နအဖခေါင်းဆောင်ကို သရော်သူ ကဗျာဆရာ လွတ်မြောက်

True FaithMay 27, 20101min621

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မေလ ၂၆ ရက် ၂၀၁ဝ ခုနှစ် ၁ရ နာရီ ၁ဝ မိနစ်

ချင်းမိုင် (မဇိ္ဈမ) ။      ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အာဏာရူးကြီးဟု သရော်သဖြင့် ထောင်ဒဏ် ၂ နှစ် ချခံခဲ့ရသော လူ့အခွင့်အရေးဆုရှင် ကဗျာဆရာ စောဝေ ယနေ့ လွတ်မြောက်လာပြီဟု သူ၏ ဇနီးဖြစ်သူက ပြောသည်။

ဦးစောဝေ (၅ဝ နှစ်) ၏  “ဖေဖော်ဝါရီ ဆယ့်လေး” ဟူသော ကဗျာတွင် ထိပ်စီးစာလုံးများကို အစဉ်လိုက် ဖတ်ပါက ̓အာနာ (ဏာ) ရူးကြီး၊ မှူးကြီးသန်းရွှေ” ဟု အဓိပ္ပာယ်ထွက်သဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ကျခဲ့ပြီး မန္တလေးတိုင်း ရမည်းသင်းထောင်မှ လွတ်လာခြင်း ဖြစ်သည်။

“ဒီမနက် ၉ နာရီခွဲလောက်မှာ ရမည်းသင်းကနေ လွှတ်ပြီလို့ သူ ဖုန်းဆက်လာတယ်” ဟု ဇနီးဖြစ်သူ ဒေါ်နန်းစန်းစန်းအေးက မဇ္ဈိမကို ပြောသည်။  အကျဉ်းဦးစီးဌာနက ဦးစောဝေကို နေပြည်တော်သို့ ပို့ဆောင်ပေးခဲ့ပြီး ယခုအခါ နေပြည်တော်မှ ကားဖြင့် ပြန်လာနေရာ ယနေ့ည သန်းခေါင်ခန့်တွင် ရန်ကုန်နေအိမ်သို့ ရောက်ရှိမည်ဖြစ်သည်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က ဖိနှိပ်ချုပ်ချယ်မှုများကြားမှ မိမိ၏ အမြင်ကို ရဲဝံ့စွာ ရေးသားထုတ်ဖော်နိုင်သူ ဦးစောဝေကို ၂ဝဝ၉ ခုနှစ်တွင် Hellman/Mammett Award ဆု ချီးမြှင့်ခဲ့သည်။

ကဗျာကို ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်တွင် ထည့်သွင်းဖော်ပြရာ စာပေစိစစ်ရေးက မတွေ့မြင်လိုက်ဘဲရှိကာ ဟိုးလေးတကျော် ဖြစ်သွားပြီး ရဲက ဖမ်းဆီးခဲ့သည်။  ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

One comment

  • cum min

    June 29, 2012 at 11:45 am

    အော်…
    ကောင်းပါတယ်..
    အခုလိုလွတ်လာတယ်ဆိုတောကာ…

Leave a Reply