အနောက်တောင်မုတ်သုံလေမှာ မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်နေပြီ ဖြစ်သဖြင့် တစ်နိုင်ငံလုံးသို့ ဇွန်လဆန်းတွင် ဝင်ရောက်ပျံ့နှံ့သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မုတ်သုံမှာ မြန်မာနိုင်ငံတောင်ပိုင်းသို့ မေ ၁၈ရက်တွင် ဝင်ရောက်ခဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသများသို့ မေ ၂၁ရက်တွင် ဝင်ရောက်ခဲ့သည်။ ဆက်လက်၍လည်း မေလ ၂၆ရက်၊ ၂၇ရက် ဝန်းကျင်တွင် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်နိုင်ပြီး ဇွန်လဆန်း ၃၊ ၄ရက်တွင် တစ်ပြည်လုံးသို့ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူဖြစ်သော ဦးချစ်ကျော်က ရှင်းပြသည်။ “ မြန်မာနိုင်ငံတောင်ပိုင်း ကတော့ ဆယ်ရက်လောက်နောက်ကျတယ်။ မြစ်ဝကျွန်းပေါ်က လေးရက်နောက်ကျတယ်။ ကျန်ဒေသတွေ ကတော့ ပုံမှန်အတိုင်းပဲ။ ” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။ မုတ်သုံဆုတ်ခွာချိန်ကို လာမည့် စက်တင်ဘာလ ပထမ ၁၀ ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်း၊ စက်တင်ဘာလ ဒုတိယ ၁၀ရက်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်တိုဘာလ ပထမ ၁၀ ရက်တွင် မြန်မာနိုင်ငံတောင်ပိုင်းမှ အသီးသီးဆုတ်ခွာဖွယ်ရှိကြောင်း သိရသည်။ ယခုမုတ်သုံဝင်ရောက်မှုနှင့် မုတ်သုံထွက်မည့် အချိန်များကို သုံးသပ်ပါက ယခုနောက်ပိုင်းနှစ်များနှင့် များစွာမကွာခြားလှဘဲ ရှေးယခင်နှစ်များကနှင့် နှိုင်းယှဉ်လျှင်မူ မုတ်သုံကာလတိုတောင်းသွားကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ လက်ရှိ ကမ္ဘာ့ရာသီဥတု အခြေအနေများကြောင့် ယခုနှစ်မှာ ပုံမှန်နှစ်ဖြစ်ရန် ၅၀ ရာခိုင်နှုန်း၊ မိုးများခြင်း၊ မုန်တိုင်းဖြစ်ပွားမှုများခြင်းနှင့် ရေကြီးလေ့ရှိသော လာနီညာရာသီဥတုဖြစ်ပွားရန် ၄၀ ရာခိုင်နှုန်း၊ ပူပြင်းခြောက်သွေ့သော အယ်လ်နီညိုနှစ် ဖြစ်ပွားရန် ၁၀ ရာခိုင်နှုန်းသာရှိကြောင်း မိုးလေဝသပညာရှင်က ရှင်းပြသည်။ ထို့ကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းများကပင် အယ်လ်နီညိုရာသီဥတုဒဏ် ခံစားနေရာမှ ယခုအခါ လာနီညာဖြစ်နိုင်ခြေမြင့်တက်လာပြန်၍ ရာသီဥတုပြောင်းလဲမှုမှာ လျင်မြန်စွာဖြစ်ထွန်းနေပြီး ကြိုတင်ခန့်မှန်းရန် ပို၍ ခက်ခဲလာကြောင်း ဒေါက်တာထွန်းလွင်ကပြောကြောင်း ၂၀၁၀ခုနှစ်မေလ ၂၇ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..