ဒကာတစ်ယောက်မှ ဦးဇင်းဆန်နီနေမင်းထံသို့ အကြံပြုစာ

ဦးဇင်းဘုရား။ ဦးဇင်းကို တပည့်တော် တစ်ခုလောက် အကြံပေးချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဦးဇင်းက အများအကျိုးအတွက် စာတွေရေးပေးနေတာဆိုတော့ လူသိများတယ်လေ။ အဲဒီတော့ ကြည်ညိုတဲ့လူလည်း များမယ်ထင်တယ်။ ဦးဇင်းကို ကြည်ညိုနေတဲ့လူတွေက ကိုယ့်ဦးဇင်းကို အပြစ်အသေးစားတောင်မှ မဖြစ်စေချင်လို့ ပိုက်ဆံမကိုင်စေချင်တာဖြစ်မယ်။ အဲဒီတော့ ဦးဇင်းလည်း အပြစ်မရရှိအောင် ဦးဇင်းကြည်ညိုသူတွေလည်း စိတ်ချမ်းသာအောင် ဦးဇင်းနဲ့သိတဲ့ ဒကာ၊ ဒကာမတွေအားလုံးစုပေါင်းပြီး Credit Card လှူခိုင်းလိုက်ပါလား။ ဒါဆို ဦးဇင်း ဘယ်နေရာသွားသွား ပြည်ပမှာတော့ ပိုက်ဆံကိုင်စရာမလိုဘဲ သုံးလို့ရတယ်လေ။ မြန်မာပြည်ပြန်လာရင်တော့ ကဒ်နဲ့သုံးလို့မရရင် ကပ္ပိယကျောင်းသားတစ်ယောက် ခေါ်ထားပေါ့ဘုရား။ ဒါဆို ဦးဇင်းလည်း အပြစ်မဖြစ်တော့ဘူး။ ဦးဇင်းဒကာ ဒကာမတွေလည်း စိတ်ချမ်းသာမယ်လို့ ယူဆရတဲ့အတွက် ဒီအကြံကို ပြုရခြင်းဖြစ်ပါတယ်ဘုရား။ ဒါပေမဲ့ ဦးဇင်းက အလှူခံတဲ့အကျင့်မရှိဘူးဆိုတော့ အလှူမခံတဲ့အတွက် တပည့်တော်ပြောတဲ့အကြံ အောင်မြင်မှာတော့ မဟုတ်ဘူးထင်ပါတယ်ဘုရား။ ရိုသေစွာဖြင့်–ဒကာသက်အောင်

ဒါကတော့ ဦးဇင်းကို မေးလ်ကနေ ပု့ိလိုက်တဲ့စာဖြစ်ပါတယ်။ သူပြောသလိုသာ ဦးဇင်း Credit Card ကိုင်နိုင်တဲ့အဆင့်ရှိရင် ပြည်ပမှာတော့ ပိုက်ဆံမကိုင်ဘဲနေလို့ ရနိုင်ပါတယ်။ နောက်ပြီး ဒီကဒ်သာရှိမယ်ဆိုရင် အင်တာနက်ကနေ စာအုပ်တွေ၊ ပစ္စည်းတွေ ဝယ်လို့ရတာမို့ အပြင်ထွက်စရာတောင် လိုမှာမဟုတ်ပေ။ ဦးဇင်းလိုအပ်ချက် ကျမ်းတွေကိုလည်း အင်တာနက်မှာရှာပြီး ဝယ်ရရင် ပိုအဆင်ပြေမှုဖြစ်မှာတော့ သေချာတယ်။ အပြင်မှာဝယ်ရမယ်ဆိုရင် ဘယ်ဆိုင်မှာရှိလဲစတာတွေစုံစမ်းရတာနဲ့ လမ်းသွားလမ်းလာလုပ်နေရတာနဲ့ အချိန်တွေ ကုန်ဦးမှာ။ ဒါပေမဲ့ ဦးဇင်းခုပညာသင်နေတဲ့ သီရိလင်္ကာနိုင်ငံက ဘဏ်တွေမှာတော့ အနည်းဆုံး USD (1000) ဘဏ်အပ်ထားခြင်း မရှိဘူးဆိုရင် Credit Card လုပ်မပေးပါဘူး။ အဲဒီတော့ ဦးဇင်းလည်း အဲဒီလောက် ဘုန်းကံကြီးလာမဲ့နေ့ကျမှပဲ ခုအကြံပေးတဲ့ ဒကာပြောသလို အပြစ်လည်းလွတ် ကိုယ်လည်းအဆင်ပြေအောင် ပြုလုပ်ပါဦးမယ်။ ခုတော့ စိတ်ကူးကို မယဉ်ရဲသေးပါ။

ဒီအကြောင်းအရာတွေဖြစ်ပေါ်လာရတာကတော့ ဦးဇင်းရဲ့ Facebook စာမျက်နှာ http://www.facebook.com/sanninayminn?ref=tn_tnmn မှာရှိတဲ့ မအားလို့မပြောချင်ပေမဲ့ ပြောလိုက်ရပါတယ်ဆိုတဲ့ ပို့စ်မှာ ရဟန်းသံဃာများနဲ့ ပိုက်ဆံကိုင်ခြင်း သင့်မသင့်၊ လှူဒါန်းသူများမှာ အကျိုးပေးလျှော့မလျှော့တို့ကို ဖြေရှင်းပေးရင်းကနေ ပေါ်ပေါက်လာတဲ့ Comment တွေကနေ ဖြစ်လာရခြင်းပါ။ တကယ်လို့ Facebook သုံးသူများဆိုရင် ဦးဇင်း စာမျက်နှာ (အရှင်ကောမလ ဆန်နီနေမင်း) လို့ရိုက်ရှာလိုက်ပြီး Comment များကို ဖတ်ကြည့်ကြပေါ့လေ။ ဒါဆိုရင်တော့ အားလုံးရှင်းသွားပါလိမ့်မယ်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

5 comments

  • ကြောင်ကြီး

    December 21, 2011 at 12:01 pm

    မှန်လှပါ။ တပည့်တော်ကြောင်ကြီးလည်း အရှင်ဘုရား ပါရာဇိကံမကျရလေအောင် ကြက်ငှက်ငါးအရှင်များကို သတ်ဖြတ်ပြီးမှ နေ့လည်စာဆွမ်းဟင်းအဖြစ် ဆက်ကပ်လှူဒါန်းပါမည် အရှင်ဘုရား။

  • ဆန်နီနေမင်း

    December 21, 2011 at 12:55 pm

    ဒကာကြောင်ကြီးရေ ပါရာဇိကလေးပါးထဲမှာ လူ့အသတ်မသတ်ရခြင်း၊ မေထုန်ကျုးလွန်ခြင်း၊ ခိုးခြင်း၊ ဈာန်မဂ်ဖိုလ်ကြွားဝါးပြောဆိုခြင်း(၄)ခုပါပဲ။ သားငါးတွေကို သတ်တာက ပါရာဇိကမဟုတ်သေးဘူး။ ဒကာရေးတာ မှားနေလို့ ပြောတာပါ။ တကယ်တော့ သားငါးတွေကိုလည်း ရဟန်းသံဃာများအနေနဲ့ ကိုယ်တိုင်သတ်စားလို့တော့ မရဘူး။ သတ်စားရင် ပါစိတ်အာပတ်သင့်မှာ။ ဒကာပြောသလို ကိုယ်တိုင်သတ်ပြီး လာလှူမယ်ဆိုတာကို ဦးဇင်းသိရင်လည်း အဲဒီအသားငါးကို မစားကောင်းဘူး ဒကာရေ။ အဲဒီတော့ အသားငါးကပ်ချင်ရင် လမ်းဘေးအသားတွေကိုသာ ဝယ်ချက်ကပ်ရမယ် ဒကာ။

    • ကြောင်ကြီး

      December 22, 2011 at 1:07 pm

      မှန်လှပါ တပည့်တော်ရေးတာ မပြည့်မစုံ ဖြစ်သွားပါတယ်။ စိတ်မဆိုးနဲ့နော် ဘွာတေး… အရှင်ဘုရားက သဘောကောင်းလို့ အသစ်ပြန်စခွင့်ပြုပါ။ 😀
      ခရက်ဒစ်ကတ်ကို ငွေကြေးလို့ မယူဆဘဲ သုံးကောင်းလျင် သူရာမေရိယကံမှာ ကစော်သေရည်သေရက် (သဂျီးနဲ့ကအောင်ဘု ဝင်မပါနဲ့) လို့သာပါရှိပြီး ဘိန်းဖြူ၊ ယာဘဆေးဝါးများ မပါလို့ သုံးစွဲကောင်းသည်ထင်ပါသည်။
      အပေါ်ဟာက ရွဲ့မေးခြင်းဖြစ်ပြီး ယခုဟာက အတည်မေးခြင်းဖြစ်ပါသည်။
      ဘုန်းကြီးဝတ်သည့်အခါ အကြွေးကင်းရမည်ဟု သိရှိထားပါသည်။ ဘုန်းကြီးများအနေနှင့် အကြွေးဝယ်ယူ သုံးစွဲကောင်းပါသလော၊ (ပြန်မဆပ်မခြင်း အကြွေးဖြစ်ပါသည်) တဆက်ထဲ မေးလိုသည်မှာ ဘုန်းကြီးများ အကြွေးရော ပေးကောင်းပါသလော။ ကျေးဇူးတင်ပါသည် အရှင်ဘုရား။။

  • chityimhtoo

    December 21, 2011 at 1:47 pm

    ရဟန်းသိက္ခာပုဒ် ၂၂ရ သွယ်သောပုဒ် အကျယ်ချဲ့ရင် မြောက်များစွာလို့ဟောကျပါတယ်။ဘုရားလက်ထက်က ရဟန်းတစ်ပါးက အရှင်ဘုရား ရဟန်း
    ရဟန်းသိက္ခာပုဒ်တွေများလွန်းတဲ့ အတွက် လူထွက်ခွင့်ပြုပါဆိုတော့ ဗုဒ္ဓမြတ်စွာဘုရားက အားလုံးကိုသိစရာမလိုဘူး မိမိစိတ်တစ်ခုထဲကိုသာ စောင့်ထိန်းနိုင်ဘို့အရေးကြီးတယ်လို့ နာဘူးပါတယ်။
    ကုသိုလ်ဖြစ်စေတာလည်း မိမိစိတ်ဘဲ အကုသိုလ်ဖြစ်စေတာလည်းမိမိစိတ်ပါဘဲ။မိမိစိတ်သာလျှင်လောက
    မှာအရေးကြီးဆုံးလို့ထင်မိပါတယ်။တစ်ခါတစ်လေကျတော့ သိက္ခာပုဒ်ပေါင်းမြောက်များစွာနဲ့ ချောင်ပိတ်မိပြီး
    ကျင့်ကြံဘို့တောင်အချိန်မရဘဲ ပါးစပ်ကတစ်ဖွဖွဟောတဲ့ နိဗ္မာန်ဆိုတာနဲ့ တစ်ဖြည်းဖြည်း အလှမ်းဝေးသထက်
    ဝေးပြီး သက်တမ်းတွေကုန်ဆုံးသွားကျယ်လို့ထင်မိပါတယ်။

  • ဆန်နီနေမင်း

    December 22, 2011 at 1:54 pm

    အင်း ဒကာကြောင်ကြီးရေ။ တကယ်တော့ Credit Card ကို အပ်စပ်အောင် ဒကာ၊ ဒကာမတွေက လုပ်ပေးရင်တော့ ကိုင်လို့ရနိုင်ပေမဲ့လည်း ငွေကိုထိလိုက်တာနဲ့ အပြစ်ကဖြစ်မှာဆိုတော့ မလွယ်ပါဘူး။ ကဒ်ကိုင်လည်း ငွေနဲ့ဒီခေတ်မှာ ရှောင်လို့မရတာမို့ တစ်နည်းနည်းနဲ့တော့ ကိုင်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ဦးဇင်းကိုအကြံပေးတဲ့ဒကာရဲ့အကြံဟာလည်း ဝိနည်းနဲ့မလွတ်နိုင်သလို ဦးဇင်းလည်း ကိုင်နိုင်မဲ့အခြေအနေမရှိပါဘူး ဒကာရေ။

    ရဟန်းခံမဲ့ ဦးဇင်းလောင်းများမှာ အကြွေးရှိပြီး အဲဒီအကြွေးကို ပြန်ဆပ်မယ်ဆိုရင်တော့ ရဟန်းခံလို့ ရပါတယ်။ ပြန်မဆပ်ဘူးဆိုတဲ့ စိတ်ဓာတ်ရှိရင်တော့ ရဟန်းခံလို့ မရပါဘူး။ ရဟန်းသံဃာတွေဟာ အကြွေးပေးခြင်း၊ အကြွေးယူခြင်း၊ အကြွေးမဆပ်ခြင်းတို့ဟာ ဝိနည်းနဲ့မလွတ်ပါဘူး ဒကာရေ။ တကယ်လို့ ကိုယ့်မှာ တကယ်လိုအပ်နေရင် အလှူခံရပါမယ်။ လှူမဲ့သူမရှိရင်လည်း လှူမဲ့သူရအောင် ရှာရပါမယ်။ ဘယ်လိုမှမရဘူးဆိုရင်တော့ နေတတ်သလို နေလိုက်ရပါမယ် ဒကာရေ။

Leave a Reply