ကိုယ်ကျင့် ဝိနည်းကို ကောင်းစွာသင်ယူ ကျင့်ကြံခြင်း

ashinthusittaDecember 17, 20111min641

ကိုယ်ကျင့်-စည်းကမ်း ဝိနည်းး ဟူသည် မိမိ၏မိသားစု, အသင်းအဖွဲ့, အမျိုးသားရေး , အိမ်နီးချင်းများ စသည်တို့အား မိမိပြုကျင့်ရမည့် တာဝန်ဝတ္တရားများကို လုပ်ဆောင်ဘို့အတွက် ချမှတ်ထားအပ်သော စည်းကမ်းများ, အမိန့်များကို တိကျစွာ လိုက်နာကျင့်သုံးခြင်းကို ဆိုလိုသည်။ ဝိနည်းထဲပါ အမိန့်များကို လိုက်နာခြင်းသည် ယဉ်ကျေးသည့် အပြုအမူ, ကောင်းသောအကျင့်စရိုက်၏ အမှတ်လက္ခဏာ ဖြစ်၏။ လူကောင်းသူကောင်းတို့၏ တကယ့်အနှစ်သာရသည် ထိုဝိနည်း စည်းကမ်းထဲမှ ထွက်ပေါ်လာသည့် ကောင်းသော အကျင့်စရိုက်, ကောင်းသော အလေ့အထ ဖြစ်၏။ ထို့ကြောင့် ဝိနည်းစည်းကမ်းသည် အိမ်များ ဘုန်းကြီးကျောင်းများ, စာသင်ကျော်ငးများ, အသင်းအဖွဲ့များ၌၎င်း အလွန်အရေးပါလှ၏။ မိဘတို့သည် ထိုဝိနည်းစည်းကမ်းကို မိမိတို့၏ ကလေးများအား အိမ်မှာသင်ကြားပေး၍၊ ဆရာများကလည်း ကောင်းသောဝိနည်းစည်းကမ်းကို ကျောင်းများ၌ သင်ပြပေးသင့်သည်။ ဝိနည်းစည်းကမ်းသည် လာမည့် အနာဝတ်ကာလမှာ ကောင်းသည့်အလေ့အထများ ပုံသွင်းပေးခြင်းအကျိုးကိုဖြစ်စေ၍၊ မိမိ၏ပင်ကိုယ်သဘာဝ၏ အစိတ်အပိုင်း ဖြစ်လာတတ်သည်။
ဝိနည်းစည်းကမ်းသည် အာဂါရိယ-ဝိနယ = လူတို့ကျင့်ရန် ဝိနည်းနှင့် အနာဂါရိယ-ဝိနယ =ရဟန်းတို့ကျင့်ရန်ဝိနည်း ဟူ၍ ၂-မျိုးရှိ၏။ ထိုဝိနည်း ၂-မျိုးအသီးသီးမှာ ဝါရိတ္တ-သီလ= ရှောင်ကြဉ်ရန်ဝိနည်းနှင့် စာရိတ္တ-သီလ=ပြုကျင့်ရန်ဝိနည်း- ဟူ၍ ၂-မျိုးစီပါဝင်ရာ၊ ဆိုလိုသည့်အဓိပ္ပါယ်မှာ ရှောင်ကြဉ်ရမည့် မကောင်းသောအမှုတို့ကို ရှောင်ကြဉ်ရန်နှင့် ပြုကျင့်ရမည့် ကောင်းသောအမှုတို့ကို ပြုလုပ်ရန်ဟု ဆိုလိုသည်။ ထို့ကြောင့် ကောင်းတာကို ပြုလုပ်ခြင်း, မကောင်းတာကို ရှောင်ကြဉ်ခြင်းသည် လူကောင်းသူကောင်းအားလုံး၏ မရှိလျှင်မဖြစ် အထူးလိုအပ်သော တာဝန်ဖြစ်ပေသည်။
ဘုရားရှင်သည် ရဟန်းတို့ကျင့်ရန် ဝိနည်းစည်းကမ်း များကို ဝိနယပိဋက ထဲ၌၎င်း၊ လူဒကာတို့ ကျင့်ရန် ဝိနည်းစည်းကမ်းများကို သိင်္ဂါလောဝါဒသုတ် ထဲ၌၎င်း ချမှတ်ပညတ်တော်မူထားပေသည်။ သိင်္ဂါလောဝါဒသုတ်ထဲ၌ လူဝတ်ကြောင်တို့ အချင်းချင်း ကျင့်သုံးလုပ်ဆောင်ရမည့် တာဝန်ဝတ္တရား ၆-စုံကို ရှင်းပြထားသည်။ ယင်းတို့ကား -(၁)မိဘများအပေါ် သားသမီးတို့၏ကျင့်ဝတ် ၅-ပါးနှင့် သားသမီးတို့အပေါ် မိဘတို့၏ကျင့်ဝတ် ၅-ပါး၊ (၂)ဆရာများအပေါ် တပည်တို့၏ကျင့်ဝတ် ၅-ပါးနှင့် တပည့်တို့အပေါ် ဆရာတို့၏ကျင့်ဝတ် ၅-ပါး၊ (၃)မယားအပေါ် လင်၏ ကျင့်ဝတ် ၅-ပါးနှင့် လင့်အပေါ် မယား၏ကျင့်ဝတ် ၅-ပါး၊ (၄) မိမိမိတ်ဆွေများအပေါ် အိမ်ရှင်သူကြွယ်၏ကျင့်ဝတ် ၅- ပါးနှင့် မိမိတို့၏ ကျေးဇူးရှင် အိမ့်ရှင်သူကြွယ်အပေါ် ကျေးဇူးခံမိတ်ဆွေတို့၏ ကျင့်ဝတ် ၅-ပါး၊ (၅)မိမိ၏အလုပ်သမားများအပေါ် အလုပ်ရှင်၏ ကျင့်ဝတ် ၅-ပါးနှင့် မိမိတို့၏ အလုပ်ရှင်အပေါ် အလုုပ်သမားတို့၏ ကျင့်ဝတ် ၅-ပါး၊ (၆) ရဟန်းများအပေါ် ဒယကာတို့၏ ကျင့်ဝတ် ၅-ပါးနှင့် ဒါယကာများအပေါ် ရဟန်းတို့၏ ကျင့်ဝတ် ၆-ပါး… တို့ဖြစ်သည်။ လူကောင်းသူကောင်းတို့၏တကယ့်အနှစ်သာရသည် ကောင်းသောအကျင့်စရိုက်နှင့် ကောင်းသောဝိနည်းစည်းကမ်း ရှိမှုပင်ဖြစ်၏။
ရဟန်းတို့၏ ဝိနည်းစည်းကမ်းသည် ဗုဒ္ဓသာသနာတော်၏ အသက်ဖြစ်၏ ဟူ၍ ဘုရားရှင်က ဟောကြားတော်မှု ခဲ့၏။ လူ့အဖွဲ့အစည်း၏အရာ၌လည်း ယင်းစကား မှန်ကန်လှ၏။ လူတို့၏ ဝိနည်းစည်းကမ်းသည် လူ့အဖွဲ့အစည်း၏ အသက်ဖြစ်၏။ ထို့ကြောင့် ဝိနည်းထဲပါ စည်းကမ်းများ, တာဝန်ဝတ္တရားများကို ရဟန်းဖြစ်စေ, လူဝတ်ကြောင်ဖြစ်စေ လူသားတို့ အားလုံးက အပြည့်အဝ လိုက်နာကျင့်သုံးကြပါလျှင်၊ ဤလူ့လောကကြီးသည် ကြီးပွါးတိုးတက်မှု, အေးငြိမ်းမှု, ပျော်ရွှင်ချမ်းမြေ့မှု တို့နှင့် ပြည့်စုံသောနေရာကြီးတခုဖြစ်လာလိမ့်မည်။ အသိဉာဏ် စိတ်၏ရဲစွမ်းသတ္တိ စည်းကမ်းနှင့်ဇွဲ ကြီးစွာအားထုတ်မှုတို့သည် တိုင်းပြည်နှင့်လူမျိုး ကြီးပွါးတိုးတက်ဘို့အတွက် အလွန်လိုအပ်သည့် ဂုဏ်အင်္ဂါကောင်းများဖြစ်၏ – ဟု ဆိုထားကြလေသည်။ ဤဂုဏ်အင်္ဂါအားလုံး(သို့မဟုတ်) အချို့မရှိ-ကင်းမဲ့သည့် လူမျိုးနှင့်နိုင်ငံသည် ကြီးပွါးတိုးတက်မည်-ဟု ဘယ်တော့မှ မမျှော်လင့်နိုင်ပေ။

One comment

  • မိုးချမ်းမြေ့

    December 19, 2011 at 10:12 am

    ဟုတ်ပါ့..ဆရာတော်ဘုရား…။ `ဝတ္တံ အပရိပူရေန္တော ဒုက္ခာ န ပရိမုစ္စတ´ လို့…ကြားဖူးတယ်…။ ပါဠိစာပေတော့မသင်ဘူးပါဘူးဘုရား..။ ဘုရားရှင်ကပြောတာ… ဝဋ်ဒုက္ခဆင်းရဲတွေကနေလွတ်ချင်ရင်…ဝတ္တရားတွေကျေရမယ်တဲ့..။ တကယ်တော့..တရားရှိသူဆိုတာက..မိမိနဲ့ပေါင်းသင်းဆက်ဆံနေရတဲ့…လူမှုပါတ်ဝန်းကျင်အသိုင်းအဝိုင်းအားလုံးနဲ့…ဝတ္တရားကျေပွန်စွာနဲ့..တာဝန်ထမ်းဆောင်တဲ့…လုပ်ရပ်တွေပါလားလို့…ခံယူမိလိုက်ပါတယ်ဘုရား….။

Leave a Reply