မွေးနေ့ မှာတမ်း

ThuyazawDecember 20, 20111min795

မွေးနေ့ မှာတမ်း

             ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ဟာ ကျေးဇူးရှင်မွေးမိခင်ရဲ့ အသက် ၆ဝ ပြည့်
မွေးနေ့ရယ်ပါ။ ဒါကြောင့် ဘာလေးအကျိုးရှိတာပြောပေးရင်ကောင်းမလဲလို့ တွေးပြီး ဒီစာ
မူလေး ရေးပြီး ကျေးဇူးဆပ်လိုက်ပါတယ်။
ငယ်စဉ်ကလေးဘဝကတည်းက အဆုံးအမပေါင်းများစွာရဲ့အောက်မှာ ရှင်သန်ခွင့်
ရရှိခဲ့တာဟာ ဒီမိသားစုထဲ လူဖြစ်ခွင့်ရရှိခဲ့လို့ပါ။ ဒီ အဖေ ဒီ အမေ နဲ့ ဆုံတွေ့ခွင့်ပေးခဲ့တဲ့
ကံတရားကို ကျေးဇူးတင်ရမှာပါ။ ဘုရားရှင်ရဲ့အဆုံးအမ တွေနဲ့ သားသမီးတွေ အပေါ်ဆုံးမ
ပဲ့ပြင်ပေးကာ ဘဝလမ်း မမှားအောင် ထိန်းကျောင်းပေးခဲ့ ပဲ့ကိုင်ရှင် ကျေးဇူးရှင် မွေးမေမေ
ဟာ မိမိကို အဆုံးအမတွေ ရဟန်းဘောင်ရောက်တဲ့အထိ ပေးခဲ့ပါတယ်။
နှုတ်နဲ့ဆုံးမတာတွေ ရှိသလို စာရေးပြီး ဆုံးမတာလေးတွေလည်း ရှိခဲ့ပါတယ်။
မွေးမေးရဲ့ မွေးနေ့ မှာတမ်းအဖြစ် မွေးမေပေးခဲ့သော အဆုံးအမလေး သုံးကြောင်းကိုပဲပြန်
ပြီး မျှဝေပေးလိုက်ပါတယ်။ ငယ်စဉ်က ညအိပ်ယာဝင်တိုင်း မနက် အိပ်ယာထတိုင်း မြင်နေကျ
စာတမ်းလေး သုံးကြောင်း ရှိပါတယ်။ အိပ်ယာရဲ့ ညာဘက်နံရံမှာ အမေရေးထားတဲ့ စာတမ်း
လေး သုံးကြောင်းဟာ ခုထက်ထိ မိမိရဲ့ မျက်ဝန်းအိမ်ထဲကနေ ထွက်ခွာမသွားသေးပါဘူး။
ရုပ်ကို ထိန်းတော့ စိမ်းလန်းရာ၏။
နှုတ်ကို ထိန်းတော့ သိန်းသန်းတန်၏။
စိတ်ကို ထိန်းတော့ ငြိမ်းချမ်းရာ၏။
ဒီစာလေး သုံးကြောင်းကို အိပ်ယာရဲ့ နံဘေးရေးထားတာ နေ့တိုင်းဖတ်ပြီး ရုပ်ကို
ထိန်းရင် ဘာကြောင့် စိမ်းလန်းတာလဲ ? နှုတ်ကို ထိန်းရင် ဘာကြောင့် သိန်း သန်း တန်သလဲ ?
စိတ်ကို ထိန်းတော့ ဘာကြောင့် ငြိမ်းချမ်းသလဲ ? ဆိုတာတွေ အဖြေရှာမရခဲ့ပါဘူး။ ဒါပေမယ့်
ခုတော့ နားလည်စပြုလာပါပြီ။ ရုပ် တရားလို့ ခေါ်တဲ့ အရာတွေကို စောင့်ရှောက်ထိန်းသိမ်းမယ်
ဆိုရင် စိမ်းစိမ်းလန်းလန်းနဲ့ ဆိုပြေလာပါမယ်။ ခန္ဓာကိုယ်ရုပ်ကိုပဲ ထိန်းထိန်း အပြင်ရုပ်တရားကို
ပဲထိန်းထိန်း ရုပ်ကို ထိန်းလိုက်မယ်ဆိုရင် စိမ်းလန်းပါတယ်။
နှုတ်ကို ထိန်းလိုက်တော့ သိန်းသန်းတန်ပါတယ်တဲ့။ ဟုတ်ပါတယ် နှုတ်ကြောင့်သေ လက်
ကြောင့်ကြေ ဆိုတဲ့ မြန်မာစကားပုံ တစ်ခုလည်းရှိတာပဲ။ နှုတ်ကို မထိန်းသိမ်းလို့ သေတဲ့ အဆင့်
အထိဖြစ်နိုင်ပါတယ်။ နှုတ်ကို ထိန်းသည့်အတွက်ကြောင့် တစ်သိန်းမက တစ်သန်းမက တန်ဖိုးရှိ
သွားပါတယ်။ ဒါကြောင့် နှုတ်ကို ထိန်းတော့ သိန်းသန်းတန်ပါ၏။ လူအများစုဟာ ကိုယ်ကိုထိန်းနိုင်
ရင်ထိန်းနိုင်မယ် နှုတ်ကိုတော့ မထိန်းနိုင်ကြဘူး။ တစ်နေ့ တစ်နေ့ နှုတ်နဲ့ အကုသိုလ်ကမ္မပထ
တရားတွေ အများကြီးပြုလုပ်ဖြစ်ကြတယ်။ နှုတ်နဲ့ အကုသိုလ်လုပ်ဖို့ လွယ်ကူကြတယ်လေ။ ဒါ
ကြောင့် နှုတ်ကိုသာထိန်းရင် သိန်း သန်း မကတန်ပါတယ်။
နောက်တစ်ခုက စိတ်ကို ထိန်းတော့ ငြိမ်းချမ်းရာ၏တဲ့။ လူတိုင်းလူတိုင်း ငြိမ်းချမ်းချင်
ကြပါတယ်။ ငြိမ်းချမ်းရာနေရာကို ရှာဖွေနေကြပါတယ်။ တစ်ချို့ကပြောတယ် အရှင်ဘုရားတို့
ကျောင်းလာရတာ အရမ်းငြိမ်းချမ်းတာပဲတဲ့။ ပတ်ဝန်းကျင်ငြိမ်းချမ်းလို့ ကိုယ်လည်းအငြိမ်းဓာတ်
ရတာရှိပါတယ်။ အဲ ကိုယ်က ငြိမ်းချမ်းအောင်နေလို့ ငြိမ်းချမ်းတာလဲ ရှိပါတယ်။ တစ်ချို့ကသူ
များငြိမ်းရင် လိုက်ငြိမ်း သူများပူ လိုက်ပူ ဆိုတာမျိုးလည်းရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အနည်းနဲ့
အများဆိုသလို ငြိမ်းချမ်းချင်ကြတာချည်းပါပဲ။ ငြိမ်းချမ်းချင်လျှင် စိတ်ကိုထိန်းပါတဲ့……………။
ကိုယ့်စိတ်ကလေး ငြိမ်းနေရင် သူများဘယ်လောက်ပူပူ ကိုယ်လည်းငြိမ်းချမ်းနေမှာပါပဲလေ။
စိတ်ကလေးက လောဘကြောင့်ပူ၊ ဒေါသကြောင့် ဆူ၊ မောဟကြောင့် လေနေရတာပါ။
ဒါကိုကိုယ်က လောဘဘက်လည်း မယိမ်းအောင်၊ ဒေါသဘက်လည်း မတိမ်းအောင်၊ မောဟနဲ့
လည်းမမှောက်အောင် ထိန်းမယ်ဆိုရင် ငြိမ်းချမ်းရာပေါ့။ တကယ်နေကြည့်ပါ အေးချမ်းပါတယ်။
မွေးမယ်တော်ကျေးဇူး ဒီနေ့ထိ စိတ်ထဲသတိရမိနေတဲ့ စာကြောင်းလေး သုံးကြောင်းရယ်ပါ။
ကိုယ်ကော ကိုယ့်အိမ်ကလူတွေ၊ ကိုယ့်ရုံးကလူတွေ၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ငြိမ်းအေး
စေချင်လျှင် ကိုယ်ကိုယ်တိုင် ငြိမ်ချမ်းချင်လျှင် စိတ်ကို ထိန်းကြပါ။
ဒါနအမှု၊ သီလအမှု၊ ဘာဝနာအမှုတွေနဲ့ ထိန်းလို့ ရပါတယ်။ လောဘကို နိုင်တာ
အလောဘ၊ ဒေါသကို နိုင်တာ အဒေါသ၊ မောဟကို နိုင်တာ အမောဟ။ ဒါတွေသိပြီး ကိုယ့်စိတ်
လေးမပူအောင်ထိန်းနိုင် ရပါမယ်။ ထိန်းနိုင်ရင် ထိန်းနိုင်သလောက် အေးချမ်းပါတယ်။ ငြိမ်းချမ်း
ပါတယ်။ အော် ငယ်ငယ်ကတည်းက မြင်နေရတဲ့ စာကြောင်းလေးသုံးကြောင်း မယ်တော်ကြီးက
ဘာမှမပြောဘဲ နံရံပေါ်ရေးထားခဲ့ပေမယ့် ကိုယ့်အတွက်တော့ အလွန်တရာကောင်းမွန်တဲ့ အဆုံး
အမတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အဆုံးအမ ဆိုသည်မှာကား နှုတ်ကထုတ်ပြောပြမှ မဟုတ်
ကိုယ်ကိုယ်တိုင်နေပြပြီးလည်း ဆုံးမရမယ်၊ သူအသိတရားဖြစ်နိုင်အောင် ပြောပြပြီးလည်းဆုံးမရ
မယ်။ နောက် ပတ်ဝန်းကျင်ကို ညွှန်ပြပြီးလည်း ဆုံးမတတ်ရပါမယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီး တရားဟောကြားခဲ့သော နည်းများသည်ကား ထိုကဲ့သို့
သောနည်းများပင်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်များသည်လည်း မိမိတို့ရဲ့ နောင်
လာနောက်သားများကို အဆုံးအမပေးရာတွင် ကိုယ့်စကားနွားရ မဟုတ်စေဘဲ ကလေးသူငယ်များ
လက်ခံနိုင်မည့် အသုံးအနှုန်းအပြောအဆို အတွေးအခေါ်များနှင့် ဆုံးမကြပါလို့ တိုက်တွန်းလိုက်
ရင်း မယ်တော်ကြီးအား မွေးနေ့မှာတမ်း အဖြစ်…………….
ရုပ်ကို ထိန်းတော့ စိမ်းလန်းရာ၏။
နှုတ်ကို ထိန်းတော့ သိန်းသန်းတန်၏။
စိတ်ကို ထိန်းတော့ ငြိမ်းချမ်းရာ၏။                ။ငြိမ်းချမ်းသော စိတ်ထားပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ…………………။

ကျွန်တော် ဖတ်ခဲ့ရတဲ့ ဒီမွေးနေ့မှာတမ်း ဆိုတာကို  မောင်ပညာ (ကေတုမတီ) မှ တဆင့် ကူးယူဖော်ပြပါသည်။ မူရင်းလင့်ခ်
http://www.htanaungyeik.blogspot.com သွားရောက်ဖတ်ရှုနိုင်ပါသည်ခင်ဗျား

5 comments

  • thuyazaw21451

    December 20, 2011 at 3:39 pm

    သူကြီးရေ ဒီပို့စ်ကို တင်တဲ့အချိန် ကွန်မကောင်းတော့ နှိပ်မိနှိပ်ရာနှိပ်လိုက်တာ ခေါင်းစဉ် မတပ်ဖြစ်လိုက်ပါဘူး ဒီပို့စ်လေးကို ဖယ်ပေးပါနော်….. ပွိုင့်နှုတ်လိုက်ပါ

  • thit min

    December 20, 2011 at 5:20 pm

    ရုပ်ကို ထိန်းတော့ စိမ်းလန်းရာ၏။
    နှုတ်ကို ထိန်းတော့ သိန်းသန်းတန်၏။
    စိတ်ကို ထိန်းတော့ ငြိမ်းချမ်းရာ၏။
    ~~~~~~~~~~~~~~~~~~~~~~~~~~
    ဒီလောက် ကောင်းတဲ့စာ ဖျက်စရာမလိုပါဘူး။
    သူကြီးလာရင် ခေါင်းစဉ်တပ်ပေးပါလိမ့်မယ်။
    “မွေးနေ့ မှာတမ်း” ဆိုတဲ့ ခေါင်းစဉ်ရှိပြီးသားဘဲလေ။
    ဆက်ရေးပါအုန်းနော်။ အားပေးနေပါတယ်။(^^)

  • MaMa

    December 20, 2011 at 5:41 pm

    တော်တော်ကောင်းတဲ့ ဆုံးမစာလေးပဲ။
    ဒီစာလေးကို ဖတ်ခြင်းအားဖြင့် လူလိမ္မာသား ယဉ်ပါး ဆိုသလို
    သူရဇော် ဟာ လိမ္မာယဉ်ကျေးတဲ့သူ ဖြစ်မယ်ဆိုတာ ငြင်းဖွယ်ရာမရှိ… 🙂

  • kai

    December 20, 2011 at 6:02 pm

    ခေါင်းစဉ်တင်ပေးလိုက်ပါတယ်နော..။ 🙂

  • thuyazaw21451

    December 21, 2011 at 9:08 am

    ကျေးဇူးတင်ပါတယ်…..ခေါင်းစဉ်မတပ်မိလို့ စိတ်သောကဖြစ်နေတာ

Leave a Reply