ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း-၁)

တော်လှန်ရေးကောင်စီမတိုင်မှီ’ဖဆပလအစိုးရခေတ်

ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်းဦးနုှက သူ့ထံမှအာဏာကို သူအတော်ယုံကြည်ရသောဗိုလ်ချုပ်နေဝင်းမှ (၁၉၆၂) မတ်လတွင်သိမ်းယူလိုက်သောအခါ သူမည်မျှအထိခံစားခဲ့ရကြောင်း “တာတေစနေသား”တွင်ဖွင့်ဟဝန်ခံခဲ့သည်။ နီးစပ်သောအစိုးရအဖွဲ့ဝင်တို့ကကြိုတင်သတိပေးခဲ့သော်လည်း သူ့အပေါ်ဗိုလ်နေဝင်းမည်မျှသစ္စာရှိကြောင်းကြွားဝါခဲ့ပုံများ ကိုဖေါ်ပြထားခဲ့သည်။ အာဏာသိမ်းပြီးကာလအထိမ်းအသိမ်းခံနေရစဉ်အတွင်းပင်ဗိုလ်နေဝင်းကသူ့ကိုကြိမ်းသေလာ ကယ်ထုတ် လိမ့်မည်ဟုမှားယွင်းစွာတွက်ချက်မိခဲ့သည်။ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တခုကျော်လောက်မှာပင် စစ်ဗိုလ်များကြီးစိုး သောအာဏာရှင်စနစ်မွေးဖွားလာခဲ့သည်။ ပင်လုံစာချုပ်ကမွေးဖွားသန့်စင်ပေးလိုက်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကပေးထားသည့်အခွင့်အရေးကိုအသုံးပြုလျက်ရှမ်းစော်ဘွားများကဖက်ဒရယ်မူကို တောင်းဆိုလာမည်ကိုစိုးရိမ်သည်ကတကြောင်း၊ ယင်းမူတောင်းဆိုချက်နှင့်အတူကူးစက်လာနိုင်သောအင်ဒိုချိုင်းနားအရေး ကိုစိုးရိမ်မိသည်ကတကြောင်း နှင့်ထိုစဉ်အခါက ဆန်းသစ်လာသော ဆိုရှယ်လစ်စနစ်ကိုထူထောင်ရန်စိတ်အားသန်သူ နိုင်ငံရေးသမားများကကြီးစိုးလာ သည်တို့ကတကြောင်းတို့ကြောင့် (၁၉၆၂)ခုမတ်(၂)ရက်နေ့တွင်ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သောတော်လှန်ရေးကောင်စီက အဏာကိုသိမ်းယူခဲ့ပါသည်။ နိုင်ငံ၏အခြေအနေမှာလည်း ‘ရန်ကုန်အစိုး၇’ ဟုခေါ်ရလောက်အောင် ပင်ဗဟိုအစိုးရအုပ်ချုပ်မှု အာဏာမှာအင်အားချည့်နဲခဲ့ရပါသည်။ ထိုစဉ်အခါကပြည်သူအပေါင်းတွင် ဘဝအာမခံချက် ကိုပေးနိုင်မည့် “ဗိုလ်ချုပ်အစိုး၇” ဟုမျှော်လင့်ချက်ပြင်းပြခဲ့သည်မှာအမှန်ပင်။ (၁၉၆၃) ဇူလိုင်လ(၇)ရက်တွင် ဖြစ်ပွာခဲ့သောကျောင်းသားအရေးအခင်းမှစ၍ လက်နက်အားကိုးနှင့်အုပ်ချုပ်လိုသောစစ်အစိုးရ၏ သရုပ်မှန်ကိုပြည်သူ အပေါင်းကမျက်ဝါးထင်ထင်မြင်လိုက်ရသည်မှစ၍စစ်တပ်အပေါ်ယုံကြည်အားကိုးမှုမှာ တရိပ်ရိပ်ကျဆင်းလာခဲ့ပါသည်။  သမိုင်းဆရာတို့ကဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ချုပ်ဆိုပေးခဲ့သောပင်လုံစာချုပ်၏ ပြည်နယ်များခွဲထွက်ရေးအခွင့်အရေးကနိုင်ငံတော်တည်တန့်ခိုင်မြဲရေးကိုအဟန့်အတား ဖြစ်စေသည်ဟုဆိုသော်ငြားလည်း၊ “လွတ်လပ်ရေးသည်ပထမ” ဟူသောကြွေးကြော်ချက်လွှမ်းမိုးစဉ်အရေးတကြီး လိုအပ်နေချိန်တွင်ပြည်နယ်ပြည်မစည်းလုံး ရေးကိုသက်သေမဏ္ဍိုင်ပြုနိုင် မည့်ကိစ္စမှာပြည်နယ်ပြည်မခေါင်းဆောင်အားလုံ၏သက်သေလက်မှတ်ရေး ထိုးထားသောစာချုပ်ပင်ဖြစ်သည်။ ယင်းစာချုပ်ကြောင့်လည်းဗြိတိသျှအစိုးရ၏လွတ်လပ်ရေးကတိ စကားကိုဗိုလ်ချုပ်အောင်ဆန်းမှရယူလာနိုင်ခဲ့ပါသည်။ နိုင်ငံရေးဖြတ်ထိုးညဏ်နှင့်ပြည်သူတရပ်လုံး၏လေးစားယုံကြည် မှုရှိပြီးဖြစ်သောဗိုလ်ချုပ်၏အမြှော်အမြင်ကြီးမားမှုက မြန်မာပြည်လွတ်လပ်ရေး၇ရှိရေးလမ်းစကိုဖွင့်ပေးခဲ့ပါသည်။ သမိုင်းဆရာတို့အဆိုအရ ထို(၁၉၄၇)ခုဖွဲ့စည်းပုံအခြေခံ ဥပဒေကိုဗိုလ်ချုပ်အောင်ဆန်းမှနှုတ်တိုက်ချပေးခဲ့ ကြောင်းသိရပါသည်။ တက္ကသိုလ်ကျောင်းသားဘဝကတည်းက မှုန်တေတေမျက်နှာနဲ့သာလူသိများခဲ့သော ကိုအောင်ဆန်းကိုမြန်မနိုင်ငံ၏အနာဂါတ်ရေးကိုအမြဲတွေးနေတတ်သော ‘နိုင်ငံရေးသတ္တဝါ’ အဖြစ်ကင်ပွန်းတပ်ရလျင် မှားမည်မထင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးစဉ်မှစ၍လူမျိုးစုပေါင်းစုံသောင်းကြမ်းမှုကြောင့် နိုင်ငံထူထောင်ရေးကိုဦးတည်ရမည့်အစား သောင်းကြမ်းသူနှိမ်နင်းရေးကိုဦးစားပေးလာရသည်နှင့်အမျှစီးပွားရေး၊လူမှုရေးမှ အစအစစယို့ယွင်းလာခဲ့ပါသည်။ သည်အထဲ’ဖဆပလ(ဖက်ဆစ်ဆန့်ကျင်ရေးပြည်သု့လွတ်လပ်ရေးအဖွဲကြီး)မှာလည်း ‘တည်မြဲ – ဦးဘဆွေ/ဦးကျော်ငြိမ်း’ နှင့်’သန့်ရှင်း – ဦးနု/သခင်တင်’ဟုနှစ်ခြမ်းကွဲသွားပြန်ပါသည်။ (အောက်တိုဘာ ၂၈၊ ၁၉၅၈)တွင်ဦးနုမှဗိုလ်ချုပ်နေဝင်းအားအိမ်စောင့်အစိုးရအာဏာအပ်ခဲ့ရပြီး၊ ယင်းအာဏာကိုဦးနုထံ (ဧပြီ ၄၊၁၉၆၀)တွင်ပြန်အပ်နှံခဲ့ပါသည်။ ဦးနုခေါ်သခင်နုကိုနီးစပ်သူတို့ကစိတ်ကြီးပြီးဆတ်ဆတ်ထိမခံတတ်သူ အဖြစ်မှတ်ယူကြသည်၊ ‘ကျုပ်ကခင်ဗျားတို့လိုမဟုတ်မဟတ်လုပ်တတ်တဲ့သူမဟုတ်ဘူး။ ဘုရားဆုပန်တဲ့သူဗျ။’ဟုကက်ဘိ နက်အစည်းအဝေးများတွင်ပြောတတ်ကြောင်းသိရသည်။

About Nay Mg

Nay Mg Mg has written 3 post in this Website..