူယုတ်တို့ကို မမှီဝဲ-မဆည်းကပ်ခြင်း

ashinthusittaDecember 16, 20111min682

လူမိုက်-လူယုတ်တို့ကို မပေါင်းမသင်း-ရှောင်ကြဉ်ခြင်းသည် ၎င်းတို့ကပြုလုပ်ဖန်တီးသည့် ဘေးအန္တရာယ်တို့မှ လွတ်မြောက်ဘို့အတွက်၎င်း၊ မိမိတို့၏ ဘဝ၌ ကြီးပွားတိုးတက်မှု-စိတ်ချမ်းသာပျော်ရွှင်မှုကို ရရှိဘို့အတွက်၎င်း လူတို့အဘို့ အရေးအကြီးဆုံးဖြစ်၏။ လူမိုက်-လူယုတ် ဟူသည် မကောင်းသည့် အကြံအစည်များကို ကြံစည်သော၊ မကောင်းသည့်စကားများကို ပြောဆိုသော၊ မကောင်းသည့်အလုပ်အမှုများကို ပြုလုပ်သောသူဖြစ်၏။ လောဘ=လိုချင်တပ်မက်ခြင်း, ဒေါသ=မုန်းတီး-ရန်ငြိုးဖွဲ့ခြင်း, မောဟ=မသိ-တွေဝေ-မိုက်မဲခြင်း, ဣဿာ=မနာလို-ဝန်တိုခြင်း, မစ္ဆရိယ=နှမြော-တွန့်တိုခြင်း, အဘိဇ္ဈာ=အလိုရမ္မက်ကြီးခြင်း, ကိုယ်ကြိုးကိုသာကြည့်ခြင်း- စသည့် မကောင်းသည့်တရားဆိုးများရှိသောသူုသည် လူမိုက်-လူယုတ်မည်၏။လူမိုက်သည် အကောင်းနှင့်အဆိုးကို၎င်း,အမှန်နှင့်အမှားကို၎င်း, တရားသည်-မတရားသည်ကို၎င်း, အကြောင်းနှင့်အကျိုးကို၎င်း မသိသူဖြစ်၏။ လူမိုက်သည် စဉ်းစားဆင်ခြင်-မြော်မြင်တတ်သည့်အသိဉာဏ်,ချစ်ခြင်းမေတ္တာ,စိတ်ထားနှလုံးကောင်း,သနားခြင်း ကရုဏာ တရားများကင်းမဲ့၏။ လူမိုက်သည် မိမိကိုယ်ကို အထင်ကြီး၍၊ သူတပါးတို့ကို အထင်သေးတတ်ပြီး၊ ထိုသဘောထားအားလျော်စွာ ပြုကျင့်တတ်၏။ လူမိုက်သည် ကြိုတင်စဉ်းစားဆင်ခြင်-မြော်မြင်ခြင်းမရှိပဲ ပြုလုပ်တတ်၏။ လူမိုက်သည်မိမိ၏ ပစ္စည်းဥစ္စာ, အတတ်ပညာ, တန်ခိုးအာဏာများကို အလွဲသုံးစား ပြုတတ်၏။ လူမိုက်သည် ကိုယ်ကျိုးကိုသာ သိတတ်-ကြည့်တတ်၏။ လောဘ-အလိုရမ္မက်အားကြီး၏ ၊ သူတစ်ပါး၏ ကျေးဇူးကို မသိတတ်- ကျေးဇူးကန်းတတ်၏ ၊ မာန်မာနထောင်လွှား-ဘဝင်မြင့်တတ်၏ ၊ သူတပါး ကြီးပွားချမ်းသာသည်ကို မနာလိုတတ် ၊ သူတပါးကို ရန်လိုတိုက်ခိုက်တတ်၏ ။ သူသည် အမျက်ထွက်စရာအကြောင်း အသေးအဖွဲကလေးနှင့် တွေ့ကြုံသော်-စိတ်မထိန်းနိုင်ပဲ အမျက်ထွက်တတ်၏ ။
လူမိုက်သည် အကျင့်သီလကို၎င်း ၊ အကျင့်သီလ၏ တန်ဘိုးကို၎င်း မသိနားမလည်ချေ ။ သူသည် ဒုစရိုက်မှုများကို အမြဲကျူးလွန်-ပြုကျင့်တတ်သည့်အပြင် ၊ မိမိ၏ အပေါင်းပါ-မိတ်ဆွေများအားလည်း မကောင်းသည့်လမ်းများသို့ ပို့ဆောင်၍၊ မကောင်းမှုတွေကို ပြုလုပ်အောင် သင်ပြပေး၏။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်က လမ်းကောင်း-လမ်းမှန်ကို မသိသောကြောင့် ဖြစ်၏ ၊ လူမိုက်သည် စိတ်ထားကျဉ်းမြောင်း၏ ၊ စိတ်ထားယုတ်မာ၏ ၊ အမြင်တို၏ သူသည် မိမိ၏ မကောင်းမှုများအတွက်ကြောင့် ဒုက္ခရောက်သောအခါ သူတပါး၏ အပြစ်ချို့ယွင်းချက်များကို ရှာပြီး သူတပါးတို့ကို ပြစ်တင်ကဲ့ရဲ့ ရှုံ့ချတတ်၏ ။ သူသည် မိမိ၏ အပြစ် ချို့ယွင်းချက်များကို ဘယ်တော့မှ ဝန်မခံတတ်ခေ ၊ သူသည် ယုံကြည်စိတ်ချထိုက်သူမဟုတ်၊ မိမိအား အကျိုးလိုလား အကြံဉာဏ်ကောင်းများပေးသူတို့ကို ရန်သူများအဖြစ် မှတ်ယူတတ်၏ ၊ သူသည် နှမြောတွန့်တို အလွန်ကပ်စေးနဲသူဖြစ်၍ သူတပါးတို့အား ဘယ်တော့မှ ပေးကမ်းခြင်း မပြုချေ ။ သူသည် သူတပါးတို့အား မကောင်းမှုတွေ ပြုလုပ်ခြင်း၌ အားပေး၍ သူကိုယ်တိုင်ကလည်း မကောင်းမှုတွေကို မရပ်မစဲ-ဆက်လုပ်တတ်၏ ။ အဘယ့်ကြောင့်ဆိုသော် သူသည် မိမိပြုသည့် မကောင်းမှုတို့၏ ဆိုးကျိုးများကို မသိ-မမြင်သောကြောင့်ဖြစ်၏ ။ လူမိုက်သည် စားခြင်း,အိပ်ခြင်း, ကာမဂုဏ်ခံစားခြင်း တို့ကိုသာ ပြုကျင့်နေထိုင်သဖြင့် ၊ တိရိစ္ဆာန်ကဲ့သို့ အသက်ရှင်တည်နေရုံမျှသာ ဖြစ်၏။
လူတို့သည် ထိုလူဆိုး လူယုတ်တို့ ပြုလုပ်ဖန်းတီးသည့် ဘေးအန္တရာယ်များကို အမြဲကြောက်ရွံ့နေရ၏ ။ လူမိုက်တို့သည် စိတ်ပိုင်းဆိုင်ရာမှာ ချို့ယွင်းနေကြပြီး ၊ ကောင်းသောအကျင့်သီလ, ကောင်းသောအကျင့်စရိုက်မရှိ- ကင်းမဲ့ကြ၏။ သူတို့သည် ကိုယ်ကျိုးကိုသာကြည့်တတ်, မကြင့်နာတတ်, ကောက်ကျစ်စဉ်းလဲတတ်, ရက်စက်တတ်သောကြောင့်၊ သူတပါးတို့၏ ပစ္စည်းဥစ္စာများကို ဖျက်ဆီးတတ်, အားနည်းသူများကို နှိပ်စက်တတ်ကြ၏ ၊ ထိုမိုက်မဲ-ယုတ်မာ-ကောက်ကျစ်စဉ်းလဲသူတို့သည် လူ့အဖွဲ့အစည်းအား ဒုက္ခအမျိုးမျိုး, အန္တရာယ်အမျိုးမျိုးကို မကြာခဏပင် ဖန်တီးပြုလုပ်တတ်ကြ၏။ ထို့ကြောင့် ထိုလူမိုက်-လူယုတ်တို့ကို ပေါင်းသင်းဆက်ဆံခြင်းထက် ရှောင်ကြဉ်ခြင်းက ပို၍ကောင်း၏ ။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့နှင့် မိတ်ဖွဲ့ ပေါင်းသင်းခြင်း၌ ကောင်းကျုိုးတစုံတရာ မရရှိနိုင်ပဲ ၊ ဆင်းရဲဒုက္ခသာလျှင် ရရှိနိုင်သောကြောင့်တည်း။
မှတ်ချက်။ ။ ဗာလ = လူမိုက်-လူယုတ် – ဟူသောစကား၌ လူပုဂ္ဂိုလ်များကိုသာမက စာအုပ်-စာတမ်းများကိုပါယူရာ၏ ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ပြော-ဟောစကားများ,စာအုပ်စာတမ်းများးကို နားထောင်ဖတ်ရှုရာမှ အတွေးအခေါ် အယူအဆ တွေ မှားယွင်းသွားပြီး၊ အမှားတွေကို ပြောဆို-ပြုလုပ်, လမ်းမှားသို့ ရောက်သွားနိုင်၍ဖြစ်သည်။

2 comments

  • မိုးချမ်းမြေ့

    December 17, 2011 at 10:28 am

    ိပြောတဲ့အတိုင်း ကိုယ့်ကိုယ်ကို လူမိုက်လူယုတ်လို့သိပြီးရင်..လွတ်မယ့်လမ်းကလေးလည်း..ညွှန်ပါအုံးဘုရား..။

    • ashinthusitta

      December 17, 2011 at 7:22 pm

      လွတ်မယ့်လမ်းလေးသိချင်ရင် ကိုယ်ကျင့် ဝိနည်းကို ကောင်းစွား သင်ယူခြင်းဆိုတဲ့ ပို့စ်အသစ်တစ်ခုတင်ပေးလိုက်တယ်….

Leave a Reply