မဆုံးတဲ့….သီချင်း (၄၃)
နောက်သူတို့ဆီက တစ်ချို့ အသုံးကိုလည်း မှတ်ရသေးတယ်….။ မီးခြစ်ကို မီးဂတ် …..။ ဓါတ်မီးကို ဒုတ်မီး ဖယောင်တိုင်ကို မီးတိုင်….။ အဲဒါတော့ ချက်ခြင်းမှတ်မိသွားတယ်….။အဲ အနှုတ်လည်ပေးပါဆိုတာကြတော့ အကြွေခတ်ချင်လို့ တဲ့ …။ မြို့အနေအထားအရ မြို့သက်ရှည်နေပေမဲ့ သိပ်မတိုးတက်သေးဘူး…။ အဓိကတော့ လမ်းပန်းဆက်သွယ်ရေးကြောင့် လို့ ထင်တယ်…။ လမ်းတွေကမကောင်းဘူး….။ လမ်းတွေက မကောင်းတော့ ကားကောင်းကောင်းမရှိဘူး…။ ပိုက်ဆံရှိတဲ့ သူဌေးတွေ ၇ှိသတဲ့….။ ကားဝယ်စီးနိုင်ပေမဲ့ ဒီဘက်ယူမလာဘူး….။ မကွေးလိုနေရာမျိုးမှာ ထားပြီးလိုင်းပြေးနေတယ်…။ ရန်ကုန်မှာဝယ်ထားတယ်…။ တောင်သူ များတဲ့ အရပ်ဒေသပေမယ်လို့ အရင်နှစ်က ကြက်သွန်ဈေးကောင်းခဲ့လို့ ပိုက်ဆံတော်တော်ရခဲ့ကြတာပေါ့….။ နွားစာနဲ့ ထင်းရအောင် စိုက်ခဲ့တဲ့ ပဲစဉ်းငုံကလည်း ဈေးကောင်းရခဲ့ကြပေါ့……။ မကောင်းတာက ၀န်ထမ်းတွေပါပဲ….။ 1989 -ဧပြီမှ စပြီး လစာတိုးပေးတယ်ဆိုပေမဲ့ ရုံးစောင့် ရုံးအကူက 450 ပဲရသေးတယ်….။ အငယ်တန်းစာရေး လစာက 750 …။ အင်း…… အရင်ကနဲ့စာရင်တော့ တော်သေးတယ်ပြောရမှာပေါ့…..။ လ္ဘက်ရည် တစ်ခွက် တစ်ကျပ်ခွဲပဲ ရှိသေးတဲ့ မြို့ရောက်လာလို့…..။
နောက်နေ့ကျတော့ ဈေးကိုသွားကြတယ်….။ ဈေးက မနက်ပိုင်းလေးပဲ ရှိတာ….။ ဆယ့်တစ်နာရီထိုးတာနဲ့ ဈေးပိတ်ပြီးပြီး ဘာမှမရှိတာ့ဘူး…။ နေလည် လိုအပ်တာရှိရင် ဆင်ဖြူကျွန်းဈေးသွားဝယ်ရတယ်…တဲ့။ အဲဒိက ရေလမ်း (ဧရာဝတီ မြစ်နဲ့ တစ်မိုင်ကျော်လောက်ပဲဆိုတော့ )ခရီးက သာတယ်….။ ဆိုတော့ သွားရေးလာရေးကလည်း စလင်းနဲ့စာရင် ပိုပြီး လမ်းသာတာပေါ့…။ စလင်းက ကုန်လမ်း နွေရာသီသွားလမ်းလို့ ပထ၀ီထဲသင်ရတဲ့ လမ်းတစ်မျိုးထဲရှိတာကို….။ အင်း …..မိုးတွင်းဆိုရင် နေနံမြေ ကဆောက်ထားတဲ့ တံတားကနေ ဂိတ်ကြေးပေးပြီး မုန်းချောင်းနဲ့ မန်းချောင်းကို ဖြတ်ကြရတယ်ပြောတာပဲ….။ တံတားရှိတာတောင် ပိုက်ဆံပေးမှ ဖြတ်လို့ရသတဲ့….။ မှတ်သားလောက်ပါရဲ့….။ အဲကျောင်းသားဘ၀ကနေ ရုံး နဲ့ ဆက်နွယ်လာတော့ နဲနဲတော့ ကြောင်နေသေးတယ်…။ နောက်ပိုင်းရုံးနဲ့ ပါတ်သက်တာတွေ ပါလိမ့်မယ်…။ စိတ်ဝင်စားပါ့မလားမသိဘူး…။ သိတဲ့အတိုင်း နေ၀န်းနီကတော့ မဆုံးတဲ့သီချင်းဆက်ဆိုနေမြဲလေ……….။ ဘယ်နေရာရောက်ရောက် ပေါ့…။ စိတ်ညစ်တယ်ဆိုတာ ငယ်ငယ်လေးထဲက မလုပ်တတ်ဖူး..။ တစ်နည်းမဟုတ်တစ်နည်း နဲ့ စိတ်ညစ်တယ်ဆိုတဲ့ အရာကနေ ရှောင်ပြေးတတ်တာ အကျင့်ဖြစ်နေပြီ…။ အမေကတော့ “ နင်က ချေးကျရာပျော်တတ်တယ်” တဲ့….။ အားပေးတာ….။ နေ၀န်းနီတို့ မူးလာရင် ဘာသီချင်းဆိုသလဲ သိလား ? ဂျာအေးသူ့မေရိုက်သလို ဆိုတဲ့ ကိုထီးရဲ့ “ အကြီးတစ်လုံး အသေးတစ်လုံး “ ဆိုတဲ့ သီချင်းအမြဲ ဆိုဖြစ်တယ်….။ cho; ပိုဒ်လို့ခေါ်တဲ့ သံပြိုင်အပိုဒ်ပြီးရင် အသံဝါးကြီးနဲ့ ….။ “ ကောင်မလေး……….နင့်ကြောင့် ငါအရာက်သောက်တယ်ဟေ့….. သစ္စာ မရှိတဲ့ ဆံတိုမလေး ကောင်မလေးးးးးးး “ ဆိုရင် သီချင်းကအစက ပြန်ရောက်သွားပြန်ရင်းး လည်ထွက်နေတာပဲ….။ အဲဒိသီချင်းလေးလိုပဲ…. နေ၀န်းနီတို့လည်း အရက်လေးသောက်လိုက် အမူးလေးပြေမဲ့ကြံ အရက်သောက်ဖို့ ခေါ်တဲ့ အဖော်နဲ့တွေ့လိုက်…။ ဒါမှမဟုတ်ရင်လည်း အမေမပြူး အမူးမပြေလို့ ပြန်ဖြေလိုက်နဲ့ ပတ်ခြာလည်ရိုက် အရက်သံသရာ ၀ဲဂယက်မှာ တစ်ဝဲလည်လည်နဲ့ နေခဲ့ရပုံပါ…..။
အဲဒိလို နေရင်းနဲ့ အဖေနဲ့ ရုံးမှာ ဟိုဟာလေးလုပ်ကူလိုက် …။ ဒီစာလေး ရိုက်ပေးလိုက်နဲ့ တစ်ရက်တော့ ဖွဲ့စည်းပုံအရ ရုံးအကူ ခန့်ခွင့် ကျလာတယ်….။ နေ့စားနေ့ရှင်းပါ…။ တစ်ရက် ဆယ့်ငါးကျပ် တစ်လ ရုံးပိတ်ရက်တွေ နှုတ်လိုက်ရင် သုံးရာကျော်လောက်ပဲရမှာပါ….။ ပြန်တမ်းဝင်အရာရှိမှ အဲဒိတုန်းက 1250/ ပဲရှိသေးတာ….။ ဒါပေမဲ့ မန်နေဂျာ ကိုခင်မောင်စိန်တို့ ကုလားဖန်ထိုးလိုက်ပုံက လက်ရှိရုံးစောင့်ကို ရုံးအကူတိုးပေးလိုက်ပြိး နေ၀န်းနီလုပ်ချင်ရင် ရုံးစောင့် ၀င်လုပ်လိုက်တဲ့….။ ပြိးတော့ ပြောသေးတယ်….။
‘“မင်းကဆယ်တန်းအောင်ပြီးသားဆိုတော့နောက်စာရေးဖြစ်မှာပါ…။သူကတော့ ဆယ်တန်းမအောင်သေးတဲ့သူ ဆိုတော့ ပြီးတော့ ရှေ့ကနေအနစ်နာ ခံထားရတာကြာပြီဆိုတော့ ဦးစားပေးလိုက်ပါတဲ့…။”
အပြောကတော့ ကျ -ကျသေးတော့…..။ နေ၀န်းနီအဖေကတော့ ညွှန်ကြားချက်နဲ့ လုပ်တုံးလုပ်နည်းနဲ့ ညီရင်လုပ်ပါလို့ပဲ ပြန်ပြောလိုက်တယ်……။ မန်နေဂျွတ် ကိုခင်မောင်စိန် မျက်နှာပျက်သွားပြီး ဟိုတစ်ဘက် ဒီအက်စ် (ဒုတိယကြီးကြပ်ရေးမှူး) နဲ့ တိုးတိုး တိုးတိုး သွားပြောနေလေရဲ့……။ မကြာပါဘူး…။ ကြွေးဟောင်းကောက်ခံရေးအတွက် တိုင်းရုံးက စီမံချက်ဆွဲခိုင်းလို့ စီမံချက်ရေးဆွဲကြ….။ ကျေးရွာတွေ ဆင်းဖို့ ပြင်ဆင်ကြနဲ့ အလုပ်ရှုပ်သွားလို့ နောက်မှ ဆက်ပြောမယ်ဆိုပြီး ထားလိုက်ပါတော့တယ်….။ နေ၀န်းနီတို့ သားအဖ လည်း ခွဲဝေ ရွာတွေကို ဆင်းပေါ့…..။ အစထဲက အဖော်အဖြစ်လိုက်လာတာဆိုတော့ အဖေသွားတဲ့ ရွာ နောက်က လိုက်ရပါတယ်….။ ဟီး ရွာတွေ ရောက်တော့ အရက်ဝိုင်းထဲ တရားဝင် ၀င်ထိုင်ပြီး အာဖျံကွီးလို့ရတယ်လေ….။ အဲဒိလိုနောက်ကနေ လိုက်နေရတာက ပျော်တော့ ပျော်စရာကောင်းသား ….။ နောက်ကျတော့ အဲဒိလိုလိုက်ရင်းလိုက်ရင်းနဲ့ ရုံးရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေ စည်းကမ်းချက် ညွှန်ကြားချက်ဆိုတာတွေ နားရည်ဝ လာပါတော့တယ်….။ ကိုမြင့်အောင်က မင်းလည်း တစ်နေ့ အလုပ်ဝင်မှာ ဆိုတော့ နဲနဲ ချင်းလေ့လာထား မသိတာရှိရင် ငါ့ကိုမေး လို့ လမ်းဖွင့် ပေးထားပါတယ်….။ သူကအကြီးတန်းစာရေးပါ…။ စီနီယာက လပ်ခ် ပေါ့…။ (senior clerk) ပါ…။ တစ်ခြားရုံးတွေ အခေါ်ကတော့ (U.D) (Upper Division clerk )နဲ့ ရာထူးခြင်းလစာချင်းတူပါတယ်….။ ဒီလိုနဲ့ မောင်နေ၀န်းနီလေးကလည်း လေ့လာသင်ယူဖြစ်တယ်ဆိုပါတော့…..။ ကျောင်းက ပြောင်းသွားတာနော် ….။ တက္ကသိုလ်က လက်တွေ့ သင်ခန်းစာမသင်လိုက်ရပေမဲ့ …။ အခုကျောင်းကတော့ စာတွေ့ထက်လက်တွေ့ကော…..။ နေ့စဉ်အချိန်နဲ့ အမျှ စာမေးပွဲတွေကော…။ သင်ရင်းနဲ့ ဖြေ ဖြေရင်းနဲ့ လေ့လာ …။ အားပါးပါး ကျောင်းပညာ တစ်ပိုင်းတစ်စ နဲ့ အလုပ်ခွင်မှာ ဘယ်လိုရှုပ်ခဲ့သလဲ သိချင်ရင်တော့ ဆက်သာဖတ်ကြည့်ကြပါတော့လို့……….

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010