သာသနာ့ဝန်ထမ်းမဟုတ်သော… စစ်အစိုးရဝန်ထမ်း သံဃာ့မဟာနာယကအဖွဲ့

ကိုပါႀကီးDecember 18, 20111min995

ခုတလော မြန်မာတပြည်လုံး ငြိမ်းချမ်းဖို့အတွက် ငြိမ်းချမ်းရေးတရားတွေ ဟောနေတဲ့ ရွှေညဝါဆရာတော်ကို အရေးယူပေးဖို့ စစ်အစိုးရလက်ကိုင်တုတ်ဖြစ်တဲ့ သံဃာ့မဟာနာယကအဖွဲ့က အမိန့်စာတွေ ထုတ်နေတာတွေကို တွေ့ရလို့ သူတို့အစား ရှက်မိပါတယ်။

ရွှေညဝါဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှားရန် အမိန့်စာတွေ ထုတ်ရအောင် ရွှေညဝါဆရာတော်က ဘယ်လို ရာဇဝတ်မှုတွေ ကျူးလွန်နေလို့လဲ။ ငြိမ်းချမ်းရေးတရားဟောတာ၊ သူ့ကျောင်းမှာ အတိုက်အခံတွေရဲ့ အလှူအတန်း အခမ်းအနားတွေ လုပ်တာ၊ အကျဉ်းကျသံဃာတွေ ကျောင်းသားတွေ နိုင်ငံရေးသမားတွေ လွတ်ဖို့ ဆုတောင်းပွဲတွေ လုပ်တာ ဘယ်သူတွေကို ထိခိုက်နေလို့လဲ။

သံဃာ့မဟာနာယက ဆရာတော်တွေ ဘုရားရှင်ရဲ့ဥပဒေကို မျက်ကွယ်ပြုပြီး အာဏာပိုင်တွေ အလိုကျ ကိုယ့်သံဃာအချင်းချင်း နှိပ်ကွပ်နေတာ အင်မတန်မှ အရုပ်ဆိုးလှပါတယ်။ ကိုယ့်အမျိုးသားအချင်းချင်း သတ်တာ ဖြတ်တာတွေ ရပ်ဖို့ အတူတကွ ချစ်ချစ်ခင်ခင်နဲ့ တိုင်းပြည်ကြီးပွားတိုးတက်အောင် အတူတကွ ဆောင်ရွက်ကြဖို့ တရားဟောတာ မကောင်းဘူးလား။

မြတ်စွာဘုရား သက်ရှိထင်ရှား ရှိနေတဲ့အချိန်တုန်းကတောင် စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေကို ကိုယ်တိုင်ကြွရောက်ပြီး ငြိမ်းချမ်းရေးတရားတွေ ဟောခဲ့လို့ လူအသက်ပေါင်းများစွာ ချမ်းသာရခဲ့တာ ပိဋကတ်စာပေတွေမှာ အထင်အရှား ရှိနေသေးတာကို ဆရာတော်တို့ မေ့နေပြီလား။

ခုလို ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ သံဃာ့မဟာနာယက ဆရာတော်တွေအနေနဲ့ တိုင်းပြည်ငြိမ်းချမ်းအောင် လုပ်ဆောင်ကြဖို့ စစ်အစိုးရအာဏာပိုင်တွေကို တခွန်းတပါဒမှ ဆုံးမဩဝါဒမပေးဘဲ စစ်အစိုးရအလိုကျ လုပ်ဆောင်နေတာတွေဟာ အင်မတန်မှ တာဝန်မကျေပြွန်ရာရောက်သလို ရဟန်းရှင်လူ ပြည်သူလူထုတွေရဲ့ အလိုဆန္ဒကိုလည်း ဆန့်ကျင်ရာရောက်နေပါတယ်။

အစိုးရကိုယ်တိုင်တောင် ပြည်တွင်းစစ်တွေ ရပ်စဲဖို့ တိုင်းရင်းသားအဖွဲ့တွေနဲ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေတာ အားလုံးအသိပါ။ တဘက်တလမ်းကနေ ရွှေညဝါဆရာတော်က ငြိမ်းချမ်းရေးတရားတွေ ဟောနေတာ အစိုးရကိုတောင် အထောက်အကူ ဖြစ်ပါသေးတယ်။ သံဃာ့မဟာနာယက ဆရာတော်တွေ ရှက်တတ်ရင် လဲသေဖို့ ကောင်းပါတယ်။

ရွှေညဝါကျောင်းတိုက်ဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စလို့ ခေါင်းစဉ်တပ်ထားတဲ့ စာမှာ ဆရာတော်အနေဖြင့် မန္တလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောကြားသည့်ကိစ္စနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ ရက်နေ့တွင် ကျင်းပသည့် သံဃာ့နာယက ၄ရ ပါး စုံညီအစည်းအဝေးမှ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်နှင့် ရွှေညဝါကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်းမပြုရန် ဆိုသည့် အချက်သုံးချက်ကို ဖော်ပြထားပါတယ်။

မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောတာ အပြစ်လား။ ပင့်ဖိတ်တဲ့ ဒကာ၊ ဒကာမတွေရှိရင် ဘယ်နေရာ ဘယ်ဒေသမဆို တရားဟောရမှာ ဘုန်းကြီးတွေ အလုပ်မဟုတ်ဘူးလား။ ဦးသိန်းစိန်အစိုးရက ဖိတ်ရင်လည်း ဆရာတော်က ဟောမှာပါ။ အစိုးရရယ် အတိုက်အခံရယ်လို့ ဆရာတော်က ခွဲခြားမှာ မဟုတ်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တရားဟောတာနဲ့ပဲ ကျောင်းတိုက်က ဖယ်ရှားပေးရမယ်၊ ဒုဗ္ဗဇပုဂ္ဂိုလ် (ဆိုဆုံးမရခက်တဲ့ ပုဂ္ဂိုလ်) ဖြစ်တယ်၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မလိုက်နာသဖြင့် ဆိုတာတွေဟာ အတော်လေး သဘာဝမကျတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

ဒီနေရာမှာ သံဃာ့နာယက ဆရာတော်တွေကို တခုလောက် လျှောက်ထားချင်ပါတယ်။ ဆရာတော်တို့ အနေနဲ့ကရော သာသာနာရေးကိစ္စတွေမှာ မှန်မှန်ကန်ကန်နဲ့ ဘုရားဥပဒေအတိုင်း လုပ်ဆောင်ခဲ့လို့လား။ စစ်အစိုးရ အာဏာပိုင်တွေက လိုအပ်တာထက် ပိုပြီး သံဃာတော်တွေကို ဖိနှိပ်နေတာတွေကို တခွန်းတပါဒ ဟန့်တာဖူးပါသလား။ သံဃာတော်တွေက ရေးဘေး၊ မီးဘေး ပညာရေးကိစ္စတွေမှာ ကိုယ်တိုင်ပါဝင်ပြီး လူထုကို အကူအညီတွေ ပေးတယ်။ အဲဒီသံဃာတွေကို ဖမ်းတယ်။ ထောင်ချတယ်။

ဒီလို မတရားလုပ်နေတာတွေကိုကျတော့ စစ်အစိုးရကို တခွန်းတပါဒမှ ပြောဖော်မရဘဲ အမျိုး ဘာသာ သာသနာ ကြီးပွားတိုးတက်ဖို့ လုပ်ဆောင်နေတဲ့ သံဃာတွေကိိုတော့ စစ်အာဏာရှင်တွေ အလိုကျ အမိန့်တွေထုတ်ပြန်ပြီး ပိတ်ပင်တားဆီးနေတာတွေဟာ တရားရဲ့လား။ သံဃာ့နာယက ဆရာတော်တွေ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ ကြီးပွားတိုးတက်အောင် ငြိမ်းချမ်းအောင် ဘာတခုမှ မလုပ်ဆောင်ဘဲ စစ်အစိုးရ အလိုကျ သံဃာတွေကို ဖိနှိပ်နေတာတွေဟာ တကယ့်ကို အဂတိတရား လိုက်စားနေတယ်ဆိုတာ ထင်ရှားနေပါတယ်။

နောက်ဆုံးအနေနဲ့ လျှောက်ထားချင်တာကတော့ စစ်အစိုးရ အလိုကျ စစ်အစိုးရ ခိုင်းတာတွေ လုပ်ဖို့ သံဃာ့နာယက ဖွဲ့စည်းထားတာလား။ ဘာအတွက် သံဃာ့နာယကကို ဖွဲ့စည်းထားတာလဲဆိုတာ ဆရာတော်တို့ အနေနဲ ့သေချာစဉ်းစားပြီး မလုပ်သင့် မလုပ်ထိုက်တာတွေကို မလုပ်ဖို့ လျှောက်ထားလိုပါတယ်။ အဲလိုမဟုတ်ဘဲ ဘုရားမျက်နှာတော်ကို မကြည့်ဘဲ စစ်အစိုးရ ခိုင်းတိုင်း လုပ်နေမယ်ဆိုရင်တော့ စစ်အစိုးရဝန်ထမ်းတွေအဖြစ် သတ်မှတ်ရတော့မှာဖြစ်ကြောင်း လျှောက်ထားလိုက်ပါတယ်။

(အရှင်ပညာနန္ဒ ဒီဇင်ဘာ-၁၅-၂၀၁၁ ၏ http://www.facebook.com/notes/%E1%80%80%E1%80%AD%E1%80%AF%E1%80%80%E1%80%AD%E1%80%AF-%E1%80%9E%E1%80%85%E1%81%A5%E1%80%AC/%E1%80%9E%E1%80%AC%E1%80%9E%E1%80%94%E1%80%AC%E1%82%94%E1%81%80%E1%80%94%E1%80%B9%E1%80%91%E1%80%99%E1%80%B9%E1%80%B8%E1%80%99%E1%80%9F%E1%80%AF%E1%80%90%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-%E1%80%85%E1%80%85%E1%80%B9%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%81%80%E1%80%94%E1%80%B9%E1%80%91%E1%80%99%E1%80%B9%E1%80%B8-%E1%80%9E%E1%80%B6%E1%80%83%E1%80%AC%E1%80%B7%E1%80%99%E1%80%9F%E1%80%AC%E1%80%94%E1%80%AC%E1%80%9A%E1%80%80%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%95/209531322462766 ရှိ post ကို တဆင့် ပြန်ဖော်ပြခြင်းဖြစ်ပါသည်။

5 comments

  • mzm

    December 19, 2011 at 11:23 am

    ထောက်ခံတယ်။။။။ဒီအယူအဆကို………………

  • lionking

    December 19, 2011 at 3:51 pm

    သံဃမဟာနာယကအဖွဲ့အစည်းကို “အာဏာရှင်ဘာသာရေးအစိုးရ”ဟူ၍နာမည်ပြောင်းလိုက်ပါ။

  • kai

    December 19, 2011 at 4:01 pm

    မဟနလား … သွား ….
    အရှင်ကုသလသာမိ (ပျော်ဘွယ်)

    သမိုင်းရဲ့ အမည်းစက်ဖြစ်မှာ စိုးရိမ်ပေမယ့် တကယ့်ကို မဟာအမည်းစက် ဖြစ်ခဲ့ပြီ။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တဲ့။ စက်တင်ဘာ သံဃာ့အရေးအခင်းမှာလည်း ကိုယ့်ပေါင်ကို လှန်ထောင်းတာဖြစ်မှာစိုးလို့ နည်းနည်းပဲ ပြောခဲ့တယ်။ ပြည်သူတွေကလည်း ခပ်ကြိတ်ကြိတ်ပဲ အံကျိတ်ပြီး သည်းခံခဲ့တယ်။ အခုလည်း ရွှေညဝါဆရာတော်ကို ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန် ချက်က အတော်ကို ကျက်သရေမဲ့နေတယ်။ ဖတ်ရသူတိုင်းက မဟနဆိုတာ ဘာလဲ၊ ဘယ်လဲ မေးကုန်ကြပြီ။

    အပြောင်းအလဲလေးတွေ တွေ့လာရပြီဆိုပြီးတော့ ပြည်သူတွေ မျှော်လင့်ချက်လေးတွေ နည်းနည်းဖြစ်လာနေတဲ့အချိန်၊ လူတိုင်းက အမှန်တရားဘက် ရဲရဲဝံ့ဝံ့ ရည်တည်လာတဲ့အချိန်မှာ ဒီ မဟနအဖွဲ့က ဘာဖြစ်လို့ အခုချိန်ထိ ညစ်ပတ်စုတ်ပဲ့နေရသလဲ။

    ရွှေညဝါဆရာတော်လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေ၊ ရဟန်းပရိသတ်၊ လူပရိသတ် အားလုံးက သာဓုခေါ်နေကြတဲ့အချိန်။ အမှန်တကယ်လည်း ရွှေညဝါလုပ်ဆောင်ချက်တွေက မွန်မြတ်လှပါတယ်။ သံဃာအပါး ၁၀၀၀-ကျော်ကို စာသင်နေတယ်။ သာဓုကျောင်းတိုက်မှာ နေ့စဉ်နဲ့အမျှ သံဃာတွေ စာပေလိုက်စားနေကြတယ်။

    သာသနာမှာ ဓမ္မန္တရာယ်၊ ဓမ္မန္တရာယ်နဲ့ ပြောနေကြတယ်။ အဲဒီ မဟနတွေ နားလည်သလား၊ သို့မဟုတ် နားလည်ပေမယ့် မနာလိုမှုတွေ ရင်ဘတ်အပြည့် သိုသိပ်ပြီး “စာသင်တာတွေ ရပ်”လို့ အမိန့်ပေးရသလား။ စစ်အာဏာရှင်များ လက်အောက်မှာ စစ်အာဏာရှင်များ အလိုကျ ဆုံးဖြတ်ရတယ်ဆိုရင် မဟနကို သည်းခံပေးစရာအကြောင်း ရှိသေးတယ်။ အ ခုလို နယ်ပယ်ပေါင်းစုံ၊ သတင်းဂျာနယ်များ၊ အနုပညာရှင်များပါ မကျန် အပြောင်းအလဲအကြောင်းကို ရဲရဲဝံ့ဝံ့ ပြောင်ပြောင်တင်းတင်း ပြောနေကြတဲ့အချိန်မှာ နိုင်ငံတော် တိုးတက်ရေး၊ လူငယ်စာရိတ္တပြုပြင်ရေးတွေ ဟောနေတာကို ဘယ်လိုသဘောနဲ့ ပိတ်ပင်ရပါသလဲ။ ဘယ်လို နားလည်ရမလဲ။

    ဒီနေ့ ရွှေညဝါဆရာတော်ရှိရာ သာဓုပရိယတ္တိကျောင်းတိုက်ကို ရောက်တော့ လူတွေ ပြည့်နေပါတယ်။ တစ်နေ့လုံး ပြည့်နေတယ်လို့ ဆိုပါတယ်။ “ဦးကုသလရေ …. တပည့်တော်ကို အခုလို စိုးရိမ်ပေးတဲ့ ပြည်သူတွေ၊ သံဃာတွေကို တပည့်တော် ကျေးဇူးတင်ပါတယ်။ တပည့်တော်အလိုအရဆိုရင်တော့ ထောင်ထဲပဲ သွားတော့မယ်။ ဘယ်တော့မှ အညံ့မခံဘူး၊ အောက်မကျို့ဘူးလို့ပဲ။ ဒါပေမယ့် သံဃာတွေရဲ့ မျက်နှာ၊ သူတို့ရဲ့ ရှေ့ရေးကို ငဲ့ပြီး တပည့်တော် စာရေးနေတယ်”လို့ မိန့်ပါတယ်။ “ဆရာတော် …. ဆရာတော့်ဘက်မှာ မြန်မာတစ်မျိုးသားလုံး ရှိပါတယ်။ (မဟန မပါ) သံဃာတွေက ဆရာတော့်ဘက်မှာ ရှိပါတယ်”လို့ပဲ ဆရာတော့်ကို လျှောက်ထားမိပါတယ်။

    မဟနက ထုတ်ထားတဲ့ စာကိုတော့ စာဖတ်သူများ ဒီလင့်ကနေ သွားကြည့်နိုင်ပါတယ်… လိုင်းတွေမကောင်းလို့ ပုံတွေ တင်မရတာနဲ့ လင့်ပဲ ပေးလိုက်တယ်။

    ရွှေညဝါဆရာတော် စာသင်သား သံဃာအပါး ၁၀၀ဝ ကျော်ကို စာသင်နေတာကို ရပ်ခိုင်းတာ၊ အနှောက်အယှက်ပေးတာဟာ ဓမ္မန္တရာယ်ဖြစ်၊ မဖြစ် လူငယ်စာသင်သားတွေတောင် သိနေကြပြီ။ ဒီ မဟနတွေကတော့ ….

    မဟနရဲ့ ဒီသမိုင်းအမည်းစက်ကြီးကတော့ ဘာသာခြားတွေရှေ့မှာ ဘယ်လို မျက်နှာမျိုးနဲ့ ဗုဒ္ဓဘာသာဟာ မြန်မာတွေရဲ့ ရှေ့ဆောင်လို့ ပြောနိုင်တော့မလဲ …. ဗုဒ္ဓဘာသာဟာ တိုင်းပြည်နဲ့လူမျိုးအကျိုးကို ကာကွယ်နေပါတယ်လို့ ပြောဖို့ဆိုရင် ဒီမဟနရဲ့ လုပ်ရပ်တွေက ကန့်လန့်ခံနေတော့မယ်။ အတော်ရှက်ဖို့ ကောင်းပါတယ်။

    ဒီလိုတွေ ပြောလို့ အင်းစိန်သွားရမယ်၊ အဝီစိသွားရမယ်ဆိုရင် ရှင်ကုတို့ ထိပ်ဆုံးတန်းက ပျော်ပျော်ကြီး သွားမယ် ….
    ==========
    http://www.ashinkusala.com/2011/12/blog-post_15.html
    အထက်ပါလင့်ခ်မှ.. ကူးယူခြင်းဖြစ်ပါသည်။

  • ကိုပါကြီး

    December 19, 2011 at 5:15 pm

    ဒီမိုကရေစီ အစိုးရဆိုတာက ဘာသာရေးတွေမှာ ဘက်လိုက်မှုမရှိပဲ ကျင့်သုံးပေးရမှာ။ ဒီကိစ္စမှာ သံဃမဟာနာယက (မဟန)က အစိုးရနောက်လိုက် လုပ်ချင်နေပုံ ရတယ်။ ကိုယ့်ဘာသာ ဓမ္မလမ်းကြောင်းအရ မရှင်းနိုင်ပဲ ထစ်ခနဲရှိ အစိုးရ ကူပါ။ ကယ်ပါနဲ့၊ အစိုးရအာဏာကို သွား နားပူနေတော့ ကြာရင် အစိုးရပါ နံမယ်ပျက်လိမ့်မယ်ထင်တယ်။ ဓမ္မစက်ကို အာဏာစက်နဲ့ ကူရတယ်ဆိုတာ အစိုးရ အာဏာကို ပြောတာမဟုတ်ပါ။ ဓမ္မစက်ဆိုတဲ့ တရားတော်ကို ဗုဒ္ဓရဲ့ အာဏာဒေသနာလို့ ဆိုရတဲ့ ဗုဒ္ဓအာဏာစက်ဖြစ်တဲ့ ဝိနည်းတော်နဲ့ ကူပြီး ထိန်းရတာကို ပြောတာ၊ အစိုးရ အာဏာကို ပြောတာမဟုတ်ပါ။ ဓမ္မလမ်းကြောင်းနဲ့ မရရင် ဝိနည်း အာဏာလမ်းကြောင်းအရ အလွန်ဆုံး ရဟန်းတစ်ပါးကို ပကာသနိယကံ ပြုယုံအပြင် ဘာမှလုပ်လို့ မရပါ။ အခုတော့ အစိုးရကို နားပူနားစာ လုပ်ပြီး သူတို့ ဓမ္မလမ်းကြောင်းနဲ့ မရတာနဲ့ လူဝတ်လဲခိုင်းရတာနဲ့၊ ဖမ်းခိုင်းရတာနဲ့၊ ဘုရားတောင်မလုပ်တဲ့ အလုပ်တွေလုပ်နေတာ အဲဒါ အာဏာရှင် မဟန ပဲ။ ဒါဗုဒ္ဓဘုရားနောက်လိုက် မလုပ်ပဲ၊ လူ အစိုးရ နောက်လိုက် လုပ်ချင်နေတာ။ အဲဒါ ဒီခေတ်အစိုးရတွေကလည်း နည်းနည်း ပါးနပ်လာကြတော့ သူတို့ ခိုင်းတိုင်း မလုပ်ကြတော့ဘူး၊ ဒါ့ကြောင့် မဟနတွေ အကျပ်ရိုက်ပြီး ဥက္ကဋ္ဌဆရာတော်က တစ်မျိုး၊ အဖွဲ့ဝင်တွေက တစ်မျိုးနဲ့ ဗိုလ်တစ်ထောင်တွေ ဖြစ်နေကြပြီ။ ဝိနည်းအာဏာစက်နဲ့ ကိုင်တွယ်ဖို့ကြတော့ သူတို့ကိုယ်တိုင်က ဝိနည်းနဲ့မှ မညီကြတာ ဆိုတော့ ” ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု “လို့ အော်နေတာတွေဟာ စဉ်းစားစရာပါ။

  • mggwa

    December 20, 2011 at 2:23 pm

    အစိုးရက သံဃမဟာနာကအဖွဲ့ကို အသုံးချတာလား။ သံဃာ့မဟာနာယကအဖွဲ့က အစိုးရကို အသုံးချတာလား။ ကြားရတာတော့ သံဃာမဟာနာယကဘုန်းကြီးတွေက သူတို့ကိုယ်တိုင်ဝိနည်းနဲ့ မညီကြတော့ ရဟန်းတော်တွေကို ဝိနည်းနဲ့ အရေးမယူရဲဘူး။ ဒီတော့ သူတို့သဘောမကျတာနဲ့ အစိုးရကိုပဲ အတင်းအကြပ် ပူစာပြီး ဖမ်းခိုင်း၊ လူဝတ်လဲခိုင်းနဲ့ သံဃာတွေကို အနိုင်ကျင့်နေတဲ့ အဖွဲ့ပဲ။ ဒါ ဘာသာရေးအကြောင်းပြပြီး အစိုးရကို အသုံးချနေတာ။ မသိရင်တော့ အစိုးရကပဲလုပ်သလိုလို။ အခုတော့ အစိုးရသစ်ကလည်း သဘောပေါက်လာတော့ သူတို့ ခိုင်းတိုင်း မရတော့ဘူးလို့ သိရတယ်။ သံဃာအများသဘောကျ ဒီမိုကရေစီနည်းလမ်းမှန် အဖွဲ့ဖြစ်ဖို့လိုပြီ။ အခုကတော့ မဟနကိုက အာဏာရှင် ဘာသာရေးအဖွဲ့ဖြစ်နေပြီ။

Leave a Reply