မန္တလေးမြို့ရှိ သုံးစွဲသူနည်းသော အင်တာနက်ဆိုင်များမှာ အခြားအိမ်များသို့ လိုင်းခွဲရောင်းချပေးခြင်းဖြင့် ရပ်တည်လာကြကြောင်းသိရသည်။ မန္တလေးမြို့တွင် အင်တာနက် သုံးစွဲသူများမှာ အင်တာနက်သုံးစွဲရာတွင် ဈေးနှုန်းအပြင် Webcam, Earphone တို့ပြည့်စုံမှုရှိမရှိ၊ အဲယားကွန်းအေးမအေး၊ သုံးစွဲရာတွင် Privacy ရှိမရှိတို့ကိုပါ စဉ်းစား၍ ၄င်းတို့၏ လိုအပ်ချက်များ ပြည့်စုံမှုရှိသည့်ဆိုင်များကိုသာ ရွေးချယ်လာကြရာ အချို့ဆိုင်များတွင် လိုင်းခွဲရောင်းပေးမှသာ စီးပွားရေးအရ အဆင်ပြေနိုင်ကြောင်း အင်တာနက်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးမှ ရှင်းပြသည်။ “အင်တာနက်သုံးတဲ့သူတွေအနေနဲ့ အဲကွန်အေးတဲ့ဆိုင်ကို ရွေးပြီး အများဆုံးသုံးဖြစ်ကြတယ်။ ဒီဘက်ပိုင်းမှာ မီးမလာတာများတော့ အဲကွန်းအတွက် ဂျင်နရေတာသုံးရင်မကိုက်တော့ ပန်ကာလောက်ပဲ ဖွင့်ပေးဖြစ်တယ်။ အဲဒါကြောင့် နေ့ခင်းပိုင်းတွေမှာ လူသိပ်မလာတော့ ဆိုင်စရိတ်ကာမိအောင် ဘေးအိမ်တွေကို Router သုံးပြီး လိုင်းခွဲပြီးရောင်းပေးထားတယ်။ လောလောဆယ်တော့ ဆယ်အိမ်လောက်လိုင်းခွဲပေးထားပြီး တစ်လိုင်းကို တစ်လနှစ်သောင်းနှုန်း ယူပါတယ်” ဟု မြို့သစ်ပိုင်းမှ အင်တာနက်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောကြားသည်။ “ အိမ်မှာက Laptop ရှိတော့ အားတဲ့အချိန်မှာ အင်တာနက်သုံးလို့ရအောင်ဆိုပြီး ဘေးကအင်တာနက်ဆိုင်ကနေ လိုင်းခွဲပြီး ယူထားတာပါ။ ကော်နက်ရှင်ကတော့ ဆိုင်မှာသုံးသလိုပါပဲ။ ကောင်းတဲ့အခါလည်းရှိသလို မကောင်းတဲ့အခါလည်း ရှိတာပေါ့။ ဒါပေမဲ့ တစ်လနှစ်သောင်းနဲ့ အိမ်မှာအင်တာနက်လိုင်း ရှိနေတော့ ကြိုက်တဲ့အချိန်မှာ အင်တာနက်သုံးလို့ရတယ်။ လွတ်လွတ်လပ်လပ်လည်း သုံးလို့ရတယ်ဆိုတော့ အဆင်ပြေပါတယ် ” ဟု အင်တာနက်အသုံးပြုသူတစ်ဦးမှ ပြောကြောင်း ၂၀၁၀ခုနှစ် မေလ ၂၇ရက်နေ့ထုတ် အင်တာနက် ဂျာနယ်တွင် ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..