နိဒါန်း

ကျန်းမာရေး၊ လုံခြုံရေး။

ဒီစကားလုံးလေးနှစ်ခုကို အပေါ်ယံအနေနဲ့ ကြည့်လိုက်ရင် ဆက်စပ်တယ်လို့ သိပ်မထင်ရပါဘူး။ ကျန်းမာရေးဆိုတဲ့ စကားလုံးကို ကြားရသူတွေက ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်၊ သူနာပြု၊ “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်“ ဆိုတဲ့ စာသား၊ အေအိုင်ဒီအက်စ်၊ ကင်ဆာစတဲ့ ရောဂါဆိုးတွေ၊ ဒဗလျူအိတ်ဂျ်အို၊ ယင်လုံအိမ်သာ ဆောက်လုပ်ရေး စတဲ့ အကြောင်းအရာ တွေကိုပဲ မြင်ယောင်မိကြမှာ ဖြစ်ပါတယ်။ လုံခြုံရေးဆိုတဲ့ စကားလုံးကို ကြားရသူတွေကလဲ စစ်တပ်၊ ရဲ၊ လုံခြုံရေးဝန်ထမ်း၊ အကြမ်းဖက်မှု၊ ဗုံးပေါက်ကွဲမှု၊ ဒုစရိုက်မှုပပျောက်ရေး၊ နေတိုးအဖွဲ့၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ စတာတွေကိုပဲ စဉ်းစားမိကြမှာ ဖြစ်ပါတယ်။

ကျန်းမာရေးလုပ်သားတွေကလဲ နိုင်ငံရေး၊ နိုင်ငံတော်လုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေးကိစ္စတွေဟာ ကိုယ်နဲ့ မပတ်သက်သလိုပဲ ယူဆမိကြပါလိမ့်မယ်။ လုံခြုံရေးလုပ်သားတွေကလဲ မိသားစု ကျန်းမာရေး ကိစ္စရပ်ကလွဲရင် ပြည်သူလူထု ကျန်းမာရေးဆိုတာ မိမိနဲ့ သိပ်မပတ်သက်တဲ့ ရေးရာတခုလို့ပဲ သတ်မှတ် ပါလိမ့်မယ်။ ဒါပေမယ့် ၂၁ရာစု ခေတ်မှီတိုးတက်တဲ့ ကမ္ဘာကြီးမှာကျတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လုံခြုံရေးကဏ္ဍတွေဟာ တခုနဲ့တခု အပြန်အလှန်ဆက်စပ်တဲ့ ကဏ္ဍတွေဆိုတာကို လူအများက လက်ခံနားလည် လာခဲ့ကြရပါတော့တယ်။ တိုးတက်တဲ့ နိုင်ငံများရဲ့ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတော်လုံခြုံရေး မူဝါဒတွေမှာ ကျန်းမာရေးကဏ္ဍကို ထည့်သွင်းလာကြရသလို၊ ကျန်းမာရေးမူဝါဒမှာလဲ အရေးပေါ်လုံခြုံရေး အခြေအနေတွေ၊ အကြမ်းဖက်တိုက်ခိုက်ခံရမှုအခြေအနေတွေမှာ ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုပ် ငန်းဆောင်တာတွေကို မရှိမဖြစ် ထည့်သွင်းလာကြရပါတော့တယ်။ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းချောက်တဲ့ အန္တရာယ်တွေရဲ့ သဘောသဘာဝ (Nature of Threats) ကို လေ့လာဆန်းစစ်မှုတွေမှာလဲ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊အကြမ်းဖက်မှု၊ ဆင်းရဲနွမ်းပါးမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှု စတာတွေနဲ့ အတူ ပြည်သူ့ကျန်းမာရေးကိုပါ ထည့်သွင်း ဆန်းစစ်ချက်တွေ ပြုလုပ်လာကြရပါတော့တယ်။

ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှု

၁၉ရာစုမှာ ဥရောပနဲ့ တခြားဒေသတွေအကြားက ကုန်သွယ်မှုတွေ တိုးတက်လာခဲ့ပါတယ်။ ကုန်သွယ်မှု တိုးတက် လာမှုနဲ့အတူ တပြိုင်တည်းတိုးတက်လာခဲ့တာကတော့ ကူးစက်ရောဂါ ပိုးမွှား တွေပဲ ဖြစ်ပါတယ်။ ဒီအခါမှာ ရောဂါဘယဆိုတာ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်တခုအနေနဲ့ သတ်မှတ်လာ ခဲ့ကြပြီး နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖြေရှင်းရမယ့် ပြဿနာတရပ် အနေ နဲ့ နိုင်ငံ ခေါင်းဆောင်များ အသိအမှတ်ပြုလာကြပြီး၊ နိုင်ငံတကာက လက်ခံသဘောတူတဲ့ ကျန်းမာရေး ဆိုင်ရာ နည်းဥပဒေတွေ ပြဌာန်းလာခဲ့ကြပါတယ်။ ဒါကြောင့် ပြည်သူ့ကျန်းမာရေးကဏ္ဍကို နိုင်ငံတကာအဆင့် ပူးပေါင်း ဆောင်ရွက်မှုရဲ့ သမိုင်းအစဟာ ၁၉ရာစု ဥရောပတိုက်ရဲ့ လုံခြုံရေးရာ တွက်ချက်အကဲဖြတ်မှုကနေ ဆင်းသက် လာတာလို့ ဆိုနိုင်ပါတယ်။

၂ဝ ရာစု အစောပိုင်းကာလများမှာကျတော့ ပြည်သူ့ကျန်းမာရေးနဲ့ လုံခြုံရေးအကြားက ဆက်နွယ်မှုတွေက ပိုမိုသိသာ ထင်ရှားလာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကာလတွေမှာ ကမ္ဘာနဲ့အဝှမ်းစစ်ပွဲကြီး၊ စစ်ပွဲ ငယ်လေးတွေ ဖြစ်ပွားခဲ့လို့ပါပဲ။ နိုင်ငံတခုမှာ စစ်ပွဲတွေ ရှိနေရင်၊ နိုင်ငံတော် အကြမ်းဖက်မှု အပါအဝင် အကြမ်းဖက်မှု သဏ္ဍာန်အမျိုးမျိုးရှိနေရင် ပြည်သူ့ ကျန်းမာရေးကို မြှင့်တင်ဆောင်ရွက်ပေးရာမှာ ထိရောက်မှု အားနည်းပါတယ်။ အဓိက အချက်ကတော့ နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍမှာ ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲမှု လျော့နည်းလို့ပါပဲ။ ဒါကြောင့်လဲ စစ်အသုံးစရိတ်ကြီးမားပြီး၊ ခေတ်မီ တပ်မတော် တည်ဆောက်ရေးကိုပဲ အာရုံစိုက်နေတဲ့ အာဏာရှင်နိုင်ငံတွေမှာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက် ရှိတာပဲ ဖြစ်ပါတယ်။ စစ်ပွဲနဲ့ ပဋ္ဋိပက္ခတွေကြောင့် ပြည်သူ့ကျန်းမာရေးအပေါ်မှာ တိုက်ရိုက်အကျိုး သက်ရောက်မှု ဖြစ်တဲ့ သေဆုံးမှု များပြားခြင်းဆိုတာ ဖြစ်နိုင်သလို သွယ်ဝိုက်အကျိုး သက်ရောက်မှု ဖြစ်တဲ့ ဆေးရုံ၊ ဆေးခန်း ပုံမှန်လည်ပတ်မှု ပြတ်တောက်ခြင်း၊ ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးလုပ်သားတွေ နည်း ပါး ခြင်း၊ သောက်သုံးရေရှားပါးမှုနဲ့ စစ်ဘေး ဒုက္ခသည်များပြားမှု စတာတွေကြောင့် ကူးစက်ရောဂါ များ ဖြစ်ပွားခြင်း စတာတွေလဲ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဒီကာလတွေမှာ ကျန်းမာရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေကို ကမ္ဘာ့ခေါင်းဆောင်များက အာရုံ ထားခဲ့ကြပြီး၊ ဒုတိယ ကမ္ဘာစစ်ပြီးကာလတွေကျတော့ ပြည်သူ့ကျန်းမာရေးကဏ္ဍ တိုးမြှင့် ဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေကို အလေးပေး ဆောင်ရွက်ခဲ့ကြပါတယ်။ ၁၉၄၈ မှာ ပေါ်ပေါက်လာခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ လုပ်ငန်းဆောင်တာတွေဟာ ၁၉၇ဝ ကာလတွေမှာကျတော့ “လူတိုင်းအတွက် ကျန်းမာရေး“ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာ ကူးစက် ရောဂါ ပြန့်ပွားနှုန်း တဟုန်ထိုး လျော့ကျသွားပါတယ်။ ဒီလိုအောင်မြင်မှုတွေ ကြီးမားလာခဲ့တာကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာရပ် တွေဟာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြဿနာတွေအဖြစ်ပဲ သတ်မှတ်ပြီး၊ လုံခြုံရေးရာ ကိစ္စတွေမှာ ထည့်သွင်း အာရုံစိုက်ခြင်း မရှိကြတော့ပါဘူး။

ဒီအခြေအနေတွေဟာ ၁၉၉ဝ ဆယ်စုနှစ်နှောင်းပိုင်းကာလတွေမှာ ပြောင်းလဲလာပါတော့တယ်။ ၁၉၉၉ခုနှစ်၊ အမေရိကန် ပြည်ထောင်စု ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ)ရဲ့ အစီရင်ခံစာမှာ ကူးစက်ရောဂါတွေ ကနေတဆင့် အမေရိကန် ပြည်ထောင်စုရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်မယ့် အန္တရာယ်တွေကို မီးမောင်းထိုးပြ ခဲ့ပါတယ်။ ကူးစက်ရောဂါဆိုးတွေဟာ အမေရိကန်ပြည်ထောင်စုကို သာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နယ်မြေဒေသလုံခြုံရေး၊ နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်ရေးကိုပါ ထိခိုက်နိုင်ကြောင်း ရေးသားဖော်ပြခဲ့ ပါတယ်။ ဇန်နဝါရီ၊ ၂၀၀ဝ ပြည့်နှစ်ရောက်တော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အာဖရိကတိုက် လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ခြိမ်းချောက်နေတဲ့ အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ပြဿနာကို ဆွေးနွေးကြပြီး၊ လုံခြုံရေးကောင်စီရဲ့ Resolution 1308 မှာ အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကူးစက်ပြန့်ပွားမှုကို မထိန်းချုပ်နိုင်ရင် ဒါဟာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်မယ်ဆိုတဲ့ အချက်ကို အတိအလင်း ဖော်ပြခဲ့ပါတယ်။

လုံခြုံရေးကောင်စီအစည်းအဝေးတုန်းက ဆွေးနွေးခဲ့တဲ့ အချက်တွေက အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရဲ့ လူမှုတည်ငြိမ် အေးချမ်းမှုနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်တွေအပေါ် အကျိုးသက်ရောက်မှုတွေကိုပဲ ဦးတည်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးမှုတွေဟာ ဒီကိစ္စရေးရာတွေမှာတင် မရပ်တန့်ခဲ့ပါဘူး။ ကမ္ဘာ့နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ နေရာယူလာခဲ့ပြီး၊ များမကြာခင် နှစ်ပိုင်းအတွင်းမှာပဲ နိုင်ငံခြားရေး၊ ပြည်ထဲရေးဝန်ကြီးတွေရဲ့ ကြေညာစာတမ်းတွေ၊ G8 ဆွေးနွေးပွဲတွေဆီ ရောက်သွားခဲ့ပါတော့တယ်။ ၂၁ရာစုရဲ့ ပထမဆယ်စုနှစ် အလယ်ပိုင်းရောက်တော့ နိုင်ငံတော် လုံခြုံရေး agenda တွေ၊ နိုင်ငံခြားရေးမူဝါဒတွေမှာ ကျန်းမာရေးဆိုင်ရာ ကိစ္စရေးရာတွေကိုပါ ထည့်သွင်း လာကြရပါတော့တယ်။

ကျန်းမာရေးဆိုင်ရာ ပြဿနာရပ်များသည် လုံခြုံရေးဆိုင်ရာ ပြဿနာရပ်များပင်ဖြစ်သည်

ကျန်းမာရေးနဲ့ လုံခြုံရေးရာ ဆက်နွယ်မှုတွေ ၁၉၉ဝ နှောင်းပိုင်းကာလတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာ ရခြင်းရဲ့ အခြေခံ အချက်နှစ်ချက် ရှိပါတယ်။ ပထမတချက်ကတော့ စစ်အေးတိုက်ပွဲလွန်ကာလတွေရဲ့ နိုင်ငံတော်လုံခြုံရေးဆိုတဲ့ သဘောတရားကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်လာကြလို့ပဲ ဖြစ်ပါတယ်။ ရှေးယခင်ကာလတွေတုန်းက နိုင်ငံတော်လုံခြုံရေးဆိုတာကို စစ်တပ်၊ရဲ၊ ထောက်လှမ်းရေး စတဲ့ လုံခြုံရေး အဖွဲ့အစည်းတွေကို အသုံးပြုပြီး လူ့အဖွဲ့အစည်းကို ခြိ်မ်းချောက်လာနိုင်တဲ့ ပြည်တွင်းပြည်ပအန္တရာယ်တွေကို ကာကွယ်ပေးရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး စတဲ့ ကျဉ်းမြောင်းတဲ့ ရှုထောင့်တွေကနေ ရှုမြင်တတ်ကြပါတယ်။ ဒါပေမယ့် စစ်အေးတိုက်ပွဲလွန် ကာလတွေမှာကျတော့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ကျယ်ပြန့်တဲ့ အတွေးအမြင်တွေ ထွက်ပေါ်လာခဲ့ကြပါတယ်။ စားဝတ်နေရေး မပြေလည်တဲ့ တိုင်းပြည်မှာ ရာဇဝတ်မှုထူပြောတတ်တာ၊ ကျန်းမာရေး၊ ပညာရေး လူမှုအခွင့်အလမ်းတွေ မရှိတဲ့ တိုင်းပြည်မှာ လူသားတွေရဲ့ လုံခြုံရေးကို စောင့်ရှောက်ပေးဖို့ ခက်ခဲတယ်ဆိုတာကို သိမြင်လာခဲ့ကြပါတယ်။

ဒါကြောင့်လဲ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ security agendas တွေမှာ စစ်ရေး၊ ပြည်ထဲရေး ကိစ္စရပ်တွေကိုသာမက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းလာကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတကာလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေး ဆိုင်ရာ Risk assessment ပြုလုပ်မှုမှာ “shift from threat to risk allowed security’s focus” ဆိုတဲ့ နည်းလမ်းကနေ ‘shift from the idea of a clear and present danger to more probabilistic assessment of potential hazards’ ကို ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ ပြည်သူ့ကျန်းမာရေးကိစ္စရပ်တွေကို လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေထဲမှာ ထည့်သွင်းနိုင်ဖို့ လမ်းဖွင့်ပေးလိုက် တာပဲဖြစ်ပါတယ်။

နောက်တချက်ကတော့ human agenda ပဲ ဖြစ်ပါတယ်။ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးများဟာ သူတို့ရဲ့ ပါဝါနဲ့ လွှမ်းမိုးနိုင်မှုတွေကို အသုံးပြုပြီး ပြည်သူ့ကျန်းမာရေးကိစ္စရေးရာတွေကို နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒတွေထဲမှာ ပါဝင်လာအောင် စွမ်းဆောင်ပေးခဲ့ကြပါတယ်။ ဥပမာပေးရရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဒါရိုက်တာဖြစ်ခဲ့တဲ့ (Gro Harlem Brundtland) နဲ့ အမေရိကန်သမ္မတ ကလင်တန်ရဲ့ ကုလသမဂ္ဂရေးရာ သံအမတ် ဖြစ်တဲ့ Richard Holbrooke) တို့ပဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားဆက်ဆံရေးကောင်စီကို ပေးတဲ့ မိန့်ခွန်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဒါရိုက်တာဖြစ်တဲ့ Gro Harlem Brundtland က ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာကို ကိုယ်စားပြုနေတဲ့ နိုင်ငံတွေဆီက နိုင်ငံသူ၊ နိုင်ငံသားများရဲ့ ကျန်းမာရေးအခြေအနေ နိမ့်ကျမှုဟာ သက်ဆိုင်ရာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု၊ နိုင်ငံရေးတည်ငြိမ်မှုတွေကို တိုက်ရိုက်ထိခိုက်စေရုံသာမက အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံများစွာရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အကျိုးစီးပွားကိုပါ ထိခိုက်စေနိုင်တာကြောင့် ကမ္ဘာ့ကျန်းမာရေးမှာ ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံတော်လုံခြုံရေးမှာ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ၁၉၉၉ ခုနှစ်မှာ အမေရိကန် သမ္မတ ကလင်တန်ရဲ့ ကုလသမဂ္ဂ ရေးရာ သံအမတ်ဖြစ်တဲ့ Richard Holbrooke ဟာ အာဖရိကတိုက်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီမှာတင် အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကူးစက်ရောဂါ ပျံ့ပွားမှုနှုန်း ကြောက်ခမန်းလိလိ ဖြစ်နေတာကို သူတွေ့မြင်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျင့်သုံးနေခဲ့တဲ့ aid-based approaches တွေ၊ အန်ဂျီအို အခြေခံနည်းလမ်းတွေရဲ့ ထိရောက်မှု အားနည်းချက်တွေကိုလဲ သူတွေ့မြင်လာခဲ့ပါတယ်။ ဒီလိုကူးစက်ရောဂါ ပျံ့ပွားမှုတွေဟာ နိုင်ငံတော် မတည်မငြိမ်ဖြစ်မှုတွေကိုပါ ဦးတည်နေတာကို သိမြင်လာခဲ့ပါတယ်။ နယူးယောက်ကို သူပြန်ရောက်ပြီးတဲ့ အခါမှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ agenda မှာ အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ပြဿနာ ပါဝင်လာရေးအတွက် အဓိကနေရာကနေ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတော့တယ်။ အခု ဆက်လက်ပြီး security agenda တွေမှာ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေ ထည့်သွင်းတဲ့အခါ အဓိက ထားထည့်သွင်းတဲ့ အကြောင်းအရာ သုံးခုကို ဆက်လက်ဖော်ပြပါမယ်။

ကူးစက်ရောဂါပျံ့ပွားမှု

ကူးစက်ရောဂါ အသစ်တွေဟာ ကမ္ဘာနဲ့အဝှမ်းမှာ တစတစ ပေါ်ထွက်လာနေပါတယ်။ အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်၊ ဆားစ် ဗိုင်းရပ်စ်၊ အိတ်ချ်ဖိုက်အန်ဝမ်း စတာတွေရဲ့ ဆိုးကျိုးဟာ ကမ္ဘာတဝှမ်းလုံးကို ပျံ့နှံ့ ရောက်ရှိနေပါတော့တယ်။ ရောဂါသစ်တွေ ထွက်ပေါ်များပြားလာမှုဟာ ကုန်ပစ္စည်းတွေနဲ့ လူတွေရဲ့ ရွေ့လျားမှုနှုန်း မြန်ဆန်လာသလို လူတွေသွားလာလှုပ်ရှားနေတဲ့ နေရာဒေသတွေကလဲ တစတစ ပိုမိုများပြားလာတာတွေ၊ ဒီနေရာဒေသတွေရဲ့ microbial world မှာလဲ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာတွေကြောင့်လို ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဒီလို ကူးစက်ရောဂါသစ်တွေ ပေါ်ထွက်လာမှုဟာ လုံခြုံရေးအသိုင်းအဝိုင်းရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ဘာလို့ဖြစ်စေပါသလဲ။ နိုင်ငံတကာနိုင်ငံရေးဆိုင်ရာ ပါမောက္ခတဦးဖြစ်တဲ့ Colin McInnes က စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်စေနိုင်တဲ့ အကြောင်းရင်း သုံးချက်ကို ရေးသားတင်ပြခဲ့ပါတယ်။ ပထမ အကြောင်းရင်းကတော့ ဒီကူးစက်ရောဂါတွေဟာ သက်ဆိုင်ရာနိုင်ငံတွေမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို တိုက်ရိုက်ခြိမ်းချောက်နေလို့ဖြစ်ပါတယ်။ ဒုတိယတချက်ကတော့ ကူးစက်ရောဂါ တွေဟာ လှုမှုရေးအခက်အခဲတွေကို ဖြစ်စေပြီး၊ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင် ပါတယ်။ အခြေခံ ရောဂါကာကွယ်ရေးစီမံချက်ကို လူထုအတွက် ချမှတ်အကောင်အထည်ဖော်ခြင်း မလုပ်ပေးနိုင်တဲ့ အစိုးရကို လူထုက ယုံကြည်မှု လျော့နည်းလာမှာ မလွဲမသွေပါပဲ။ လူမှု အခြေအနေ အဆင့်အတန်း ကွာဟမှုကြောင့် ချမ်းသာသူတွေကပဲ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးကောင်းတွေ သုံးစွဲခွင့်ရနေတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ရင် အခြေခံလူထုလူတန်းစားတွေရဲ့ နာကျည်းပေါက်ကွဲမှုတွေ ဖြစ်လာစေပြီး လူထုလှုပ်ရှားမှုတွေ ထွက်ပေါ်လာနိုင်ပါတယ်။

လူအများသေဆုံးရင် (သို့မဟုတ်) အလုပ်ပျက်ကွက်ရင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဆောင်တာတွေ ပျက်ယွင်းပြီး နိုင်ငံတော်ရဲ့ အစိုးရအုပ်ချုပ်ရေးယန္တရား ပျက်ယွင်းစေနိုင်ပါတယ်။ လူထုလူတန်းစားတွေက ဘာမှ ထပ်ဆုံးရှုံးစရာ မရှိတော့ဘူးလို့ ယူဆလာတဲ့အခါ တရားဥပဒေစိုးမိုးရေးရှိဖို့ အလွန်ခဲယဉ်းလာတတ်ပါတယ်။ ဒါကြောင့်လဲ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတော်လုံခြုံရေး မဟာဗျူဟာထဲမှာ အမေရိကန်နဲ့ အနောက် နိုင်ငံများရဲ့ လုံခြုံရေးကို သိမ်းပိုက်နယ်ချဲ့မယ့်နိုင်ငံများရဲ့ အန္တရာယ်ထက် failed states တွေရဲ့ အန္တရာယ်တွေက ပိုမိုခြိမ်းချောက်နေတယ်လို့ ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။ failed state ဆိုတာက ကောင်းမွန်တဲ့ good governance မရှိပဲ လာဘ်ပေးလာဘ်ယူမှုတွေ၊ ဗိုလ်ကျစိုးမိုး အနိုင်ကျင့်မှုတွေ၊ ပြည်တွင်းစစ် ပဋ္ဋိပက္ခတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုတွေ၊ လူကုန်ကူးမှုတွေ၊ အေအိုင်ဒီအက်စ်ရောဂါ ပျံ့ပွားနှုန်းမြင့်မားမှုတွေ၊ မှန်ကန်သင့်လျော်တဲ့ စီးပွားရေးစီမံခန့်ခွဲမှု မရှိတာတွေ၊ လူမှုရေးစောင့်ရှောက်မှု ယုတ်လျော့တာတွေ၊ ပညာရေး၊ ကျန်းမာရေးအခွင့်အလမ်းနည်းပါးမှုတွေ၊ စာနယ်ဇင်းလွတ်လပ်ခွင့် နည်းပါးမှုတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေ စတဲ့ အခြေအနေပေါင်း မြောက်မြားစွာ ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို ဆိုလိုတာပါ။ ဥပမာ- အာဖရိကတိုက်က နိုင်ငံငယ်လေးများစွာဟာ failed state တွေ ဖြစ်ပါတယ်။

တတိယအကြောင်းရင်းကတော့ ကူးစက်ရောဂါပြန့်ပွားမှုဟာ နိုင်ငံတော်က ပြည်သူလူထုရဲ့ ကျန်းမာရေးကို လူသားဆန်ဆန် စောင့်ရှောက်လေ့ရှိတဲ့ အာဏာရှင်နိုင်ငံမဟုတ်တဲ့ နိုင်ငံများမှာဆိုရင် ကျန်းမာရေးအသုံးစရိတ် မြင့်တက်မှု ဖြစ်စေနိုင်ပါတယ်။ အလုပ်သမားတွေရဲ့ ပျက်ကွက်မှု မြင့်မားတာကြောင့် ထုတ်လုပ်မှုကဏ္ဍကို ထိခိုက်စေနိုင်ပါတယ်။ စီးပွားရေးယုံကြည်မှု လျော့နည်း လာစေတာကြောင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို လျော့နည်းစေနိုင်ပါတယ်။ ဒီအခါမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံအများစုဟာ ကူုးစက်ရောဂါပျံ့ပွားမှုကို နိုင်ငံတော်လုံခြုံရေး အန္တရာယ်တရပ်အနေနဲ့ သိမြင်ပြီး တားဆီး တိုက်ဖျက်ရေးတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။ အာဏာရှင်တိုင်းပြည်များမှာကျတော့ ကျန်းမာရေး အသုံးစရိတ်ကို လူထုအတွက် မြှင့်တင်ပေးမှု ပြုလုပ်ခြင်း မရှိတာကြောင့် အသုံးစရိတ်ဆိုင်ရာ အကျိုးသက်ရောက်မှု မရှိပေမယ့် ရင်းနှီးမြှုပ်နှံမှုနဲ့ ထုတ်လုပ်မှုကဏ္ဍတွေကို ထိခိုက်တာ မလွဲမသွေပါပဲ။ နိုင်ငံရေး မတည်ငြိမ်မှုကို ဖြစ်စေနိုင်တဲ့ အချက်တချက်ဖြစ်တဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာကြောင့် အုပ်ချုပ်ရေးယန္တရား ဘယ်လိုမှ တည်မြဲနိုင်မှာ မဟုတ်ပါ။

အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်

၂၀၀ဝ ပြည့်နှစ်မှာတုန်းက ကမ္ဘာ့ဘဏ်ဥက္ကဌ ဖြစ်တဲ့ James Wolfensohan က “အေအိုင်ဒီအက်စ်ဆိုတာကို တို့တွေအားလုံးက ကျန်းမာရေးဆိုင်ရာ ပြဿနာလို့ ယူဆခဲ့ကြတယ်။ အားလုံးမှားခဲ့တယ်။ လက်ရှိအာဖရိက လူ့အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အေအိုင်ဒီအက်စ်ပြဿနာလောက် ခြိမ်းချောက်နေတဲ့ ပြဿနာ မရှိဘူး။ ဒါဟာ ကြီးမားတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြဿနာဖြစ်တယ်။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောရရင်တော့ ဒါဟာ လုံခြုံရေး ပြဿနာ ဖြစ်တယ်“လို့ မိန့်ခွန်းခြွေခဲ့ပါတယ်။

အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဟာ နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက်ရေးနဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေးကို ထိခိုက်စေနိုင်ပါတယ်။ အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဖြစ်ပွားမှုနှုန်း မြင့်မားနေတဲ့ နိုင်ငံတနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ အလုပ်ရှင်တွေအတွက် ပျက်ကွက်မှု၊ ဆေးကုသမှုစရိ်တ် စတဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ကုန်ကျမှုတွေ ဖြစ်စေပါတယ်။

ဒါတွေဟာ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေနိုင်သလို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကိုလဲ လျော့ပါးစေပါတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေရဲ့ စီးပွားရေး အဆောက်အအုံ ရေရှည်တည်တံ့ ခိုင်မြဲမှုအပေါ်မှာ ယုံကြည်မှု လျော့နည်းစေပါတယ်။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဆိုတာ ရင်းနှီးမြှုပ်နှံသူတွေဘက်က လူအား၊ ငွေအား တန်ဖိုးကြီးကြီး ပေးဆပ်ရင်းနှီး ထားရတာဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင်မှာ သက်ဆိုင်ရာနိုင်ငံနဲ့ ပတ်သက်ပြီး risk analysis လုပ်ကြပါတယ်။ ဒီလိုလုပ်ရာမှာ Political risks, Social risks, foreign exchange exposure management စတာတွေ ပြုလုပ်ရပါတယ်။

ဒါကြောင့်လဲ နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ နိုင်ငံတွေ၊ စီးပွားရေး စီမံခန့်ခွဲမှု စနစ်တကျ မရှိတဲ့ နိုင်ငံတွေ၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားတဲ့နိုင်ငံတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်ကြောင့် ကူးစက်ရောဂါ ပျံ့ပွားမှုနှုန်း မြင့်မားနေတဲ့ နိုင်ငံတွေ၊ ပညာရေး အဆင့်အတန်း နိမ့်ပါးမှုကြောင့် လိုအပ်တဲ့ လူ့စွမ်းအား အရင်းအမြစ် နည်းပါးတဲ့ နိုင်ငံတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်မားဖို့ ဆိုတာ အလွန်ပဲ ခဲယဉ်းပါတယ်။ များသောအားဖြင့် အစိုးရတွေက ဒီလိုအားနည်းချက်တွေကို နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုကြောင့်လို့ ဆိုပြီး လူထုကို အာရုံလွှဲတတ် လေ့ရှိပါတယ်။ သို့ပေမယ့် ကားမတော်တဆဖြစ်မှုတိုင်းဟာ မီးပွိုင့်အချက်ပြမှု မှားတာကြောင့် မဖြစ်နိုင်ပါဘူး။ မဆင်မခြင် မောင်းနှင်တာကြောင့်လဲ ဖြစ်ချင် ဖြစ်နေနိုင်ပါတယ်။

ဒီသုံးရပ်အပြင် အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရဲ့ နိုင်ငံတော်လုံခြုံရေးကို အကြီးမားဆုံး ခြိမ်းချေုာက်မှုကတော့ ဒီကူးစက်ရောဂါပိုးဟာ နိုင်ငံတော် ပြိုလဲမှု ဖြစ်စဉ်ကြီး သုံးခုဖြစ်တဲ့ စီးပွားရေးအဆောက်အအုံ ပြောင်းလဲမှု၊ ပျက်ယွင်းမှု ဖြစ်စဉ်၊ ဒေသဆိုင်ရာနဲ့ နိုင်ငံတော်အဆင့်မှာရှိနေတဲ့ political institutions တွေ ရဲ့ အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းမှုဖြစ်စဉ်နဲ့ social institutions တွေ ဖြစ်တဲ့ မိသားစု၊ ပညာရေးစနစ်၊ ကျန်းမာရေးစနစ် ပျက်ယွင်းမှုဖြစ်စဉ်တွေကို ဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။

ဇီဝအကြမ်းဖက်မှု

ဇီဝလက်နက်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေဟာ ဆိုဗီယက် ယူနီယံကြီး ပြိုကွဲသွားတဲ့ နောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့ ဇီဝလက်နက်ပစ္စည်း ထုတ်လုပ်မှုနည်းပညာများ ပျံ့နှံ့သွားမှုဆိုင်ရာ ထောက်လှမ်းရေး မှတ်တမ်းတွေက စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခြေအနေက ဖြစ်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ ရာဇဝတ်မှုဂိုဏ်း အများအပြား ထွက်ပေါ်လာမှုတွေကြောင့် ဇီဝလက်နက်ပစ္စည်းတွေကို အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ rogue states တွေဖြစ်တဲ့ အီရန်၊ အီရတ်၊ မြောက်ကိုးရီးယား၊ ဆီးရီးယား၊ လစ်ဗျားနိုင်ငံတွေဆီ ရောင်းချမှုတွေ ရှိခဲ့လိမ့်မယ်လို့ နိုင်ငံတကာလုံခြုံရေး အသိုင်းအဝိုင်းက ယူဆထား ခဲ့ကြပါတယ်။ သံသယဖြစ်ဖွယ်တွေ့ရှိချက်တွေကတော့ ၁၉၉၀၊ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲ မတိုင်မီကာလမှာ အီရတ်နိုင်ငံဟာ ဇီဝပစ္စည်းတွေဖြစ်တဲ့ anthrax, botulinum toxin, small pox နဲ့ တခြား ဇီဝပိုးမွှားတွေကို စုဆောင်းခဲ့တာပဲ ဖြစ်ပါတယ်။ ဇီဝလက်နက်အသုံးချတိုက်ခိုက်မှုတွေ ဖြစ်တဲ့ Kurdish လူမျိုးတွေအပေါ် အီရတ်အစိုးရရဲ့ ဇီဝလက်နက် အသုံးပြုတိုက်ခိုက်တဲ့ ၁၉၈၈ နိုင်ငံတော်အကြမ်းဖက်မှု၊ Rajneesh Bhagwan နောက်လိုက်တွေရဲ့ အမေရိကန်ပြည်ထောင်စုမှာ salmonella ဇီဝပိုးမွှား ပျံ့နှံ့အောင် ကြိုးပမ်းမှု၊ ၁၉၉၅ ခု တိုကျို မြေအောက်ရထားကို sarin ဆိုတဲ့ ဇီဝပိုးမွှားအသုံးပြုပြီး တိုက်ခိုက်ခံရမှု စတာတွေကလဲ ဇီဝအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို မြင့်မားစေခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ကိစ္စရပ်ကြီး အမေရိကန်ပြည်ထောင်စုမှာ မပေါ်ပေါက်လာခင် ကတည်းက နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အသိုင်းအဝိုင်းနဲ့ လုံခြုံရေး အသိုင်းအဝိုင်းတွေအတွင်းမှာ ဇီဝအကြမ်းဖက်တိုက်ခိုက်မှု ကာကွယ်ရေးနဲ့ တုန့်ပြန်ဆောင်ရွက်ရေး နည်းလမ်းတွေကို စုပေါင်း အဖြေရှာနေခဲ့ကြပါတယ်။ ၁၉၇၂ ခု၊ ဇီဝနဲ့ အဆိပ်ဖြစ်စေတတ်သော လက်နက်ပစ္စည်းဆိုင်ရာ သဘောတူစာချုပ်ကို အားကောင်းလာစေရန် ဆောင်ရွက်ရေး၊ ထောက်လှမ်းရေးသတင်း အချက်အလက်များ အချိန်မှီရရှိရေး၊ ဇီဝလက်နက် ပစ္စည်းပံ့ပိုးသူများနဲ့ ဝယ်ယူသူများကို ဖော်ထုတ်ရေး စတဲ့ လုပ်ငန်းဆောင်တာတွေကို အာရုံစိုက် လုပ်ကိုင်နေခဲ့ကြပြီ ဖြစ်ပါတယ်။ လူထုကာကွယ်ရေးနဲ့ တိုက်ခိုက်မှုဖြစ်ပွားလာပါက အရေးပေါ်တုန့်ပြန်ရေး ဆိုင်ရာတွေ ကိုလဲ ထောက်လှမ်းရေးအဖွဲ့အစည်းများနဲ့ ပြည်သူ့ကျန်းမာရေး ပညာရှင်များ ပူးပေါင်းပြီး စီမံချက် တွေ ရေးဆွဲချမှတ်လာခဲ့ကြပါတယ်။

9/11 အပြီးမှာ ဖြစ်ပွားခဲ့တဲ့ သတင်းနဲ့ မီဒီယာတွေ၊ ကွန်ဂရက်ရုံးဌာနေတွေဆီကို anthrax spores များပါတဲ့ စာများ ပေးပို့ခံရမှုနောက်ပိုင်းမှာကျတော့ ဇီဝအကြမ်းဖက်မှုပြဿနာက နိုင်ငံတော်လုံခြုံရေး ဆိုင်ရာ ထိပ်တန်းပြဿနာတွေထဲမှာ ပါဝင်လာပါတော့တယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ၂၀၀၂ ခုနှစ်မှာ ပြည်သူ့ကျန်းမာရေးလုံခြုံရေးနှင့် ဇီဝအကြမ်းဖက်မှုဆိုင်ရာ ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ပြည်သူ့ ကျန်းမာရေးကို နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တခုအနေနဲ့ တရားဝင် ထည့်သွင်းလာခဲ့ပါတယ်။ ယူကေ၊ ကနေဒါနဲ့ ဩစတြေးလျ နိုင်ငံများမှာလဲ ဆိပ်ကမ်းမှ ဝင်လာတဲ့ အစားအစာများကို စစ်ဆေးခြင်း၊ ဇီဝပစ္စည်းများကို ရှာဖွေဖော်ထုတ်ခြင်း၊ ဆက်သွယ်ရေးကွန်ယက်များ ဖြန့်ကျက်ခြင်း၊ ကာကွယ်ဆေးများ စုဆောင်းထားရှိခြင်း၊ ဆေးဝါးသစ်များ ဖော်ထုတ်ခြင်း စတဲ့ ဇီဝပိုးမွှားဆိုင်ရာ ပြည်ထဲရေး မဟာဗျူဟာများကို ချမှတ်လာခဲ့ကြပါတယ်။

နိုင်ငံတကာအဆင့်မှာလဲ တုန့်ပြန်ဆောင်ရွက်ရေးနဲ့ ပြင်ဆင်ရေးဆိုင်ရာ အစည်းအဝေးများစွာ ထွက်ပေါ်လာ ခဲ့သလို၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလဲ Global Outbreak Alert and Response Network ကို အသုံးပြုပြီး စောင့်ကြည့်လေ့လာရေးနဲ့ တုန့်ပြန်ဆောင်ရွက်ရေး နည်းလမ်းများကို အကောင် အထည်ဖော်ဖို့ နိုင်ငံအားလုံးကို တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံများစွာက အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကလဲ ဇီဝအကြမ်းဖက် တိုက်ခိုက်မှုကာကွယ်ရေးနဲ့ တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ လေ့လာမှုများစွာကို ပြည်သူ့ ကျန်းမာရေး ပညာရှင်တွေ၊ စစ်ရေးနဲ့ အကြမ်းဖက်မှု လေ့လာရေးပညာရှင်တွေ အကူအညီနဲ့ ပြုလုပ်နေကြပါတယ်။

နိဂုံး

ယနေ့ခေတ် ၂၁ ရာစုကမ္ဘာကြီးဟာ ပြောင်းလဲမှုပေါင်းများစွာ ဖြစ်ပွားနေတဲ့ ကမ္ဘာကြီးဖြစ်ပါတယ်။ ၂ဝ ရာစု ကမ္ဘာကြီးဆီက အတွေးအခေါ်ဟောင်းတွေဖြစ်တဲ့ လုံခြုံရေးဆိုတာ စစ်ရေး၊ နိုင်ငံရေးနဲ့ပဲ ဆိုင်တယ်ဆိုတဲ့ အတွေးအခေါ်တွေ၊ သိပ္ပံပညာနဲ့ ဝိဇ္ဇာပညာကို သီးခြားခွဲမှုတွေ၊ ကျန်းမာရေးဆိုတာ လူတွေရဲ့ ရောဂါတွေကို ကုသတာဖြစ်တယ်။ ဒါကြောင့် ကျန်းမာရေးလုပ်သားတွေဟာ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေး နဲ့ မသက်ဆိုင်ဘူးဆိုတဲ့ အတွေးအခေါ်တွေဟာ ရာစုဟောင်းထဲမှာ ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေး၊ လုံခြုံရေးတွေဟာ လူသားတွေနဲ့ နေ့စဉ်လူမှုဘဝကို တိုက်ရိုက်သက်ရောက်မှုတွေ ရှိနေပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၅၊ ၉၊ ၂၀၀၉)

ရည်ညွှန်းကိုးကား-

Central Intelligence Agency (CIA) (2000) The Global Infectious Disease Threat and its implications for the United States, National Intelligence Estimate (NIE99-17D)

Elbe, S. (2003) The Strategic Implications of HIV/ AIDS, Adelphi paper 357, International Institute of Strategic Studies, Oxford University Press, Oxford

Garrett, L. (2005) HIV and National Security: Where are the Links?, Council on Foreign Relations, New York

McInnes, C. & Lee, K. (2006) ‘Health security and Foreign Policy’, Review of International Studies, 32 (1), 5-23

McInnes, C. (2008) ‘Health’ in Williams, P. (ed.) Security Studies, Routledge, London & New York

Ostergard, R. (ed.) (2006) HIV, AIDS and the Threat to National and International security, Palgrave, London

Price-Smith, A. (2001) The Health of Nations: Infectious diseases, Environmental change, and their effects on National security and Development, MIT Press, Cambridge, MA.

Turner & Hulme (1997) Governance, Administration and Development: Making the State work, Macmillan Press, Basingstoke

About kai

Kai has written 1010 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.