“ငယ်ငယ်တုန်းက ခေါင်းလောင်းသံ ငါး”(တနှစ်ထဲပါ……………..)

“ငယ်ငယ်တုန်း ခေါင်းလောင်းသံ အပိုင်းငါး”

(တစ်နှစ်ထဲပါ…………….)

 

1968ခုနှစ် ကတော့ဘဝမှာအမှတ်တရ။ ကျနော့်ဘဝမှာကြီးမားသောအပြောင်းအလဲကြီးတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။

အဲဒါကတော့ ကျနော်တို့အဖေနဲ့အမေကွာရှင်းပြတ်စဲကြတာပါဘဲ။

ရုပ်ရှင်ထဲကလို လဲငိုယိုပြီးတောင်းပန်တာတွေဘာတွေမလုပ်နိုင်ပါဘူး။

လေးတန်းကျောင်းသားတစ်ယောက်အနေနဲ့ဘာမှလဲရေရေရာရာ မသိလိုက်ပါဘူး။

အဖေနဲ့အမေစကား မများစဘူး တစ်ယောက်တစ်ခွန်းစကားများကြတာကိုတော့သိတယ်။

အဲဒီနေ့က အမေကျနော်တို့နဲ့အတူမအိပ်တာကိုသိတယ်။

အဲဒီရက်တွေက စပြီး  ကျနော်တို့မောင်နှမတစ်တွေခါတို်င်းလိုအိ်မ်မှာမနေခဲ့ရတော့ပါဘူး။

မနက်အဖေအလုပ်သွားရင်အဖေနဲ့အတူ 25လမ်းကျုံးဒေါင့်ကအိမ်ကိုလိုက်၊

ညနေဆိုရင်လဲ ညစာထမင်းစားပြီးမှ ပုလင်းဝင်းကအိမ်ကိုပြန်ပြီးအိပ်ကြပါတယ်။

ကျနော်တို့ငှားထားတဲ့အိမ်က နှစ်မစေ့သေးလိုဆက်နေတာပါတဲ့။

ကျောင်းမဖွင့်ခင် လပိုင်းအလိုမှာတော့ ကျနော်တို့ 25လမ်းအိမ်ကို အပြီးပြောင်းလာပါတော့တယ်။

 

ကျောင်းတွေဖွင့်တော့မယ်ဆိုတော့ အမေနဲ့နီးတဲ့ ဒိုင်အိုကျောင်းမှာ

ကျောင်းဆက်မထားတော့ပါဘူး။

25လမ်းအိမ်နဲ့နီးတဲ့ကျောင်းမှာထားမယ်ဆိုပြီးစီစဉ်ပါတော့တယ်။

ကျနော်တို့ 25လမ်းနားမှာ အမှတ်တစ်အထက်တန်းကျောင်းရယ် နေပြည်တော်ကျောင်းရယ်ရှိပါတယ်။

ကျောင်းတွေဖွင့်ခါနီးတော့ ဒိုင်အိုကျောင်းကထွက်ပြီး အိမ်နဲ့နီးတဲ့ “နေပြည်တော်ကျောင်း”လို့

အမည်တွင်တဲ့ အမှတ်(17)ကျောင်းကိုပြောင်းရတာပါဘဲ။

အဲဒီကျောင်းကတော့ 23နဲ့24လမ်းကြား လမ်း80ပေါ်မှာရှိပါတယ်။

ကျောင်းရဲ့တောင်ဘက်မှာတော့ နာမည်ကျော် ဓမ္မဗိမ္မာန်။

တရားပွဲတွေ၊စာပေဟောပြောပွဲတွေ၊တရားသင်တန်းတွေကျင်းပတဲ့ခန်းမပါဘဲ။

 

သူနောက်ကျောမှာတော့ ဆေးရုံ။

ရှေးကတည်းက ရှိတဲ့ သားဖွားမီးယပ်ဆေးရုံကြီးပါဘဲ။

အပွင့်လင်းဆုံးပြောရရင် နေပြည်တော်ကျောင်းရောက်တော့ စိတ်ထဲမှာကျဉ်းကျပ်သွားပါတယ်။

ငယ်ငယ်ကတည်းက နေလာတဲ့ကျောင်းမှန်သမျှ ကျောင်းဝင်းကျယ်ကျယ်ကြီးထဲမှာနေလာတာ။

အခုကျောင်းရောက်တော့ ဝင်ဝင်ခြင်း မြောက်ဘက်မှာ ဆရာကြီးအိမ်။

တောင်ဘက်မှာတော့ ရေစင်။

ရေစင်ရဲ့နောက်မှာ နှစ်ထပ်ဆောင်။

နှစ်ထပ်ဆောင်ဘေးမှာတော့ ရှေးကတည်းကရှိတဲ့ပင်မဆောင်ကြီး။

သူ့ဘေးမှာတော့ နောက်ထပ်အဆောင်တစ်ခု။

ပင်မဆောင်ကြီးရှေ့မှာတေ့ာ ကွက်လပ်၊

ကျနော်ငါးတန်းတက်တော့ ရေစင်နောက်က နှစ်ထပ်ဆောင် အောက်ထပ် အလယ်ခန်းမှာတက်ရပါတယ်။

အစကတော့ ထရံကာနောက်တော့ အုတ်နံရံကာတဲ့ အဆောင်အဖြစ်ပြောင်းသွားပါတယ်။

အဲဒီအဆောင်ကိုပြင်နေတဲ့အချိန်တုံးကတော့ အလည်ပင်မဆောင်ကြီးမှာခဏပြောင်းပြီးနေခဲ့ရပါတယ်။

ငါးတန်းဆိုတဲ့အလည်တန်းရောက်တဲ့အခါ ပထမဆုံးထူးခြားချက်က

တစ်ဘာသာကို ဆရာတစ်ယောက်စသင်တာပါဘဲ။

ကျနော်တို့မှာလည်း ငါးတန်းရောက်မှ အေဘီစီဒီ စသင်ရပါတယ်။

ကျနော်ကတော့ ငယ်ငယ်က သင်ထားဘူးတော့အခက်အခဲမရှိပေမယ်။

အင်္ဂလိပ်စာ ကို ကြီးမှသင်ရတဲ့ကျောင်းသားများအတွက်ကတော့ ခက်သပေါ့၊

ကျနော်တို့ရဲ့ အင်္ဂလိပ်စာ ဆရာမကတော့ ဒေါ်ခင်ရီစိုး လို့ထင်ပါတယ်။

ဆရာမက 83လမ်း 23-24လမ်းချစ်ညိုပုံနှိပ်တိုက်နဲ့မျက်နှာခြင်းဆို်င်မှာနေတာကိုတော့

မှတ်မိနေပါတယ်။

ငါးတန်းအတန်းပိုင်ကတော့ ဒေါ်မြင့်မြင့်သိန်း။

အရပ်ပုပုလူသေးသေး စေတနာကတော့ အတော်ကြီးတဲ့ ဆရာမလို့ မှတ်ယူနို်င်ပါတယ်။

သချင်္ာဆရာမတော့ အင်မတန်မှရှိုးကျကျဝတ်စားတတ်တဲ့ ဒေါ်မမကြီး။

ဆရာမအကိုက ညနေဆိုရင် ဆရာမကိုလာကြိုလေ့ရှိပါတယ်။

ဘော်ဒီလှလှ စမတ်ကျကျနဲ့ အကိုကြီးကို ငေးကြည့်ရတာအမောပါဘဲ။

ကျောက်ပေါက်မာသဲ့သဲ့ ပါတဲ့ဆရာမြင့်ကတော့ သမိုင်းသင်ပါတယ်။

ပထဝီဆရာကတော့ ဦးဝင်းမောင်လို့ထင်ပါတယ်။

ကျနော်သိပ်မမှတ်မိပါဘူး။

မှတ်မိတာပြောရရင် ငါးတန်းတုန်းက PT လုပ်ရတဲ့ အကြောင်းပါ။

အရင်ကျောင်းတွေတုန်းက PTချိန်ဆိုရင် ကိုယ့်ကျောင်းဝင်းထဲမှာကိုယ်လုပ်ရပါတယ်။

အခုကျောင်းကတော့ နေရာကျဥ်းတော့ အဲဒီအချိန်ဆိုရင် ကျောင်းသားအားလုံးတန်းစီပြီး

ကျုံးဘေးမှာ ကိုယ်လက်ကြံ့ခိုင်ရေးလုပ်ရတာပါ။

အဲဒီတုံးက ကျုံးဘေးမှာ ရေတမာပင် ကျနော်တို့အခေါ်တည်ပင်တွေရှိတော့ အရိပ်ရပါတယ်။

တစ်ခါတစ်လေတော့ လဲ  ကျုံးအတွင်းဘက်က မြိုရိုးဘေးထိခေါ်သွားတတ်ပါတယ်။

PT ဆရာကြီးနာမယ်ကတော့ ခပ်ဆန်းဆန်း ဆရာကြိး Jဘခင်ပါ။

အဲဒီတုန်းက ကျောင်းအုပ်ကြီးကတော့ ဆရာကြီး ဦးအောင်ခင်မြင့်ဖြစ်ပါတယ်။

စည်းကမ်းတင်းကျပ်တဲ့ ဆရာကြိီးပါဘဲ။

PTချိန်မှာထူးထူးခြားခြားဖြစ်ခဲ့တာကတော့ တစ်ခါသားမှာ PTလုပ်နေတုန်း

ကျုံးဘေးမှာလွှတ်ထားတဲ့ဆိတ်တစ်ကောင်က ကျနော်တို့ကို ဝင်ခွေ့တာပါဘဲ။

ကျနော်တို့ သူငယ်ချင်းတွေထဲမှာ “ဝေလင်း”ဆိုတဲ့သူငယ်ချင်းကအသံကောင်းပါတယ်။

အဲတော့ ဆရာဂျေက တစ်ခါတစ်လေ သူ့ကို ပီတီချိန်မှာသီချင်းဆိုခို်င်းတတ်ပါတယ်။

သူကလဲ သီချင်းဆိုရရင်ပျော်လို့။

အဲဒီတုန်းက သူက ဝင်းဦးရဲ့ “တိမ်လွှာမို့မိုလွင်”သီချင်းကို ဟန်ပန်အပြည့်

(အခုခေတ်လိုပြောရရင် ပါဖော့်မင့်အပြည့်)နဲ့ဆိုပြတတ်ပါတယ်။

နောင်မှာတော့ သူ မန်းလေးမြို့ တီးဝိုင်းတွေမှာ သီချင်းဆိုပါတယ်။

သူ့အသံက ဇော်ဝမ်းနဲ့ဆင်တော့ လူကြိုက်များခဲ့ပါတယ်။

 

ထူးထူးခြားခြား အဲဒီနှစ်က ကျနော်တို့အစမ်းစာမေးပွဲဖြေနေရက်တန်းလန်းကြီး

ကျောင်းပိတ်လိုက်တာကို ကြုံခဲ့ဘူးပါတယ်။

ကျနော်တို့စာမေးပွဲမတိုင်ခင်ရက်တွေက မန်းလေးမှာ ကျောင်းသားတွေဆန္ဒပြနေပါတယ်။

စစခြင်းညနေ မိုးနဲနဲချုပ်မှ လမ်းမပေါ်ထွက် တန်းစီပြီးလှည့်ကြတာပါ။

သူတို့ရဲ့ အရှေ့ဆုံးမှာ သွေးစွန်းနေတယ်လို့ပြောတဲ့ အကျီကို အလံလိုထောင်ပြီးကိုင်လာပါတယ်။

ဒီကျောင်းသားများကို ထောက်ခံအားပေးသူကလည်း သိသိသာသာကြီးတော့ မထောက်ခံရဲပါဘူး။

ကျောင်းသားတွေလာမယ့် ကျုံးဘေးမှာ ငှက်ပျောသီးတွေ စားစရာတွေ ရေအိုးတွေကို

ဘယ်သူမှမသိအောင်ချထားပါတယ်။

ဝိုင်းအုံပြီးလဲ ထွက်မကြည့်ရဲကြပါဘူး။

အိမ်ထဲကနေဘဲကြည့်ကြပါတယ်။

ကျနော်တို့စာမေးပွဲဖြေနေတဲ့တစ်ရက်မှာတော့ ကျောင်းဝင်းတံခါးဝမှာ သပိတ်မှောက်ကျောင်း

သားတွေရောက်လာပြိး ကျောင်းထဲက စာမေးပွဲဖြေနေတဲ့ကျောင်းသားတွေကို သူတို့နဲ့လိုက်ခဲ့ဘို့

လာခေါ်ပါတယ်။

ဒါနဲ့ဘဲစာမေးပွဲဖြေတာတွေကိုရပ် ကျောင်းနောက်ဘေးပေါက်ကနေ ဆေးရုံဝင်းထဲကနေထွက်ပြီး

အိမ်အပြန်ခိုင်းပါတယ်။

နောက်အမှတ်ရစရာတစ်ခုကတော့ ကျနော်တို့ အခန်းထဲက ကျောင်းသားတစ်ယောက်

စာမေးပွဲဖြေနေရင်း သေသွားခဲ့တာပါ။

ပထမနေ့စာမေးပွဲဖြေအပြီး သူတို့ကတောင်သမန်အင်းမှလှေသွားစီးရင်းသေသွားခဲ့တာပါ။

သူကကျနော့်ရှေ့တစ်ခုံကျော်မှာထိုင်တာပါ။

စာမေးပွဲပြီးတဲ့ အထိသူခုံနေရာက ကွက်လပ်ဆိုတော့ ကျနော်တို့မှာစာမေးပွဲသာဖြေနေရတယ်

ခပ်ကြောက်ကြောက်။

ဘာကြောက်လို့ ကြောက်မှန်းလဲမသိ။

ငါးတန်းက သူငယ်ချင်းတွေထဲမှာလဲမှတ်မိနေတဲ့သူငယ်ချင်းတွေရှိပါသေးတယ်။

အမြဲတမ်း အတန်းထဲမှာပထမရတဲ့ တရုပ်မလေး နှင်းနှင်းယု၊

ကျောင်းတက်ရင်းတန်းလန်း ကျောင်းထွက်သွားတဲ့မြင့်သန်း၊

ဘူူတာကြီးထဲမှာေ နတဲ့ ခင်မောင်စိုး၊

မြောက်ပြင်မှာနေတဲ့ ဝင်နီထွေး၊

တံခွန်တိုင်စစ်တပ်ထဲကနေ ဒီအထိ ကျောင်းလာတက်တဲ့ မြလှိုင်။

26ဘီလမ်းမှာနေတဲ့ ငရဲလို့ခေါ်တဲ့ ကိုရဲ သူတို့လောက်ဘဲမှတ်မိပါတယ်။

အခုတော့ သူတို့လဲဘယ်ရောက်လို့ရောက်မှန်းမသိ။

သိသူကလဲ ကိုယ့်ကို မမှတ်မိ။

အမှတ်ရတာလေးတစ်ခုကတော့  အတန်းထဲမှာ ပထမ ဒုတိယရတဲ့ကျောင်းသားတွေကိုဘဲ

ပေါ်ပလင်ပိတ်စ အဖြူရောင်  တစ်ဝတ်စာ ကို အစိုးရဈေးနဲ့ဝယ်ခွင့်ပေးခဲ့တာကိုပါ။

အဲဒီခေတ်က အစစအရာရာရှားပါးတယ်ဆိုတော့ ဝယ်ခွင့်ရသူက မက်မက်မောမောပါဘဲ။

 

ငါးတန်းကျောင်းသားဘဝကတော့ ကျနော့်အတွက်အခက်အခဲမရှိပါဘူး။

ဒါနဲ့ဘဲငါးတောင်အောင်လို့ ခြောက်တန်းတက်တဲ့နှစ်မှာ စိတ်ညစ်စရာကောင်းတဲ့

သတင်းတစ်ခုထွက်လာပါတယ်။

ကျနော်နေတဲ့ကျောင်းက နန်းရှေ့ကိုပြောင်းရမယ်ဆိုတာပါဘဲ။

တကယ်လဲပြောင်းရပါတယ်။

အဲတော့ အစကတည်းက ကျောင်းတစ်ကျောင်းထဲမှာနေဘို့ ကံပါမလာတဲ့ကျနော်

ဘယ်ကျောင်းကိုပြောင်းရမလဲဆိုတာကို လူကြီးတွေအုံးစားရပြန်ပါတယ်။

အခုခေတ်စကားနဲ့ပြောရရင် ကျနော်နေပြည်တော်မှနေလိုက်ရတာကတော့

တနှစ်ထဲပါ…………………

 

 

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(18-12-2011)

 

 

 

 

 

 

 

 

(ဆက်လက်ဖော်ပြပါမည်။)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။

(17-12-2011)

 

 

 

 

 

 

 

 

 

 

 

 

4 comments

  • ကြောင်ကြီး

    December 19, 2011 at 12:31 pm

    လေးပေါက်ကို
    ပြေးထောက် (ခွန်းထောက် 😛 )
    သွေးပျောက်လို့
    တွေးစောက်…
    ဒွေးငေါက်ကာ
    ဟေးခြောက်
    ရွေးကောက်ကွာ
    ခွေးနောက်။။။

  • လေးပေါက်ကိုပြေးထောက်
    ခွန်းထောက်ဆိုမှစိတ်သက်သာရ
    သွေးကတော့ မပျောက်
    ဆောင်းဆိုတော့ အိပ်ယာထဲသေးပေါက်မိမှာ
    တွေးကြောက်။
    ကလေးနှစ်ယောက်အဖေ ကိုကိုကြောင်ရေ

    • windtalker

      December 19, 2011 at 9:44 pm

      တစ်ရှူ ရှူး ရှူး
      အိုအေးအေးအို
      တစ်ရှူရှူးရှူး

  • ဒီပိုစ်က နှစ်ရက်ဆက်ရေးရတဲ့ပိုစ်လေ။
    ဒါကြောင့်ဆက်လက်ဖော်ပြပါမည်က နှစ်ခါတောင်ပါနေတာ

Leave a Reply