မနက်ကမှ အမှတ်မထင် ဖတ်လိုက်ရသော စာလေး တစ်ပိုဒ်

Like a withered leaf are you now;
Death’s messengers await you
You stand on the eve of your departure,
Yet you have made no provision
For your journey!

(အို ဒကာ) သင်သည် ယခုအခါ ဖျော့တော့သော
ဖက်ရွက်ရော်နှင့်တူ၏။ သေမင်းတမန်တို့သည်လည်း
သင်၏ အနီး၌ စောင့်နေကုန်၏။ သင်သည် ဘ၀အဆုံးကို
ရောက်ချေပြီ။ သင့်မှာ (ဘ၀တစ်ပါးသို့ သွားရန်
ကောင်းမှုတည်းဟူသော) ရိက္ခာလည်း မရှိ။

ဒီစာလေးဆုံးတော့ စာအုပ်ပိတ်လို့ ခဏစဉ်းစားမိတယ်။ ဘေးဘီကို မျက်လုံးမှိတ်လျှက်က မှန်းပြီး အာရုံပြုကြည့်လိုက်တယ်။ အော် ငါနဲ့ အနီးဆုံးမှာ သေမင်းတမန်က အဆင်သင့်ကို ရောက်နေပါပေါ့ လားဆိုတာ သတိထားမိသွားပါပြီ။ ခုနေများ သေသွားမယ်ဆိုရင် ငါ့မှာ ယူသွားဖို့ ရိက္ခာနဲ့ တူတဲ့ ကုသိုလ်တွေ ဘယ်လောက်များ စုဆောင်းပြီးပြီလဲဆိုတာ ဝေဖန်ဆန်းစစ်မိနေပါပြီ။ စဉ်းစားရင်းကပဲ စာအုပ်လေးကို ပြန်ဖွင့်ပြီး ဆက်ဖတ်လိုက်မိတယ်။
Make an island for yourself!
Strive hard and become wise!
Rid of impurities and cleansed of stain,
You shall enter the celestial abode
Of the Noble Ones.

ထို့ကြောင့် သင်သည် မိမိ၏ မှီခိုရာ ကျွန်းနှင့်တူသော
ကောင်းမှုကို ပြုလော့၊ လျင်မြန်စွာ အားထုတ်၍
ပညာရှိဖြစ်လော့ ၊ ရာဂစသော အညစ်အကြေးကို
ပယ်ထုတ်၍ ကိလေသာ ကင်းလျှင် သင်သည်
အရိယာတို့၏ နေရာဖြစ်သော သုဒ္ဓါဝါသဘုံသို့
ရောက်လတ္တံ့။

အားပါး …ဒီစာလေးဖတ်လိုက်ရမှ အားဆေးတစ်ခွက် သောက်လိုက်ရသလို အားတွေရလာပါတယ်။ ဘာအတွက်အားတွေလဲဆိုတော့ ကုသိုလ်အလုပ်တွေ မြန်မြန်လုပ်မှ ဖြစ်တော့မယ်ဆိုတဲ့ တွန်းအား တွေပါပဲ။ အချိန်ဆိုင်းနေလို့တော့ မဖြစ်တော့ပြီ။
ဘေးမှာချိတ်ထားတဲ့ ပြက္ခဒိန်ကို လှမ်းကြည့်လိုက်သည်။ ဘာလိုလိုနဲ့ နှစ်ကုန်ရက်တောင် ရောက်တော့မှာပါလား။ အင်း ကုသိုလ်အလုပ်တွေ လုပ်ကို လုပ်ဖြစ်စေဖို့ အစီအစဉ်လေးကို အမြန်ဆုံး ရေးဆွဲချလိုက်ပါပြီ။
ကုသိုလ်အလုပ်ဆိုတော့ ဒါနရယ်။ သီလရယ်။ ဘာဝနာရယ်။ ဒီသုံးမျိုးကို နေ့စဉ် မဖြစ်မနေ လုပ်ရပေတော့မည်။
၁။ ဒါန

ဒါနဆိုတဲ့ ရိက္ခာထုပ်လေး နေ့စဉ်ထုပ်ရတော့မယ်ဆိုတော့ ဘယ်လို ဒါနတွေများ လုပ်နိုင်မလဲလို့ ဆက် လိုက်တော့ အော…ဘုရားဆွမ်းတော်ကပ်ခြင်း၊ ရေတော်ကပ်ခြင်း၊ ပန်းတော်ကပ်ခြင်း။ ဒီဒါနကတော့ နေ့စဉ်လုပ်ဖြစ်နေကျပဲ။ ဒီအပြင်ရောဆိုတော့ မနက် ဆွမ်းခံကြွတဲ့ သံဃာတော်တွေကို ကိုယ်တတ် နိုင်သလောက် လောင်းလှူခြင်းလည်း လုပ်လို့ရတာပဲလေ။
အဲ တစ်ပတ် တစ်ပတ် ဆွမ်းဆန်ခံတဲ့ သီလရှင် ဆရာလေးတွေလည်း ကိုယ့်တနိုင် လောင်းလှူမယ်လေ။ ဒါပဲလားဆိုတော့??အော အလှူခံပုဂ္ဂိုလ်တွေလည်း လာတတ်တာပဲ။ သူတို့ လည်းတနိုင်လှူလို့ရတာပေါ့။ အော် ခုမှ သတိရ တယ်။ အိမ်ရှေ့မှာ နေ့စဉ်လာနေကျ စာကလေးလေး တွေ၊ ခိုလေးတွေကိုလေ။ အင်း ဆန်လေး တစ်ဆုပ်ကြဲလိုက်တာနဲ့ကို သတ္တ၀ါတွေ များစွာအတွက် အစာတွေ လှူဖြစ်နေတာပဲကိုးနော်။ ဒီဒါန လည်း လုပ်လို့ရတာပါပဲ။
အင်း သေချာပေါက် လုပ်ဖြစ်မယ့် အရေးအကြီးဆုံး ဒါနကတော့ ဓမ္မဒါနကုသိုလ်ပဲပေါ့။ ဓမ္မ စာပေတွေရေးမယ်။ တင်မယ်။ ဝေဌမယ်။
ကိုယ်လုပ်ဖြစ်တဲ့ ကုသိုလ်အမှုတွေကို သူများကို ပြန်ပြီး အမျှပေးမယ်။ ဒါလည်း ဒါန တစ်ခု ပဲနော်။
အာ..အဲလိုဆို တစ်နေ့တစ်နေ့ လုပ်နိုင်တဲ့ ဒါနတွေကိုက တော်တော်များပါလားနော်။
အင်း..ဘာပဲဖြစ်ဖြစ် လုပ်သမျှ ဒါနတွေကို မှတ်တမ်းလေးတော့ ပြုစုဦးမှပါပဲ။ ဒါမှ ကိုယ်ပြုလိုက်သော ကုသိုလ်လေးတွေကို ပြန်တွေးပြီးတိုင်း ကုသိုလ်တွေ ထပ်ပွားလို့ရမှာပေါ့နော်။ ပြောရင်းနဲ့တောင် မရ သေးတဲ့ ကုသိုလ်တွေ ကြိုရနေပါပြီလေ။

၂။ သီလ
ငါးပါး ၊ ရှစ်ပါး၊ ကိုးပါး စတဲ့သီလတွေကို ကိုယ်နိုင်ရာ မကျိုးမပေါက်အောင်တော့ သတိအထူး ထားလို့ စောင့်ထိန်းရပေမည်။
၃။ ဘာဝနာ

ဒါနလည်း လုပ်မယ်။ သီလလည်း ဆောက်တည်ပြီးရင်တော့ ဘာဝနာကတော့ တကူးတက အထူးအနေနဲ့ကို ပွားရပါတော့မယ်။
၁။ အရင်ဆုံးပွားချင်တာက မေတ္တာဘာဝနာပေါ့။
အရပ် လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ ၊ အရပ်ဆယ်မျက်နှာသို့ ရည်မှန်းလို့ပဲဖြစ်ဖြစ် ကိုယ်ပွား နေကျ မေတ္တာပွားနည်း တစ်ခုခုကို ပွားများသွားမည်။ ဒါဆိုရင်တော့ စိတ်ကလေး ငြိမ်းလာမှာပေါ့နော်။
၂။ ပြီးရင် စိတ်ကလေး ကြည်လာဖို့ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌါန်းဘာဝနာ ပွားကြရပါမယ်။
ဘုရားဂုဏ်တော် ကိုးပါး ရှိတဲ့ထဲက တစ်နေ့ကို ဂုဏ်တော် တစ်ပါးနှုန်းပွားသွားမယ်ဆိုရင် အနည်းဆုံးတော့ ကိုးရက်တိတိ ကုသိုလ်တွေ မပြတ်အောင် စောင့်ထိန်း ပွားများ လုပ်ဆောင်သွားနိုင် ပြီပေါ့နော်။
အင်း …အဲဒီအတွက်လည်း အစီအစဉ်လေး တစ်ခု ခေါင်းထဲပေါ်လာပြန်ပါပြီ။
ကိုယ်ပွားမယ့် ဘုရား ဂုဏ်တော်နဲ့ ပတ်သက်လို့ပေါ့နော်။ ဘုရားဖြစ်တော်စဉ်နဲ့ ဆက်စပ်ပြီးမှ ဂုဏ်တော် တစ်ခုစီကို တစ်နေ့စီ ပွားသွားရရင်ပိုကောင်းမယ်လို့လေ။ အဲဒီအစီအစဉ်လေးကိုလည်း နေ့စဉ် ဆိုဒ်မှာ ပွားမယ့် ဂုဏ်တော်ရဲ့ ဖြစ်စဉ်အကျဉ်းလေးကို ရေးပြီး တင်သွားမယ်လို့လည်း စိတ်ကူး မိပါတယ်။ ဒါဆို ဒီနေ့တော့ ဒီဂုဏ်တော်ပွားကြမယ်ဆိုတာလေးကို ဖြစ်တော်စဉ်နဲ့တကွ သတိပေးရင်း ဖော်ပြသွားတာပေါ့နော်။ ဒါဆိုရင်တော့ ဗုဒ္ဓ ဂုဏ်တော်ကို ပိုပြီးပေါ်လွင်မြင်သာစေမှာမို့ ကြည်ညိုသဒ္ဓါ တွေလည်း တိုးလာရတာကြောင့် ဂုဏ်တော်ပွားရင်းက စိတ်ကလေးပါ ကြည်ရွှင်လာမှာပဲလို့ တွေးမိပါ တယ်လေ။
၃။ ၀ိပဿနာ ဘာဝနာ ပွားကြမယ်။
ဗုဒ္ဓါနုဿတိပွားလို့ စင်ကြယ်လာတဲ့ စိတ်ကလေးကို တည်ငြိမ်စေဖို့ နှာသီးဖျား ထိသိ သမာဓိ ထူထောင်ခြင်းကစလို့ လေ့ကျင့်ပေးသွားမယ်။ ဒါကလည်း ငါးမိနစ်တော့ အနည်းဆုံး တရားထိုင်ကြ တာပေါ့နော်။ ငါးမိနစ်လေး စိတ်ကို ငြိမ်အောင် စောင့်ထိန်းနိုင်ရင်တော့ ငါးမိနစ်စာ အေးချမ်းမယ်။ အဲဒီ ကနေမှ ယောက်ယက်ခတ်နေတဲ့ ဒီစိတ်ကို တဖြည်းဖြည်းချင်း သွန်သင်ဆုံးမ သွားမယ်လေ။ ငါးမိနစ် ကနေ ဆယ်မိနစ် ၊ ဆယ်မိနစ်ကနေ ဆက်လို့ဆက်လို့ တိုးတိုးပြီး ပွားသွားမယ်ဆိုရင်တော့ အော် ငါတော့ ကုသိုလ်အထုပ်တွေ တိုးပွားလာပါပေါ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မုဒိတာပွားကြတာ ပေါ့နော့။
ကျနော် ဒီကုသိုလ်အထုပ်တွေ ထုပ်ဖို့ စိတ်ကူးမိတယ်။ အဲဒီအစီအစဉ်လေးကို ဒီဇင်ဘာ၂၁ရက်နေ့ကစလို့ ကိုးရက်ဓိဌါန်နဲ့ စလုပ်ဖို့ ဆွဲထားလိုက်တယ်။
ကျနော်လုပ်မယ့် ကုသိုလ်အစီအစဉ်လေးမှာ ပါဝင်လိုသူများ အားလုံး ပါဝင်ကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကုသိုလ်အလုပ်ကလေ တကူးတကကို အစီအစဉ်ဆွဲပြီး လုပ်ပါမှ အောင်မြင်မှာ ဖြစ်သလို ကိုယ်ယူသွားလို့ရတဲ့ ရိက္ခာကလည်း ဒီကုသိုလ်သာ ဖြစ်တာမို့ အားလုံးအတွက်လည်း လုပ်သင့်တယ်လို့ ယူဆမိတာကြောင့် ခုလို ကြိုတင် ဆော်သြ လိုက်ရပါတော့ တယ်။
အကယ်လို့များ ကျနော်လုပ်မယ့် ကုသိုလ်အလုပ်မှာ လိုအပ်ချက်များရှိမယ်ဆိုရင်လည်း ပါဝင် အကြံဥာဏ်များ ပေးနိုင်ကြောင်း အသိပေးလိုက်ရပါတော့သည်။

ကျနော်လုပ်မယ့် အစီအစဉ် အနှစ်ချုပ်

၂၁.၁၂.၂၀၁၁ မှ ၂၉.၁၂.၂၀၁၁ ထိ မပျက်မကွက် လုပ်ဆောင်မည့် ကုသိုလ်အစီအစဉ်

၁။ ဒါနမှုတွေ တစ်နေ့တစ်နေ့ လုပ်နိုင်သမျှ အစွမ်းကုန်လုပ်မည်။ ပြီးလျှင် စာရင်းပြုစုလို့ ကုသိုလ် အဖို့ကို ပြန်မျှမည်။
၂။ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး စတဲ့ သီလတွေကို ဒီကိုးရက်အတွင်း မကျိုးမပေါက်အောင် သတိလက် ကိုင်ထားလို့ ကြိုးစားစောင့်ထိန်းမည်။
၃။ မေတ္တာဘာဝနာပွားလို့ မေတ္တာပို့ အမျှပေးဝေမည်။
၎။ ဗုဒ္ဓါနုဿတိ ကမ္မဌါန်း စီးဖြန်းလို့ ဘုရားဂုဏ်တော်နှင့် စိတ်ကို ထုံမွမ်းထားမည်။
၅။ ၀ိပဿနာ ဘာဝနာပွားများခြင်းဖြင့် ဒုက္ခအပေါင်းမှ လွတ်စေဖို့ မိမိကိုယ်ကိုယ် ကယ်တင် စောင့်ရှောက်သွားမည်။
ကျနော်တို့ တစ်ဦးစီရဲ့ နေ့စဉ် လုပ်ဖြစ်တဲ့ ဒီ ဓိဌါန်ကုသိုလ်တွေကို အားလုံးကို ပြန်ပြီး အပြန်အလှန် အမျှ ပေးဝေလို့ ကုသိုလ်တွေ ဖလှယ်ကြတာပေါ့။

ဒီအစီအစဉ်လေးကို ပါဝင်လိုသူတိုင်းကို ကြိုဆိုပါတယ်။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”