အသူရာချစ်ခြင်းဖြင့် စစ်ခင်း၍ယူပါ့မည်။

koyin sithuDecember 20, 20111min20914

“အိသဒ္ဓါမိုး… ရယ်…”
ဖြတ်သန်းသွားတဲ့ လေနုအေးတွေထဲမှာ အဲ့ဒီနာမည်လေးက ဖူးပွင့်လွင့်မျောသွားပါရဲ့။ တကယ်ဆို ရင်ခုန်သံတစ်ခုကို အလွယ်တကူ ပြုပြင်ဖာထေးဖို့ ငါမတတ်နိုင်ခဲ့တာအမှန်ပါ။ နင်နဲ့ ပတ်သက်တဲ့အကြောင်းအချက်တစ်ခုခုကို ပြန်တွေးမိတိုင်း ငါ့ရင်တွေဟာ လှိုင်မောပြိုစီးနေတတ်တယ်။ တိုးတိုးတိတ်တိတ်ကြေကွဲဖို့ပဲ ငါအခါခါ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ရပါဘူး။ နင်က ဆူညံပေါက်ကွဲနေတဲ့ ငါ့ရဲ့မီးတောင်ငယ်လေးတစ်ခု မဟုတ်လား…။
ဘာပဲဖြစ်ဖြစ် အိသဒ္ဓါမိုး ရယ်…. နင့်ဆန္ဒအမှန်ကို ရိုးဖြောင့်စွာ ပြောပြတဲ့အတွက်ရော၊ နင့်အသံစူးစူးလေးတွေနဲ့ တောင်းပန်တဲ့အတွက်ရော… မလိုအပ်ပေမယ့် နင့်ကိုငါကျေးဇူးတင်ပါတယ်။ ငါတို့နှစ်ယောက်ကြားမှာရှိတဲ့ သူငယ်ချင်း နံရံကြီးကို အခါအားလျော်စွာ ငါကကျော်ဖြတ်ဖို့ လွန်မြောက်ချင်နေခဲ့မိတာ….။ ကဗျာလေးတွေကို ချစ်တတ်ပေမယ့် ကဗျာရေးတဲ့ကောင်ကို ချစ်ဖို့ နင်မကြိုးစားနိုင်ခဲ့ဘူး။ ဆေးရုံအနံ့ကို မနှစ်သက် မုန်းတီးပေမယ့် ဆေးကျောင်းသားဆိုတဲ့ ကောင်ကို ချစ်ဖို့တော့ နင်ကကြိုးစားခဲ့တယ်။
ရပါတယ်… အိသဒ္ဓါမိုး ရယ်…။။ “ငါမှားသွားလို့ပါဟယ်” ဆိုတဲ့ နင့်အသံစူးစူးလေးတွေကိုပဲ ငါက တမက်တမော မျှော်လင့်ခဲ့ရတာပါ။ နင်ဘေးနားမှာဝိုင်းပြီး နင့်ကိုချစ်တယ်…. ချစ်တယ်လို့ တတွတ်တွတ်လိုက်ပြောနေတဲ့ ကောင်တွေကို ငါအရမ်းရယ်ချင်တာပဲ။ ဒါပေမယ့် သူတို့ကို ငါကိုယ်ချင်းစာပါတယ်။ နင်အလှကို ပုံဖော်ပေးနေတဲ့ ဟီးလ်မြင့်မြင့်ကြီးတွေ၊ နှုတ်ခမ်းနီရောင်လေးတွေ၊ အသာပျော့ပျော့နဲ့ ကိုယ်ကျပ်အကျီရောင်စုံတွေကို သူတို့လည်း ရင်ခုန်မိကြမှာပေါ့…။
သူတို့အားလုံး နင့်ကို ငါထက် ပိုချစ်ကြနိုင်တယ်ဆိုတာ ဟုတ်ကောင်းဟုတ်မှာပါ။ ဒါပေမဲ့ ငါ့လိုတော့ မြတ်နိုးစွာ ချစ်တတ်လိမ့်မယ်လို့ ငါမထင်မိပါဘူး။
ငါက…. နင့်ကို မြတ်နိုးစွာ ချစ်ခဲ့တဲ့ကောင်ပါ အိသဒ္ဓါမိုး ရယ်…..
ထိုနေ့သည် ဒီဇင်ဘာနှင်းပွင့်တို့ သိပ်ခရီးမတွင်သော ဆောင်းတစ်နေ့ဖြစ်လေသည်။ ကျွန်တော့်နာရီတွင် စက္ကန့်လေးများ ခုတ်မောင်းလျက်ရှိ၏။ လေပြည်တို့က အအေးဓါတ်နှင့် ကျွန်တော့်ဆံပင်တိုလေးများကို လွင့်ဝဲစေပြီး လွန်စွာ အချိုးအစားကျနေလေ၏။
တက္ကသိုလ်ပင်မရှိ ကန်လ်တင်းဆိုင်လေးများမှာ ဒီနေ့မှ ပို၍ လှပနေသည်ဟု ကျွန်တော်က ထင်မိနေသည်။ ခဏနေရင် အိသဒ္ဓါမိုးတို့ သူငယ်ချင်းတစ်စု လာကြလိမ့်မည်။ ထုံးစံအတိုင်း သူတို့ အုပ်စု ဝင်လာလျှင် ဆိုင်သည် ပိုမိုစည်ကား သွားတတ်စမြဲ….။ ရင်ငြိမ်းအေးရဲ့ ရှမ်းသံဝဲဝဲလေးများ၊ ဆူးငယ် ရဲ့ ခပ်ဩဩယောက်ျားသံလေးများ၊ ပြီးတော့ အိသဒ္ဓါမိုး ရဲ့ အသံစူးစူးလေးတွေ…။ ကျွန်တော်က ကြိုတင်ရင်ခုန်သွားသည်။
အိသဒ္ဓါမိုး …။ ကျွန်တော်က သူမကိုမြင်လျှင် မျက်နှာပူနေဦးမှာ သေချာသည်။ အိသဒ္ဓါမိုး ကို ကျွန်တော်က ကဗျာလိုလို စာလိုလိုရေးထားသော ရည်းစားစာတစ်စောင်ပေးထားသည်။ အဲ့ဒီစာကို အိသဒ္ဓါမိုး ဖတ်သည့်အခါ သူမမျက်နှာပေါ်တွင် မည်သို့ရှိမည်လဲဆိုတာကို ကျွန်တော်သိချင်၏ တစ်ပြိုင်နက်တည်းပင် ကျွန်တော်ကမသိချင်ပြန်။
ကျွန်တော့်စာကိုဖတ်ပြီး အိသဒ္ဓါမိုးက ကြည်ကြည်သာသာ၊ ရှက်ရွံ့ရင်ခုန်နေလျှင် အကြောင်းမဟုတ်ပေမယ့် စာကို ဖတ်ပြီး စိတ်ဆိုးဒေါသ ထွက်၍ စုတ်ဖြဲပစ်လိုက်မည်ဆိုပါက သွားပြီ။ ကျွန်တော် မခံစားရဲ။ မခံစားနိုင်မှာသေချာသည်။ ပြီးတော့ သူမက ကျွန်တော့်ကို အခွင့်အရေးသမား ဟုလည်း ထင်မြင်သွားနိုင်သေးသည်။ နောက် အိသဒ္ဓါမိုးက ကျွန်တော်တို့ သူငယ်ချင်းအုပ်စုထဲတွင် ကျွန်တော်နဲ့ ခံစားချက်ချင်း အနီးစပ်ဆုံးသူ။ ကျွန်တော်ရေးသည် ကဗျာဆိုလျှင် ဦးဦးဖျားဖျား တောင်းယူဖတ်ရှူ့သည့် ကျွန်တော်၏ ပရိသတ်၊ ဖတ်ပြီးသွားလျှင် အရမ်းကောင်းတာပဲဟု ကျွန်တော် ဘဝင်မြင့်လောက်အောင် ချီးမွမ်းသည့်သူ…။ အခုလည်း ကျွန်တော်က အိသဒ္ဓါမိုးကို ကဗျာပေးဖတ်သလိုနဲ့ ရည်းစားစာ ပေးလိုက်တာ ထိုစာကို အိသဒ္ဓါမိုးက ကျွန်တော့်ကဗျာပဲဟုအောက်မေ့လျက် လက်ခံထားခြင်းဖြစ်သည်။
အနုပညာသူငယ်ချင်းဆိုသော ဝေါဟာရများကို ကျွန်တော်က ခုတုံးလုပ်လိုက်သည့်ဖြစ်ရပ်၊ သေချာတွေးကြည့်တော့မှ ကျွန်တော်သည် တစ်စုံတစ်ရာကို ကြောက်နေမှန်းသတိထားမိ၏ ခက်ပြီ။ ချစ်ခြင်းတစ်ခုအတွက် ကျွန်တော်က ရဲရင့်သင့်နေပါလျက် ဘာကြောင့်စိုးရွံ့နေသနည်း။ ထိုမေးခွန်းသည် ဖြေမရ။
“ဝေါခနဲ”ဆိုသလို ဆူညံသံများနှင့် အိသဒ္ဓါမိုးတို့ အုပ်စုသည် ကျွန်တော်တို့ရှိရာ ဝိုင်းဆီသို့ ရွေ့လျားလာကြသည်။ စိတ်လှုပ်ရှားနေသော မျက်နှာထားကို ပုံမှန်သို့ရောက်အောင် ကျွန်တော် ပြုပြင်လိုက်၏။ မလွယ်။ ထိုကိစ္စသည် ကျွန်တော့်ကို ခက်ခဲစေလျက်ရှိသည်။
အိသဒ္ဓါမိုးက ခါတိုင်းလိုပင်မကွဲပြားစွာ ကျွန်တော့်နံဘေးတွင် ထိုင်လိုက်လေ၏။ သူငယ်ချင်းမျာ၏ မျက်နှာသည် မပြောင်းလဲဘဲ ရိုးစင်းစွာ နောက်ပြောင်နေကြသည်။ သူတို့အားလုံးက အိသဒ္ဓါမိုးနှင့် ကျွန်တော့်ကို တွဲ၍ စတတ်သည်။ ထိုအထဲတွင် ဆူးငယ်က အကဲဆုံး…။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်စလုံးနှင့် အရင်းအနှီးဆုံး……
“နင်တို့နှစ်ယောက်နော်… သူငယ်ချင်း… သူငယ်ချင်းဆိုပြီး စာပေးစာယူတွေ လုပ်လို့၊ မေးရင်လည် ဝန်မခံကြဘူး။ ဘာမှ မကျွေးရပါဘူးဟဲ့… ဝန်ခံလိုက်ပြီးရော…။ ဘယ်လိုလဲ… “ကိုရင် ဝန်ခံမလား”
“အံမာ… ငါတို့က… ရိုးရိုးပါဟ… စာပေးစာယူဆိုတာလည်း မရှိပါဘူး။ သူ့ကဗျာလေးတွေကောင်းလို့… ငါကတောင်းဖတ်တာပဲရှိတယ်…”
အိသဒ္ဓါမိုးက တည်တည်ငြိမ်ငြိမ်ပဲပြန်ဖြေသည်။
“ဪ… ပြောလို့ရမလား… နင်တို့က ကဗျာ.. ကဗျာဆိုပြီး ငါတို့က သိနိုင်တာမှတ်လို့…။
ရင်ငြိမ်းအေးက မျက်နှာပေးနဲ့ ပြန်ပြောတော့ ကျွန်တော့် သူငယ်ချင်း ကိုပေက အားရပါးရရယ်သည်။ ပေါက်ဖော်က ပြုံးစိစိနဲ့။ မျက်နှာတွေ တယ်ဂနာမငြိမ်ချင်ကြဘူး။ အိသဒ္ဓါမိုးက ရင်ငြိမ်းအေးကို မျက်စောင်းလှမ်းထိုး၏ ခဏကြာတော့ သူတို့အားလုံးသည် အကြောင်းအမျိုးမျိုးပြလျက် ကျွန်တော်တို့ နှစ်ယောက်ကို ထားကာ ထွက်ခွာသွားကြလေ၏ ကျွန်တော်ကတော့ သူငယ်ချင်းတွေ၏ ကျွန်တော်တို့နှစ်ယောက်ကို ဖြစ်စေချင်သည့် စေတနာပဲဟု သဘောပေါက်မိသည်။
အိသဒ္ဓါမိုးက ကျွန်တော် အကြံအဖန်လုပ်၍ ရှောင်ခိုင်းလိုက်သည်ဟု ထင်သွားမလားမသိပါ။ မယုံသလို မသင်္ကာသလိုနှင့် ကျွန်တော်မျက်လုံးထဲတွင် မရိုးသားမှု ရှိ၊ မရှိ ှရှာဖွေနေပြန်သည်။ ထိုအပြုအမူကို ကျွန်တော် ဝမ်းနည်းသွား၏ ကိုယ်တိုင်ကလည်း အိသဒ္ဓါမိုးကို ရည်စားစာပေးထားသေးတယ်လေ။ နှစ်ယောက်တည်းရှိတဲ့ ဝိုင်းလေးရဲ့ တိတ်ဆိတ်မှုကို အိသဒ္ဓါမိုးက ဖြိုခွဲလိုက်သည်။
“ကိုရင်… နင့်သူငယ်ချင်းတွေက အရမ်းအားကိုးရတာပဲနော်…” ကျွန်တော့်ကို ခနဲ့သလို ပြောသည်။ ကျွန်တော်လည်း မထူးပါဘူးဟု တွေးမိပြီး ချော်လဲရောထိုင် လုပ်လိုက်၏။
“ဒါပေါ့… အိသဒ္ဓါမိုး..ရဲ့ သူငယ်ချင်းကောင်းဆိုတာ”
အိသဒ္ဓါမိုး၏ နှုတ်ခမ်းများသည် လှပစွာပင် မဲ့ကွေးသွားသည်။ ပြီးတော့ ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ဟုတ်မှာပါဟု ပြန်ပြော၏။ သူမ၏ အပြုအမူ နဲ့ ထိုစကားသံကို ကျွန်တော်က ကြေကွဲလို့မဆုံ။ ကျွန်တော် ပြောလိုက်တာ မှားများ မှားသွားပြီလား။ မဟုတ်ဘူး အိသဒ္ဓါမိုး မဟုတ်ဘူး။ သူငယ်ချင်းတွေကိုတော့ နင်အထင်မလွဲလိုက်ပါနဲ့။ သူတို့ စေတနာတွေက ဖြူစင်ပါတယ် အိသဒ္ဓါမိုးရယ်…။ ရုတ်တရက် အိသဒ္ဓါမိုးရဲ့ အသံစူးစူးကလေးသည် ကျွန်တော့် နားစည်ကို ရိုက်ခတ်သွားသည်။
“ကိုရင် …. နင် ဒီတစ်ခါ ငါ့ကို ပေးဖတ်တာ ကဗျာလား။ ရည်းစားစာလား ”
“နင်ထင်ချင်သလို ထင်ပေါ့ဟာ”
“ငါတော့ ရည်စားစာလို့ပဲထင်တယ်… ဟုတ်လား…။ မဟုတ်ဘူးလား။ ဟုတ်တယ်ဆိုရင်လည်း သူငယ်ချင်းသံယောဇဉ်နဲ့ ငါက စဉ်းစားပေးရဦးမယ်လေ။ မဟုတ်ဘူးဆိုရင်လည်း အဲ့ဒီကဗျာလေးက ဖတ်လို့ကောင်းတယ်လို့ ပြောမလို့… ကဲ… ဟုတ်လား…. မဟုတ်ဘူးလား.. ပြော”
အိသဒ္ဓါမိုးပြောလိုက်သည့် ထိုစကားသည် ကျွန်တော်ကောင်းကင်၏နေမင်းကို ထွန်းပစေသည်။ သူငယ်ချင်း သံယောဇဉ်တဲ့လား။ အိသဒ္ဓါမိုး…….ရယ်… နင့်ရင်ထဲမှာ အဲ့ဒီအသိလေးရှိနေတယ်ပေါ့။ ကျွန်တော် ဝမ်းသာသွား၏ လောကကြီးသည် ထင်သလောက်လည်း မဆိုးဝါးဟု တွေးမိသွားသည်။
အိသဒ္ဓါမိုးက ထိုစကားကိုပြောပြီး ကျွန်တော့်ကို စိုက်ကြည့်နေပြန်သည်။ သူမ၏ မျက်ဝန်းစိုစိုနက်နက်များကို ကျွန်တော်က ရဲရင့်စွာရင်ဆိုင်ဖြစ်သွားတော့ ရင်ခွင်သည် တိတ်ဆိတ်အေးစက်နေလျက်….
“ဟုတ်ပါတယ်… အိသဒ္ဓါမိုး… နင့်ကိုငါက ရည်းစားစာပေးလိုက်တာ…”
“ငါထင်သားပဲ… အို…. ထင်တာမဟုတ်ဘူး… သိကိုသိတာ… ဒါပေမဲ့… နင့်ဆီက တိတိကျကျသိချင်လို့ တမင်မေးတာ၊ ဪ၊ နင့်ကို ငါပြောပြထားရဦးမယ်၊ ဟိုတစ်ခါ ဆူးငယ်နဲ့ ပါလာတဲ့ ဆေးကျောင်းက ဇာနည် (ဇာဂီ) ဆိုတဲ့လူကို သိတယ်မဟုတ်လား”
ကျွန်တော်အနည်းငယ်စဉ်းစားနေလိုက်ပြီး သိတယ်ဟု ခေါင်းညိတ်ပြလိုက်၏
“အေး…. အဲ့ဒီတစ်ယောက်ပေါ့။ ငါ့ကို Propose လုပ်သွားတယ်။ သူက လူအေးပါ။ အဲ့ဒါ… ငါကသူ့ကို စဉ်းစားဦးမယ်လို့ ပြောလိုက်တယ်။ အခုနင်ရောဆို နှစ်ယောက်ပေါ့။ နင်တို့နှစ်ယောက်စလုံးကို ငါသေချာ စဉ်းစားပေးမှာပါ။ နည်းနည်းတော့ စောင့်ပေါ့ဟာ၊ ငါ့သဘောထားရယ်၊ ငါ့လက်မှတ်ပါတဲ့ စာကို နင်တို့ဆီကို တစ်လအတွင်း ငါ့ပို့ပေးလိုက်မယ်၊ ဟိုတစ်ယောက် ကိုလည်း အဲ့ဒီအတိုင်းပဲ ငါပြောထားတယ်”
သူမစကားသည် ကျွန်တော့်စိတ်ကျေနပ်မှုကို ဖန်တီးပေးနိုင်ပေမယ့် “ဟိုတစ်ယောက်ကိုလည်း အဲ့ဒီအတိုင်း ပြောထားတယ်” ဆိုသော နောက်ဆုံးစကားကြောင့် စိတ်သည် မောလျသွားသည်။ မတတ်နိုင်၊ ကံကြမ္မာနှင့် အခွင့်အလမ်းသည် အိသဒ္ဓါမိုး၏ စကားနှင့်အတူ ကျွန်တော့်ကို စိန်ခေါ်သွားခဲ့သည်။
အိသဒ္ဓါမိုးနှင့် ကျွန်တော်တို့နှစ်ယောက်၏ ရင်းနှီးနွေးထွေးသော ဆက်ဆံရေး၊ သူမဖတ်နေကျ ကျွန်တော့် ကဗျာစာတွေ၊ သူမပြောသွားသော သူငယ်ချင်းသံယောဇဉ်၊ သူငယ်ချင်းများ၏ ကျွန်တော့်ဘက်က ဖိအားစသည်များကို တွေးမိတော့ ကျွန်တော့်ကို အိသဒ္ဓါမိုးက ရွေးမှာပဲဟု ယုံကြည့်မိသွားသည်။ ယုံကြည်ခြင်းနှင့်အတူ မျှော်လင့်ခြင်းတို့က ရောပြွမ်းနေလျက် ဝန်းကျင်သည် နေရောင်တို့ဖြင့် ဆွံ့အနေ၏။
အိသဒ္ဓါမိုး…. နင်နဲ့ငါ မတွေ့တာရတာ ဆယ်ရက်ကျော်သွားပြီ။ တကယ့်ကို လွမ်းရပါတယ်ဟာ…….။
“ကဗျာဆရာဆိုတာ စကားလုံးပေါတိုင်း လျှောက်ပြောမနေနဲ့ ကိုရင်၊ နားထောင်ရတဲ့ ကောင်မလေးတွေကတော့ နင့်ကို ကြွေမှာပဲနော်” ဆိုတဲ့ အိသဒ္ဓါမိုးစကား၊ ပြန်စဉ်းစားနေရုံတောင် ငါ့ရင်ခုန်နှုန်းတို့သည် အတိုင်းအဆမရှိ မြန်ဆန်နေပါရဲ့။
မုန့်ဟင်းခါးစားလျှင် ငရုတ်သီးမှုန့်များများထည့်၍ မစားတတ်သူများကို ကြံကြံဖန်ဖန် အထင်သေးတတ်သည့် အိသဒ္ဓါမိုး၊ နားကပ်၊ ဆွဲကြိုး၊ လက်ကောက်စသော အမျိုးသမီးပစ္စည်းများကို မနှစ်သက်၊ မသုံးစွဲတတ်ပေမဲ့… လက်စွပ်ကိုတော့ လက်မနှစ်ခုမှလွဲ၍ ကျန်လက်ရှစ်ချောင်းအပြည့် ဝတ်ဆင်တတ်သည့် အိသဒ္ဓါမိုး၊ သူမကိုကြိုက်၍ လိုက်နေသော ယောက်ျားလေးများကို အကြည့်ချင်းဆုံလျှင် အားနာပါနာ ပြန်၍ သရော် ပြုံးပြတတ်သော အိသဒ္ဓါမိုး၊ ဪ… အိသဒ္ဓါမိုး.. နင်ဂုဏ်ပုဒ်တွေက များပြားခမ်းနားလှပါလား…။
အိသဒ္ဓါမိုးရယ်…. နင်ပြုံးရယ်မောလိုက်တဲ့အခါတိုင်း ငါအရာအားလုံးကို သတိလက်လွတ်ငေးမော၊ ငြိမ်သက်…။ ငါတည်ကြည်နေဖို့… အခွင့်မရခဲ့ပါဘူး။။ ထိန်းသိမ်းမှုတစ်ခုဆိုတာ လေဆန်မှာ ဝဲပြန့်၊ ငါသက်တံတွေလည်း မှောက်မှားခဲ့ရပြီ။ အလွမ်းဆိုတာလည်း နင်နဲ့ပတ်သက်မိမှ ငါ့မှာ ပီပီပြင်ပြင် သိရတဲ့ ကိစ္စတစ်ခုပါ။ ဒီမတွေ့ရတဲ့ ဆယ်ရက်ကျော်ဟာ တကယ့်ကို ထုဆစ်မှုအားကောင်တဲ့ ပန်းပုရုပ်ထုကြီး တစ်ခုပါပဲ အိသဒ္ဓါမိုး။ ဒါပေမဲ့ အဲ့ရုပ်ထုကြီးက ကျိုးပဲ့နေရဲ့။
နင်ကဘယ်တော့မှ မဆုံးနိုင်တဲ့ ငါ့ရဲ့ ဂီတတစ်မျိုးပါ အိသဒ္ဓါမိုးရယ်…။ ငါက နင်တိုက်ကျွေးတဲ့ အဆိပ်ရည်တွေနဲ့ အဟာရဖြစ်နေတဲ့ကောင်ပါ။ အခုတော့အဲ့ဒီ သက္ကရာဇ်တွေဟာ ခါးသက်နေလေရဲ့။ ငါ့ရင်ဘတ်ကို ငါထိုးဖွမိတော့ နင်ပြောခဲ့သလို… မြည့်.. မြည့်… မြည့် ဖြစ်နေခဲ့ရတယ်။
ငါတောင်းပန်ပါတယ်ဟာ………… နင်သိမ်းဆည်းထားတဲ့ ငါ့နက္ခတ်လေးကို ပြန်ပေးပါ။ နင်မကောင်းဘူး အိသဒ္ဓါမိုးရယ်… ငါ့ရဲ့အဆုံးအစွန်သော ရူးသွပ်မှုဆီမှာ မျှော်လင့်ချက်တွေ တစ်လှေကြီးရှိတယ်ဆိုတာ နင်သိရက်နဲ့… အိသဒ္ဓါမိုးရာ..။ နင်နဲ့ ပတ်သက်လို့ ငါ့ကားလေးဟာ ဘတ်ဂီယာတစ်ခုပဲ အသုံးပြုခွင့်ရခဲ့တာပါ။ ငါတို့နှစ်ယောက်ထားခဲ့ဖူးတဲ့ နှောင်ကြိုး တုတ်တုတ် ခိုင်ခိုင်ကြီးတွေရော ဘယ်ချောင်ထဲမှာ ထားရစ်ခဲ့ပြီလဲ။
ငါမေးချင်တယ်။
ဆောင်းညသည် တိတ်ဆိတ်အေးမြစွာ အသက်ဝင်နေ၏ မြူငွေ့များဖြင့် စိုစွတ်လေတို့သည် ကျွန်တော့် ကိုယ်ပေါ်မှ ဖြတ်တိုက်သွားကြသည်။ အပေါ်ယံ အရေပြားတို့သည် အေးစိမ့်စိမ့်ရှိပေမယ့် ရင်ထဲမှာတော့ နွေးထွေးလျက် စကားလုံးတို့မှာ တန်းစီနေလေ၏။ မနက်က ဆူးငယ်ပြောသွားတဲ့စကား…။ ထိုစကားသည် ကျွန်တော့် စိတ္တဇကို လှုံ့ဆော်လျက်။
“နင်ရယ်… ဟိုတစ်ယောက်ရယ်ကို အိသဒ္ဓါမိုးက စာပြန်လိုက်ပြီ။ ဒီရက်ပိုင်းအတွင် နင်တို့အိမ်ကို အိသဒ္ဓါမိုး စာရောက်လာလိမ့်မယ်။”
“ဟာ…. တကယ်နော်… ဆူးငယ်..၊ ငါ့စာထဲမှာ ဘယ်လိုရေးထားလဲ နင်သိလား”
“အဲ့ဒါတော့ ငါမသိဘူးဟာ ငါတောင် အိသဒ္ဓါမိုးကို မေးကြည့်သေးတယ်။ သူက ဘာမှပြန်မပြောဘူး၊ နောက်တော့ သိမှာပေါ့တဲ့..”
ထိုစကားကြောင့် ဆူးငယ်ကို ဆက်မေးရန် အကြောင်းမရှိတော့ပေမယ့် ကျွန်တော်ဆက်မေးဖြစ်သွားတယ်။
“ငါ့အခြေအနေကောင်းနိုင်ပါတယ်နော်”
“အင်း…….. ကောင်းနိုင်ပါတယ်ဟ။ သူက နင့်ကို သံယောဇဉ်ရှိပါတယ်။ ပြီးတော့ အိသဒ္ဓါမိုးက ဆေးရုံဆေးခန်းနံ့တွေကို သိပ်မုန်းတာ… ဟိုကဆေးကျောင်းသားဆိုတော့…….”
ဆူးငယ် ဆက်၍မပြောဘဲ ရပ်ထားလိုက်သည်။ ထိုအချက်ကို ကျွန်တော်ကမသိ။ ဆူးငယ်စကားကြောင့် မဖြစ်သင့်ပေမယ့် ကျွန်တော် ဝမ်းမြောက်ပျော်ရွှင်သွား၏
ကျွန်တော် သိုဝှက်ထားသော မေတ္တာတရားသည် အဖြူထည်တစ်ခုသာ ဖြစ်လေသည်။ ကြယ်စင်တို့၏ မွေးစားခြင်း ခံလိုက်ရတဲ့ ကျွန်တော့် သိက္ခာ… မြင်သမျှ ပေါက်ကွဲလွင့်စင်၍ ကြေးဝါရောင်ဆောင်းည…။ ရောထွေး သိမ်းယူမှု နာမ်စားများနှင့် ကျွန်တော်ချစ်ရပါသော… အိသဒ္ဓါမိုး။
အိသဒ္ဓါမိုးနှင့် ကျွန်တော်သည် အခြေအနေမျိုးစုံဖြစ်သွားနိုင်မှန်း တွေးမသိသွားတော့ အိသဒ္ဓါမိုး စာရောက်လာမှာကိုပင် ကျွန်တော်က စိုးရိမ်မိသွား၏။ ဒါပေမယ့် ကျွန်တော်က ထိုစာကို စောင့်မျှော်နေပြန်သည်။
“စာ…..ဗျို့… စာ”
အိမ်ရှေ့မှ ပို့စ်မင်း၏ အော်သံသည် ကျွန်တော့်ရင်ခွင်ကို ဝုန်းဒိုင်းကြဲစေ၏ ကိုယ်တိုင်လည်း ဝုန်းဒိုင်းကြဲလျက် အိမ်ရှေ့ဆီသို့ ထွက်လာခဲ့လေ၏ ကျွန်တော့် နာမည်တပ်ထားသော အိသဒ္ဓါမိုး၏ လက်ရေးစောင်းစောင်း များကို မြင်တော့ ကျွန်တော့် နှလုံးသားသည် တိုးတိတ်စွာ ပေါက်ကွဲသွားတော့သည်။
“ချစ်တယ်….
အိသဒ္ဓါမိုး”
လောကသည် မရှိခြင်းများကို သယ်ဆောင်လျက် ကျွန်တော့်တို့နှစ်ယောက်ကြား လှပစွာ ရောက်လာတော့မည်။ ဘာဖြစ်ရမည်နည်း။
အိသဒ္ဓါမိုး စာသည် လေးလုံးတည်းဖြင့် ပြီးဆုံးသွားခဲ့ပေမယ့် ကျွန်တော်က ထိုစာကို ဖတ်၍ မပြီးနိုင်ဘဲရှိ၏ “ချစ်တယ်” ဆိုသော စကားလုံးကို ကျွန်တော် ကြိမ်ဖန်များစွာ တွေ့မြင်၊ ဖတ်ရှူ့၊ ကြားသိခဲ့ပေမယ့် အိသဒ္ဓါမိုး၏ ချစ်တယ် သည် တခြား ချစ်တယ် များနှင့်မတူပဲ ပို၍ပင် လှနေသည်ဟု ကျွန်တော်က ထင်မြင်မိနေသည်။
ကောင်းကင်သည် ရဲတောက်နေ၍ လောကသည် အလင်းတို့ဖြင့် ခြယ်မှုန်းထားခြင်း ခံရ၏ အိသဒ္ဓါမိုး ရေးခြစ်ခဲ့သော ကျွန်တော့် ရင်ထဲက အမှတ်အသားလေးမှာ နောင်တစ်နေ့တွင် အမှောင်ခွက်ထဲ၌ မီးမြိုက်သဂြိုလ်ခံရလိမ့်မည်ဟု အဲ့ဒီတုန်းက ကျွန်တော် ဘယ်လိုတွေးမိလိမ့်မည်လဲ။
အိသဒ္ဓါမိုး… အိသဒ္ဓါမိုး… ငါ့ရဲ့ အလင်းရောင်ကောင်းကင်လေးရယ်….
ကျွန်တော့်ကို အိသဒ္ဓါမိုးက ချစ်တယ်ဟု အဖြေပေးလိုက်ခြင်းကိစ္စသည် နောက်တစ်နေ့တွင် သူငယ်ချင်းများ၏ စကားဝိုင်း၌ အလွန်ရေပန်းစားနေလေ၏ ကျွန်တော့်မှာ အိသဒ္ဓါမိုး၏ စာအတွက် သူတို့စားသမျှ ရှင်းနေရသည်က မနည်းတော့ပြီ။ အိသဒ္ဓါမိုးက မရောက်သေး။ နေ့တစ်ဝက်လောက်အထိ အိသဒ္ဓါမိုး ကျောင်းသို့ရောက်မလာသောအခါ အိသဒ္ဓါမိုးတစ်ယောက် အိမ်မှာ ရှက်ရွံ့နေမှာပဲဟု ကျွန်တော်တွေးမိလိုက်သည်။ သူငယ်ချင်းများကလည်း ထိုသို့ပင် မှတ်ချက်ပေးကြသည်။
ကျွန်တော်ထိုသို့ရှိနေစဉ်မှာပင် အိသဒ္ဓါမိုးသည် အလောတကြီးဟန်ဖြင့် ရောက်လာပြီး ကျွန်တော့်ကို ပြောစရာရှိတယ်ဟု ဆိုကာ အဆောင်တစ်ခုဘက်သို့ ခေါ်သွားခဲ့လေသည်။ ထိုအချိန်တွင် တစ်ခုခုတော့ မှားယွင်းနေပြီဟု ကျွန်တော် ခံစားဖြစ်လိုက်သေးသည်။
“ဟဲ့… ကိုရင်… နင့်ဆီကို ရောက်လာတဲ့စာ ငါ့ကိုပြစမ်း” တဲ့… လေသံတို့သည် အက်ကွဲကွဲရှိ၏ ကျွန်တော်က လွယ်အိတ်ထဲမှာ ရှိတဲစာကို အလွယ်တကူပင် ထုတ်ပေးလိုက်တယ်။ အိသဒ္ဓါမိုးက ကျွန်တော်ပေးလိုက်တဲ့ စာကို ချက်ချင်းဖတ်ပြီး မျက်နှာညိုးလျက် ခေါင်းကို ယမ်းသည်။
“ဟို.. ဟို… ကိုရင်ရာ… နင့်ကို ငါအရမ်းအားနာတာပဲ။။ အခု… နင့်ကို ငါပေးလိုက်တဲ့စာ အမှန်တော့ နင့်စာမဟုတ်ဘူး၊ ဇာနည် (ဇာဂီ) အတွက် ရေးတဲ့စာဟ…။ ငါက စာအိတ်မှားပြီး ထည့်မိလိုက်တာ”
“ဘာ…………………. အိသဒ္ဓါမိုး၊ ဘာ………….” ကျွန်တော့် အသံတို့ နည်းနည်းမာထန်သွားသည်။
“ငါ… မှားသွားလို့ပါဟယ်”
ကျွန်တော့်ဦးခေါင်းသည် လေးလံလွန်းလှ၍ အောက်ဆီသို့ ထိုးစိုက်ကျသွားလေ၏ အိသဒ္ဓါမိုး၏ လက်ဖဝါးသည် ကျွန်တော့် ပခုံးတစ်ဖက်ပုတ်လျက် “ငါတို့ သူငယ်ချင်းတွေလိုပဲ နေကြတာပေါ့ဟာ” ဟု ပြောတော့… “ရပါတယ်…” ဟု ကျွန်တော် ပြန်ပြောမိလိုက်သေးသည်။
ကျွန်တော့် အတ္တတွေဟာ တောင်ကုန်းမြင့်မြင့်ပေါ် ရောက်သွားတဲ့ ပန်းနုရောင်သစ်ပင်တွေ ဖြစ်သွားသလိုပါပဲ။ ကြွေကျခြင်းနဲ့ ခြွေချခြင်းကို ကွဲကွဲပြားပြားနားလည်ဖို့တော့ လိုသပေါ့။ ဒါပေမဲ့… အိသဒ္ဓါမိုးနဲ့ပတ်သက်ပြီး ကျွန်တော့် အတွေးထဲမှာ မှားယွင်းမှုတွေ မပါပါဘူး။ အချစ်ဆိုတာပါတယ်။ မေတ္တာဆိုတာပါတယ်။ ဖြူစင်စွာဆိုတာ ပါတယ်။ ဒီလောက်ပါပဲ။ အဲ့ဒါကို အိသဒ္ဓါမိုးနားလည်တတ်ခဲ့ရင် ကျွန်တော့်သမိုင်းကို ဗလာစာအုပ်ထဲမှာ ဘောလ်ပင်တစ်ချောင်းနဲ့ ရိုးရိုးလေးပဲ ရေးထားလိုက်ပါ့မယ်….။
ထိုအချိန်တွင် ဆိုင်တစ်ဆိုင်မှ ထိုင်နေသော အတွဲတစ်တွဲဆီမှ ရယ်သံလွင်လွင်တစ်ခု ပတ်ဝန်းကျင်သို့ ရောက်ရှိလာသည်။ ကျွန်တော့် ခြေလှမ်းများသည် အိသဒ္ဓါမိုးနှင့် ဆန့်ကျင်ရာဘက်ဆီသို့ လှမ်းလျှောက် လိုက်စေသည်။
မြင်ကွင်းတို့မှာ ဝိုးဝိုးဝါးဝါး ရှိလေ၏ လွင့်ထွက်သွားသော တစ်စုံတစ်ရာကို ကျွန်တော် ဖမ်းဆုပ်သော်လည်းမရ။။။
အိသဒ္ဓါမိုးရယ်… ငါ့ခြေလှမ်းတွေ နင်လိုက်ကြည့်မနေပါနဲ့ဟာ……..။ နင်ထွက်သွားတာကိုပဲ ငါက အဲ့ဒီလို ရပ်ကြည့်ပြီး ကျန်ရစ်ခဲ့ချင်တာပါ။ အရာရာမှာ ငြိမ်သက်စွာ အထီးကျန်နေသလို… ။ ဆို့နင်စွာ ပေါက်ကွဲ နေသလို…
တကယ်ဆိုရင် နင့်ရဲ့ မှားယွင်းခွင့်ဟာ ရာခိုင်နှုန်းအားဖြင့် နည်းပေမယ့် ငါတို့အဖြစ်က အဲ့ဒီနည်းနည်းလေးထဲက တစ်ခုပေါ့။ ငါကျေနပ်ပါတယ်။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ကိုယ်တာဝန်ယူရဲတဲ့ သတ္တိ၊ မှားယွင်းမှုကို ရဲရင့်စွာ ဖြေရှင်းနိုင်တဲ့ နင့်ရဲ့ စွမ်းရည်…။ လှိုက်လှိုက်လှဲလှဲ ငါချီးကျူးလိုက်ပါတယ်။ ငါ့ခံစားမှုကို ဘေးဖယ်ထားလို့ပေါ့။ နက်မှောင်သော လောကမာယာအတွင်း ကျွန်တော်က သူမရဲ့ အဇ္ဇျတ္တကို ကျွန်တော်သဘောတူလိုက်ပါ၏
စိမ်းလန်းသော အမှန်တရားများထံတွင် ကျွန်တော်၏ နှလုံးသားကို ထားရစ်ခဲ့ရပြီ။ အိပ်မက်တွေမှာ ဆားနံ့သင်းလှပြီ။ လူပီသဖို့ ဘယ်အချိန်ကတည်းက အားထုတ်နေထိုင်ကြရသနည်း ???? အစိမ်း၊ အဝါ၊ အပြာ၊ အနီ၊ အနက် …. အားလုံးမှာ သူမတစ်ယောက်တည်းဖြစ်သွားသည်။
ကံ့ကော်တောသည် တစ်ယောက်တည်းဆိုလျှင် ခြောက်သွေ့လွန်းတယ်ထင်ပါတယ် အိသဒ္ဓါမိုး..ရယ်..။ အမှန်တော့ ခြောက်ခန်းသွားသော မြစ်တစ်စင်းကဲ့သို့ စီးဆင်းခဲ့ဖူးသည်ဆိုသော ကျွန်တော့် အတိတ်မှာ သိပ်စိတ်ဝင်စားစရာ မကောင်းလှပါ။
အိသဒ္ဓါမိုး…. အခွင့်ရှိမယ်ဆိုရင် ငါရိုးဖြောင့်စွာ မကွယ်မဝှက်ဘဲနဲ့ စကားလုံးတစ်ချို့ကို ပြောပြချင်ပါသေးတယ်။

14 comments

  • inz@ghi

    December 20, 2011 at 11:25 am

    တိန် ….
    အိုင်ဂျပ်စ့် ဝဏ္ဏာ့ဆေး “တိန်”

    • ကိုရင်စည်သူ

      December 20, 2011 at 11:34 am

      ဂီ့ဂီ့ရေ… နင့်နာမည်ယူသုံးဖို့ ခွင့်တောင်းပြီးသားနော်…
      ဒလမ်မာတွေ မရေးရတာကြာလို့ လက်တည့်စမ်းကြည့်တာပါ။
      ဝါးး ဝါး… ပြန်လိုက်ဦးမယ်ဂျာ.. အိမ်မှာ အိမ်ပြင်နေလို့
      အုတ်သယ်၊ ကျောက်သယ်… ဘိလပ်မြေနယ်တဲ့
      အလုပ်ကလေး ဝိုင်းလုပ်ပေးရဦးမယ်… 😀 😀 😀
      ခြံစည်းရိုးလည်း အသစ်ပြန်ကာနေလို့ အုပ်စီပေးနေပါတယ်..
      ထိုကဲ့သို့ မအားမလပ်တဲ့ ပန်းရန် အလုပ်အကိုင်ကြားထဲမှ
      ရွာသူားများကို သတိတရနဲ့ ခြေလာရှူပ်ပေးသွားပါတယ်ဗျာ.. 😛 😛

      အားလုံးကို ခင်မင်စွာဖြင့်
      ကိုရင်စည်သူ (အကြမ်းသမားလေး)

  • windtalker

    December 20, 2011 at 12:21 pm

    အိသဒ္ဒါမိုး
    မရှိတစ်ခါခိုး
    ငပိအဝါဆိုး
    မသိတာတစ်မျိုး
    သိတာတစ်မျိုး
    ရှိတာ ထိုး (ထီ)

  • inz@ghi

    December 20, 2011 at 12:27 pm

    နာမည် သုံးတာတော့ ဟုတ်ပါဘီ …
    ခုဘယ်မလဲ အိသဒ္ဒါမိုး …???
    တွားရှာပေး ပီး သည်ခေါ်ခဲ့ …

    ရုပ်ရည်ကြန်အင်ကိုကြည့်ပီး
    ၁လတန်သည် ၃လတန်သည် ၆လတန်သည် ၁နှစ်တန်သည်
    ဝရံတီပေးပီး တွဲပါ့မယ်ကွယ်. …….

    ~~~~ရည်းစားလေးတယောက်တော့ …လိုနေတာပေါ့ ….
    နာ့မှာလည်း — နဲ့ ဘဲ — တတ်ပါတယ်….
    ရည်းစားလေးမရှိတော့ …..ပိုနေတာပေါ့ …..~~~~
    ဟီဟိ…

    • ကိုရင်စည်သူ

      December 22, 2011 at 2:15 pm

      အင်း.. အင်း… ချိတ်မပူနေနဲ့.. တွားခေါ်လာပေးမယ်..
      လောလောဆယ် ကလေးလေး တစ်ကျိပ်နဲ့…
      သူ့ဘဲကြီးကလည်း ဖင်လန်မှာဆိုလား ပညာသွားသင်နေဒလယ်..
      ရုပ်ကလေးချောတာကလွဲပြီး ကျန်တာတော့
      တစ်မိနစ်ခံပါသေးတယ်.. ဟိဟိ.. 😛 😛 😛
      ခေါ်လာရမရား… အတိုကြီး… ဂီ့ဂီ့

  • kotun winlatt

    December 20, 2011 at 1:03 pm

    စာတွေကများလွန်းလို့ ဆေ့ထားလိုက်တယ်..
    နောက်မှ သေချာဖတ်တော့မယ်နော်…
    ဂီဂီကတော့ တောင်းဆိုနေပီ….
    စီမံပေးလိုက်ကြပါဦးးးးဗျိုးးးးး
    ဟီးးးးးးးးးးးးးးးးး

  • မှော်ဆရာ

    December 20, 2011 at 5:00 pm

    စာတွေ ဒီတိုင်းပဲ ထိုင်ဖတ်နေရတယ်ဗျာ ..
    ကွန်မန်းပေးလိုက်ရင် SPAM ထဲကို ရောက်ရောက်သွားလို့ …

  • thit min

    December 20, 2011 at 5:46 pm

    ရှုပ်နေတာဘဲ၊ ဟေ့ ဟေ့။
    နောက်မှ ပြန်တောင်းပန်နေရမယ်။
    ရေးချင်တာနဲ့ ဟို နာမည် ဆွဲထဲ့ ဒီနာမည်ဆွဲထဲ့။
    ဘာဖြစ်လည်း ပေါ်တင်ပေါ့။
    နာမည်မှာ နောက်က တလုံးများလို နေသလားလို့ကွယ်။(^^)

    • windtalker

      December 20, 2011 at 9:12 pm

      ဟုတ်ဒယ်
      တစ်လုံးကျန်ခဲ့တာ အမှန်ဘဲ
      ပေါက်ဖော် ယူမသောက်သေးခင်
      ဝင်ဖြည့်ပေးလိုက်မယ်
      ဒီလိုဗျ
      “ အိသဒ္ဒါမိုးပွင့်
      ညည်းဟာ မျိုးတင့် သမီး
      ရိုးမြင့်ထီး ယူပြီး
      ဈေးဝယ်ထွက်
      အကြွေးဝယ် မဝှက်လေနဲ ့
      ပေးကွယ် အရက် ”

  • char too lan

    December 21, 2011 at 11:14 am

    ကိုရင်!! စိတ်မကောင်းပါဘူး ငယ်ငယ်ကဒဏ်ရာတွေ အသစ်လုပ်နေတာလား ??
    ဘယ်အရွယ်ကတည်းက စာတွေရေးနေတာလဲ သိပါရစေလားဗျာ…………….

    • inz@ghi

      December 21, 2011 at 11:30 am

      ကိုရင်စည်ရော ကျုပ်ပါ စာရေးသက်က အနှစ်၂ဝကျော်ပြီဗျ…
      အင်းလေ ..မူကြိုကတည်းက ဝလုံးဝိုင်းရတာကိုး …..

      ကိုရင်စီ …နီ့ကို နာ့ ရဲ့
      “သူရာ ရစ်ပုလင်း နှင့် …ဇစ်တင်းလို့ ရှူးပါသည် “
      ပြဇာတ်နဲ့ …. လက်စားချေမဟ ……
      😀
      😀
      😀

      • ကိုရင်စည်သူ

        December 22, 2011 at 2:22 pm

        မချာတူးလန်ရေ.. ဂီ့နဲ့ စည်က စာရေးသက်အတူတူပဲ..
        ဂီ့စည့်ကို အဲ့မှာ စာတစ်စောင်နဲ့ ကွက်ကျော်ရိုက်ပြီး
        ဘလန်းဒင်းလုပ်သွားထဲက ကိုရင့်မှာ စာတိုပေစလေးတွေ
        ရေးတတ်သွားတာ..
        ဟိုမှာ လက်စားချေးတော့မယ်..
        ကြောက်ထှာ..
        ပြေးပြီ… ဘူးထွား.. ထွား……….. 😀 😀 😀

  • မှော်ဆရာ

    December 21, 2011 at 12:17 pm

    ပြောပြီးစလစ် နာပါတ်တစ်ဆိုပြီး ဖင်ပိတ်ငြင်း
    ခြေဆောင့်ငို ပေါ့ဗျ ကစည်ရ…

  • ငပေါက်ဖော်

    January 6, 2012 at 5:10 pm

    ကဇာဂီ မယူချင်ရင် သများကိုပေးနော်.
    အဲဒီ အိသဒ္ဒါမိုး ဆိုတဲ့ နာမည်ပိုင်ရှင် ခေးမတွေက ရေလည်လှသဗျာ….
    ဂယ်ပြောတာ..ညာဘူး..

Leave a Reply