ဒီဇာတ်လမ်းရဲ့ အစက ကျုပ်မျက်စိကိုက်ရာကနေ စခဲ့တာပါ… ကျုပ်က ကိုးတန်း

ကျောင်းသားဘ၀ကတည်းက မျက်မှန်တပ်ခဲ့ရတာလေ… အဝေးမှုန်ပေါ့ ….

အသက်လား ၃၅နှစ်ပါ… အလုပ်အကိုင်က အရပ်ငှားကျောင်းဆရာ….ရှုပ်သွားလား…

ကျုပ်တို့ရွာတွေဘက်မှာ ကျောင်းတွေကို ဆရာ/ဆရာမ လုံလုံလောက်လောက် အစိုးရက

မချပေးနိုင်ဘူးလေ… ဒီတော့ ရွာတွေက စုပေါင်းပြီး ဆရာ/မ တွေ ငှားကြရတာ…

လခလားးးးး ပိုက်ဆံနဲ့ မဟုတ်ဘူးဗျ.. တစ်နှစ်စာကို စပါး ဂ၀ ရတယ်…တင်းဂ၀ပေါ့..

ကျုပ်စာသင်တဲ့ ကျောင်းက တွဲဘက်အထက်တန်းကျောင်းပါ… ရွာနာမည်က မော်တိတ်

တဲ့…ကျုပ်က ဒီရွာနဲ့ တော်တော်ဝေးတဲ့နေရာကပါ… ရွာသူ/သား အများစုက ဂဒူးတွေ

ရှမ်းတွေပါ.. ကျုပ်က ကိုးတန်းနဲ့ ဆယ်တန်းကို သချာင်္နဲ့ ရူပသင်ပါတယ်… ဒီရွာမှာ

ကျုပ်အငှားဆရာ လုပ်လာတာ ငါးနှစ်ရှိပါပြီ… ပညာအရည်အချင်းကတော့ ဘီအက်စ်စီ

မက်စ်ပေါ့…သင်္ချာနဲ့ ကျောင်းပြီးတာပေါ့ဗျာ… နာမည်ကတော့ ထိန်ဟော်ပါ…

ဒီရွာကလူတွေကတော့ ကျုပ်ကို စာဆိုနဲ့ ခေါ်တယ်..ထိန်ဟော်..ချိန်ချော်တဲ့…..

ကျုပ်သူငယ်ချင်းတစ်ယောက်ကတော့ ကျုပ်နာမည်ကို ဒီလိုစာချိုးတယ်…..

ထိန်ဟော်… အချိန်မတော်…အိမ်ပေါ်မှာ … ထမီလျှော်မဲ့ကောင်တဲ့…

ကျုပ်ကလည်း ဘယ်ခံနိုင်လိမ့်မလဲ… ထိန်ဟော်ဟေ့..စိန်ခေါ်ရင်…

တိမပေါ်အထိလိုက်မဲ့ကောင်ဆိုပြီး ပြန်ပြောရတယ်… ကဲ..ထားတော့.. ဒါတွေပြော

နေရရင် ကုန်မှာ မဟုတ်ဘူး… ကျုပ်ခုတစ်လော မျက်စိတွေ ကိုက်နေတယ်..

စာကြည့်လို့မရဘူးးး မျက်မှန်က ပါဝါမကိုက်တော့တာ ထင်တာပဲ..။

ဒါနဲ့ မျက်မှန် အသစ်လုပ်ဖို့ရာ ငွေစုရတာပေါ့.. အပိုဝင်ငွေလေးဘာလေးရှာရ

တော့တာပါ… ကျုပ်က လက်မှုပညာလေးလည်း မတောက်တခေါက်တတ်တယ်..

အုန်းဆံတံမြက်စီး ရက်တယ်… ကြိမ်ခြင်းလေးတွေ ရက်တယ်… အဲ့လိုနဲ့ အပိုငွေ

လေးတွေရှာရတာလေ… လက်ထဲမှာ ပိုက်ဆံ တစ်သိန်းပျော့ပျော့လောက်စုမိတော့

ကျုပ် မန်းလေးကို မီးရထားကြီးစီးပြီး သွားတာပေါ့…. မီးရထားနဲ့ သွားတယ်ဆိုတာလဲ

ခရီးစရိတ်က ပိုပိုလျှံလျှံလေးပါမှဗျ… သိတော်မူကြတဲ့ အတိုင်း မြန်မာ့ မီးရထားကလေ..

ကျုပ် မန်းလေးရွှေမြို့တော်ကြီးဆီ မျက်စိစမ်းသပ်ဖို့ရာ ဘယ်လာချင်ပါ့မလဲ … မီးရထားစီး

ရတဲ့ ဒုက္ခ လမ်းစရိတ် အိုးးးး အစုံပါပဲဗျာ… ဒါပေမယ့် ခက်တာက ကျုပ်တို့ဆီမှာ မျက်စိမျက်မှန်

စမ်းသပ်ခန်းတွေ ဆေးခန်းတွေ မရှိဘူးလေ… ဒါကြောင့် မန်းလေးရွှေမြို့တော်ကြီးဆီ ချီတက်လာ

ရတာပါ… ပြီးတော့ တီဗွီကြော်ငြာထဲက အဝေးကြည့်ကြည့် အနီးကြည့်ကြည့် ယူနိုက်တက်

ဗွီးရှင်းရှိတယ် … ဆိုတဲ့ ကြော်ငြာထဲက ဆိုင်ကို ကျုပ်သွားပြချင်တဲ့ ဆန္ဒလေးကလည်းရှိနေသေး

တာလေ…. ဒါကြောင့် ကျုပ်ငွေစုပြီး ၀ယ်စရာရှိတာလေးတွေ ၀ယ်ဘို့နဲ့ မျက်မှန်အသစ်လုပ်ဖို့

မန်းလေးရွှေမြို့တော်ကြီးကို ရောက်ခဲ့ရတာပါ ….

မန်းလေးရွှေမြို့တော်ကြီးကိုရောက်တော့ မြင်မြင်သမျှ အံ့သြစရာတွေချည်းပါပဲ …

လူတွေ ကားတွေ ဆိုင်ကယ်တွေ အရောင်အသွေး အစုံပေါ့ … ကျုပ်ဘူတာကြီးနားက

ယူနိုက်တက်ဗွီးရှင်း မျက်မှန်ဆိုင်ကြီးဆီရောက်ခဲ့တာပေါ့ … ဆိုင်ကြီးကလည်း သားနားပါ့ဗျာ..

ကျုပ်ဆိုင်ထဲဝင်ပြီး ကောင်တာက မမကြီးနဲ့ အကျိုးအကြောင်းပြော သူက ကျုပ်မျက်စိကို

စစ်ဆေး ပြီးတော့ အရင်က တပ်ခဲ့ရတဲ့ မျက်မှန်ပါဝါကိုမေးတယ်.. အဆင်ပြေမှာပါတဲ့..

ကျုပ်အသက် နေရပ်တွေ မေးပြီး သူက တုံကင်သွားထပ်ပေးတယ်… ကျုပ်ကို စောင့်နေဖို့ရာ

နေရာလေးကို ညွှန်ပြတယ်ဗျ… ကျုပ်ရှေ့မှာ ကျုပ်လိုပဲ စောင့်နေတဲ့ လူ သုံးယောက်လောက်

ရှိတယ်… အခန်းလေးမှာ ခုံရှည်လေးတွေချထားတယ်လေ… အခန်းက အဲကွန်းတပ်ထားတယ်

ထင်တာပဲဗျ… အေးးနေတာပဲ… ကျုပ် တောင်တွေး မြောက်တွေးနဲ့ ကျုပ်အလှည့်ကိုစောင့်နေမိ

တာပေါ့ … အဲ့အချိန်မှာ ဆိုင်ရှေ့ ကို ကားအကောင်းစားကြီး တစ်စီးဆိုက်လာတယ်…

ပြီးတော့ ကားပေါ်က ဦးဇင်းတစ်ပါးနဲ့ ဒကာမနှစ်ယောက်ဆင်းလာတာမြင်ရတယ်…

ဦးဇင်းက အသားဖြူဖြူထောင်ထောင်မောင်းမောင်း ခန့်ခန့်ငြားငြားကြီးပါ .. ပါလာတဲ့

ဒကာမတွေကလည်း ၀တ်ထားစားထားလိုက်ကြတာ…ညွှတ်လို့ပေါ့…

ကျုပ်ငေးနေမိတယ်…. သြော်..ရှိတဲ့သူများကျတော့လည်းး ရှိလိုက်ကြတာ….

ကျုပ်တို့လို ကောင်မျိုးကြတော့လည်း ငွေလေး တစ်ရာ နှစ်ရာရဘို့ မလွယ်လိုက်တာ..

ဘယ်တတ်နိုင်ပါ့မလဲဗျနော့… အရင်ဘ၀က ကုသိုလ်နည်းခဲ့တာကိုးးးး …

ဦးဇင်းက နေကာမျက်မှန်တစ်လက်ကို ကောက်ပြီး ဈေးမေးလိုက်တယ်….

အရောင်းစာရေးမလေးက တစ်သိန်းရှစ်သောင်းပါ ဘုရားလို့ ပြန်လျှောက်တယ်ဗျ..

ဦးဇင်းက မျက်မှန်ကို တပ်ကြည့်တယ်..ပြီးတော့ သေသေချာချာစူးစမ်းပြီး …

ဒါပဲ ယူလိုက်မယ်ဆိုပြီး ဒကာမတွေကို လှည့်ပြောတယ်… ဒကာမတစ်ယောက်က

သူ့အိတ်ကြီးကို ဖွင့်ပြီး အစိမ်းရောင် ခြင်္သေ့တွေကို ထုတ်ပေးလိုက်တယ်….

လျှော့ပါဦးတို့ ဈေးကမများဘူးလားတို့ တစ်ခွန်းမှမပြောဘူးဗျ….

ဒီလိုနဲ့ ကျုပ်ရှေ့က စမ်းသပ်ခန်းထဲဝင်နေတဲ့ ကျောင်းသူအရွယ် ကလေးမနဲ့

သူ့အမေဖြစ်ဟန်တူတဲ့ မိန်းမကြီးထွက်လာပါတယ်…သူတို့က မျက်မှန်ကိုင်းလေး

တွေကို ကြည့်တယ်…ပြီးတော့ ကလေးမလေးက မျက်မှန်ကိုင်းလေးတစ်ခုကို

ပြပြီး ဘယ်လောက်လဲလို့ မေးတယ်… ရှစ်သောင်းလေးထောင့်ငါးရာတဲ့…

အဲ့မှာ ကျုပ်မျက်လုံးပြူးတော့တာပဲ…ဘုရားးဘုရားးး မျက်မှန်ကိုင်းလေးတင် ရှစ်သောင်း

ကျော်….အားပါးပါး မျက်မှန်ရယ်..စမ်းသပ်ခရယ်…ပြီးတော့လိုအပ်လို့ဆေးစားရမယ်

ဘာညာဆိုရင် ..ကျုပ်ချွေးပြန်လာတယ်ဗျ.. ကျုပ်အိတ်ထဲမှာပါလာတာက ငွေရှစ်သောင်း

ကျော် ၀ယ်စရာရှိတာတွေက ဘာမှမ၀ယ်ရသေးဘူး .. ပြီးတော့ အပြန်စရိတ်….

ကျုပ်အတွေးတွေ ပလုံစီသွားတော့တာပေါ့….ဘာလုပ်ရရင်ကောင်းမလဲ…

ဘယ်လိုလုပ်မလဲပေါ့….ကျုပ်အရှေ့မှာ စောင့်နေတဲ့လူ နှစ်ယောက်ကျန်သေးတယ်..

ကျုပ်ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချမှတ်လိုက်တယ်… ပြီးတော့……

ထိုင်ရာကနေ ထပြီး တစ်လှမ်းချင်း တစ်လှမ်းချင်း ယူနိုက်တက်ဗွီးရှင်းနဲ့ ဝေးရာကို

ထွက်လာခဲ့တော့တာပါပဲဗျာ…. နားထဲမှာတော့ အနီးကြည့်ကြည့် အဝေးကြည့်ကြည့်

ယူနိုက်တက်ဗွီးရှင်းရှိတယ်….ဆိုတဲ့ ကြော်ငြာသီချင်းသံလေးက တရစ်ဝဲ၀ဲပေါ့……

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။