အမေနေ့အကြိုဆောင်းပါး

who whoDecember 20, 20111min1198

ဒီနှစ် နတ်တော်လပြည့်နေ့ရဲ့ထူးခြားချက်တစ်ခု။
ဆေးပေါင်းခတဲ့ညရဲ့အလှ။
လကြတ်သည့် မြင်ကွင်းအားငေးကြည့်မိရင်း….
တိုက်ဆိုင်မှုတွေကြုံတိုင်း အတိတ်ကို ပြန်ချိတ်စရာရှာတတ်တဲ့စိတ်ကလေးရဲ့အထာအတိုင်း..
အော် ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ခဲ့ပါပေါ့လား။

=================================================
မှတ်မှတ်ရရ မနှစ်က ဒီလို နတ်တော်လပြည့်နေ့ညပိုင်းလေးမှာပေါ့………

“ဟယ် ဟိုမှာကြည့်ကြစမ်း။ လမင်းကြီးက သာလို့။ လှလိုက်တာနော်”
ပြူတင်းပေါက်မှ အပြင်သို့ ရုတ်တရက် ကြည့်လိုက်မိရင်းက လှမ်းပြောလိုက် ခြင်းဖြစ်သည်။
“ဟုတ်တယ်လေ ဆရာမရဲ့ ဒီနေ့က လပြည့်နေ့လေ”
ကလေးတစ်ယောက်မှ လှမ်းပြောလိုက်တယ်။
ကျွန်မကတော့ ပြူတင်းပေါက်မှ ခေါင်းထွက်ပြီး မျက်နှာကိုမော့လျက် လမင်းဆီက ငွေရည်များဖြင့် မျက်နှာသစ် နေလိုက်တယ်။ တဆက်တည်းလည်း ငယ်တုန်းကရေးခဲ့တဲ့ စာစီစာကုံးထဲက
“လရောင်ဆမ်းတဲ့ ရွာလမ်းမြေမှာ
အုန်းထန်းပေလက်၊တမာရွက်တို့
ရွှေစက်ရွှေပြောက်၊ ရွှေရည်သောက်၏”
ဆိုတဲ့ ကဗျာ တစ်ပိုင်းတစ်စလေးကို စဉ်းစားမိရင်း ပြုံးမိနေသည်။
တစ်ယောက်ကမေးလိုက်သည်။
“ဘာလပြည့်မို့လို့လဲ”။ ဆိုတော့
“ပြာသိုလပြည့်လေ မသိဘူးလား” လို့ ကလေးအချင်းချင်း မေးမြန်းနေသံက အတွေးတွေကို လှုပ်နှိုးလိုက်တယ်ဆိုရင်ပဲ ….“ဟာ ..ဒုက္ခပါပဲ…သွားပါပြီ..!!”
“ဘာလို့လဲ ဆရာမရဲ့..”
“ပြာသိုလပြည့်ဆို…ဘယ်လိုလုပ်မလဲ…ဒုက္ခပါပဲ။ ငါတော့ ဘာလို့များ ဒီလောက်ထိ ပေါ့ဆ ရတာ လဲမသိဘူး။”ပြောရင်းနဲ့ ခေါင်းကို လက်သီးနဲ့ထုမိနေပါတယ်။
ဟုတ်တယ်လေ။
ပြာသိုလပြည့်နေ့ဟာ အမေနေ့ဆိုတာ အမြဲအမှတ်ရပြီး သတိထားနေခဲ့တာကို ခုက ဘယ်လိုဖြစ်ပြီး ငါ့နဲ့နော် ပြာသိုလပြည့်မှန်း မသိရတာလဲ။
နှစ်တိုင်းလည်း ဒီလို ပြာသိုလပြည့်နား နီးရင် ကိုယ့်အမေအတွက်ရော၊ ကလေးတွေ အမေတွေ အတွက်ရော၊ နီးစပ်သူတွေရဲ့ အမေတွေအတွက်ပါ ရှော့ပင်းထွက်ပေးနေကျပဲလေ။
ခုတော့ဖြင့် ငါ့နှယ့်နော်။
ဘာပဲဖြစ်ဖြစ် လုပ်နေကျ အစဉ်အလာကို ပျက်လို့တော့မဖြစ်ဘူး။ ခုပဲ ပြေး ဝယ်မယ် ဆိုပြီး နာရီကို ကြည့်လိုက်တော့ ည ရှစ်နာရီခွဲရှိသွားပါပြီ။ အို ဆိုင်တွေ မပိတ်လောက်သေးပါဘူး။ အမေ့ကို ဒီနေ့အတွင်း ကန်တော့ဖြစ်မှဖြစ်မယ်ဆိုပြီး အိမ်အောက်ကို အမြန်ဆုံး ပြေးဆင်းလာခဲ့တယ်။
အမေက ထမင်းစားရင်းနဲ့ ပြေးဆင်းလာသော ကျွန်မကို ဘာလို့ပါလိမ့်လို့ လှမ်းကြည့်ပြီး မေးလိုက်သည်။ အမေရေ သမီးတော့ ဒီရက်ပိုင်း အလုပ်တွေများတာနဲ့တောင် အရေးကြီးတဲ့ ရက်စွဲတွေကို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတာလေ။ “အမေ..ဒီနေ့ ဘာနေ့လဲသိလား?” လို့ မေးလိုက်တော့ အမေက အံ့ဩစွာနဲ့ ဘာနေ့မို့လို့လည်း မသိပါဘူး။
“ ဟာ…ပြာသိုလပြည့်လေ အမေရဲ့..။ ”
“ဟင် မဟုတ်ပါဘူး။ ဘယ်ကလာ။ နတ်တော်လပြည့်ပါ သမီးရဲ့။ဘာတွေ မျက်စိ လည်နေတာလဲ။” “ဟင် ဟုတ်လို့လား အမေရယ် ကလေးတွေကပြောတော့ ပြာသိုလပြည့်နေ့တဲ့နော်။” ပြောရင်း ဆိုရင်း ပြက္ခဒိန်ကို အမြန်ပြေးလှန်လိုက်တော့မှ “ဟူး…..တော်ပါသေးရဲ့။”
“ဒါကြောင့် သမီးတောင် အံ့ဩနေတာ။ အဲလိုနေ့တွေကို သမီး မမေ့တတ်ပါဘူးလို့။ ခုရက် ပိုင်း လုပ်စရာတွေကလည်းများပြီး လူကလည်း ပြေးလားလွှားလားဆိုတော့ သမီးဖြင့် လန့်သွားတာပေါ့။”
အိမ်သားအားလုံးက ကျွန်မအဖြစ်ကို ဝိုင်းရယ်ရင်း ကျန်ခဲ့ကြတယ်။ ကျမကတော့ ရှက်ရှက်နဲ့ အိမ်ပေါ်ပြေးတက်ခဲ့ပါတယ်။ အင်း..“သတိမပါ..ရှက်စရာတဲ့နော်။နင်တော့လား…ဟင်း..လုပ်လိုက်ရင် အဲလိုချည်းပဲ အသည်း အသန်နဲ့ ..” လို့ ကိုယ့်ဘာကိုယ် ရှက်ရမ်းရမ်းပြီး စိတ်ထဲက လှမ်းဟောက်လို်က်ပါသေးရဲ့။

==================================================

အဲလိုအဖြစ်တွေဖြစ်ခဲ့လို့ပဲ ခုကတည်းက ဒီစာလေးနဲ့ ကြိုအော်ထားမှပဲဆိုပြီး ကိုယ့်အဖြစ် ကိုယ် ရှက်ရှက်နဲ့ မှတ်တမ်းတင်ရင်း ရောက်လာတော့မယ့် ( ၈.၁.၂၀၁၂) ပြာသိုလပြည့် အမေနေ့မှာ ကိုယ့်အမေကို ဘယ်လိုများ အမှတ်တရ ကျေးဇူးလေးများ ဆပ်ရပါ့ဆိုတဲ့ အတွေးလေးတွေနဲ့ ကြိုတင် ပြင်ဆင်နိုင်အောင် သတိပေးလိုက်ပါတယ်။

အားလုံးလည်း မိမိရဲ့ မွေးမိခင်အတွက် ကောင်းနိုးရာရာထဲကမှ အမြတ်ဆုံးနည်းနဲ့ ကျေးဇူး ဆပ်နိုင်အောင်လို့ ဒီစာလေးနဲ့ နိုးဆော်လိုက်ပါရစေ။

တဆက်တည်း အမေများအားလုံးအတွက် အမှတ်တရဖြစ်စေဖို့ ဖတ်မှတ်ခဲ့ဖူးသော ဒီစာလေးနဲ့ ဂါရဝပြုလိုက်ပါတယ်။

အမေရှိလျှင်

“If you have a mother
Treasure her with care,
For you never know her value
Till you see her vacant chair.”

“အနန ္တဂိုဏ်းဝင်၊ မွေးမိခင်ကို
ချစ်ခင်လေးစား၊တန်ဘိုးထားပါ။
လှုပ်ရှားသွားလာ၊ ဟန်မူယာသည်
အိမ်မှာပပျောက်၊ ထိုချိန်ရောက်မှ
ဆောက်တည်မရ၊ နောင်တရလျှင်
ဘဝတလျှောက်လုံး၊ ယူကျုံးမရဖြစ်လိမ့်မည်။”

MOTHER means
M is for the million things she gave me.
မိုးမြေမကဖိုးတန်လှသည်၊သူမပေးကမ်းခဲ့သောအရာများ။
O means only that she’s growing old.
ပြုစုကျွေးမွေး၊ မေတ္တာပေးရင်း၊ သူမအိုမင်းလာခဲ့ပြီ။
T is for the tears she shed to save me

ရင်သွေးအတွက်၊ သောကယှက်၍၊ သူမမျက်ရည်ကျခဲ့သည်။
H is for her heart of pures gold
နာဆာကင်း၊ ရွှေအဆင်းနှယ်၊ နှလုံးလှပတင့်တယ်သည်။
E is for her eyes with love-light shining.
ယုယချစ်ကြည်၊ မေတ္တာရည်နှင့်၊ သူမမျက်လုံး ရွှန်းလဲ့သည်။
R means right and right she’ll always be.
ဘယ်အခါမှ၊ မှားသည်မရှိ၊ သူမအမြဲမှန်ကန်၏။

Put them altogether, they spell ‘MOTHER”.
ပြည့်စုံရည်ချင်း၊ အပြစ်ကင်းသည့်၊ သန့်ရှင်းကြည်လင်၊ မေတ္တာရှင်သည်၊ မိခင်မာတာ အမေသာတည်း။

M is for the mercy she possesses.
ညှာတာထောက်ထား၊ သနားကြင်နာ၊ သူမခွင့်လွှတ်နိုင်သည့်အား။
O means that I owe her all I own

ချမ်းသာကြွယ်ဝ၊ ပိုင်သမျှသည်၊ သူမကျေးဇူးများကြောင့်သာ။
T is for her tender, sweet caresses
ချော့ကာမော့ကာ၊ ယုယစွာဖြင့်၊ သူ့ရင်ခွင်မှာ ထွေးပိုက်ခဲ့ပါသည်။
H is for her hands that made a home.
ပုခက်လွှဲလျက်၊ သူမလက်သည်၊ “မေတ္တာအိမ်”ကို ဆောက်ခဲ့သည်။
E is everything she’s done to save me.
ဖေးမရပ်တည်၊ မြဲကူညီသည်၊ ကယ်တင်ရှင်ကြီးဖြစ်ပါသည်။
R means right and regular she’ll be.
နှစ်ကြာညောင်းလည်း၊ မပြောင်းလဲဘဲနေမည်၊ မယိုင်လဲသည့် မြတ်စိတ်ထား။

8 comments

  • blackchaw

    December 20, 2011 at 9:50 pm

    whowho ရေ။
    အမေကိုကျွန်တော် အရမ်းချစ်ပါတယ်။
    ကျွန်တော်က အမေ့ရဲ့ ဒုက္ခအိုးလေး တစ်ယောက်ပါဗျာ။
    အခုလို ရေးပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။

    • TTNU

      December 20, 2011 at 10:48 pm

      တီချာမှာလည်း အမေ့ရဲ ့ဒုက္ခအိုးလေးတစ်လုံးရှိခဲ့ဘူးတယ် ဘလက်ချောရယ်။
      အမေ့ကို ထားသွားခဲ့တာ (၉)နှစ်တိတိရှိသွားပြီ။
      “အမေ… ကျွန်တော့်ကို စိတ်မပျက်ဖူးလား…” လို့ ထူးအိမ်သင်ပြောတိုင်း
      မျက်ရည်ကျရတယ်။

  • amatmin

    December 20, 2011 at 11:45 pm

    whowho ရေ..
    ဖတ်ခွင့်ရလို့အရမ်းကျေးဇူးတင်ပါတယ်..
    အမေဟာ အမြဲတမ်းပေးဆပ်သူဆိုတဲ့ မှန်ကန်တဲ့ စကားလေးကို
    နှလုံးသွင်းပြီး မမေ့လျော့ဖို့ တတ်နိုင်သလောက် ကြိုးစားနေတဲ့
    ကျွန်တော့အတွက် အဖော်ဖြစ်စေမဲ့ အာဟာရ စာစုပါဗျာ..

    အမေ့ကို အမြဲပြသာနာပေးလေ့ရှိတဲ့
    အမတ်မင်း

  • MaMa

    December 21, 2011 at 8:21 am

    အမေများနေ့က ပြာသိုလပြည့်နေ့ဆိုတာကိုတောင် ခုမှသိရလို့ ကျေးဇူးပါ who who ရေ။

  • whowho

    December 23, 2011 at 9:53 am

    ဟုတ်ကဲ့။ အားလုံးကို ကျေးဇူးတင်ပါကြောင်း။

  • hmee

    December 23, 2011 at 2:55 pm

    http://myanmargazette.net/48544/creative-writing
    မနှစ်က အမေနေ့မှာ ရေးခဲ့တဲ့ဆောင်းပါးလေးပါ။ ကိုယ်တိုင် အမေဖြစ်မှ အမေ့မေတ္တာကို နားလည်းပြီး ပိုချစ်လာရတဲ့ သမီးအကြောင်းလေး။

  • tt lay

    December 23, 2011 at 3:11 pm

    whowho ရေ…… အမေ့ကို ချစ်တယ်။ အမေများမရှိတော့ရင်လို့ တွေးမိတိုင်း စိတ်ထဲမှာ ခံစားရတယ်။ ဒီစာသားတွေဖတ်မိမှ အမေကို ပိုချစ်မိတော့တယ်။ ကျေးဇူးတင်ပါတယ် whowho ရေ။

  • whowho

    December 23, 2011 at 5:38 pm

    ချစ်ရင် ရှိတုန်းပြုစုပေါ့။ သူလည်း အနိစ္စခန္ဓာမို့ ပျက်ရဦးမှာပဲဆိုတာ အမြဲနှလုံးသွင်းလို့ ခုလက်ရှိ အချိန်လေး ကို တန်ဖိုးထား ပြုစုသွားကြပါစို့လား။ လာမယ့် အမေနေ့ကိုတော့ မှတ်မှတ်ရရလေး ကန်တော့ဖို့ ကြိုတင် ပြင်ဆင်ကြစို့လား။

Leave a Reply