နာရေးလိုက်ပါ ပို့ဆောင်သည့် ဘီအမ်ယာဉ် လှူဒါန်းသဖြင့် မြို့တွင်းစတင် ပြေးဆွဲ

BayoteMay 27, 20101min903

နာရေး ကူညီမှု အသင်းသည် နာရေး လိုက်ပါ ပို့ဆောင်သူများ မြို့တွင်းစီးနင်း နိုင်ရန်အတွက် နာရေး လိုက်ပို့ဆောင် နိုင်သည့် ဘီအမ်ယာဉ် တစ်စီးကို ဧပြီလတွင် လှူဒါန်း ခဲ့သဖြင့် မြို့တွင်းသို့ စတင် ပြေးဆွဲပေး နေကြောင်း နာရေး ကူညီမှု အသင်း (ရန်ကုန်) တာဝန်ရှိသူ တစ်ဦးက ပြောသည်။ နာရေး ကူညီမှု အသင်း (ရန်ကုန်) သို့ ပထမဆုံး အကြိမ် လာရောက် လှူဒါန်းခဲ့သော နာရေး လိုက်ပါ ပို့ဆောင်မည့် ခရီးသည်များ စီးနင်း လိုက်ပါနိုင်ရန် ဗိုက်ပူယာဉ် (ချက်ပလက်) ကို မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ စတင်၍ မြို့ပြင် ခရီးစဉ်များသို့ လမ်းကြောင်း စတင် ပြေးဆွဲစေခဲ့ပြီး ယခုလက်ရှိတွင် ဒုတိယ အကြိမ်မြောက် လာရောက် လှူဒါန်းသော ဘီအမ်ကို မြို့တွင်း ခရီးစဉ်များသို့ စတင်ပြေးဆွဲ အသုံးပြုနေပြီ ဖြစ်သည်။ ပထမဆုံး ရောက်ရှိလာတဲ့ ဗိုက်ပူယာဉ်ကို မြို့ပြင်ဘက်တွေ အဓိကထား ပြေးဆွဲပေးတယ်။ အခုထပ်ပြီး လှူဒါန်းတဲ့သူ ပေါ်လာတဲ့ ဘီအမ်ယာဉ် ကိုတော့ မြို့တွင်းဘက်တွေကို အဓိကထားပြီး ပြေးဆွဲပေး နေပါတယ် ဟု ၎င်းက ပြောသည်။ အဆိုပါ ဘီအမ်ယာဉ်ကို မြို့တွင်း စီးနင်းနိုင်ရန် လာရောက် လှူဒါန်းသော အလှူရှင်မှာ တောင်ဥက္ကလာပ မြို့နယ်မှ ဖြစ်ပြီး အလှူရှင်၏ အမည်ကို အခြေအနေ ကြောင်းကြောင်းကြောင့် ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိကြောင်း ၎င်းကဆိုသည်။ ဘီအမ်ယာဉ်ကို နာရေးကူညီမှု အသင်းက ပြန်ပြင်ဆင်ပြီး တစ်နေ့ကို လမ်းကြောင်း ၁ ကြောင်းလောက် ပုံမှန် ပြေးဆွဲနေတယ်။ လောလောဆယ်တော့ ဂန္ဒီဆေးရုံဖက် တစ်ကြောင်းလောက်ပဲ ဆွဲပေးရသေးတယ်။ ပြေးဆွဲတဲ့ လမ်းကြောင်း အရေအတွက် နည်းနေသေး တာကလည်း အခုအချိန်မှာ ဒီကားကို မောင်းမယ့် ဒရိုင်ဘာ ရှာရတာကြောင့်ရယ်၊ တခြား နာရေးလမ်းကြောင်း တွေအတွက် အချိန်ပေး နေရတာပါ။ နောက်ပိုင်းတော့ ဒီထက်ပိုပြီး ပြေးဆွဲပေးသွား နိုင်မှာပါ ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ ဘီအမ်ယာဉ်တွင် လူဦးရေ ၂ဝ ကျော်ခန့် စီးနင်း၍ နာရေး လိုက်ပါ ပို့ဆောင်နိုင်ပြီး အလှူရှင်များ အနေဖြင့် နာရေးလိုက်ပါ ပို့ဆောင်နိုင်ရန် ယာဉ်များ လာရောက် လှူဒါန်းလိုပါက နာရေး ကူညီမှု အသင်း (ရန်ကုန်) အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်၊ ဖုန်း -၅၈၁၃၆၃၊ ၅၈၀၁၃၃ သို့ ဆက်သွယ် လှူဒါန်းနိုင်သည်။ နာရေး ကူညီမှု အသင်း (ရန်ကုန်) ကို ၂၀ဝ၁ တွင် နိဗ္ဗာန်ယာဉ် နှစ်စီးဖြင့် စတင် ထူထောင်ခဲ့ပြီး ယခုလက်ရှိတွင် နိဗ္ဗာန်ယာဉ် ၁၂ စီး၊ ခရီးသည်များ နာရေး လိုက်ပါ ပို့ဆောင်နိုင်ရန် ဗိုက်ပူယာဉ် တစ်စီး၊ ဘီအမ်ယာဉ် ၁ စီး တို့ဖြင့် နာရေးကိစ္စများကို အခမဲ့ လုပ်ကိုင်ပေး လျက်ရှိကြောင်း True News Journal တွင် ဖော်ပြထား သည်။

3 comments

  • moethiha

    May 27, 2010 at 4:06 am

    ကောင်းလိုက်တာဗျာ။မသာတစ်ခေါက်ကျောင်းဆယ်ခေါက်တဲ့။ကုသိုလ်တွေတော့အများကြီးရမှာသေချာတယ်။

  • khinmintatthu

    June 19, 2010 at 8:30 pm

    ကုသိုလ်ရေးအတွက်လှူဒါန်းပေးတာကတော့ အရမ်းကိုကောင်းပါတယ်… ယခုလိုလှူဒါန်းပေးတဲ့ အလှူရှင်အတွက်တော့ သာဓုအနုမောဒနာ ခေါ်ပါတယ်ဗျာ….နောက်လည်း ထပ်ဆင့်တပိုးလှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ…

  • etone

    July 6, 2010 at 5:00 am

    ကားလှူတဲ့လူက ဘာလို့ နာမည်မဖော်ရတာလဲ … ။ လှူတယ်ဆိုတာကတော့ကောင်းတဲ့အလုပ်ပါ ..

Leave a Reply